မေယုလမ်းပေါ်က အမေတစ်ခု သားတစ်ခု

“ကျမမှာ ကိုယ်ဝန်ငါးလ ရှိနေတဲ့ အချိန်ကနေ အလုပ်လုပ်မယ်ဆိုပြီး ထွက်သွားတာ။ အခုဆိုရင် လေးနှစ်ကျော်  ရှိပြီ။ သတင်းလည်းမရဘူး။ ဘယ်ရောက်သွားမှန်း၊ ဘယ်နေရာသွားမှန်းမသိရဘူး ” လို့  ဒေါ်သန်းသန်းဝင်းက ပြောပါတယ်။

By မင်းထွန်း 22 Aug 2021

DMG ၊ သြဂုတ် ၂၂

(Feature/ဆောင်းပါး)

မင်းထွန်း_ရေးသားသည် 

“ပဲပလာတာ၊ သကြားပလာတာ၊ အီကြာကွေး၊ စမူဆာ၊ ကောက်ညှင်းလုံးကျော် မုန့် ကြော်တွေ ရမယ်” ဆိုတဲ့ အသံတစ်ခုဟာ မေယုလမ်းမပေါ်က နံနက်စောစောထွက်လာတဲ့ အသံဖြစ်ပါတယ်။

လက်တွန်းလှည်းကလေးကို တွန်းရင်း အသက်မွေးဝမ်းကျောင်းအတွက် မုန့်၊အကြော်တွေရောင်းကာ ဘဝကိုရပ်တည်နေတဲ့ အသက် ၄၆ နှစ်အရွယ် အမျိုးသမီး တစ်ယောက်ကို နံနက် ၅ နာရီထိုးတိုင်း မေယုလမ်းမ တစ်လျှောက် တွေ့မြင်နေရပါတယ်။

ဘီး ၃ လုံးပါတဲ့ လက်တွန်းလှည်းတစ်စီးအပေါ်မှာ သူရောင်းချမယ့် မုန့်တွေကိုထည့်ထားတဲ့ အနီ ရောင်ပုံးတစ်လုံးနဲ့ သူ့ရဲ့ တစ်ဦးတည်းသော သားလေးကို လက်တွန်းလှည်းပေါ်တင်ပြီး ရပ်ကွက်အလိုက် လှည့်လည်ရောင်းချရင်း သားမိနှစ်ယောက်ရဲ့ တစ်နေ့တာဝမ်းရေးကို ရုန်းကန်နေကြတာပါ။

ဒီလိုရောင်းချနေတာဟာ  နွေရာသီ၊ ဆောင်းရာသီတွေမှာဆိုရင် သိပ်မထူးခြားပေမယ့် အခုလို မိုးရာသီ မိုးတွေ တအားရွာနေတဲ့ အချိန်တွေမှာဆိုရင်တော့ သူ့မရဲ့ အသက် ၄ နှစ်အရွယ်သားဖြစ်သူကို လက်တွန်းလှည်းပေါ်မှာ ဟောင်းနွမ်းနေတဲ့ မိုးကာ အင်္ကျီတစ်ထည်ကိုဝတ်ကာ မိုးရေအစိုခံပြီး သွားလာနေရတာကတော့ ကလေးအတွက် ကျန်မာရေးကို စိုးရိမ်ရတဲ့ အနေအထားလည်းဖြစ်ပါတယ်။
“မိုးရွာနေရင်လည်း မိုးရေစိုခံပြီးရောင်းရတာပဲ။ မရောင်းဘဲ တစ်ရက်မလုပ်ရင် တစ်ရက်မစားရဘူး။ တစ်ရက် မလုပ်ရင် တစ်ရက်အဆင်မပြေဘူး” လို့ ပြောပြသွားတာပါ။

