- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
- ကမ္ဘာတွင် မြေမြှုပ်မိုင်းအန္တရာယ် အဆိုးဆုံးဖြစ်လာသော မြန်မာနိုင်ငံ
- နပခဌာနချုပ်ထဲတွင် အကျဉ်းသားနှင့် အရပ်သား ၄၀၀ ခန့် ချုပ်နှောင်ခံထားရ
- မြန်မာ၏အပြုအမူသည် အာဆီယံ၏ အချက်အချာကျမှုကို ထိခိုက်စေနိုင်ကြောင်း စင်ကာပူကာကွယ်ရေးဝန်ကြီး ပြော
- ကုလလုံခြုံရေးကောင်စီ၏ ဂါဇာအပစ်အခတ်ရပ်ရေး အဆို အမေရိကန်က ဗီတိုအာဏာသုံး ပယ်ချ
စစ်မြေပြင်က ရုန်းထကြတဲ့ အမျိုးသမီးများ
“စာကျက်နေရင်း ကြားရတဲ့ ကျည်ဆံသံတွေကြောင့် စာအုပ်ချပြီး ပြေးရတဲ့အချိန်တွေလည်း ရှိတယ်။ ဆရာ စာသင်နေရင်း ပစ်ခတ်သံ၊ မီးခိုးလုံးတွေနဲ့ မီးတောက်တွေ မြင်ရရင် ချက်ချင်း အိမ်ဘက်ကိုပြေးရတယ်။ ပြေးလိုက် ပြန်သင်လိုက်ဆိုတော့ သင်ခန်းစာတွေက မပြီးမပြတ်တာတွေ ရှိလာခဲ့တယ်။ ရေတပ် နေဗီလာပြီလို့ ရွာသားတွေက အော်လိုက်ရင် စာသင်နေရင်း တူးထားတဲ့ ကျင်းတွေထဲကို အမြန်ဝင်ပုန်းရပါတယ်။ အဲဒီလိုအချိန်တိုင်း ငါစာမေးပွဲအောင်ပါ့မလားဆိုတဲ့ အတွေးတွေကလည်း အမြဲကိုတွေးပြီး ငိုခဲ့ရတာ”
09 Jan 2021
ရေးသူ - Dani
ဇန်နဝါရီ ၉ ၊ ရန်ကုန်
အိမ်တံစက်မြိတ်လေးအောက်မှာ ကျုံ့ကျုံ့လေးထိုင်ရင်း သ့ူမျက်လုံးတွေက အရှေ့က ဘာမှမရှိတဲ့နေရာ တစ်ခုတည်းကိုပဲ စိုက်ကြည့်နေတယ်။ အရင်တုန်းကတော့ သူဟာ ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းခဲ့သူ တစ်ယောက်လို့ သိထားခဲ့တာပါ။ အခုတော့ ပြုံးရွှင်ဖော်ရွှေလွန်းတဲ့ ကောင်မလေးက တခြားတစ်ယောက်လိုမျိုး ဖြစ်နေတယ်။
သူ့မိဘအိမ်မှာတုန်းက မသန်းစိုးတို့ညီအစ်မနှစ်ယောက်ကို အမေနဲ့အဖေက အများကြီးမျှော်လင့်ထားခဲ့တာပါ။ မသန်းစိုးကိုယ်တိုင်ကလည်း စာအရမ်းတော်တယ်။ အခုတော့ ကျောင်းလည်း တဝက်တပျက်နဲ့ ရပ်နားလိုက်ရသလို သူတို့မှာ နေစရာအိမ်လည်း မရှိတော့ပါဘူး။
လွန်ခဲ့တဲ့နှစ်တုန်းကစလို့ သူတို့မိသားစုလေးက ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်က စစ်ဘေးရှောင်စခန်းတစ်ခုကို ရောက်ခဲ့တာပါ။ သူတို့ရွာက လူတွေအကုန်လုံးနီးပါးကလည်း စစ်ဘေးရှောင်စခန်းကို ရောက်လာကြရပါတယ်။ ဒါပေမယ့်သူကတော့ ရွာကလူတွေအကုန်လုံးကို ပြန်မြင်တွေ့ရတာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ရွာကလူတချို့ကတော့ ဘယ်ရောက်သွားကြလဲ မသိဘူးတဲ့။
