- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
အင်တာနက်ဖြတ်တောက်ခံရမှုကြောင့် သက်ရောက်မှုကြီးမားသည့် ရခိုင်ရေကြီးမှု
အစိုးရအနေဖြင့် ယခုကဲ့သို့ မြစ်ရေများ စိုးရိမ်ရေမှတ်ထက်ကျော်လွန်၍ ရေကြီးလာမည့် အကြောင်းများ၊ မိုးသည်းထန် စွာရွာသွန်း၍ ရေကြီးလာနိုင်သည့်သတင်းအချက်အလက်များကို ပြည်သူများကို ကြိုတင် သတိပေးမှုမရှိခဲ့ဟု လွှတ်တော်ကိုယ်စားလှယ်များနှင့်ဒေသခံများက ဆိုကြသည်။
15 Jul 2019
Written by ဖဒူ ထွန်းအောင်
ဇူလိုင် ၁၅ | DMG
ဇူလိုင်လ ၁၀ ရက်နေ့ကစတင်ပြီး မိုးသည်းစွာရွာသွန်းခြင်း၊ မြစ်ရေမြင့်တက်ခြင်းတို့ကြောင့် ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်၊ ကျောက်တော်မြို့နယ်နှင့် မင်းပြားမြို့နယ်တို့ တွင် ရေကြီးရေလျှံမှုတွေ ဆက်တိုက်ဖြစ်ပေါ်လာသည်။ အစောပိုင်းတွင် ယင်းဒေသအတွင်းက ရေကြီးမှုသတင်းများကို ပြည်သူများ မသိရှိကြပေ။
အဆိုပါ မြို့နယ်များအပြင် စစ်ပွဲဖြစ်ပွားနေသည့် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်းနှင့် မြေပုံမြို့နယ်တို့တွင် ပြီးခဲ့သည့် ဇွန်လ ၂၁ ရက်နေ့ကစတင်ပြီး အစိုးရက အင်တာနက်ဖြတ်တောက်ထားသည်။ ထို့ကြောင့် ယခုကဲ့သို့ ရေကြီးမှုဖြစ်နေသည့် သတင်းများသည် အင်တာနက်ပေါ်သို့ ချက်ချင်းရောက်မလာသဖြင့် ပြည်သူများ သိရှိခွင့် နောက်ကျခဲ့သကဲ့သို့ ရေဘေးသင့်ပြည်သူများအတွက်လည်း စားနပ်ရိက္ခာအခက်အခဲနှင့် နေထိုင်ရေးအခက်အခဲတို့ဖြစ်ပေါ်ခဲ့သည်။
နောက်ပိုင်းတွင် စစ်ဘေးရှောင်များကို ကယ်ဆယ်ရေးပေးနေသည့် အဖွဲ့အစည်းများ၊ ဒေသခံ လွှတ်တော်ကိုယ်စားလှယ်များတို့၏ သတင်းပေးမှုတို့ကြောင့် ရေကြီးသည့်အခြေအနေများကို သိရှိသွားကြခြင်းဖြစ်သည်။ ရေကြီးမှု အဆိုးရွားဆုံးဖြစ်ရပ်သည် ဇူလိုင်လ ၁၃ ရက်နေ့တွင် စတင်သည်။ ယင်းနေ့တွင် မြောက်ဦးမြို့နယ်က စစ်ဘေးရှောင် ၃ ထောင်ကျော် ခိုလှုံနေသည့် တိမ်ညိုစစ်ဘေးရှောင်စခန်းကို ရေလွှမ်းမိုးသဖြင့် ဘုန်းတော်ကြီးကျောင်း တွင် သွားရောက်ခိုလှုံခဲ့ရသည်။