အသက်(၄၆) နှစ်အရွယ် ဒေါ်သန်းသန်းဝင်းဟာ စစ်တွေမြို့၊ မကျည်းမြိုင်ရပ်မှာ နေထိုင်တာဖြစ်ပြီး အသက် (၄) နှစ်အရွယ်ရှိတဲ့ သားဖြစ်သူ မောင်လင်းလင်းဖြိုးနဲ့ အတူ မုန့်တွေရောင်းပြီး ဝမ်းရေးအတွက် ရုံးကန်ဖြေရှင်းနေတာဖြစ်ပါတယ်။

ဒေါ်သန်းသန်းဝင်းဟာ သားဖြစ်သူကို တွန်းလှည်းပေါ်မှာတင်ပြီး မုန့်တွေရောင်းလာတာဟာ အခုမှမဟုတ်ပါ ဘူး။ မောင်လင်းလင်းဖြိုး အသက် (၅) လ အရွယ်ကနေ တွန်းလှည်းပေါ်တင်ကာ မုန့်တွေရောင်းပြီး ဝမ်းရေးအတွက် ဖြေရှင်းလာခဲ့တာဟာ အခုဆိုရင် (၄) နှစ်ကျော်အထိရှိလာနေပြီ ဖြစ်တယ်လို့လည်း သူမက ပြောပါတယ်။

စစ်တွေမြို့မှာ ဆွေမျိုးရင်းရှာတွေမရှိတဲ့အတွက် သားလေးဖြစ်သူကို အိမ်မှာမထားဘဲ မုန့်သွားရောင်းတဲ့ နေရာတွေကို မိုးရွာ၊ နေပူမရှောင် ခေါ်ယူသွားရတာဖြစ်တယ်လို့ ဒေါ်သန်းသန်းဝင်းက ပြောပါတယ်။

“သားက ယောက်ကျားလည်းဖြစ်နေတယ်။ အိမ်မှာထားခဲ့ရင် အပြင်ကို ထွက်ကစားလို့ ပျောက်သွားမှာတို့ တခုခုဖြစ်သွားမှာကိုစိုးရိမ်တယ်။ ကိုယ်နဲ့အတူရှိနေတယ်ဆိုတော့ စိတ်ချရတယ်။ ဒါကြောင့်သားကို လုံလုံခြုံခြုံနဲ့ မိုးရေစိုခံ အင်္ကျီဝတ်ပြီး ခေါ်သွားရတာဖြစ်တယ်” လို့ သူက ဆိုပါတယ်။

ဆင်းရဲပင်ပန်းစွာလုပ်ကိုင်စားသောက်နေရတဲ့ သူမရဲ့ မိသားစုတွေကို စိတ်ဆင်းရဲဒုက္ခမပေးချင်တဲ့အတွက် ကိုယ့်ခြေထောက်ကိုယ်ရပ်တည်ပြီး အခုလိုတစ်ယောက်တည်း စားဝတ်နေရေးကို ရုံးကန်ဖြေရှင်းနေတာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒေါ်သန်းသန်းဝင်းရဲ့ မွေးရပ်မြေကတော့ ပေါက်တောမြို့ ပန်းသီးရပ်ကွက်က ဖြစ်ပါတယ်။ မွေးချင်းညီကို မောင်နှမ ငါးဦးရှိပြီး မိဘနှစ်ပါးတော့ ကွယ်လွန်သွားကြပြီဖြစ်ပါတယ်။ ကျန်ရှိတဲ့မိသားစုတွေဟာလည်း တစ်ယောက်တစ်နေရာစီမှာ ဆင်းရဲပင်ပန်းစွာ လုပ်ကိုင်စားသောက်နေကြတယ်လို့ ဆိုပါတယ်။

ဒေါ်သန်းသန်းဝင်းဟာ အသက်(၃၈) နှစ်အရွယ်လောက်မှာ ရန်ကုန်မြို့ရှိ စက်ရုံတစ်ခုမှာ အလုပ်လုပ်နေရင်း ဦးမောင်မောင်သန်းဆိုတဲ့ အမျိုးသားနဲ့ အိမ်ထောင်ကျခဲ့ပါတယ်။ ဦးမောင်မောင်သန်းရဲ့ ဇာတိကတော့ မောင်တောမြို့ လေးမိုင်ကဖြစ်တယ်လို့ သိရပါတယ်။

