- မြန်မာ၏အပြုအမူသည် အာဆီယံ၏ အချက်အချာကျမှုကို ထိခိုက်စေနိုင်ကြောင်း စင်ကာပူကာကွယ်ရေးဝန်ကြီး ပြော
- ကုလလုံခြုံရေးကောင်စီ၏ ဂါဇာအပစ်အခတ်ရပ်ရေး အဆို အမေရိကန်က ဗီတိုအာဏာသုံး ပယ်ချ
- ရခိုင်ရေပိုက်နက်ထဲသို့ ဘင်္ဂလားဒေ့ရှ် ရေလုပ်သားများ ခိုးဝင် ငါးဖမ်းမှု များပြားလာ
- တောင်ကုတ် စကခ (၅) ဌာနချုပ်ကို AA စတင်ထိုးစစ်ဆင်
- ထိုင်းမှာ မြန်မာများ ကွန်ဒိုဝယ်ယူမှု ယမန်နှစ်ထက် သုံးဆမြင့်တက်
ရခိုင်စစ်မျက်နှာ ဒုတိယမ္ပိ အပစ်ရပ်ခြင်း
မြန်မာစစ်တပ်နှင့် AA တို့သည် ပြီးခဲ့သည့် ၂၀၁၈ ခု၊ နှစ်ကုန်ပိုင်းမှ ၂၀၂၀ နိုဝင်ဘာလ ပထမအပတ်အထိ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီးနောက် ရွေးကောက်ပွဲကာလတွင် မည်သည့်ကတိကဝတ်မှ မပါဘဲ အလွတ်သဘော အပစ်ရပ်စဲခဲ့ကြသည်။ ရခိုင်ဒေသမှာ တိုက်ပွဲရပ်တန့်ပြီးနောက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မြန်မာစစ်တပ်သည် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အရပ်သားအစိုးရကိုဖြုတ်ချပြီး အာဏာသိမ်းလိုက်သည်။
29 Nov 2022
DMG ၊ နိုဝင်ဘာ ၂၉
(ဆောင်းပါး)
စစ်မီး တဖြည်းဖြည်းတောက်လောင်နေသော ရခိုင်ပြည်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့သည် ပွင့်လင်းရာသီပိုင်းမှာ ပိုမိုပြင်းထန်သော တိုက်ပွဲဆင်နွှဲကြလိမ့်မည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူများနှင့် ပြည်သူများက ထင်မှတ်ထားကြသည်။ သို့သော်လည်း “အပစ်အခတ်ရပ်စဲလိုက်ပြီ”ဆိုသည့် သတင်းစကား တစ်ခုကြောင့် အံ့အားမှင်သက်သွားခဲ့ကြရသည်။
သြဂုတ်လမှ စတင်ဖြစ်ပွားလာသော တကျော့ပြန်တိုက်ပွဲသည် ပလက်ဝ၊ မောင်တောဒေသမှ အစပြုကာ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ အမ်း စသည့်မြို့နယ်များအထိ ကျယ်ပြန့်ခဲ့သည်။ ထိုတိုက်ပွဲများအတွင်း AA သည် မောင်တော၊ ပလက်ဝဒေသမှ စခန်းတစ်ချို့အား တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး အထိနာနေသော မြန်မာစစ်တပ်သည်လည်း ကြည်း၊ ရေ၊ လေတပ်များကို အသုံးပြုကာ စစ်ဆင်ရေးများ ပြုလုပ်ခဲ့သည်။
