စစ်ကောင်စီယန္တရားထဲက ရခိုင်တို့၏ သွားရာ

ယခုအချိန်သည် ရခိုင်တို့၏ဖြစ်တည်မှုကို ပြန်လည်သမိုင်းတင်မည့်ကာလသို့ ရှောက်ရှိနေသည့်အလျှောက် လက်ရှိ စစ်ကောင်စီ၏ အုပ်ချုပ်ရေးတွင် ပါဝင်နေကြသူများမှာလည်း ရခိုင်သမိုင်းစာမျက်နှာပေါ် နာမည်ဆိုးဖြင့် တွင်ကျန်ရစ်မည့် အခြေအနေကို ကြုံတွေ့နေရခြင်းဖြစ်သည်။

By Admin 16 Sep 2024

စစ်ကောင်စီယန္တရားထဲက ရခိုင်တို့၏ သွားရာ

အတွေးအမြင်ဆောင်းပါး
မိုးပေါက် - ရေးသည်။ 

ရခိုင်ဒေသတွင် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်နေ့က စတင်ခဲ့သော တကျော့ပြန်တိုက်ပွဲသည် ခေတ်အဆက်ဆက် ရခိုင့်တော်လှန်ရေး သမိုင်းတစ်လျှောက်လုံးတွင် အပြောင်မြောက်ဆုံးသော အောင်မြင်မှုအဖြစ် မြင်တွေ့ရမှုနှင့်အတူ အာရက္ခတပ်တော်ကလည်း တစ်မြို့ပြီးတစ်မြို့ သိမ်းပိုက်လျက်ရှိသည်။

ဗိုလ်ချင်းပျံမှအစ ခိုင်ရာဇာတို့အထိ လက်ဆင့်ကမ်းမျှော်မှန်းလာခဲ့သော တော်လှန်ရေးအသိ၊ တော်လှန်ရေး ရေရှိန်တို့သည် ယခုအခါ ပို၍ထင်ရှား မြင့်တက်လာသကဲ့သို့ ရခိုင်တို့၏ သမိုင်းလာရာလမ်းသည်လည်း AA ၏ ဦးဆောင်မှုအောက်တွင် တစ်ရက်ထက်တစ်ရက် ပိုနီးကပ်လာသည်ဟု ဆိုရပေမည်။

၁၀၂၇ စစ်ဆင်ရေးနှင့်အတူ စတင်လာခဲ့သော တကျော့ပြန် ရခိုင်တိုက်ပွဲသည် အောင်မြင်မှုများ လှမ်းခဲ့သည်သာမက မဟာမိတ်များနှင့် အာဏာရှင်ကို တော်လှန်နေသည့် မြန်မာပြည်သူတရပ်လုံး၏ အားပေးထောက်ခံမှုကိုပါ ရခိုင်တို့ ရရှိခဲ့ခြင်းပင်ဖြစ်သည်။

တစ်နည်းဆိုရလျင် ၁၇၈၄ ခုနှစ်မှစ၍ အမျိုးမျိုးဖိနှိပ်ခံခဲ့ရသော ရခိုင်တို့၏ သမိုင်းဂုဏ်၊ ဇာတိဂုဏ်နှင့် လူ့ဂုဏ်သိက္ခာတို့ကို မြန်မာပြည်သူတရပ်လုံးက နားလည်လက်ခံလာခြင်းဟု ဆိုနိုင်ခြင်းကြောင့် ရခိုင်တို့ နိုင်ငံရေး မျှော်လင့်ချက်မှာ ပိုပီပြင်လာခြင်းဟုဆိုလျင် မှားမည်မထင်ပေ။

သို့သော် အခြားတစ်ဘက်တွင် တမျိုးသားလုံး၏ရည်မှန်းချက်ကို ပျက်ရည်ပြု၍ စစ်ကောင်စီထံ သစ္စာခံပြီး ပူးပေါင်းကြံစည်ခြင်းလမ်းစဉ်များကို လုပ်ဆောင်နေကြသော ရခိုင်လူမျိုးများစွာလည်း ရှိနေကြသည်။

ထိုသူတို့ကို ခွဲခြမ်းကြည့်မည်ဆိုပါက စစ်ကောင်စီ၏ မူဝါဒသဘောထားနှင့် ပေါ်လစီများကို တိုက်ရိုက် အထောက်အကူပြုနေသည့် ရာထူးဂုဏ်ရှိန်ရှိသူများနှင့် စစ်ကောင်စီယန္တရား လည်ပတ်ရေးအတွက် အမှုထမ်း ဆောင်ရွက်နေသော ကဏ္ဍအသီးသီးမှ ရခိုင်လူမျိုးများဟု တွေ့မြင်ကြရမည်ဖြစ်သည်။