သူက စစ်ဘေးရှောင်စခန်းမှာ ဒုက္ခသည်အဖြစ်နဲ့ မနေချင်လို့ ရန်ကုန်တက်ပြီး အလုပ်လာရောက် လုပ်ကိုင်ခဲ့ပေမယ့် အခုအချိန်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အလုပ်အကိုင် နားခဲ့ရတဲ့အတွက် ရန်ကုန်မှာ ထပ်ပြီး ဒုက္ခသည်ဖြစ်ရတယ်လို့ သူက ရယ်ရယ်မောမော ပြောပြနေပြန်တယ်။ ပြီးတော့လည်း မျက်နှာသေလေး ဖြစ်သွားပြန်တယ်။
“အလုပ်က မရှိတော့ဘူး” လို့ သူက တိုးတိုးလေးပြောလာပါတယ်။
သူ့ ညီမလေးကလည်း ရန်ကုန်တက်လာမှာ ဖြစ်ပေမယ့် တခြားအိမ်မှာ အကူအညီပေးပြီး နေရမှာဖြစ်တဲ့အတွက် သူနဲ့တွေ့ရဖို့က မလွယ်ဘူးလို့ ပြောတယ်။
“ညီမလေးကို ကျောင်းဆက်တက်စေချင်တာ၊ ပြီးတော့ အိမ်ကိုလည်းပြန်ချင်တယ်” လို့ ပြောပြီး သက်ပြင်းချလိုက်တယ်။ သူကိုယ်တိုင်လည်း ကျောင်းပြန်တက်ချင်တယ်လို့ ပြောပြီးမှ၊ အခု အလုပ်လေးပြန်ရချင်တယ်လို့ ပြောင်းပြောလို့ ရမလားလို့ ပြန်မေးခဲ့ပါသေးတယ်။
ရခိုင်ပြည်နယ် အစွန်အဖျားက ရွာငယ်လေးတွေဟာ စစ်မဖြစ်ခင်အချိန်ကတည်းက လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေ၊ ပညာရေးအားနည်းချက်တွေနဲ့ ရင်ဆိုင်နေရပြီး စစ်ဖြစ်လာတဲ့အချိန်မှာတော့ စစ်ဘေးဒုက္ခသည်တွေ၊ စစ်ကြောင့် နစ်နာရမှုတွေ၊ အိုးအိမ်နယ်မြေ ပျက်စီးဆုံးရှုံးမှုတွေနဲ့ အလုပ်လက်မဲ့ ပြဿနာတွေပါ ရင်ဆိုင်လာရပါတယ်။ ရခိုင်ဒေသမှာ စီမံကိန်းလုပ်ငန်းကြီးတွေ ရှိပေမဲ့လည်း အခြေခံလူတန်းစားတွေအတွက် အလုပ်အကိုင်တွေ ရှားပါးနေတာကြောင့် ရန်ကုန်မြို့ပေါ်မှာ လာရောက် အလုပ်လုပ်ကိုင် နေကြရပါတယ်။ ဒီလို လာရောက်လုပ်ကိုင်ကြသူတွေထဲမှာ အမျိုးသားတွေထက် အမျိုးသမီးတွေကို စက်ရုံ၊ အလုပ်ရုံတွေမှာ ပိုပြီးတော့ မြင်တွေ့နေရပါတယ်။ အဲဒီထဲက ပညာရေး တစ်ပိုင်းတစ်စနဲ့ လာရောက်လုပ်ကိုင်နေကြတဲ့ အမျိုးသမီးငယ်တွေဟာလည်း ဝမ်းရေးကြောင့် ပညာဆက်လက် သင်ကြားဖို့က ခက်ခဲသွားပါတယ်။