ထို့အပြင် မြတန်ဆောင်းစစ်ဘေးရှောင်စခန်း၊ စင်းဘောကိုင်းစစ်ဘေးရှောင်စခန်းတို့လည်း ရေလွှမ်းမိုးမှုဒဏ်ခံခဲ့ရသည်။ မြို့နယ်အတွင်းက တခြားကျေးရွာများကိုလည်း ရေလွှမ်မိုးမှုရှိခဲ့သဖြင့် ရေဘေးသင့်ပြည်သူ ၁ သောင်း ကျော်အထိရှိသည်ဟု ဒေသဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များက ပြောကြသည်။
ကျောက်တော်မြို့နယ်တွင်လည်း ကျေးရွာပေါင်း (၄၀)ခန့် ရေနစ်မြုပ်ခဲ့ပြီး အသက် (၁၆)နှစ်အရွယ် လူငယ်တစ်ဦးလည်း ရေစီးထဲမျှောပါသွားသဖြင့် ရေနစ်သေဆုံးသွားသည်။ မင်းပြားမြို့နယ်တွင် လေးမြို့မြစ်အနီးရှိ ကျေးရွာများ ရေလွှမ်းမိုးမှုဒဏ်အများဆုံးခံခဲ့ရပြီး မြို့ပေါ်ရှိ ရပ်ကွက်တိုင်းပင် ရေလွှမ်မိုးမှုဒဏ်ခံခဲ့ရသည်။
လက်ရှိတွင် ရေဘေးသင့်ပြည်သူဦးရေကို အတိအကျမသိရှိရသေးပေ။ဘေးလွတ်ရာသို့ ရွှေ့ပြောင်းထားသူ အရေ အတွက်မှာ ၂၅၀၀ ကျော်သာရှိသေးသည်ဟု ပြည်နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာန၏ ဇူလိုင်လ ၁၃ ရက်နေ့ စာရင်း အရ သိရသည်။
ရေဘေးအန္တရာယ် အစိုးရသတိပေးခဲ့သလား
ရခိုင်ပြည်နယ်တွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲပြင်းထန်နေသည့်ကာလမှာ အစိုးရက ပြည်သူများကို အသိပေးခြင်း လုံးဝမရှိဘဲ မြို့နယ် (၈)ခုတွင် အင်တာနက်လိုင်းကို ဖြတ်တောက်လိုက်သည်။ ထို့ကြောင့် ယင်းဒေသက ပြည်သူများမှာ သတင်းအချက်အလက် သိရှိပိုင်ခွင့်နှင့် သူတို့သတင်းအချက်အလက်များကို အများပြည်သူကို ဖြန့်ဝေခွင့် ဆုံးရှုံးသွားသည်။
အစိုးရအနေဖြင့် ယခုကဲ့သို့ မြစ်ရေများ စိုးရိမ်ရေမှတ်ထက်ကျော်လွန်၍ ရေကြီးလာမည့် အကြောင်းများ၊ မိုးသည်းထန် စွာရွာသွန်း၍ ရေကြီးလာနိုင်သည့် သတင်းအချက်အလက်များကို ပြည်သူများကို ကြိုတင်သတိပေးမှုမရှိခဲ့ဟု လွှတ်တော်ကိုယ်စားလှယ်များနှင့် ဒေသခံများက ဆိုကြသည်။
“ကျနော်ရဲ့ အမြင်မှာတော့ (အစိုးရက)ကြိုတင်သတိပေးတာ လုံးဝမရှိလို့မြင်တယ်။ ဘာလို့လဲဆိုတော့ မိုး/ဇလ က ထုတ်ပြန်တာတွေကိုလည်း အင်တာနက်ရှိမှ၊ ရေဒီယိုရှိမှ ဆိုတော့၊ ရေဒီယိုကလည်း နားထောင်တဲ့ ခေတ်မဟုတ်ဘူး။ အဓိကတော့ ဖုန်းကိုကြည့်တယ်။ ဆိုတော့ အင်တာနက်လည်းမရတော့ အစိုးရက ထုတ်ပြန်ချက်တွေကို ဒီလူတွေက မသိ။ ကြိုတင်ပြင်ဆင်မှုက အားနည်းတယ်။ ဒါကြောင့် အများကြီး ဖြစ်ပျက်သွားတာ ဖြစ်တယ် ” ဟု ကျောက်တော်မြို့မှ လူမှုရေးတက်ကြွလှုပ်ရှားသူ ကိုကျော်လှမြင့်က DMG ကိုပြောသည်။