ထိုသို့သော ပုဂ္ဂိုလ်အမြောက်အများထဲက ထင်ရှားနေသူများကို ချပြရမည်ဆိုလျင် ဒေါ်စောမြရာဇာလင်း၊ ဒေါ်အေးနုစိန်၊ ဒေါက်တာ အေးမောင်၊ ဒေါက်တာ ဘရွှေ၊ ဒေါက်တာ အောင်ကျော်မင်း၊ ဦးဇော်အေးမောင်၊ ဒေါ်နုမြဇံ၊ ဦးလှသိန်း၊ ဦးစံရွှေမောင် စသည့်ပုဂ္ဂိုလ်များကိုပင် တွေ့မြင်ရမည်ဖြစ်သည်။

၎င်းတို့သည် ၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှစ၍ စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားတွင် ပြည်ထောင်စုအဆင့်မှ ပြည်နယ်အဆင့်ထိ ရာထူးဂုဏ်ရှိန်ရရှိထားသူများ ဖြစ်ကြ၏။

အချို့မှာလည်း စစ်ကောင်စီနှင့် အလွမ်းသင့် ဘွဲ့တံဆိပ်များကိုရရှိထားသည်အလျောက် လက်ရှိ ရခိုင့်အရေးတွင်လည်း တစ်ခွန်းတစ်ပါဒမျှ မဟဘဲ ရေငုံနှုတ်ပိတ်နေကြသူများဆိုလျင်လည်း မှားမည်မဟုတ်ပေ။ 

ထိုထဲက ဒေါက်တာ ဘ‌ရွှေ၊ ဒေါက်တာ အောင်ကျော်မင်း၊ ဦးလှသိန်းတို့သည် ယခင်ကပင် စစ်ကောင်စီနှင့် ဓာတ်သင့်ခဲ့သူများ ဖြစ်ကြသော်လည်း အခြားသူများမှာကား ရခိုင်တို့၏ အမျိုးသားရေးလိုအပ်ချက်နှင့် ထောက်ခံချက်များအရ ထင်ရှားလာခဲ့သူများဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ထိုပုဂ္ဂိုလ်အားလုံးမှာ လာခြင်းမတူညီကြသော်လည်း လက်ရှိကာလ စစ်ကောင်စီ၏ ထိပ်ပိုင်းအရေးပါသူများအဖြစ် ရခိုင်လူမျိုးများက နားလည်ထားကြသည်။

အချို့က ကိုယ်ကျိုးစီးပွားအတွက် ရာထူးအာဏာလိုလားခြင်း၊ အချို့ကလည်း အမျိုးသားအကျိုးစီးပွားအတွက် ရာထူးအာဏာ လက်ခံခြင်း စသဖြင့် ယူဆချက်များရှိနိုင်သော်လည်း ၎င်းတို့၏ အတွင်းစိတ်ကို သူတို့သာလျင် အသိနိုင်ဆုံးဖြစ်ပေလိမ့်မည်။

ရခိုင်လူမျိုးတို့အဖို့မှာကား ဒေါ်အေးနုစိန်၊ ဒေါက်တာ ဘရွေ၊ ဒေါက်တာ အောင်ကျော်မင်းတို့မှာ စစ်ကောင်စီ၏ ပြည်ထောင်စုအဆင့် စီမံအုပ်ချုပ်ရေးကောင်စီဝင်များဆိုသည့် ရာထူးဂုဏ်ကို လက်ခံရယူထားသူများဟုသာ နားလည်ကြသည်။

ထို့အတူ တိုင်းရင်းသားလူမျိုးများရေးရာ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ သာသနာရေးနှင့် ယဉ်ကျေးမှုရေးရာ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးစံရွှေမောင်၊ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းတို့အပြင် ဒေါ်စောမြရာဇာလင်းနှင့် ဒေါက်တာ အေးမောင်တို့ကိုလည်း စစ်ကောင်စီနှင့် အလွမ်းသင့်သူများဟု ယူဆထားကြသည်။

လက်ရှိ ရခိုင်ဒေသသည် အရှိန်မြင့်နေသည့်တိုက်ပွဲများနှင့်အတူ အရပ်သားထိခိုက်သေဆုံးမှု၊ စစ်ကောင်စီ ကျင့်သုံးနေကျ ဖြတ်လေးဖြတ်စစ်ရေးဗျူဟာကြားမှာ စားရိက္ခာပြတ်လပ်မှု၊ ဆေးဝါးပြတ်လပ်မှုဒဏ်ကို အလူးအလဲ ခံစားနေကြရသည်။