အဲဒီနောက် ရန်ကုန်မှာ အလုပ် မလုပ်တော့ဘဲ သူတို့ရဲ့ မွေးရပ်မြေ ရခိုင်ပြည်ကို ပြန်လာခဲ့ပြီး ယောကျ်ားဖြစ်သူနဲ့ အတူ စစ်တွေမြို့မှာ အိမ်ငှားပြီး လုပ်ကိုင်စားသောက် နေထိုင်ခဲ့ပါတယ်။
အဲဒီအချိန်တုန်းက ဒေါ်သန်းသန်းဝင်းဟာ စစ်တွေမြို့က ဆေးရုံကြီးရှေ့မှာ သူငယ်ချင်းတစ်ဦးရဲ့ အကူညီနဲ့ ကွမ်းယာဆိုင်ဖွင့်ခဲ့သလို ယောကျ်ားဖြစ်သူကလည်း ဆိုက်ကားနင်းတဲ့ အလုပ်ကိုလုပ်ကိုင်ခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ ကွမ်းယာဆိုင်ငှားထားတဲ့ သူငယ်ချင်းမှာလည်း အခက်အခဲဖြစ်သွားတဲ့အတွက် ကွမ်းယာဆိုင်လေးကို ပြန်အပ်လိုက်ရပါတယ်။

ယောကျ်ားဖြစ်သူရဲ့ အလုပ်ကလည်းအဆင်မပြေ၊ကွမ်းယာဆိုင်လည်း မရောင်းရတော့တဲ့အတွက် တစ်နေ့ထက် တစ်နေ့ စားဝတ် နေရေးကျပ်တည်းမှုတွေနဲ့ ရင်ဆိုင်လာခဲ့ရပါတယ်။ ဒါကြောင့် ယောကျ်ားဖြစ်သူဟာ တခြား တစ်နေရာကို အလုပ်သွားလုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဦးမောင်မောင်သန်းဟာ စစ်တွေမြို့မှာ မိန်းမနဲ့အတူနေပြီး အလုပ်လုပ်ချင်ပေမယ့် အလုပ်အကိုင်ရှားပါးမှုတွေ ကြောင့် ရေမြေခြားဖြစ်တဲ့ ရန်ကုန်မြို့ကို ထွက်သွားခဲ့ရတဲ့အကြောင်းကို ဒေါ်သန်းသန်းဝင်းက ပြောပြပါတယ်။

ယောကျ်ားဖြစ်သူ အလုပ်လုပ်ဖို့ထွက်သွားတဲ့အချိန်ဟာ ဒေါ်သန်းသန်းဝင်းမှာ ကိုယ်ဝန်(၅) လနဲ့ ရင်သွေးငယ် လေးကိုလွယ်ထားရတဲ့ အချိန်ဖြစ်ပါတယ်။

“ကျမမှာ ကိုယ်ဝန်ငါးလ ရှိနေတဲ့ အချိန်ကနေ အလုပ်လုပ်မယ်ဆိုပြီး ထွက်သွားတာ။ အခုဆိုရင် လေးနှစ်ကျော်  ရှိပြီ။ သတင်းလည်းမရဘူး။ ဘယ်ရောက်သွားမှန်း၊ ဘယ်နေရာသွားမှန်းမသိရဘူး ” လို့  ဒေါ်သန်းသန်းဝင်းက ပြောပါတယ်။

ဦးမောင်မောင်သန်း ထွက်သွားတဲ့အချိန်တုန်းက သူမဟာ စစ်တွေမြို့ မီးလောင်ကွင်းရပ်ကွက်မှာ နေထိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီရပ်ကွက်က မိတ်ဆွေတစ်ဦးရဲ့ ကွမ်းယာဆိုင်နားမှာ ဓာတ်ဆီတွေ ရောင်းချပြီး ကိုယ်ဝန် တဖက်နဲ့ စားဝတ်နေရေးကို ဖြေရှင်းခဲ့ရပါတယ်။