အစိုးရတွင် ပြည်သူလူထုများကို သတင်းအလက်များပေးရာတွ အင်တာနက်၊ ရေဒီယို၊ရုပ်မြင်သံကြား၊ သတင်းစာတို့ရှိသည်။ ယင်း(၄)ခုကို ပြည်သူနှင့်အစိုးရကြားတွင် ကြားခံအဖြစ်ထား၍ မိုးလေဝသ သတင်းများ၊ စိုးရိမ်ရေမှတ်နှင့်အထက် ရောက်ရှိနေသော ကုလားတန်မြစ်(ကျောက်တော်)၊ လေးမြို့မြစ်(မြောက်ဦး)တို့၏ သတင်းများကို တင်ပြပေးခဲ့သည်။
သို့သော် ယခု ရေကြီးမှုဖြစ်ပွားသည့် နေရာအများစုသည် ကျေးလက်များဖြစ်နေသောကြောင့် ရေဒီယို၊ ရုပ်မြင်သံကြားနှင့် သတင်းစာများသည် လူအများစုတွင်မရှိကြပေ။ အလားတူ အင်တာနက်ပိတ်ပင်ခံထားရသဖြင့် အင်တာနက်ပေါ်က အစိုးရဖြန့်ဝေသောပေးသော မိုးလေဝသ သတင်းစကားများကို ဒေသခံများ မသိရှိရကြပေ။
“(ရေဘေးအန္တရာယ်နဲ့ ပတ်သက်လို့) သတင်းရရှိမှုလည်းမရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ တီဗွီ၊ရေဒီယိုတွေ နားထောင်မှုအားနည်းတယ်။ အွန်လိုင်းမီဒီယာတွေ ပွင့်လင်းနေရင်တော့ လူတိုင်းဖုန်းခေတ်မှာ ဒီလို ရေကြီး၊ ရေလျှံမှု ဖြစ်လာမယ်ဆိုတာကို သိရတဲ့အတွက် ကြိုတင်ပြင်ဆင်မှုရှိတယ်။ ကပ်ဘေးဖြစ်လာမယ့် အန္တရယ် တွေကို ကြိုတင်ပြင်ဆင်လို့ရနိုင်တယ်။ အခုက အင်တာနက်ပိတ်ထားတဲ့အတွက် အဲလို ကြိုတင်ပြင်ဆင်မှု မလုပ်နိုင်ခဲ့ဘူး။ အဲဒါကြောင့် ထိခိုက်နစ်နာမှုတွေများတယ်”ဟု မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန်က DMG ကို ပြောသည်။
အစိုးရအနေဖြင့် ပြည်သူများကို ကြိုတင်သတိပေးခဲ့လျှင် ယခုလောက် ထိခိုက်နစ်မှုများရှိမည်မဟုတ်ပေ။ အင်တာနက်သုံးခွင့် ပိတ်ပင်ခံထားရသည့်ဒေသများတွင် ကြိုတင်သတိပေးချက်များကို ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများက တစ်ဆင့် သတိပေးခဲ့သင့်သည်ဟု ကိုကျော်လှမြင့်က ဆိုသည်။
ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြင့်က “သတင်းအချက်အလက်က တီဗွီကပေးတယ်။ နောက်ပြီးတော့ မြို့နယ်အုပ်ချုပ်ရေးမှူးက တစ်ဆင့် ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို ဖြန့်ပေးတယ်။ တီဗွီတွေကလည်း လေးမြို့မြစ်ရေကြီးလာမယ့်အကြောင်းကို ကြော်ငြာနေတာပဲ ”ဟု ပြောသည်။
