မနွယ်သန္တာဝင်းအသတ်ခံရမှုတွင် ရဲက သံသယဖြင့်ဖမ်းဆီးထားသူကို တွေ့ခွင့်ရရှိရန် မိသားစုတောင်းဆို

စစ်တွေမြို့မှ မနွယ်သန္တာဝင်းအသတ်ခံရမှုတွင် ရဲက သံသယဖြင့်ဖမ်းဆီးထားသည့် လူငယ်တစ်ဦးနှင့် တစ်လခန့်ကြာသည်တိုင် တွေ့ခွင့်မရသေး၍ မိသားစုဝင်များက စိုးရိမ်ပူပန်နေကြသည်။

09 Sep 2022

မနွယ်သန္တာဝင်း အသတ်ခံရမှုတွင် သံသယဖြင့် ဖမ်းဆီးအမှုဖွင့်ခံထားရသည့် မောင်မျိုးချစ်စိုး။

DMG ၊ စက်တင်ဘာ ၉

စစ်တွေမြို့မှ မနွယ်သန္တာဝင်းအသတ်ခံရမှုတွင် ရဲက သံသယဖြင့်ဖမ်းဆီးထားသည့် လူငယ်တစ်ဦးနှင့် တစ်လခန့်ကြာသည်တိုင် တွေ့ခွင့်မရသေး၍ မိသားစုဝင်များက စိုးရိမ်ပူပန်နေကြသည်။

အဆိုပါအမှုနှင့်ပတ်သက်ပြီး အသက် ၁၉ နှစ်အရွယ် မောင်မျိုးချစ်စိုးကို စစ်ဆေးစရာရှိသည်ဟုဆိုကာ ရဲက ပြီးခဲ့သည့်ဩဂုတ်လ ၁၆ ရက်နေ့တွင် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကာ လက်ရှိအချိန်ထိ မိသားစုနှင့်တွေ့ခွင့် မရသေးခြင်းဖြစ်သည်။

လက်ရှိတွင် မောင်မျိုးချစ်စိုးမှာ စစ်တွေမြို့မရဲစခန်း၌ ဖမ်းဆီးချုပ်နှောင်ခံထားပြီး ၎င်းနှင့်တွေ့ခွင့်ပေးရန် မိခင်ဖြစ်သူ ဒေါ်လှသိန်းနွယ်ကတောင်းဆိုသည်။

“ကျမ သားနဲ့တွေ့ချင်ပါတယ်။ အမြန်ဆုံးလည်း ဒီမတရားမှုက လွတ်မြောက်စေချင်ပါတယ်။ မတရားဘဲ အခုလိုဖမ်းထားတာက အမြန်ဆုံးလွတ်မြောက်စေချင်ပါတယ်"ဟု ၎င်းက DMG သို့ပြောသည်။

ဩဂုတ်လ ၁၅ ရက်နေ့က စစ်တွေမြို့၊ ပြည်နယ်အစိုးရရုံးအနီးရှိ လူသုံးကုန်ပစ္စည်းအရောင်းဆိုင်တွင် အရောင်းဝန်ထမ်းအဖြစ်လုပ်ကိုင်နေသည့် မနွယ်သန္တာဝင်းမှာ ဓားထိုးသွင်းဒဏ်ရာ နှစ်ချက်၊ မျက်နှာနှင့်မေးစေ့တို့တွင် ညိုမဲစွဲဒဏ်ရာတို့ဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ကြသည်။

ထိုအမျိုးသမီးငယ် အသတ်ခံရသည့်ဆိုင်နှင့် ဘေးချင်းကပ်ဆိုင်တွင် အလုပ်လုပ်ကိုင်နေသည့် မောင်မျိုးချစ်စိုးကို ရဲက သံသယဖြင့်ဖမ်းဆီးကာ ရာဇသတ်ကြီးဥပဒေပုဒ်မ- ၃၀၂ ဖြင့် အမှုဖွင့်ထားသည်။

မောင်မျိုးချစ်စိုးမှာ မနွယ်သန္တာဝင်းအသတ်ခံရမှုဖြစ်စဉ်တွင် ပါဝင်ပတ်သက်မှုမရှိဘဲ မတရားစွပ်စွဲခံရခြင်းသာဖြစ်သည်ဟု မိခင်ဖြစ်သူကပြောသည်။