ထင်ရှားသည့်တိုက်ပွဲများမှာ ရခိုင်-ဘင်္ဂလားဒေ့ရှ်နယ်စပ်၊ မိုင်တိုင်အမှတ် ၄၀ အနီးရှိ မြန်မာစစ်တပ်စခန်းတစ်ခုကို ရက္ခိုင့်တပ်တော်မှ ရက်ပေါင်း(၃၀)ခန့်ကြာ တိုက်ခိုက်ပြီးနောက် အပြီးသတ်သိမ်းပိုက်ရယူခဲ့သည့် တိုက်ပွဲဖြစ်သည်။ ထိုစခန်းအား ပြန်လည်ရယူရန်အတွက် မြန်မာစစ်တပ်သည် စစ်အင်အားများတိုးချဲ့ကာ လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးပစ်ကူများဖြင့် တိုက်ခိုက်ခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။
မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်တို့သည် အပစ်အခတ်ရပ်စဲမှုမပြုလုပ်သေးမီ နိုဝင်ဘာလ ၁၈ ရက်နေ့အထိ မောင်တောမြို့မြောက်ပိုင်း၊ ဝက်ကျိန်းအပြင်ရွာ မြောက်ဖက်တွင် တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။ AA စစ်သည်များ ရှိသည့်နေရာအား မြန်မာစစ်တပ်၏ တပ်မ(၇၇) လက်အောက်ခံ၊ ခမရ (၁၀၅)တပ်ရင်းမှ လာရောက်တိုက်ခိုက်သောကြောင့် ပြင်းထန်စွာ တိုက်ပွဲဖြစ်ပွားခဲ့သည်။
ထိုသို့ ပြင်းထန်လှသော စစ်ရေးအခြေအနေများကြောင့် တိုက်ပွဲပိုမိုပြင်းထန်စွာ ဖြစ်ပွားလိမ့်မည်ဟု ထင်မြင်မည် ဆိုလျှင်လည်း ထင်မြင်စရာပင်။
တကျော့ပြန်တိုက်ပွဲ အစပြုခြင်း
မြန်မာစစ်တပ်နှင့် AA တို့သည် ပြီးခဲ့သည့် ၂၀၁၈ ခု၊ နှစ်ကုန်ပိုင်းမှ ၂၀၂၀ နိုဝင်ဘာလ ပထမအပတ်အထိ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီးနောက် ရွေးကောက်ပွဲကာလတွင် မည်သည့်ကတိကဝတ်မှ မပါဘဲ အလွတ်သဘော အပစ်ရပ်စဲခဲ့ကြသည်။ ရခိုင်ဒေသမှာ တိုက်ပွဲရပ်တန့်ပြီးနောက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မြန်မာစစ်တပ်သည် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အရပ်သားအစိုးရကိုဖြုတ်ချပြီး အာဏာသိမ်းလိုက်သည်။
အစောပိုင်းမှာ အာဏာသိမ်းမှုကို ဆန့်ကျင်သည့်အနေနှင့် ပြည်သူလူထုသည် လမ်းမပေါ်ထွက်ပြီး ဆန္ဒပြခဲ့ကြသော်လည်း နောက်ပိုင်းမှာ PDF ဟုခေါ်သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပေါ်ပေါက်လာပြီး မြန်မာစစ်တပ်ကို တွန်းလှန်တိုက်ခိုက်ကြသည်။ နိုင်ငံ့အနှံ့တွင်ရှိသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၊ တိုင်းရင်းသားလက်နက်ကိုင်များနှင့် တိုက်ခိုက်နေရသည့် မြန်မာစစ်တပ်အတွက် ရခိုင်ဒေသမှာ တိုက်ပွဲရပ်တန့် နေသည်မှာ အသက်ရှူချောင်သွားစေနိုင်သည့် အကြောင်းအရာများ ဖြစ်ခဲ့သည်။