အလုပ်သွားလုပ်မယ်ဆိုပြီး ထွက်သွားတဲ့ အချိန်ကနေ ယောကျ်ားဖြစ်သူနဲ့ အဆက်အသွယ်မရဘဲ ကလေးကို စစ်တွေမြို့ ဆေးရုံကြီးမှာ ဗိုက်ခွဲပြီးမွေးဖွားခဲ့ရပါတယ်။ မွေးတဲ့ ကလေးကလည်း ယောကျ်ားလေးဖြစ်နေတဲ့ ဆေးရုံက ထောက်ပံ့တဲ့ ငွေတစ်ချို့အပါအဝင် တခြားသူတွေဆီက ထောက်ပံ့ငွေ တချို့ရရှိခဲ့ တယ်လို့ ဒေါ်သန်းသန်းဝင်းက ပြောပါတယ်။

ဒါကြောင့် ကလေးမွေးပြီးကာလမှာ ဒေါ်သန်းသန်းဝင်းဟာ စားဝတ်နေရေးအတွက် သူကိုယ်တိုင်ရှာဖွေစရာ မလိုခဲ့ဘဲ ထောက်ပံ့ငွေတချို့နဲ့ စားဝတ်နေရေးကို ဖြေရှင်းခဲ့ရပါတယ်။

“ဆေးရုံမှာ ဗိုက်ခွဲပြီးမွေးခဲ့ရတယ်။ ယောကျ်ားလေးမွေးတဲ့အတွက်ဆိုပြီး ဆေးရုံက ပိုက်ဆံတစ်သိန်း ကျော်ရ တယ်။ တခြားအဖွဲ့တစ်ခုကလည်း ငါးသောင်းပေးတယ်။ အဲဒီပိုက်ဆံတွေနဲ့ဒီလိုပဲနေထိုင်ခဲ့ရတယ်။ နောက် သူငယ်ချင်းတွေဆီက နည်းနည်းပါးပါးကူညီကြတယ်”  လို့ ဒေါ်သန်းသန်းဝင်းက ပြောပါတယ်။

အဲဒီလိုနဲ့ သားဖြစ်တဲ့ မောင်လင်းလင်းဖြိုး အသက်(၅)လအရွယ်ဖြစ်လာတဲ့အချိန်မှာတော့ စားဝတ်နေရေး အတွက် သူမကိုယ်တိုင် အပြင်ထွက်ပြီး ဝမ်းရေးအတွက် ဖြေရှင်းရပါတော့တယ်။ ငါးလအရွယ်သားလေးကို တွန်းလှည်းပေါ်တင်ကာ မုန့်တွေရောင်းပြီး ဝင်ငွေရှာလာခဲ့တာဟာ အခုအချိန်ထိဖြစ်တယ်လို့ သူမက ပြောပါ တယ်။

ကြားကာလမှာ အလုပ် လုပ်မယ်ဆိုပြီးထွက်သွားတဲ့ ယောကျ်ားဖြစ်သူဟာ တစ်နှစ်ကျော်ကြာတဲ့အချိန်မှာတော့ အဆက်အသွယ် တစ်ကြိမ်လုပ်လာတယ်လို့ဆိုပါတယ်။ “ငါအလုပ် လုပ်နေပြီ။ ပိုက်ဆံတွေ ထည့်ပေးမယ်ဆိုပြီး ပြောတယ်” လို့ ယောကျ်ားဖြစ်သူရဲ့ပြောစကားကို ဒေါ်သန်းသန်းဝင်းက ပြောပြပါတယ်။