ရေကြီးမှုဖြစ်ပွားနေသည်မှာ လေးရက်ခန့်ကြာမြင့်နေပြီဖြစ်သော်လည်း ရေဘေးသင့်ပြည်သူများကို အစိုးရ နှင့် အရပ်ဖက်အဖွဲ့အစည်းများက ကူညီထောက်ပံ့မှုများမပြုလုပ်နိုင်သေးပေ။ အစိုးရတာဝန်ရှိသူများဘက်က ရေဘေးကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ခြင်း၊ ရေဘေးသင့်ဒေသများသို့ သွားရောက်ကြည့်ရှုမှုများ လုံးဝမရှိသေးဟု ကျောက်တော်မြို့မှ လူမှုရေးတက်ကြွလှုပ်ရှားသူ ကိုကျော်လှမြင့်က ပြောသည်။
ကိုကျော်လှမြင့်သည် ဇူလိုင်လ ၁၄ ရက်နေ့က ရန်ကုန်-စစ်တွေ ကားလမ်းအနီးတွင်ရှိသည့် ကျောက်တော်မြို့ နယ်၊ ကွမ်းအုံချောင်းကျေးရွာသို့ရောက်ရှိနေသည်။ ယင်းရွာတွင် အိမ်ခြေ (၂၀၀)ကျော်ရှိပြီး လူဦးရေ (၂၀၀၀) ခန့် ရှိကာ ရေကြီးမှုကြောင့် ရွာလုံးကျွတ် ရေလွှမ်းမှုဒဏ်ခံခဲ့ရသည်။ ယင်းရွာ၏ မြေနိမ့်ပိုင်းတွင် ရေ (၈)တောင် ခန့်မြင့်တက်နေပြီး မြေနိမ့်ပိုင်းများတွင် (၃)တောင်မှ (၅)တောင်အထိ ရေမြင့်တက်နေသောကြောင့် တစ်ချို့အိမ်များမှာ လုံးဝ ရေမြုပ်သွားသည်ကိုလည်း တွေ့ရသည်ဟု ဆိုသည်။
ယင်းရွာက စက်ပိုင်ရှင် ဦးဘသာဆိုသူမှာလည်း စပါး ၂၀၀၀ ကျော်ခန့် ရေနစ်မြုပ်သွားပြီး တခြားသူများမှာလည်း စပါးများပျက်စီးမှု၊ လက်ရှိစိုက်ပျိုးထားသည့် လယ်ယာမြေများလည်း ပျက်စီးမှုများရှိပြီး ကျွဲ၊နွားများ သေဆုံးပျောက်ဆုံးမှုများရှိသည်။ ယင်းရွာက ဒေသခံများမှာ လက်ရှိတွင် တာပေါ်လီချာများမိုး၍ ကားလမ်းမနှင့် ကန်ဘောင်တို့တွင် နေထိုင်နေကြရသည်။
“ညနေပိုင်းမှာလည်း ကားလမ်းမတွေမှာလည်း အိပ်ကြတဲ့အပိုင်းလည်းရှိတယ်။ နောက် မြင့်ရာအိမ်တွေမှာလည်း အိပ်ကြတယ်။ နေအိမ်တွေလည်း လုံးဝမြုပ်သွားတာလည်းရှိတယ်။ မြင့်တဲ့အိမ်တွေကျတော့ လူနေတဲ့ နေရာလောက်ပဲ လောလောဆယ်အဆင်ပြေနေသေးတယ် ”ဟု ကွမ်းအုံချောင်းကျေးရွာသို့ ရောက်ရှိနေသည့် ကိုကျော်လှမြင့်က တယ်လီဖုန်းဖြင့် DMG ကိုပြောသည်။
ကွမ်းအုံချောင်းကျေးရွာကဲ့သို့ပင် ပုဏ္ဏားရွာ၊ ဘုရားပေါင်း စသည့်ကျေးရွာများတွင်လည်း ရေနစ်မြုပ်နေပြီး ဒေသခံများ အခက်အခဲဖြစ်နေကြသည်။