ဒီလို ပညာဆက်လက်သင်ဖို့ ခက်ခဲသွားတဲ့သူတွေအထဲမှာ မခိုင်ခိုင်ဦးရဲ့ ညီမဖြစ်သူ ခိုင်ခိုင်ဝေလည်း ပါဝင်ပါတယ်။ ခိုင်ခိုင်ဝေက ဆယ်တန်းကျောင်းသူ တစ်ဦးဖြစ်ပြီး မိခင်ရွာကျောင်းမှာ စာတော်တဲ့သူ ဖြစ်တာကြောင့် မိဘနဲ့အစ်မဖြစ်သူက ပညာတတ်ဖြစ်စေချင်ပါတယ်။ လေးတန်းပြီးတော့ ရွာကနေ ၇ နာရီလောက် သွားရတဲ့ တဖက်ရွာမှာ သူ ကျောင်းစတက်ခဲ့ပါတယ်။ မိဘတွေက ယာလုပ်ငန်း လုပ်ကိုင်ပေမယ့် သူကိုတော့ ပညာတတ်စေလိုစိတ် ပြင်းပြကြပါတယ်။ တဖက်ရွာက မိခင်ဖြစ်သူရဲ့အစ်မက နေထိုင်စရာပေးတာမို့ တဖက်တလမ်းက အသက်ရှူချောင်လည်ခဲ့တာပေါ့။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုကြောင့် ခိုင်ခိုင်ဝေဟာ မိခင်ရွာကို မကြာခဏ မပြန်နိုင်ခဲ့တဲ့အပြင်၊ ဒီလိုအခက်အခဲတွေကြားကမှ ရခိုင်မှာ စစ်ပွဲတွေစဖြစ်လာတော့ သူ့ရဲ့ ပညာရေးလမ်းကြောင်းက ပိုပြီး ခက်ခဲလာခဲ့တယ်။
“စာကျက်နေရင်း ကြားရတဲ့ ကျည်ဆံသံတွေကြောင့် စာအုပ်ချပြီး ပြေးရတဲ့အချိန်တွေလည်း ရှိတယ်။ ဆရာ စာသင်နေရင်း ပစ်ခတ်သံ၊ မီးခိုးလုံးတွေနဲ့ မီးတောက်တွေ မြင်ရရင် ချက်ချင်း အိမ်ဘက်ကိုပြေးရတယ်။ ပြေးလိုက် ပြန်သင်လိုက်ဆိုတော့ သင်ခန်းစာတွေက မပြီးမပြတ်တာတွေ ရှိလာခဲ့တယ်။ ရေတပ် နေဗီလာပြီလို့ ရွာသားတွေက အော်လိုက်ရင် စာသင်နေရင်း တူးထားတဲ့ ကျင်းတွေထဲကို အမြန်ဝင်ပုန်းရပါတယ်။ အဲဒီလိုအချိန်တိုင်း ငါစာမေးပွဲအောင်ပါ့မလားဆိုတဲ့ အတွေးတွေကလည်း အမြဲကိုတွေးပြီး ငိုခဲ့ရတာ” လို့ ဆယ်တန်းကျောင်းသူ ခိုင်ခိုင်ဝေက ပြောပါတယ်။
အဆက်မပြတ်ဖြစ်နေတဲ့ စစ်ပွဲတွေကြောင့် သူဆယ်တန်းစာမေးပွဲမဖြေခင် နှစ်ရက်အလိုမှာ သူ့မိဘတွေနေထိုင်တဲ့ ကျောက်တော်မြို့နယ်အနီးက မုန့်သန်းပြင်ရွာ မီးရှို့ပြာကျသွားပြီဆိုတဲ့သတင်းကြောင့် စာတွေဆက်ပြီး မကျက်နိုင်တော့ဘူးလို့ ဆယ်တန်းကျောင်းသူ ခိုင်ခိုင်ဝေကဆိုပါတယ်။
ဆယ်တန်းအောင်စာရင်းထွက်လို့ သူ့နာမည်မပါလာတော့လည်း သူ့အတွက်တော့ တုန်လှုပ်မှုတွေ ရှိမနေခဲ့ပါဘူး။
“ဒီထက်ဆိုးတာတွေ ကြုံခဲ့ရလို့လား မသိဘူး။ ဒီအောင်စာရင်းက ဘာမှ သိပ်မဖြစ်ဘူး။ အောင်တာတော့ အောင် ချင်တာပေါ့နော်။ ဒါပေမယ့် အောင်တော့လည်း ဘာဆက်လုပ်ရမလဲ မသိဘူး။ အောင်ချင်တယ်ဆိုတာကတော့ မိဘတွေနဲ့ အစ်မကို ပျော်စေချင်တယ်လေ” လို့ သူကဆိုလာပါတယ်။
ဆယ်တန်းစာမေးပွဲကို ထပ်မံဖြေဆိုချင်ပေမယ့် အလုပ်ထွက်ရမှာစိုးရိမ်နေပြီးတော့ ဆယ်တန်းဖြေပြီးရင် အလုပ် ပြန်လည်ရ/မရ မသေချာတာကြောင့် စိတ်ပူတယ်လို့ သူက ဆိုပါတယ်။