"ကျမသားကို အဲဒီနေရာမှာ(အချုပ်ခန်း) တစ်နာရီတောင်မထားချင်ပါဘူး။ ကျမ ကြာရင်ရူးရပါတော့မယ်။ သားကိုလည်းမတွေ့ရဘူး။ ထမင်းသွားပို့ရင်လည်း မတွေ့ရဘူး"ဟု ဒေါ်လှသိန်းနွယ်ကပြောသည်။

၎င်းအမှုကို ပြီးခဲ့သည့် သြဂုတ်လ ၃၁ ရက်နေ့တွင် စစ်တွေခရိုင်တရားရုံး၌ ရုံးထုတ်စစ်ဆေးခဲ့ကြောင်း သိရသည်။

“ကျမသားကို ရုံးတင်တဲ့နေ့က ရဲသားနှစ်ယောက်နောက်က ကျမလိုက်သွားပါတယ်။ သားကို လက်ထိပ်တွေနဲ့ သံကြိုးတွေခတ်ပြီးသွားတာမြင်တော့ ကျမလည်း နောက်ကလိုက်သွားပါတယ်။ သားအရုပ်မြင်ရရင် ကျေနပ်ပါတယ်ဆိုပြီး နောက်ကလိုက်သွားပါတယ်။ ကျမသားကို မြင်ခဲ့ရတယ်”ဟု ဒေါ်လှသိန်းနွယ်ကပြောသည်။

မနွယ်သန္တာဝင်း အသတ်ခံရမှုတွင် မောင်မျိုးချစ်စိုးကို ရဲက ဖိအားပေးဝန်ခံခိုင်းခြင်းများရှိသည်ဟု မိခင်ဖြစ်သူ၏ပြောဆိုချက်နှင့်ပတ်သက်ပြီး လတ်တလောတွင် ရဲတပ်ဖွဲ့၏တုန့်ပြန်ချက်ကို မရရှိသေးပေ။

မနွယ်သန္တာဝင်း၏မိသားစုဝင်များကမူ တရားခံအစစ်အမှန်ကို ဖော်ထုတ်အပြစ်ပေးရန်လိုလားကြောင်း ပြောဆိုထားပြီး ကျူးလွန်သူမှာ တစ်ဦးတည်းမဖြစ်နိုင်ကြောင်းလည်း သံသယရှိနေကြသည်။

ထိုမိန်းကလေးငယ်သေဆုံးမှုကို အများကစိတ်ဝင်စားနေပြီး ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်(ULA)ကလည်း ယင်းအမှုကို ကိုင်တွယ်နေကာ ပြစ်မှုကျူးလွန်သူမှာ ကိုယ်တိုင်ဝန်ခံထား၍ တရားခံကိုဖော်ထုတ်နိုင်ခဲ့ပြီဖြစ်ဟု သြဂုတ်လ ၃၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

သို့သော် ကျူးလွန်သူမှာ မည်သူမည်ဝါဖြစ်သည်ကို ဖော်ပြထားခြင်းမရှိ၍ သေဆုံးသူ၏မိသားစုအပါအဝင် ပြည်သူများက အားမလိုအားမရဖြစ်နေကြသည်။

ULA/AA ကမူ ဆက်စပ်တရားခံများရှိ၊ မရှိကို ဆက်လက်စုံစမ်းနေကြောင်းနှင့် ကျူးလွန်သူကိုလည်း တရားရေး လုပ်ထုံးလုပ်နည်းနှင့်အညီ အပြစ်ပေးရန်လုပ်ဆောင်နေသည်ဟု ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက DMG ကို ပြောဆိုထားသည်။

မနွယ်သန္တာဝင်းအသတ်ခံရမှုတွင် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က ဖမ်းဆီးအမှုဖွင့်ထားသူတစ်ဦးနှင့် ULA/AA က ဖမ်းဆီးထားသူတစ်ဦးတို့ ရှိနေသည်။

ဗီဒီယိုများ