ရက္ခိုင့်တပ်တော်(AA)အနေဖြင့်လည်း တိုက်ပွဲရပ်တန့်နေသည့် ယင်းကာလအတွင်းမှာ အချိန်ကို အကျိုးရှိအောင် အသုံးချခဲ့သည်။ ရက္ခိုင်ပြည်သူ့အစိုးရကို ဖွဲ့စည်းပြီး အုပ်ချုပ်ရေး၊ တရားစီရင်ရေးကိစ္စများကို ဆောင်ရွက်ခဲ့သည်။ အောက်ခြေနှင့် အဆက်မပြတ်စေရန်တွက်လည်း ကျေးလက်ဒေသများအထိ ကွင်းဆင်းပြီး စည်းရုံးသည့်အပြင် ကျေးရွာများမှာ ရွာတာဝန်ခံများခန့်အပ်ခဲ့ကာ စစ်ကောင်စီ၏အုပ်ချုပ်ရေးကို ၄င်းတို့၏အုပ်ချုပ်ရေးဖြင့် အစားထိုး ဆောင်ရွက်ခဲ့သည်။
ပြည်သူလူထုကလည်း စစ်ကောင်စီ၏ လက်တံဖြစ်သည့် ရဲစခန်းများကို အားကိုးမှုလျှော့နည်းသွားပြီး ရက္ခိုင်ပြည်သူ့အစိုးရကို ယုံကြည်မှုမြင့်တက်လာစေခဲ့သည်။ ယင်းကိစ္စများမှာလည်း စစ်ကောင်စီက ရက္ခိုင့်တပ်တော်ကို အမျက်ထွက်စေခဲ့သည့် အကြောင်းအရာထဲက တစ်ခုဖြစ်သည်။ ယင်းနောက် မြန်မာစစ်တပ်သည် ကျေးရွာများကို တစ်ရွာဝင်၊တစ်ရွာထွက်သွားလာကာ AA ကို မကူညီရန်၊ မထောက်ပံ့ရန်နှင့် မပတ်သက်ရန် ဒေသခံများကို ခြိမ်းခြောက်သတိပေးမှုများရှိသည်။
တစ်ဖက်တွင် ရက္ခိုင့်တပ်တော်(AA)က နွေဦးတော်လှန်ရေးမှပေါက်ဖွားလာသော တော်လှန်ရေးတပ်ဖွဲ့အချို့ကို ကူညီပေးခြင်းများရှိနေသကဲ့သို့ စစ်ကောင်စီကဖိတ်ခေါ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို တက်ရောက်ရန် ငြင်းဆန်ကာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် ဆွေးနွေးမှုများရှိခဲ့သဖြင့် မြန်မာစစ်တပ်အတွက် အလွန်ဒေါသထွက်စရာ ဖြစ်ခဲ့သည်။
ထို့နောက် မြန်မာစစ်တပ်သည် တစ်ရွာဝင် တစ်ရွာထွက်သွားလာကာ ရက္ခိုင့်တပ်တော်၏ တရားရုံးများ၊ အုပ်ချုပ်ရေးရုံးများကို ဝင်ရောက်နှောင့်ယှက်ခြင်း၊ ယင်းလုပ်ငန်းများ လုပ်ကိုင်နေသူများကို ဖမ်းဆီးရန် ကြိုးပမ်းမှုများ ဆက်တိုက်လုပ်ဆောင်ခဲ့သည်။ ထို့ပြင် ကုန်းလမ်း၊ရေလမ်းများကို ပိတ်ဆို့မှုပြုလုပ်ပြီး ကုန်စည်စီးဆင်းမှုကို နှေးကွေးအောင် ဟန့်တားမှုလုပ်ဆောင်လာခဲ့သည်။ ယင်းနောက် သြဂုတ်လမှစတင်ကာ တကျော့ပြန်တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားလာခဲ့သည်။
“တိုက်ပွဲပြန်ဖြစ်ရတဲ့ အဓိကအကြောင်းအရင်းကတော့ ကျနော်တို့ ရခိုင်ပြည်သူတွေကို နစကဘက်က မတရား ဖမ်းဆီးတာတွေ၊ ကျနော်တို့ပြည်သူတွေရဲ့ အခြေခံလိုအပ်ချက်ဖြစ်တဲ့ စားသောက်ကုန်၊ ဆေးဝါးတွေကို လုံးဝပိတ်ဆို့ ဖြတ်တောက်ထားတဲ့ အခြေအနေတွေဖြစ်လာတာကြောင့် ကျနော်တို့ဘက်ကလည်း လိုအပ်တဲ့ အတိုင်းအတာနဲ့ တုန့်ပြန်ရတဲ့အခါ နှစ်ဖက်တင်းမာတွေပိုဖြစ်လာပြီး တိုက်ပွဲဖြစ်ပွားခဲ့တာပါ”ဟု AA ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကပြောသည်။