အဲဒီစကားဟာ ဒေါ်သန်းသန်းဝင်းအတွက် ယောကျ်ားဖြစ်သူရဲ့ နောက်ဆုံးပြောတဲ့ စကားသံဖြစ်ခဲ့ပြီး အခုဆိုရင် ယောကျ်ားနဲ့ အဆက်အသွယ်မရရှိတာဟာ လေးနှစ်ကျော် အထိရှိလာခဲ့ပြီဖြစ်ပါတယ်။
ဒေါ်သန်းသန်းဝင်း ရောင်းနေတဲ့ ပဲပလာတာ၊ သကြားပလာတာ၊ အီကြာကွေး၊ ကောက် ညှင်းလုံးကျော်၊ စမူဆာမုန့်ကြော်တွေဟာ သူမကိုယ်တိုင်ပြုလုပ်ထားတဲ့ မုန့်တွေမဟုတ်ပါဘူး။ တခြားမုန့်ကြော်ရောင်းတဲ့ ဆိုင်တွေ ကနေ မုန့်တစ်ချပ်ကို ငွေ(၁၅၀) ကျပ်နဲ့ ဝယ်ယူပြီး (၂၀၀) ကျပ်နဲ့ ပြန်လည် ရောင်းချကာ ဝင်ငွေရှာနေတာဖြစ်ပါတယ်။

တစ်နေ့တာ ရောင်းချမယ့် မုန့်အချပ်ရေ(၉၀) အတွက် ငွေတစ်သောင်းကျော်အရင်းအနှီးလုပ်ရပြီး ရလာတဲ့ အမြတ်ငွေလေးတွေနဲ့ ဝမ်းရေးကိုဖြေရှင်းနေတာဖြစ်တယ်လို့ ဒေါ်သန်းသန်းဝင်းက ပြောပါတယ်။

“မုန့်ကကျတော့ လူတွေဆီကတစ်ချပ်ကို ၁၅၀ ကျပ်နဲ့ဝယ်တယ်။ ပြီးရင် ၂၀၀ ကျပ်နဲ့ပြန်ပြီး ရောင်းတယ်။ တစ်ခါတလေဆိုရင်  မုန့်တွေကို ၅၀၀ ဖို့ သုံးချပ် ၊ ၁၀၀၀ ဖို့ ခြောက်ချပ် ရောင်းတယ်။ တစ်ထောင်ဖို့ရောင်းမှ အမြတ်ငွေ ၁၀၀ ရတယ်။ အများဆုံးရရင်တော့ ၂၀၀ ရတယ်” လို့ သူမက ဆိုပါတယ်။

အခုလိုမုန့်တွေရောင်းဖို့အတွက် ဒေါ်သန်းသန်းဝင်းဟာ မနက်စောစော နံနက် ၅ နာရီခွဲအချိန်ကနေ မုန့်တွေ ဝယ်ယူပြီးနောက် သားဖြစ်သူနဲ့အတူ မုန့်ကြော်တွေရောင်းတာဟာ နံနက် ၉ နာရီ အချိန်လောက်ထိ ရောင်းနေ တာဖြစ်ပါတယ်။

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုတွေကြောင့်လည်း ဒေါ်သန်းသန်းဝင်းတို့သားမိနှစ်ဦးရဲ့ စားဝတ်နေရေးကို ရိုက်ခတ်မှု တွေရှိနေပါတယ်။ ကိုဗစ်မဖြစ်တဲ့အချိန်က မုန့်တွေကို လှည့်လည်ရောင်းတဲ့အခါ အသင့်အတင့် အဆင်ပြေခဲ့ပေ မယ့် လက်ရှိမှာ လုံးဝနီးပါးလောက် ရောင်းအားမကောင်းတော့ဘူးလို့ ဆိုပါတယ်။

“အရင်က နေရာတစ်ခုကိုသွားရင် လူဆယ်ယောက်လောက်ကဝယ်ကြတယ်။ အခုဆိုရင် သုံးယောက်လောက်ပဲ ဝယ်ကြတော့ အဆင်မပြေဘူး။ တခါတလေဆိုရင် မုန့်တွေဘူးမှာအပြည့် ပြန်ပါလာတယ်” လို့ ဒေါ်သန်းသန်းဝင်း က ပြောပါတယ်။

မုန့်တွေ ရောင်းမကောင်းတဲ့နေ့တွေဆိုရင် အနီးအနားကအသိတွေဆီက ချေငှားပြီး အရင်းသွင်းလိုက်ရတယ်လို့ ဆိုပါတယ်။ နောက်ထပ်မုန့်တွေရောင်းပြီး အဆင်ပြေတဲ့နေ့မှာ ချေးထားတဲ့ငွေကို ပြန်ဆပ်လိုက်ရတဲ့နေ့တွေရှိ တယ်လို့လည်း ဆိုပါတယ်။

