စစ်ကောင်စီ၏ ငြိမ်းချမ်းရေးပွဲ ပထမအကျော့ရလာဒ်က ဘာလဲ

ထို့အတူ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)သည်လည်း ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ် ပြည်ထောင်စု တည်ဆောက်ရေး ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို စစ်ကောင်စီထံ တင်ပြခဲ့ကြသည်။ LDU မှာလည်း လက်ရှိတွင် ပြည်သူထောက်ခံမှု၊ တပ်ဖွဲ့စည်းပုံ စသည့်ကဏ္ဍတို့တွင် အင်အားချိနည်းနေပြီး စနစ်တကျဖွဲ့စည်းရန် လိုအပ်နေသေးသည့်အဖွဲ့အဖြစ် မြင်ရသည်။

By ဂေါင် 12 Aug 2022

DMG ၊ သြဂုတ် ၁၂

(ဆောင်းပါး)

“ဖက်ဒရယ်ကို အာမခံတယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်ပေးမယ်၊ ခွဲမထွက်ရ”ဟု စစ်ကောင်စီက သတ်မှတ်ထားသည့် တိုင်းရင်းသား ၁၀ ဖွဲ့တို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပထမအကျော့ ပြီးဆုံးခဲ့ပြီ။

အဆိုပါ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို NCA လက်မှတ်ရေးထိုးထားသည့် (ကရင်) DKBA၊ (ကရင်) KNU/KNLA-PC၊ (ပအိုဝ်း)PNLO၊ (မွန်)NMSP၊ (ရခိုင်)ALP၊ (ရှမ်း)RCSS၊ (လားဟူ)LDU (၇)ဖွဲ့နှင့် NCA လက်မှတ် မထိုးမရသေးသည့် “ဝ”UWSA၊ (မိုင်းလား)NDAA၊ (ရှမ်း)SSPP တို့က စစ်ကောင်စီနှင့် တဖွဲ့ချင်းစီ တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီသည် ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်ဟု ကြွေးကြော်ထားပြီး တိုင်းရင်းသား EAOs များအား အပြင်းအထန်ချဉ်းကပ်ကာ ၎င်းတို့၏အကျပ်အတည်းကို နိုင်ငံတကာအမြင် အာရုံလွှဲနိုင်ရေးအဖြစ် ငြိမ်းချမ်းရေးလုပ်းစဉ်ဟုသတ်မှတ်ကာ ပြနေခြင်းလည်းဖြစ်လိမ့်မည်။

ဆွေးနွေးပွဲရလာဒ်များကို နှစ်ဘက်အဖွဲ့အစည်းတို့က တိကျသေချာစွာ ထုတ်ဖော်မပြောသေးသော်လည်း ရရှိထားသည့်အချက်အလက်များကို အခြေခံကာ အုပ်စုလေးမျိုးဖြင့် မြင်နိုင်သည်။

(၁) ကိုယ်ပိုင်ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် မျှော်မှန်းသည့်အုပ်စု၊ (၂) စစ်ရေးအခင်းအကျင်းကို ဖြေလျော့ပေးဖို့ ချဉ်းကပ်သည့်အုပ်စု၊ (၃) ဖက်ဒရယ် ပြည်နယ်ဖွဲ့စည်းပုံ ဥပေဒရှိစေရေးအုပ်စု၊ (၄) ဒေသဖွံ့ဖြိုးရေးကိစ္စကိုသာ တောင်းဆိုဆွေးနွေးခဲ့သည့် အုပ်စုဟူ၍ဖြစ်သည်။

ထိုအထဲတွင် သီးခြားကိုယ်ပိုင်ပြည်နယ်ရရှိရေးနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးကိုသာ အလေးပေး ဆွေးနွေးခဲ့ကြသူတို့မှာ အင်အားကြီးအဖွဲ့များဖြစ်သော UWSA နှင့် MNDAA တို့ဖြစ်သည်။ ထို့အပြင် ဖက်ဒရယ်ဆိုသည့် စကားကိုပြောဆိုကာ စစ်ရေးအကျပ်အတည်းကို ဖြေလျော့ပေးရန်မျှော်မှန်းသည်က ရှမ်းအဖွဲ့များဖြစ်ကြသည့် RCSS၊ SSPP တို့ကို မြင်တွေ့နိုင်သည်။