ရုတ်တရက် အပစ်ရပ်စဲခြင်း
တိုက်ပွဲဖြစ်ပွားခြင်းမှာ မြန်မာစစ်တပ်မှ ကုန်းလမ်း၊ရေလမ်းပိတ်ဆို့ပြီး ကုန်စည်စီးဆင်းမှုကို ရပ်တန့်အောင် လုပ်သောကြောင့် ဖြစ်ပွားလာသကဲ့သို့ သြဂုတ်လမှ စတင်ဖြစ်ပွားလာသော တကျော့တိုက်ပွဲ ရပ်တန့်ရပ်တန့်ခြင်းမှာလည်း ထိုနည်းလည်းကောင်းပင်ဖြစ်သည်။
ရခိုင်ပြည်တွင် ရာသီဥတုဖျက်ဆီးမှု၊ မြေသြဇာစျေးကြီးမှု၊ လောင်စာဆီစျေးကြီးမှုများကြောင့် စပါးစိုက်ဧက ၃၀ ရာခိုင်နှုန်းလောက် လျှော့ကျသွားသည်။ ထိုကြားထဲတွင်ပင် မြန်မာစစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်မှုများကြောင့် လယ်သမားများမှာ မိမိစိုက်ပျိုးထားသော စပါးများကို မရိတ်သိမ်းနိုင်ပေ။
တစ်ဖက်တွင်လည်း ပြည်သူလူထု၏ အခြေခံလိုအပ်ချက်ဖြစ်သည့် စားသောက်ကုန်၊ ဆေးဝါးပစ္စည်းများ အပါအဝင် လူအသုံးဆောင်ပစ္စည်းများကို တစ်နေရာမှ တစ်နေရာသို့ သယ်ယူ၍မရအောင် ကုန်းကြောင်း၊ ရေကြောင်းများကို ပိတ်ဆို့ထားသည်။ ထို့ကြောင့် ပြည်သူများသည် စားနပ်ရိက္ခာများ အခက်အခဲကြုံနေရသကဲ့သို့ ဆေးရုံများမှာလည်း ဆေးဝါးများပြတ်တောက်မှုနှင့် ရင်ဆိုင်နေရသည်။ ထို့ပြင် လက်ရှိတွင် စပါးရိတ်သိမ်းရာသီ ဖြစ်သောကြောင့် စပါးရိတ်သိမ်းနိုင်ရန် အရေးတကြီးလိုအပ်နေသောကြောင့် အပစ်ရပ်လိုက်ခြင်းဟု ဦးခိုင်သုခကပြောသည်။
အပစ်အခတ်ရပ်စဲရန်အတွက် ကြားဝင်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သူမှာ ဂျပန် နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါဖြစ်သည်။ ၄င်းသည် ပြီးခဲ့သည့် အစိုးရလက်ထက်တွင်လည်း ရခိုင်တိုက်ပွဲရပ်တန့်ရန် ကြားဝင်ညှိနှိုင်းပေးခဲ့သူဖြစ်သည်။
“ဆိုးဆိုးဝါးဝါးဖြစ်ပေါ်နေတဲ့ ပြည်သူလူထုရဲ့ အထွေထွေလူမှုအကျိုးစီးပွားတွေကနေ သက်သာခွင့်ရစေဖို့အတွက် ပိုမိုကောင်းမွန်တဲ့ နည်းလမ်းတွေနဲ့ အခြေအနေကောင်းတွေကို ဖန်တီးနိုင်ဖို့ ပြည်သူ့အကျိုးနဲ့ တိုက်ရိုက်ဆက်စပ်နေတဲ့ အရေးကြီးတဲ့အခြေအနေတွေကို အခြေပြုစဉ်းစားပြီးတော့ ဆောင်ရွက်ရတာ ဖြစ်ပါတယ်”ဟု ဦးခိုင်သုခက တိုက်ပွဲရပ်တန့်ရခြင်းအကြောင်းကို ထပ်လောင်းရှင်းပြသည်။