အခုရောင်းနေတဲ့ မုန့်ကြော်တွေကို ကိုယ်တိုင်ပြုလုပ်ပြီး ရောင်းချင်ပေမယ့် အရင်းအနှီးလုပ်ဖို့ ငွေကြေးအခက် အခဲတွေရှိနေတာဖြစ်ပါတယ်။ တခြားသူတွေလုပ်တဲ့မုန့်တွေကို ဝယ်ယူပြီးတစ်ဆင့်ခံရောင်းချရလာတဲ့ အမြတ်ငွေကိုလည်း စားသောက်ရေးနဲ့နေအိမ်စရိတ်အတွက်ပဲ အသုံးပြုနေရတယ်လို့ဒေါ်သန်းသန်းဝင်းက ပြောပါတယ်။

လက်ရှိမှာတော့ ဒေါ်သန်းသန်းဝင်းတို့ သားမိနှစ်ဦးဟာ စစ်တွေမြို့ မကျည်းမြိုင် အကွက်(၆) မှာနေထိုင်နေကြ တာဖြစ်ပါတယ်။ ဒါပေမယ့် သူမတို့သားမိနှစ်ဦးမှာ ကိုယ်ပိုင်အိမ်မရှိဘဲ အခန်းလေးတစ်ခု ငှားရမ်းပြီးနေထိုင် နေကြတာဖြစ်တဲ့ အတွက် မုန့်ရောင်းလို့ရတဲ့ အမြတ်ငွေတွေနဲ့ စားသောက်ရေးအတွက်သာမက နေထိုင်ရေး အတွက်ပါ ဖြေရှင်းနေကြတာဖြစ်ပါတယ်။  

မုန့်ရောင်းလို့ရလာတဲ့အမြတ်တွေထဲက သူငှားနေတဲ့နေအိမ်ပိုင်ရှင်ကို လစဉ်မပေးဘဲ နားလည်မှုနဲ့ တစ်ရက် ကို (၁၅၀၀) ကျပ်စီ နေ့တိုင်းပေးတယ်လို့ ပြောပါတယ်။ လစဉ်ပေးမယ်ဆိုရင် တစ်လကို လေးသောင်းခွဲ လောက် ပေးရတယ်လို့ ဆိုပါတယ်။

အခု ဒေါ်သန်းသန်းဝင်းတို့ ငှားနေတဲ့ နေအိမ်ကို သိပ်မကြာခင် ရောင်းချတော့မှာဖြစ်တဲ့အတွက် ပြောင်းရွှေ့ ပေးရတော့မှာဖြစ်တယ်လို့ အိမ်ပိုင်ရှင်က ပြောလာတယ်လို့ဆိုပါတယ်။ ဒါကြောင့် တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ ဒေါ်သန်းသန်းဝင်းအတွက်တော့ နေထိုင်ရေးအတွက်လည်း စိတ်ပူပင်နေရပါတော့တယ်။

“ဘယ်နေရာကိုပြောင်းရမလဲ မသိသေးဘူး။ အဲဒါတစ်ခုနဲ့ စိတ်ဆင်းရဲနေတာဖြစ်တယ်။ ထမင်းတစ်နပ်ကို တော့ မုန့်တွေရောင်းပြီးစားနေလို့ရတယ်။ ဒီနေရာမှာဆိုရင် တစ်ရက်မှာ ၁၅၀၀ ပေးထားလို့ရတယ်။ တခြား နေရာမှာပြောင်းနေရင် လစဉ်လေးသောင်း ငါးသောင်းပေးရတော့မယ်။ အဲဒါကိုပဲ စိတ်ပူနေတယ်”  လို့  ပြောပါတယ်။