ဖက်ဒရယ်အရေး ပြည်နယ်ဖွဲ့စည်းပုံကို အခိုင်အမာလုပ်ထားသည်မှာ မွန်ပြည်သစ်ပါတီ(MNPS)အဖွဲ့ကို တွေ့ရသည်။ ထို့အတူ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) အဖွဲ့ကလည်း ပြည်နယ်သစ်ကိစ္စတွင် အနာဂတ်ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း ပြည်နယ်သစ်များ ပေါ်ထွန်းရေးမူအရ ပအိုဝ်းပြည်နယ်အတွက် မျှော်မှန်းထားခြင်းလည်းဖြစ်သည်။

အလားတူ ကရင် ၂ ဖွဲ့ဖြစ်သော DKBA နှင့် KNU/KNLA-PC တို့မှာ မိမိတို့အဖွဲ့အစည်း ဆက်လက်ရပ်တည်နိုင်ရေး အဆင်ပြေစေဖို့အတွက် စစ်ကောင်စီနှင့် ဆွေးနွေးခဲ့ရခြင်းကိုလည်း တွေ့မြင်နိုင်သည်။ ယင်းကြောင့် အဆိုပါကရင် ၂ ဖွဲ့သည့် ဖက်ဒရယ်ပြည်ထောင်စုကိုပြောဆိုကာ ဒေသဖွံ့ဖြိုးရေးကို လိုက်ပါပြောဆိုရခြင်းထက် ပို၍ထူးခြားသည့် မျှော်လင့်ချက်လမ်းစဉ်ကို မတွေ့ရပေ။ DKBA နှင့် KNU/KNLA-PC တို့သည် မိခင် KNU မှ အကြောင်းအမျိုးမျိုးကြောင့် ခွဲထွက်သည့်အဖွဲ့များဖြစ်ကြရာ သူတို့၏ နိုင်ငံရေးရပ်တည်ချက် အကျပ်အတည်းရှိနေ၍ တက်ရောက်ခြင်းဟုလည်း ဆိုနိုင်သည်။

နောက်ပြီး မည်သည့်အဖွဲ့ပင်ဖြစ်ပါစေ မတွေ့ဆုံလျှင် နေရာပျောက်သွားနိုင်သဖြင့် တက်ရောက်ရသည်မှာ ALP အဖွဲ့လည်း အပါဝင်အဝင်ဖြစ်သည်။ လက်ရှိတွင် ALP သည် နှစ်ခြမ်းကွဲနေပြီး ရခိုင်လူထုနှင့်ကင်းကွာကာ ထောက်ခံမှုအား လျော့နေသည့်အဖွဲ့ဖြစ်သဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းတို့တွင် ရနိုင်သမျှပါဝင်သွားရန် လုပ်ဆောင်နေရတော့သည်။ ယင်းကြောင့် စစ်ကောင်စီနှင့်တွေ့ဆုံပွဲတွင် ALP သည် စစ်မှန်သောဖက်ဒရယ်ကို တည်ဆောက်ရေးနှင့် ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်မှုကို အာရုံစိုက်ပြီးလုပ်ဆောင်ပေးရန် တောင်းဆိုခဲ့ကြောင်း ခေါင်းဆောင်များကပြောဆိုထားသည်။

ထို့အတူ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)သည်လည်း ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ် ပြည်ထောင်စု တည်ဆောက်ရေး ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို စစ်ကောင်စီထံ တင်ပြခဲ့ကြသည်။ LDU မှာလည်း လက်ရှိတွင် ပြည်သူထောက်ခံမှု၊ တပ်ဖွဲ့စည်းပုံ စသည့်ကဏ္ဍတို့တွင် အင်အားချိနည်းနေပြီး စနစ်တကျဖွဲ့စည်းရန် လိုအပ်နေသေးသည့်အဖွဲ့အဖြစ် မြင်ရသည်။