တိုက်ပွဲရပ်တန့်ထားသော်လည်း ရက္ခိုင့်တပ်တော်၏ နိုင်ငံရေးရပ်တည်ချက်မှာ ပြောင်းလဲမှုမရှိဘဲ နဂိုအတိုင်းသာဖြစ်သည်ဟု ဆိုသော်လည်း နိုင်ငံရေးရပ်တည်ချက်နှင့်ပတ်သက်ပြီး တိတိကျကျပြောဆိုခြင်း မရှိပေ။ DMG က ဆက်သွယ်မေးမြန်းရာတွင်လည်း နိုင်ငံရေးရပ်တည်ချက်နှင့်ပတ်သက်ပြီး ယခင်ကလည်း ပြောထားပြီးဖြစ်ကြောင်း ပြောဆိုသည်။
AA သည် မည်သည့်အခြေအနေတွင်ဖြစ်ဖြစ် ကွန်ဖက်ဒရိတ် အဆင့်အတန်းထက်မနိမ့်သည့် နိုင်ငံရေးအဆင့်အတန်းကို လိုလားကြောင်း ထိပ်ပိုင်းခေါင်းဆောင်များက ယခင်ကပင် ပြောဆိုထားသည်။ ယင်းအခြေအနေကို မရ,ရအောင် ကြိုးစားသွားမည်ဟုလည်း ပြောဆိုထားသည်။
“ဆိုလိုတာကတော့ ကျနော်တို့လိုချင်တဲ့ နိုင်ငံရေးအဆင့်အတန်းကို ဘယ်သူ့ဆီကမှ ကျနော်တို့ တောင်းယူနေမှာ မဟုတ်ပါဘူး။ ကျနော်တို့ရခိုင်တွေရဲ့ စုစည်းညီညွတ်မှုနဲ့ ကျနော်တို့ချမှတ်ထားတဲ့ ရက္ခိတလမ်းစဉ်အတိုင်း ကျနော်တို့ ညီညီညွတ်ညွတ်နဲ့ ရခိုင်တွေကိုယ်တိုင်၊ ကျနော်တို့လက်နဲ့ မရ၊ရအောင် တည်ဆောက်သွားမယ် ဆိုတာကို ပြောလိုပါတယ်ဗျာ”ဟု ဦးခိုင်သုခက DMG သို့ နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ပြောထားသည်။
တိုက်ပွဲများကြောင့် အရပ်သားများ သေဆုံးဒဏ်ရာရရှိများစွာရှိခဲ့ပြီး ကုန်းလမ်း၊ရေလမ်း ပိတ်ဆို့ထားမှုကြောင့် ကုန်စည်စီးဆင်းမှုလည်း မရှိသဖြင့် ပြည်သူလူထုများလည်း ထိခိုက်နစ်နာမှုများရှိခဲ့သဖြင့် ယခုကဲ့သို့ အပစ်ရပ်စဲလိုက်ခြင်းမှာ ဝမ်းသာစရာဖြစ်သည်ဟု ရခိုင်ရှေ့ဆောင်အမျိုးသမီးများအဖွဲ့ဥက္ကဌ ဒေါ်စောစံငြိမ်းသူက ပြောသည်။
“အခုလို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေးဆိုတာလည်းရှိမယ်။ ပြီးရင် တစ်ဖက်က လုံးဝအပစ်အခတ်ရပ်စဲပြီးရင် နိုင်ငံရေးနည်းနဲ့ဖြေရှင်းဖို့အတွက်ကို နည်းလမ်းရှာတဲ့ အခြေအနေမျိုးတွေလည်း ရှိမယ်။ ဒါကြောင့် အပစ်အခတ်ရပ်စဲရေးကတော့ ပုံစံမျိုးစုံနဲ့ရှိလာနိုင်ပါတယ်။ ဘယ်လိုပဲရှိရှိ အဓိကတော့ တိုက်ပွဲကြောင့် ပြည်သူလူထုကို မထိခိုက်၊ မနစ်နာစေတဲ့ အခြေအနေမျိုးထိ ဖော်ဆောင်ခြင်းအပေါ်မှာတော့ ကျမတို့အနေနဲ့ ပြည်သူလူထုဘက်ကနေပြီးရင် ဝမ်းသာစရာလို့ပြောချင်ပါတယ်”ဟု ၄င်းကဆိုသည်။
အပစ်ရပ်လျှင် မည်သို့အကျိုးရလာဒ်ရှိလာမည်နည်း