အဆိုပါ ရေဘေးသင့်ပြည်သူများကို အရပ်ဖက်အဖွဲ့အစည်းများက လက်ရှိအချိန်ထိ ကူညီထောက်ပံ့မှုများ မပြုလုပ်နိုင်သေးခြင်းမှာ အင်တာနက်ဖြတ်ထောက်ထားသဖြင့် သတင်းအချက်အလက်ရရှိမှုမရှိသဖြင့် ကူညီမည့်သူများအတွက် အခက်အခဲဖြစ်နေကြခြင်းဟု လွှတ်တော် ကိုယ်စားလှယ်များနှင့် ဒေသခံများကပြောကြသည်။
“အရင်တုန်းက အင်တာနက်ဖွင့်ထားတော့ ဘယ်နေရာမှာ ရေကြီးနေတယ်။ ဘယ်နှစ်ယောက်လောက် အိုးမဲ့အိမ်မဲ့ ဖြစ်နေတယ်ဆိုတာကို အချိန်နဲ့ တပြေးညီ သိရတဲ့အတွက် အလှူရှင်တွေ အနေနဲ့ လွယ်လွယ်ကူကူ လှူလို့ရတယ်။ အခု အင်တာနက် ပြတ်တောက်နေတဲ့အတွက် ရေကြီးတာ သုံးရက်လောက် ရှိနေပေမယ့် အစိုးရကရော၊ အရပ်ဖက် အဖွဲ့အစည်းတွေကရော တစ်စုံတစ်ရာ ကူညီတာတွေ မရှိသေး။ ဒါက အင်တာနက် ပိတ်ထားခြင်းရဲ့ ဆိုးကျိုးပဲ” ဟု ဦးထွန်းသာစိန်က ပြောသည်။
အစိုးရအနေဖြင့် ရေဘေးသင့်ပြည်သူများအတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် သက်ဆိုင်ရာမြို့နယ်များသို့ ညွှန်ကြားထားပြီးဖြစ်သည်။ သို့သော် လက်ရှိအချိန်ထိ ကယ်ဆယ်ရေးပစ္စည်းများ မရောက်သေးခြင်းမှာ သွားလာရေးအဆင်မပြေမှုများကြောင့်ဖြစ်သည်ဟု ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြင့်က DMG ကိုပြောသည်။
“ကယ်ဆယ်ရေးကတော့ ပေးရမယ်ပေါ့။ ပေးရမယ်ဆိုပေမယ့် သွားလို့ ရောက်နိုင်တယ်၊ မရောက်နိုင်ဘူး ဆိုတဲ့ အပိုင်းမှာလည်း မူတည်တယ်”ဟု ၎င်းက ဆိုသည်။
ပြည်နယ်အစိုးရတွင် သဘာဝဘေးအန္တရာယ်ကျရောက်လျှင် သုံးစွဲမည့် ငွေကြေးရှိသည်ဟု ကြားသိရသဖြင့် ယင်းငွေကြေးများကို သုံးစွဲသင့်သည်ဟု ဝံလက်ဖောင်းဒေးရှင်း ဒါရိုက်တာ ဦးခိုင်ကောင်းစံက အကြံပြုသည်။
“(အစိုးရရဲ့)ကူညီမှုအပိုင်းတွေလည်း ဒီနေ့အထိ မတွေ့ရသေးဘူး။ အားရကျေနပ်မှုလည်းမရှိဘူး။ ဘာကြောင့်လဲဆိုတော့ အခုရေဘေးသင့်တဲ့သူတွေက ကျနော်တို့ ဗိုလ်ချုပ်စကားငှားပြောရရင် မိအေးနှစ်ခါနာ ဖြစ်တယ်ပေါ့။ ပထမ စစ်ဘေးခံနေရတဲ့ သူတွေကိုလည်း အစိုးရရဲ့ ကူညီမှုက မပြောပလောက်တဲ့ ကူမှုညီရတယ်။ အခု ရေကြီးတော့ စစ်ဘေးဒုက္ခသည်ဘဝကနေ ရေဘေးဒုက္ခသည်ဘဝကို ရောက်တယ်။ အစိုးရရဲ့ကူညီမှု အားနည်းတာကိုလည်း တွေ့ရတယ်” ဟု ဦးခိုင်ကောင်းစံက ဆိုသည်။