အေအေနဲ့ တပ်မတော်တို့ရဲ့ စစ်ပွဲတွေကြောင့် ရခိုင်ပြည်နယ်က စစ်ဘေးရှောင်စခန်းတွေမှာ စစ်ဘေးရှောင် ၇ သောင်း ၉ ထောင်ခန့်ရှိပြီး စခန်းပြင်ပရောက်နေတာကတော့ လူတစ်သိန်းကျော်ရှိပါတယ်။ အဲဒီအထဲမှာမှ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ၁၅ ရာခိုင်နှုန်းလောက် ပိုများနေတာကို ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) ရဲ့ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလစာရင်းအရ သိရပါတယ်။
ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်စခန်းတွေအတွက် အစိုးရထောက်ပံ့မှုတွေက ပုံမှန်ရတဲ့နေရာတွေရှိသလို၊ အစိုးရထောက်ပံ့မှု မရောက်နိုင်တဲ့နေရာတွေလည်း ရှိနေပါတယ်။ အခုလက်ရှိအချိန်ကတော့ အေအေနဲ့ တပ်မတော်တို့ရဲ့တိုက်ပွဲတွေ အနည်းငယ်ငြိမ်သက်နေတာကြောင့် ICRC နဲ့ WFP တို့ရဲ့ ရပ်နားထားတဲ့ ထောက်ပံ့မှုတွေကို ပြန်လည်ရရှိနေပြီလို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံးက သိရပါတယ်။
ဒါပေမယ့် လိုအပ်ချက်တွေကတော့ အများကြီးရှိနေဆဲပါပဲ။ စစ်ဘေးရှောင်စခန်းက နေရာအခက်အခဲတွေ၊ အခန်းတွေကျဉ်းကျပ်တာတွေက အဲဒီမှာနေထိုင်တဲ့ အမျိုးသမီးငယ်တွေအတွက် အဆင်မပြေပါဘူး။ ဒါကြောင့်လည်း ရန်ကုန်မြို့ပေါ်ကို ဆွေမျိုးနီးစပ် အဆက်အသွယ်တွေနဲ့ ရောက်လာကြပြီး ရန်ကုန်မှာ အလုပ် လုပ်ကြရပါတယ်။ အဆင်ပြေတယ်မဟုတ်ပေမယ့်လည်း အများစုက စစ်ဘေးရှောင်စခန်းကိုတော့ မပြန်ချင်ကြပါဘူး။
“အခုလို ရန်ကုန်မှာလာပြီး အလုပ်လုပ်နေရတော့ စခန်းမှာထက်စာရင် ပိုအဆင်ပြေတယ်။ မိသားစုကိုလည်း ရသလောက်လေး ပြန်ပို့နိုင်တာပေါ့။ အခုက ရောဂါတွေကဖြစ်နေတော့ အဆင်မပြေတာတွေရှိတယ်။ ဒါပေမယ့်လည်း အိမ်ကိုမှပြန်လို့မရတာ။ ပြန်လည်း စစ်ဘေးရှောင်စခန်းပဲ ပြန်ရမှာဆိုတော့ ဒီလိုပဲနေရတာပေါ့” လို့ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် စစ်ဘေးရှောင်စခန်းကနေ ရန်ကုန်ကို ပြောင်းရွှေ့အလုပ်လုပ်ကိုင်နေတဲ့ ဖြူမချေက ဆိုပါတယ်။
“ပြေးတော့ပြေးခဲ့ရတာ ဘယ်ရောက်နေပြီလဲဆိုတာတောင် မသိဘူး။ သူများသွားတဲ့နောက်ကိုပဲ လိုက်နေတာ။ ပြေးတဲ့လမ်းမှာ သူငယ်ချင်းရဲ့မောင်လေးက ငိုနေတာတွေ့တော့ သူကိုပဲလက်ဆွဲပြီး ပြေးခဲ့တာ။ အဲဒီအချိန်မှာ မိသားစုလည်း ဘယ်တွေရောက်နေမှန်းမသိဘူး။ ညီမလည်း သေမလားရှင်မလားမသိဘူး။ ည ၁ နာရီလောက်ကနေ မနက်လေးနာရီအထိ လမ်းတွေလျှောက်ခဲ့ရတယ်” လို့ ဖြူမချေက ဆိုပါတယ်။