ဒေါ်သန်းသန်းဝင်းတစ်ယောက် ကိုယ်ပိုင်အိမ်နဲ့ မနေရတာဆိုရင် မိဘတွေဆုံးသွားတဲ့အချိန်ကနေဖြစ်ပြီး အခုဆိုရင် နှစ်ပေါင်း(၁၀) ကျော်အထိရှိလာနေပြီဖြစ်ပါတယ်။ ဒါကြောင့် သူမဟာ မသေခင်အချိန်လေး အတွင်းမှာ ကိုယ်ပိုင်အိမ်လေးနဲ့မနေရတော့ဘူးလား စဉ်းစားပြီး ဝမ်းနည်းမိတယ်လို့ ပြောပါတယ်။

“အခုအချိန်ထိ အိမ်ငှားနေတာဆိုရင် နှစ်ပေါင်း (၁၀) ရှိနေပြီ။ တခါတလေဆို အရမ်းဝမ်းနည်းတယ်။ မသေခင် အချိန်လေးမှာ ကိုယ့်အိမ်လေးနဲ့ မနေရတော့ဘူးလားဆိုပြီး ဝမ်းနည်းမိတယ် ” လို့ ဒေါ်သန်းသန်းဝင်းက ပြောပါ တယ်။

ပုထုဇဉ်လူသားပီပီ ဝမ်းနည်းမှုတွေရှိပေမယ့် ဒေါ်သန်းသန်းဝင်းဟာ လောကကြီးကို အရှုံးမပေးဘဲ ကြုံလာတဲ့ အခက်အခဲတွေကို အကောင်းဆုံး ရင်ဆိုင်သွားဖို့ ဆုံးဖြတ်ထားသူဖြစ်ပါတယ်။
ဆုံးဖြတ်ချက်တွေထဲမှာ အသက် (၄) နှစ်အရွယ်သာရှိသေးတဲ့ သူမရဲ့ သားမောင်လင်းလင်းဖြိုးကို စည်းကမ်း ရှိရှိနဲ့ ပညာတတ်ကြီးတစ်ဦးဖြစ်အောင် ပြုစုပျိုးထောင်သွားမယ့်စိတ်ဆန္ဒက ပြင်းပြနေပါတယ်။

“သားလေးကို စာတွေသင်ပြီး စည်းကမ်းရှိရှိနဲ့လိမ်မာတဲ့သူတစ်ယောက် ဖြစ်အောင်ဆုံးမသွန်သင်သွားမယ်။ ကိုယ်ပိုင်အိမ် မရှိသေးဆိုပေမယ့် သင့်လျော်တဲ့ နေရာတွေမှာနေပြီးသားကို ကြီးပြင်းအောင်ပြုစုစောင့်ရှောက် သွားမယ်” လို့ ဒေါ်သန်းသန်းဝင်းက ပြောပါတယ်။

မောင်လင်းလင်းဖြိုး လူတစ်လုံးသူတစ်လုံးဖြစ်ဖို့အတွက် လက်ရှိမှာမုန့်တွေရောင်းနေပြီး ပြုစုစောင့်ရှောက် နိုင်ပေမယ့် အသက်အရွယ်အရ လမ်းလျှောက်ပြီး မုန့်တွေမရောင်းနိုင်မှာကို ဒေါ်သန်းသန်းဝင်း တစ်ယောက် စိုးရိမ်နေပါတယ်။ အဆင်ပြေတဲ့နေရာလေးတစ်ခုမှာ ဈေးဆိုင်လေး ဖွင့်ပြီး လုပ်ကိုင်စားသောက်ချင်တယ်လို့ ဆိုပါတယ်။

မိသားစုဝင်တွေ အဆင်မပြေကြရင် လမ်းတွေထွက်ပြီး အလှူခံတာတွေ၊ တောင်းရမ်းကြတာတွေကို စစ်တွေ မြို့မှာ တွေ့ရပေမယ့် မိမိခွန်အားရှိသလောက် ဝင်ငွေကိုရအောင်ရှာမယ်လို့ ဆုံးဖြတ်ထားသူကတော့ ဒေါ်သန်းသန်းဝင်း ဖြစ်ပါတယ်။