တစ်ဖွဲ့ချင်း ရပ်တည်ချက်

ယင်းကြောင့် တစ်ဖွဲ့ချင်းရပ်တည်ချက်နှင့် ဆွေးနွေးခဲ့မှုများကို လိုက်ကြည့်သည့်အခါ  UWSA “ဝ”အနေဖြင့် တရားဝင် အမျိုးသားပြည်နယ်ရရှိရေးအတွက် တောင်းဆိုချက်မှာလည်း ထူးထူူးခြားခြားတော့ မဟုတ်တော့ပေ။ ယခင်ကတည်းက အမြဲတမ်းလိုလို “ဝ”အနေဖြင့် ပြည်နယ်ရရှိရေးကို တစိုက်မတ်မတ် ကြိုးပမ်းလာခဲ့ခြင်းလည်း ဖြစ်သည်။ “ဝ”အနေဖြင့် ဖက်ဒရယ်အရေး၊ ဒီမိုကရေစီအရေးထက် တရားဝင်အမျိုးသားပြည်နယ် ရရှိရေးကိုသာ စိတ်ဝင်စားသည်။ မြန်မာနိုင်ငံ၌ မည်သူပင်အုပ်ချုပ်ပါစေ ဗမာတိုင်းရင်းသားများ၏ အခွင့်အရေးသာဖြစ်ပြီး ပဋိပက္ခပို၍မဖြစ်စေလိုသဖြင့် မည်သည့်ဘက်မှ ပါဝင်ပတ်သက်မည်မဟုတ်ဆိုသည့်မူကို UWSA က ကိုင်စွဲထားသည်။

ယင်းအပြင် ရှမ်းမြောက် အခြားအင်အားကြီးလက်နက်ကိုင်တစ်ဖွဲ့ဖြစ်သော NDAA မိုင်းလားအဖွဲ့သည်လည်း မိမိတို့ကိုယ်ပိုင်ထိန်းချုပ်နယ်မြေကို အဓိကအနေဖြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် တရားဝင် သတ်မှတ်ပေးရန် တောင်းဆိုနေသည်။ ထို့အတူ စစ်ကောင်စီနှင့်တွေ့ဆုံစဉ် ၎င်းတို့ဒေသဖွံ့ဖြိုးရေး၊ စိုက်ပျိုးရေး၊ စီးပွားရေးလုပ်ငန်းများနှင့် တရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေးအပါအဝင် ခရီးသွားလုပ်ငန်းများအကြောင်းကို  ဆွေးနွေးခဲ့သည်ကို တွေ့နိုင်သည်။

ဆက်လက်ပြီး မွန်ပြည်သစ်ပါတီ(MNPS) ဘက်ကတော့ ဖက်ဒရယ်ပြည်‌ထောင်စု တည်ဆောက်ရေးအတွက် လိုအပ်သည့်အခြေခံမူများ၊ မွန်အမျိုးသားကိုအခြေခံပြီး ဘုံသဘောတူညီချက်ရရှိထားသည့် ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲရေးကို စိတ်ဝင်စားလှသည်။ အဆိုပါ ပြည်နယ်ဖွဲ့စည်းပုံအခြေခံမူတွင် အမျိုးသားတန်းတူရေး၊ ပြည်နယ်၏ ဥပ‌ဒေပြုခွင့်နှင့်ဆိုင်သည့်ကိစ္စ၊ မွန်ပြည်နယ် တည်နေရာ၊ ပြည်ထောင်စု အဖွဲ့ဝင်ဖွဲ့စည်းပုံ စသည့်ဖက်ဒရယ် အချက်များပါဝင်ကြောင်း သိရသည်။

MNPS နှင့်နည်းတူ PNLO အဖွဲ့ကလည်း မြန်မာနိုင်ငံတွင် အနာဂတ်တစ်ချိန်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲခဲ့လျှင် ပြည်နယ်သစ်များ ပေါ်ထွန်းရေးဆိုသည့်မူအရ ပြည်နယ်ရရှိရေးအတွက် မျှော်မှန်းထားသည်။