မီးလောင်ပြာကျသွားတဲ့ မုန့်သန်းပြင်ရွာကလေးမှာ မကြာသေးတဲ့အချိန်ကာလကမှ ၈ တန်းအထိ တက်လို့ရတဲ့ကျောင်းလေး ဆောက်ထားခဲ့တာပါ။ အရင်အချိန်တွေတုန်းက ၄ တန်းအထိပဲ ကျောင်းတက်ခွင့် ရှိတာကြောင့် ၄ တန်းအောင်တဲ့ ကလေးတွေက တခြားရွာကိုသွားပြီး အလယ်တန်း ဆက်တက်ကြရပါတယ်။ အလယ်တန်းအထိ တက်လို့ရတဲ့ကျောင်းလေးကို ကိုယ်ထူကိုယ်ထဆောက်ခဲ့ကြပြီးမှ မီးထဲပါသွားတာကို အရမ်းဝမ်းနည်းတယ်လို့ ကျောက်တော်မြို့နယ် မုန့်သန်းပြင်ရွာက မသန်းသန်းဝေက ဆိုပါတယ်။
“ကလေးတွေ ၈ တန်းအထိ ဒီမှာပဲ တက်ရတော့မယ်ဆိုပြီး ပျော်နေတာ။ အဲဒီကျောင်းလေး မီးထဲပါသွားတော့ အရမ်းဝမ်းနည်းတာပဲ။ ညီမတို့အိမ်တွေ မရှိတော့တာထက်ပိုပြီးတော့ကို ခံစားရတယ်။ ညီမတို့တုန်းက ၄ တန်းအထိပဲ နေခဲ့ရတာ။ တခြားရွာတွေသွားပြီး ကျောင်းတက်ဖို့ အဆင်မပြေလို့လေ”လို့ သူက ပြောပြပါတယ်။
နယ်ဘက်တွေဟာ စားဝတ်နေရေးနဲ့ လုံးပမ်းနေရတာဖြစ်တဲ့အတွက် ပညာရေးနဲ့ အလှမ်းဝေးကြပြီး မူလတန်းပြီးတာနဲ့ အလယ်တန်းဆက်တက်ဖို့အတွက် သွားရလာရ အခက်အခဲရှိတာဖြစ်လို့ ကျောင်းဆက်မတက်ဖြစ်တော့တဲ့သူတွေများတယ်လို့ ရန်ကုန်အခြေစိုက် အမျိုးသမီးအရေးဆောင်ရွက်သူများအဖွဲ့က ဆိုပါတယ်။
ပညာရေးအားနည်းသူတွေကို အမျိုးသမီးအရေး ဆောင်ရွက်တဲ့အဖွဲ့တွေ၊ ပရဟိတအဖွဲ့တွေ၊ အလှုရှင်တွေနဲ့အစိုးရ ပူးပေါင်းပြီး လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ သင်တန်းတွေ ပို့ချတာမျိုးရှိပေမယ့် သင်တန်းတွေပြီးတဲ့အခါ ထိုင်းနိုင်ငံဘက်ကို သွားရောက် အလုပ်လုပ်ကိုင်ကြတဲ့ လူငယ်တွေများတယ်လို့ အမျိုးသမီးအရေးဆောင်ရွက်သူများအဖွဲ့က ပြောပြပါတယ်။
တခြားနိုင်ငံတွေကို သွားရောက်အလုပ်လုပ်ကိုင်တဲ့ စစ်ဘေးရှောင်စခန်းက လူငယ်တွေရှိသလို၊ တချို့ကလည်း ရန်ကုန်တက်လာပြီး အလုပ်လုပ်နေကြတာပါ။ ရခိုင်က အမျိုးသမီးတွေဟာ စက်ချုပ်ပညာကို တတ်ကြတဲ့သူတွေ များတဲ့အတွက် ရန်ကုန်က အထည်ချုပ်စက်ရုံတွေမှာ အသိတွေ၊ နီးစပ်ရာတွေကတစ်ဆင့် အလုပ်ရကြပါတယ်။ တချို့ကျတော့ အကူအနေနဲ့၊ တချို့ ပညာလေးနည်းနည်း ရှိတဲ့သူတွေကျတော့လည်း စာရင်းတွက်ချက်တဲ့သူအဖြစ်နဲ့ အလုပ်လာရောက်လုပ်ကိုင်ကြတယ်။ ဒါပေမယ့် ဒီအလုပ်တွေက သူတို့ တကယ် လုပ်ကိုင်ချင်ကြတာတွေတော့ မဟုတ်ပါဘူး။ သူတို့ဖြစ်ချင်တာတွေ စိတ်ကူးတွေကို မြှုပ်နှံပြီး ကျပ်တည်းတဲ့မိသားစုတွေကို ကူညီချင်တဲ့ စိတ်နဲ့ပဲ အလုပ်လုပ်ကိုင်နေကြတာပါ။