HDCO ၏စာရင်းအရ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်မှ ၂၀၂၄ ခုနှစ်၊ မေလ ၁၇ ရက်ထိ စစ်ကောင်စီ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် အရပ်သား ၂၆၈ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူ ၆၄၁ ဦးထိရှိသည်။ 

တိုက်ပွဲကြောင့် အိုးအိမ်စွန့်ခွာနေရသူပေါင်း (၆)သိန်းကျော်ထိ တိုးလာနေပြီး လူသားချင်းစာနာမှုအကူအညီ လိုအပ်ချက်မှာ မြင့်မားနေဆဲဖြစ်သည်။

စားဝတ်နေရေး ကျပ်တည်းမှုများကြောင့် အငတ်ဘေးကြုံသူများရှိလာနေသည်ကို ဒေသတွင်း လူမှုကူညီရေး ဆောင်ရွက်သူများ၊ တက်ကြွလှုပ်ရှားသူများ နိုင်ငံရေးသမားများအပြင် ပြည်တွင်းပြည်ပ မီဒီယာများမှ နေ့စဉ်ထုတ်ဖော်နေသည့်အလျှောက် စစ်ကောင်စီ၏ စစ်ရာဇဝတ်မှုကျူးလွန်မှုများကိုလည်း နိုင်ငံတကာက သိရှိပြီးဖြစ်သည်။

သို့သော် စစ်ကောင်စီအုပ်ချုပ်ရေးယန္တရားအောက်မှာ ရာထူးဂုဏ်နှင့် မွေ့လျော်နေကြသော ရခိုင်လူမျိုး တို့သည်ကား မမြင်၊ မကြားသကဲ့သို့ မျက်စိနှင့်နားအစုံပိတ်ကာ နှုတ်ဆိတ်နေကြသည်မှာ ဆုတံဆိပ်၊ ရာထူးများကြောင့်ပင်လောဟု မေးခွန်းထုတ်စရာ ဖြစ်နေတော့သည်။

တော်လှန်ရေးအတွက် လက်နက်ကိုင်ခဲ့သော ဒေါ်စောမြရာဇာလင်းမှာ NCA သည်သာ အနှစ်သာရဟုဆိုကာ မိမိတို့ပြည်သူကို ဥပေက္ခာပြုထားသကဲသို့ တချိန်က ရခိုင်လူမျိုးများအတွက် ရဲရဲတောက် ရပ်တည်ခဲ့ဖူးသည့် ဒေါ်အေးနုစိန်မှာလည်း အသံတိတ်၊ နှုတ်ဆိတ်နေသည်။

တိုင်းရင်းသားရေးရာ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည်လည်း ရခိုင်လူမျိုးများကို တိုင်းတစ်ပါးသားအလား ပြုမူထားသကဲ့သို့ သာသနာရေးနှင့် ယဉ်ကျေမှုရေးရာ ဒုတိယဝန်ကြီး ဒေါ်နုမြဇံမှာလည်း မြောက်ဦး ယဉ်ကျေးမှုပြတိုက် ပစ်ခတ်ခံရမှုကို ၎င်းနှင့်မဆိုင်သလို မမြင်၊မကြား ရှိခဲ့သည်။

အလားတူပင် စီးပွားရေးရာဝန်ကြီး ဦးစံရွှေမောင်ဆိုသူမှာ စီးပွားရေးကျဆင်းမှုနှင့် အငတ်ဘေးကို ရင်ဆိုင်နေရသည့် ပြည်သူများအတွက် ပျောက်ခြင်းမလှ ပျောက်နေပြီး ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းနှင့် AFP ပါတီဥက္ကဌ ဒေါက်တာအေးမောင် တို့မှာကား လက်ပိုက်ကြည့်လျက်သာရှိကြသည်။

ရခိုင်လူမျိုးတို့သည် ကိုလိုနီခေတ်မှ လွတ်လပ်ရေးရ၍ အာဏာရှင်တို့ ခေတ်အဆက်ဆက်ထိ မြန်မာနိုင်ငံ၏ အခန်းကဏ္ဍတွင် ရာထူး၊ တာဝန် ကြီးမားစွာဖြင့် ပါဝင်ခဲ့ကြသော်လည်း ယခုကဲသို့ အရေးကြီးသော ရခိုင်တို့၏ မြေပြင်အခြေအနေမျိုးနှင့် ရင်မဆိုင်ခဲ့ရပေ။