၏ရှမ်းအဖွဲ့များဖြစ်ကြသည့် RCSS၊ SSPP တို့နှင့် စစ်ကောင်စီတို့တွေ့ဆုံပွဲတွင် အဓိက ဖက်ဒရယ်အရေးကို ဆွေးနွေးခဲ့ကြသည်ဆိုသော်လည်း နှစ်ဖွဲ့စလုံးသည် စစ်ရေးပဋိပက္ခနယ်မြေ အငြင်းပွားနေမှုများရှိနေသဖြင့် ဆွေးနွေးပွဲတက်ရောက်ခြင်းအားဖြင့် စစ်ကောင်စီနှင့် တစုံတရာ အသိမှတ်ပြုမှုအပေါ် ချဉ်းကပ်ခြင်းဟုလည်း ယူဆနိုင်သည်။

ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)သည် ရှမ်းပြည်နယ် မိုင်းရှူးမြို့နယ်အတွင်းက ၎င်း၏တပ်စခန်းများကို ပြောင်းရွှေ့ပေးရေးအတွက် စစ်ကောင်စီဘက်က ဖိအားပေးနေသဖြင့် နှစ်ဘက်တပ်များအကြား တင်းမာမှုများမြင့်တက်နေချိန်မှာ တွေ့ဆုံခဲ့ခြင်းလည်းဖြစ်သည်။

SSPP သည် ယခင်အာဏာမသိမ်းခင်ကလည်း RCSS၊ TNLA၊ RCSS တို့အကြား ရှမ်းပြည် တောင်ပိုင်းနှင့် ‌မြောက်ပိုင်းနယ်မြေအချို့တို့တွင် တိုက်ပွဲများဖြစ်ခဲ့ပြီး အားလုံးက သူတို့ ထိန်းချုပ်နယ်မြေဟု အငြင်းပွားမှုများ မကြာခဏရှိခဲ့သည်။

ထိုသို့ အဖွဲ့အစည်းတိုင်းတွင် သူ့ရည်ရွယ်ချက်နှင့်အတူ စစ်ကောင်စီနှင့် ငြိမ်းချမ်းရေးဆွေးနွေးခဲ့ကြသော်လည်း မြန်မာနိုင်ငံတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၂၀ ကျော်အထိရှိနေသည့်အထဲမှ ၁၀ ဖွဲ့သာ တက်ရောက်ခဲ့ခြင်းဖြစ်သည်။

ကျန်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထက်ဝက်က ဆွေးနွေးရန်ကျန်နေသေးပြီး လက်ရှိ တိုက်ပွဲပြင်းထန်နေမှုနှင့်အတူ တချို့မှာလည်း စစ်ရေးတင်းမာနေသည့် အခြေအနေကိုမြင်နေရသည်။ အထက်ပါတစ်ဖွဲ့ချင်းစီ၏ နိုင်ငံရေးခံယူချက် ဖြတ်သန်းမှုသမိုင်းတို့လည်း မတူညီကြပေ။

ထိုသို့ စစ်ကောင်စီနှင့် မဆွေးနွေးရသေးသည့် အဖွဲ့များမှာ နှစ်ဖက်သဘောတူ ဆွေး‌နွေးချက်များ အမှန်တကယ် ဖြစ်လာမလား။ အကောင်အထည်ဖော်နိုင်မည့် အခြေအနေကို စောင့်ကြည့်နေကြသည်။
ယခင်ကဖြစ်စဉ်များနှင့် သတိပြုစရာ

စစ်တပ်သည် ယခင်ကတည်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအား တွေ့ဆုံဆွေးနွေးပွဲများမှတဆင့်  ဘာသာရေး၊ စီးပွားရေး အခွင့်အလမ်းများပေး၍ ဖြိုခွဲခြင်း၊ သိမ်းသွင်းခြင်းများနှင့်အတူ အင်အားချိနဲ့စေရန် တစိုက်မတ်မတ် ပြုလုပ်ခဲ့ကြောင်းကိုလည်း သမိုင်းတွင်မြင်တွေ့ခဲ့ရသည်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင်လည်း လက်နက်ကိုင်အဖွဲ့အားလုံးကို မဖိတ်ဘဲ အင်အားကိုကြည့်၍ ချန်လှပ်ထားခဲ့မှုများ ရှိခဲ့သည်။