လက်ရှိမှာလည်း မိုးရွာ/နေပူမရှောင် တွန်းလှည်းပေါ်မှာ သားလေးကိုတင်ကာ ပင်ပန်းစွာနဲ့ မုန့်ကြော်တွေ ရောင်းချနေတာပါ။ အခုလို မုန့်တွေရောင်းပြီး ငွေရှာတဲ့အလုပ်ကို လုပ်နိုင်တဲ့အချိန် အတိုင်းအတာတစ်ခုအထိ လုပ်သွားမယ်လို့ ဆုံးဖြတ်ထားသူလည်းဖြစ်ပါတယ်။

အခုလို ပင်ပန်းဆင်းရဲစွာနဲ့ ဘဝကို ရုံးကန်ဖြတ်သန်းနေရတာကိုလည်း ဒေါ်သန်းသန်းဝင်းတစ်ယောက် စိတ်ကုန်၊ စိတ်နာတာမရှိပါဘူး။ စိတ်ကို တည်ငြိမ်အောင်နေထိုင်ပြီး အတိတ်ဘဝရဲ့ ကုသိုလ်ကံတွေကြောင့်သာ ဖြစ်တယ်လို့ ဖြေသိမ့်နေပါတယ်။

“ကိုယ့်မှာ အကြောင်းတရားတွေက ဒီလိုပါလာတယ်။ ဘဝဟောင်းက ဒါန၊ သီလ၊ ဘာဝနာအားနည်းခဲ့လို့ အခု ဘဝမှာ ဒီလိုဖြစ်တယ်။ ကံ၊ ကံရဲ့ အကျိုးပေါ့။ ဒေါသ၊ မောဟတွေလည်း မကြီးတော့ဘူး။ အဲလိုတရားနဲ့ပဲ ဖြေသိမ့် တယ်” လို့ ဒေါ်သန်းသန်းဝင်းက ပြောပါတယ်။

ဒေါ်သန်းသန်းဝင်းနဲ့ မောင်လင်းလင်းဖြိုးတို့ သားမိနှစ်ဦးကို နံနက်ပိုင်းအချိန်တိုင်း စစ်တွေမြို့ပေါ်က ဓညဝတီ ရပ်ကွက်၊ စက်ရုံစုရပ်ကွက်၊ ဘုမေရပ်ကွက်တွေမှာ နေ့တိုင်းလိုလို မုန့်ကြော်တွေ ရောင်းချနေတာကြတာဖြစ်ပြီး ဒေါ်သန်းသန်းဝင်းရဲ့ လောကဓံကိုအရှုံးမပေးဘဲ သားကလေးကို တွန်းလှည်းပေါ်တင်ရင်း မေယုလမ်းမပေါ်မှာတော့ အမေတစ်ခု သားတစ်ခုရဲ့ ရုန်းကန်နေရတဲ့ ဘဝကို နံနက်တိုင်းမြင်တွေ့နေကြရမှာ လည်းဖြစ်ပါတယ်။

“ပဲပလာတာ၊ သကြားပလာတာ၊ အီကြာကွေး”  စတဲ့မုန့် ကြော်တွေရမယ်လို့ အော်ဟစ်ကာ ခြေလျင်လျှောက်ပြီး မိုးရွာ၊ နေပူမရှောင် တွန်းလှည်းသေးသေးလေးကိုတွန်းနေတဲ့ ဒေါ်သန်းသန်းဝင်း တို့သားမိနှစ်ဦးဟာ ဘဝရဲ့ဒုက္ခဆင်းရဲကို အရှုံးမပေးဘဲ ရုန်းကန်ဖြေရှင်းနေတဲ့ စစ်တွေမြို့ပေါ်က အမေတစ်ယောက်နဲ့ သူချစ်တဲ့ သားလေးတစ်ယောက်ကိုတော့ နံနက်လင်းတိုင်း တွေ့မြင်ကြရမှာပဲဖြစ်ပါတယ်။

မင်းထွန်း_ရေးသားသည်