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အနီးက မုန့်သန်းပြင်ရွာသူ မခိုင်ခိုင်ဦးကတော့ “သူနာပြုဖြစ်ချင်တာ။ ရွာမှာတုန်းက ကျန်းမာရေးလုပ်အားပေး လုပ်ခဲ့ဖူးတယ်။ ညီမမှာ ပညာအရည်အချင်းက သိပ်မရှိတော့ အဲဒီလိုမျိုးဖြစ်နိုင်ချင်မှ ဖြစ်နိုင်မှာပေါ့။ ဖြစ်ခွင့်ရမယ်ဆိုရင်တော့ သူနာပြုပဲဖြစ်ချင်တာ။ ပိုက်ဆံမရရင် နေပါစေ၊ အဲဒါပဲ လုပ်ချင်တယ်” လို့ ပြောပြတယ်။
စစ်ကြောင့် သူတို့နေအိမ်တွေ မီးလောင်ပြာမကျခင်အချိန်တုန်းက ရွာမှာ ကျန်းမာရေးလုပ်အားပေး လုပ်ခဲ့တယ်။ ပြီးတော့ သူ့မှာ ပညာအရည်အချင်း သိပ်မရှိပေမယ့် စာရေးတတ်၊ ဖတ်တတ်လုပ်နိုင်တာရယ် အဲဒီအချိန်မှာ ကျန်းမာရေး လုပ်အားပေးဖြစ်နေတာကြောင့် သူက တစ်နေ့ကျရင် ရွာမှာ ကျန်းမာရေး ဝန်ထမ်းတစ်ဦး ဖြစ်လာမယ်လို့ ထင်ခဲ့ဖူးတယ်။
ဒါပေမယ့် ၂၀၂၀ မတ်လမှာတော့ စစ်ပွဲတွေကြောင့် နေအိမ်တွေမီးရှို့ခံရပြီး သူတို့မိသားစုတွေ အကုန်လုံး စစ်ဘေးရှောင်စခန်းကို ရောက်ခဲ့ရတယ်။ အခု မခိုင်ခိုင်ဦးက ရန်ကုန် အထည်ချုပ်စက်ရုံတစ်ရုံမှာ အလုပ်လုပ်ကိုင်နေပေမယ့် အခွင့်အရေးရမယ်ဆိုရင်တော့ ကျန်းမာရေးနဲ့ဆိုင်တဲ့ သင်တန်းတွေတက်ချင်တယ်လို့ ဆိုပါတယ်။
“စစ်ပွဲတွေမှာ သူကတော့ ငါ့လူမျိုး၊ ငါ့ဘက်ကမို့ အနိုင်ရစေချင်တယ်၊ သာစေချင်တယ်ဆိုတာမျိုး ညီမမှာ မရှိပါဘူး။ စစ်ဘေးရှောင်နေရတဲ့ လူတွေအကုန်လုံးမှာလည်း ရှိမယ်လို့ ညီမ မထင်ပါဘူး။ ညီမဆို သတင်းတွေ တောင် လုံးဝမကြည့်ပါဘူး။ စစ်ကြောင့် ဒုက္ခရောက်ရတဲ့သူတွေကို မြင်ရတာ အရမ်းစိတ်ထဲမှာ ခံစားရတယ်။ အဲဒီစစ်ပွဲတွေ နောက်ဆုံးမှာ ဘယ်သူပဲနိုင်နိုင် ညီမတို့မှာတော့ အားလုံးဆုံးရှုံးသွားပြီ။ ဘာမှကို မရှိတော့ဘူး” လို့ ကျောက်တော်မြို့နယ် စစ်ဘေးရှောင်စခန်းကနေ ရန်ကုန်အလုပ်လာရောက်လုပ်ကိုင်ရင်း ကိုဗစ်ကြောင့်ပါ ရန်ကုန်မှာပါ ဒုက္ခသည်ဖြစ်ရတယ်လို့ ပြောခဲ့တဲ့ မသန်းစိုးက ပြောပါတယ်။