လက်ရှိတွင် ပြည်နယ်အစိုးရအနေဖြင့် ရေဘေးသင့်ပြည်သူများကို ကူညီထောက်ပံ့ရန်အတွက် သီးသန့်ချမှတ်ထားသည့် ဘက်ဂျက်မရှိဘဲ “လိုအပ်ရင် လိုအပ်သလို” သုံးစွဲမည်ဟု ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြင့်က ပြောသည်။
“ပြည်သူတွေ ဘေးဒုက္ခရောက်တဲ့အပေါ်မှာ မူတည်ပြီး၊ ဘယ်လောက်ဆိုတာတော့ ပုံသေကားချပ်ပြောလို့မရဘူးလေ။ လိုအပ်ရင် သုံးစွဲရတဲ့ဟာပဲ ”ဟု ၎င်းက ဆိုသည်။
ရေဘေးအန္တရာယ်ကာကွယ်ဖို့ အစိုးရကြိုတင်ပြဆင်မှုရှိခဲ့သလား
မိုးလယ်ကာလဖြစ်သည့် ဇူလိုင်လနှင့် သြဂုတ်လ၊ မိုးနှောင်းကာဖြစ်သည့် စက်တင်ဘာလတို့မှာ မုတ်သံမိုးများနှင့်အတူ မိုးကောင်းနိုင်သည့်အတွက် ရေကြီးမှုအန္တရာယ်နှင့်ကြုံတွေ့နိုင်သည်ဟု မိုးလေဝသပညာရှင် ဒေါက်တာ ထွန်းလွင်က အစောပိုင်းကပင် သတိပေးမှုများရှိခဲ့သည်။
ရခိုင်ပြည်နယ်တွင် ၂၀၁၅ ခုနှစ်တွင်လည်း ရေကြီးမှုဖြစ်ပွားခဲ့ပြီး လူပေါင်းများစွာ ဒုက္ခရောက်ခဲ့ကြသည်။ မိုးရာသီတွင် မင်းပြား၊ မြောက်ဦး၊ ကျောက်တော်နှင့် ပုဏ္ဏားကျွန်းမြို့နယ်တို့သည် ရေကြီးမှုဖြစ်ပွားတတ်သော်လည်း အစိုးရအနေဖြင့် ကြိုတင်ပြင်ဆင်မှု လုပ်ဆောင်မှုမရှိခဲ့ဟု ဦးခိုင်ကောင်းစံက ထောက်ပြသည်။
“အစိုးရအနေနဲ့ ကြိုတင်ပြင်ဆင်တာ၊ နောက်ပြီးတော့ လူထုတွေကို အသိပညာပေးတာလည်း တစ်ခုလည်း မရှိပါ။ မတွေ့ရဘူး။ နောက်ပြီးတော့ ရေကြီးမှုနဲ့ပတ်သက်ပြီး နှိုးဆော်တာ၊ သတိပေးတာလည်း ကျနော်တို့စုံစမ်းကြည့်တော့ မရှိဘူး။ ဒါဟာ အစိုးရတစ်ရပ်ရဲ့ လိုအပ်ချက်ဖြစ်တယ်ဆိုတာကို ပြောချင်တယ်” ဟု ၎င်းက ပြောသည်။
သို့သော် အစိုးရအနေဖြင့် ရေကြီးမှုဖြစ်လာနိုင်သည်ဟု သိရသည့်အချိန်ကစတင်ပြီး သဘာဝဘေးအန္တရာယ် စီမံကာကွယ်မှုများ ရှိပြီးသားဟု ဆိုသည်။ ယင်းအစီအမံများကို မြို့နယ်အုပ်ချုပ်ရေးမှူးများတစ်ဆင့် ကျေးရွာအုပ်ချုပ်ရေးမှူးထံ ညွှန်ကြားပြီး လုပ်ဆောင်သည်ဟု ဦးဝင်းမြင့်က တုန့်ပြန်သည်။
အင်တာနက် ဖြတ်တောက်ထားခြင်းသည် ယင်းဒေသတွင်းက ပြည်သူများသာ အခက်အခဲရှိသည်မဟုတ်ဘဲ အစိုးရပိုင်းတွင်လည်း သတင်းအချက်အလက်ရယူရာတွင် အခက်အခဲများရှိသည်။ အင်တာနက်ပိတ်ထားသဖြင့် ရေဘေးသင့်ဒေသ၏ အခြေအနေများကို တယ်လီဖုန်းများက ဆက်သွယ်မေးမြန်းရသည်။ ဖုန်းလိုင်းမရလျှင် လူကိုယ်တိုင် လွှတ်ရသည့်အခြေအနေရှိသည်ဟု ပြည်နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးမှူး ဦးရဲမင်းဦးက DMG ကိုပြောသည်။