ထို့ကြောင့်ပင်ထင်သည် ရခိုင်သမိုင်းဖြတ်သန်းမှုတွင် င/သံဒွေနှင့် စံရဖွေမှလွဲ၍ ယင်းနောက်ပိုင်း ကာလအတွင်း မည်မျှပင် အာဏာရှင်တို့နှင့်ပတ်သက်ခဲ့သော ရခိုင်လူမျိုးများရှိခဲ့စေကာမူ ယခုစစ်ကောင်စီ၏ အုပ်ချုပ်ရေးစနစ်တွင် ပါဝင်နေသူများလောက် ဝေဖန်ပြစ်တင်ခံရမှု မကြုံခဲ့ရခြင်းလည်းဖြစ်မည်။

ယခုအချိန်သည် ရခိုင်တို့၏ဖြစ်တည်မှုကို ပြန်လည်သမိုင်းတင်မည့်ကာလသို့ ရှောက်ရှိနေသည့်အလျှောက် လက်ရှိ စစ်ကောင်စီ၏ အုပ်ချုပ်ရေးတွင် ပါဝင်နေကြသူများမှာလည်း ရခိုင်သမိုင်းစာမျက်နှာပေါ် နာမည်ဆိုးဖြင့် တွင်ကျန်ရစ်မည့် အခြေအနေကို ကြုံတွေ့နေရခြင်းဖြစ်သည်။

လူတိုင်းသည် နိုင်ငံရေးနှင့်ပတ်သက်၍ မိမိယုံကြည်ရာကို ရပ်တည်နိုင်ကြောင်း လက်ခံထားကြသည်။ သို့သော်လည်း အာဏာရှင်တို့အတွက် ရပ်တည်ခြင်းလား၊ စစ်မှန်သည့် နိုင်ငံရေးစနစ်အတွက်လား ဆိုသည်ကို အလေးအနက်စဉ်းစားရန် လိုအပ်ပေသည်။

လက်ရှိတွင် စစ်ရာဇဝတ်မှုနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုမျိုးစုံကို ကျူးလွန်နေသည့် စစ်ကောင်စီ၏ နိုင်ငံရေးဖော်ဆောင်မှုကို တနိုင်ငံလုံးက အယုံအကြည်မရှိသည့်အလျောက် အာဏာရှင်စနစ်ဆိုး ကွယ်ပျောက်ရေးအတွက် တစ်နိုင်ငံလုံးက တော်လှန်နေသည့်ကာလဖြစ်သည်။

ထို့ကြောင့် စစ်ကောင်စီအုပ်ချုပ်ရေးတွင် ပါဝင်နေသူများအပါအဝင် စစ်ကောင်စီအုပ်ချုပ်ရေးကို အားပေး ကူညီနေသော ရခိုင်လူမျိုးများအနေဖြင့် ယုံကြည်ရာလမ်းစဉ် မမှားဖို့ အထူးစဉ်းစားရန် အရေးကြီးသောကာလသို့ ရောက်ရှိနေခြင်းလည်း ဖြစ်ပေသည်။

တစ်နည်းပြောရလျင် စစ်ကောင်စီအုပ်ချုပ်ရေးယန္တရားတွင် ပါဝင်နေသည့် ရခိုင်လူမျိုးများထံမှ ထွက်ပေါ်လာမည့် အသံကို ရခိုင်အင်အားစုများသာမက တစ်နိုင်ငံလုံးရှိ တော်လှန်ရေးအင်အားစုများကပါ လေးနက်စွာ စောင့်မျှော်နေကြမည်မှာ သေချာနေပေသည်။

ရခိုင်လူမျိုးတို့သည် အမျိုးကိုထိလျင် ဆက်ဆက်ထိ မခံတတ်သူများအဖြစ် ထင်ရှားသည့်လူမျိုးဟု ဆိုကြသည်။ 

ဤသို့ဆိုလျင် အမျိုးကိုထိသည်သာမက လူမျိုးပြုန်း၍ မြေကျန်လျင်ရပြီဆိုသော စစ်ကောင်စီ၏ လုပ်ရပ်များပေါ် ဆက်လက်ရပ်တည်နေကြမည်ဆိုလျင် ၎င်းတို့၏ သွားရာသည်ကား ပြောစရာမရှိ ဆိုးကျိုးအတိ တွင်ကျန်ရစ်မည် ဖြစ်ပါကြောင်း . . .