ယခုစစ်ကောင်စီ၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင်လည်း NUG၊ PDF ကဲ့သို့သော ဒေသအလိုက် လက်နက်ကိုင်အဖွဲ့များကို လုံးဝချန်လှပ်ထားသည်။ ယင်းကြောင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲဆိုသည်မှာ ပါဝင်သင့် ပါဝင်ထိုက်သူများမပါဝင်ဘဲ အဖြေမထွက်နိုင်၊ မအောင်မြင်နိုင်ဟု နိုင်ငံရေးအကဲခတ်တို့က ဝေဖန်ကြသည်။

ထို့ကြောင့် မြန်မာစစ်ခေါင်းဆောင်များသည် ပြည်မတွင် အကျပ်အတည်းတွေ့လျှင် တိုင်းရင်းသားများကို လိုက်လျောမှုပေးပြီး ပြည်မတွင်အခြေအနေကောင်းပါက တိုင်းရင်းသားအဖွဲ့များအား ပြန်လည်နှိပ်ကွပ်မှုမျိုး ရှိခဲ့သည်။

ထို့အပြင် ၂၀၂၂ ခုနှစ်အတွင်းဖြစ်ပွားသည့် တိုက်ခိုက်မှုအားလုံး၏ ၇၀ ရာခိုင်နှုန်းသည် PDF အပါအဝင် နွေဦးတော်လှန်ရေးတွင်ပါဝင်သော တော်လှန်ရေးတပ်ဖွဲ့များနှင့် ဖြစ်ပွားခဲ့ခြင်းကြောင့် ထိုသူများမပါဝင်ဘဲ မြန်မာပြည်တွင် စစ်မှန်သောငြိမ်းချမ်းရေး မဖြစ်နိုင်ဟုလည်း ပြောဆိုနေကြသည်။

ယခုငြိမ်းချမ်းရေးဆွေးနွေးပွဲသည်လည်း ပွဲမစခင်ကပြောဆိုထားခဲ့သော ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်၊ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်တို့မှာ အသံမထွက်ခဲ့ကြပေ။ ထို့အတူ တိုင်းပြည်အတွင်း ဖြစ်ပွားနေသော တော်လှန်ရေးအင်အားစုများနှင့် နိုင်ငံရေးအကျပ်အတည်းများကို ဖြေရှင်းရန် လုံးဝဆန္ဒမရှိကြောင်း ပေါ်လွင်သည်။

သို့သော်လည်း စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယခုဆွေးနွေးခဲ့သည့် လက်နက်ကိုင်တပ်ဖွဲ့များကို ဒုတိယအကျော့ဆွေးနွေးဖို့ တာဆူနေပြီး မဆွေးနွေးဘဲကျန်သေးသည့် EAOs များကိုလည်း “တံခါးကျယ်ကျယ်ဖွင့်ထားတယ်။ ရဲရဲသာ လျှောက်လှမ်းခဲ့ကြပါ”ဟု ထပ်မံဖိတ်ခေါ်ထားသည်။

အချုပ်အားဖြင့် တစ်ဖွဲ့ချင်းစီဆွေးနွေးပွဲတွင် အဓိကပြောနိုင်သည်မှာ ဖက်ဒရယ်ဆိုသည့်ခေါင်းစီးအောက်တွင် ယေဘုယျဆန်ဆန်ဖြင့် စကားပြောအဆင့်ထက်ပိုပြီး မတွေ့ရသည့်အတွက် စစ်ကောင်စီ၏ ပထအကျော့ ငြိမ်းချမ်းရေးရလာဒ်မှာလည်း ဘာမှမသေချာသည့် အခင်းအကျင်းကိုမြင်ရသည်။

ထု့ိအတူ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပထမအကျော့မှာ EAOs များလိုလားသည့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် တန်းတူရေးကို တစုံတရာအာမခံချက်ပေးနိုင်သော ရလာဒ်ထွက်မလာဘဲ ယခင်က ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများအတိုင်း ယုံကြည်မှုတည်ဆောက်ခြင်းနှင့် မကြာခဏ တွေ့ဆုံ ဆွေးနွေးကြမည်ဆိုသည့် စကားသာ ထွက်လာနေတော့သည်။

ဂေါင်- ရေးသည်။