“ဒီအင်တာနက်မရလို့ အင်တာနက်မရှိတော့လို့ ကူညီကယ်ဆယ်ရေး ရပ်တန့်သွားရမယ်။ ကူညီကယ်ဆယ်မူတွေ ရပ်တန့်ထားရမယ်။ ဒါမျိုးမဖြစ်စေရပါဘူး။ အဲလိုမျိုးဖြစ်လို့လည်း မသင့်တော်ပါဘူး။ အဲဒါမရှိရင် ခုနကပြောသလို ရှိတာနဲ့ ဆောင်ရွက်ရမဲ့အပိုင်းမှာတော့ ကျွန်တော်တို့ကတော့ ကြိုးစား ဆောင်ရွက် နေရမှာပဲဆိုတာ အဓိကပြောချင်ပါတယ်” ဟု ၎င်းက ဆိုသည်။
ရခိုင်ပြည်နယ်တွင် ဒီဇင်ဘာလအစောပိုင်းကပင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် လူပေါင်း (၅)သောင်းကျော် စစ်ဘေးရှောင်ဘဝသည့် ရောက်ရှိနေသည်။၎င်းတို့ထဲအများစုသည် လက်ရှိအချိန်ထိ အမိုးအကာအောက်သို့ ရောက်ရှိခြင်းမရှိပေ။ထို့အပြင် စားနပ်ရိက္ခာအခက်အခဲ၊ ကျန်းမာရေး၊ ပညာရေးအခက်အခဲများလည်းဖြစ်နေသည်။
ကျောက်တော်၊ မြောက်ဦးနှင့် မင်းပြားမြို့နယ်တို့တွင် ခိုလှုံနေသည့် စစ်ဘေးရှောင်များအတွက်လည်း ရေကြီးမှုကြောင့် နောက်ထပ်အခက်အခဲကြုံလာရသည်။ ရေဘေးဒုက္ခသည်များ ဖြစ်လာရကြရသည်။ အင်တာနက်ပိတ်ထားမှုကြောင့် ရေဘေးသင့်ပြည်သူများ အခက်အခဲဖြစ်နေသည့်အကြောင်းများကို အချိန်နှင့်တပြေးညီ တင်ပြနိုင်မှု မရှိသဖြင့် ကူညီထောက်ပံ့မှုများလည်း မရရှိသေးပေ။ ရေဘေးသင့်ပြည်သူများကို လျင်လျင်မြန်မြန် ကူညီနိုင်ရန်အတွက် အင်တာနက်အမြန်ဆုံး ပြန်ဖွင့်ပေးရန် ပြည်သူများက လိုလားနေကြသည်။
လက်ရှိအချိန်တွင် ကျောက်တော်၊ မြောက်ဦးနှင့် မင်းပြားမြို့နယ်များတွင် ရေပြန်ကျသွားပြီဖြစ်သဖြင့် စစ်ရှောင်လူဦးရေ အများဆုံးနေထိုင်သည့် တိမ်ညို စစ်ရှောင်ဘေးရှောင်စခန်းတွင်း နေထိုင်သူများမှာ ရေဘေးကြောင့် ကျေးရွာဘုန်းတော်ကြီးကျောင်းကို ရှောင်တိမ်းနေခဲ့ရာမှ ဇူလိုင်လ ၁၅ ရက်နေ့ နံနက်ပိုင်းက စစ်ရှောင်စခန်းသို့ ပြန်လည် ပြောင်းရွေ့ နေကြပြီဖြစ်ကြောင်း ရေကြီးမှုအခြေအနေများကို သတင်းရယူနေသည့် DMG မှ အယ်ဒီတာ ကိုနေဝင်းစံ ယနေ့နံနက်ပိုင်းကပြောဆိုသည်။