သြဂုတ်လမှစတင်ဖြစ်ပွားလာသော တကျော့ပြန်တိုက်ပွဲကြောင့် မြန်မာစစ်တပ်မှ အပြစ်မဲ့ပြည်သူ ၃၂၄ ဦးကို ဖမ်းဆီးခဲ့ပြီး ယင်းအထဲမှ ၈၅ ဦးကိုပြန်လွှတ်ပေးခဲ့ကာ ၂၄၀ ဦးကို ဖမ်းဆီးထားဆဲဖြစ်သည်။ ထို့ပြင် စက်တင်ဘာလ ၂၀ ရက်မှ နိုဝင်ဘာလ ၂၇ ရက်နေ့အထိ မြန်မာစစ်တပ်မှ ပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူ ၂၆ ယောက်ထက်မနည်း သေဆုံးကာ ၁၁၁ ဦးမှာ ပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်း ဦးခိုင်သုခကပြောသည်။
“သေဆုံးသွားရတဲ့ ပြည်သူတွေအတွက် မိသားစုနဲ့ထပ်တူ ဝမ်းနည်းကြေကွဲရပါကြောင်း ပြောလိုပါတယ်။ နိုင်ငံတကာအနေနဲ့ စစ်ရာဇဝတ်မှုတွေကို သတိထားစောင့်ကြည့်ဖို့လိုသလို အပြစ်ရှိတဲ့သူတွေကိုလည်း အပြစ်ပေး နိုင်ဖို့အတွက် အားလုံးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ဖို့လိုပါတယ်”ဟု ၄င်းကဆိုသည်။
ထိုပြောဆိုချက်နှင့်ပတ်သက်၍ မြန်မာစစ်တပ်၏ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပါ။
တိုက်ပွဲများရပ်တန့်လျှင် အဓိက ပျော်ရွှင်မည့်သူများမှာ တိုက်ပွဲ၏ဆိုးကျိုးဒဏ်ကို ခံစားနေရသူများဖြစ်သည်။ အိုးအိမ်ကိုစွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေရသော စစ်ဘေးရှောင်များ၊ လက်နက်ကြီးကျည်ထိမှန်၍ ဒဏ်ရာရရှိ သွားသူများနှင့် သံသယဖြင့် ဖမ်းဆီးခံနေရသော အရပ်သားပြည်သူများပင်ဖြစ်သည်။ တိုက်ပွဲရပ်တန့်လျှင် စစ်ဘေးရှောင်များလည်း နေရပ်ပြန်နိုင်မည်၊ သံသယဖြင့် ဖမ်းဆီးသွားသူများလည်း ပြန်လည်လွတ်မြောက်မည်ဟု မျှော်လင့်ကြမည်ဖြစ်သည်။
“အမှန်တကယ်ဆိုရင် သူတို့က အပြစ်ရှိတဲ့သူတွေမှ မဟုတ်တာ။ ဒါကြောင့် အမြန်ဆုံးလွှတ်ပေးစေချင်တယ်”ဟု ကျောက်တော်မြို့နယ်၊ ဝပြန်ကျေးရွာမှ ကိုမောင်ထွန်းလှိုင်၏ မိသားစုဝင်တစ်ဦးကပြောသည်။ ကိုမောင်ထွန်းလှိုင် အပါအဝင် ဒေသခံ ၇ ဦးမှာ နိုဝင်ဘာလ ၁၈ ရက်နေ့က ကန်စောက်ကျေးရွာအနီး ခမရ ၅၃၉ စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
ထို့ပြင် ကုန်စည်ပြတ်တောက်မှုနှင့် ကုန်စျေးနှုန်းကြီးမြင့်မှုဒဏ်ကို အလူးအလဲ ခံစားနေရသည့် ပြည်သူများမှာလည်း တိုက်ပွဲရပ်တန့်ထားပြီဖြစ်သောကြောင့် ကုန်စည်စီးဆင်းရာတွင် အဓိကကျသည့် ကုန်လမ်း၊ရေလမ်းများကို ဖွင့်ပေးရန် လိုလားကြသည်။
စစ်ကောင်စီမှ ပိတ်ထားသည့် စစ်တွေ-ပုဏ္ဏားကျွန်းကားလမ်း၊ မင်းပြား-မြေပုံကားလမ်း၊ စစ်တွေ-ရသေ့တောင် ကားလမ်းနှင့် စစ်တွေ-ပေါက်တောရေလမ်း၊ စစ်တွေ-မြောက်ဦးရေလမ်း၊ စစ်တွေ-မင်းပြားရေလမ်းနှင့် စစ်တွေ-မြေပုံရေလမ်းတို့ကို နိုဝင်ဘာလ ၂၉ ရက်နေ့အထိ ဖွင့်ပေးသည်ကို မတွေ့ရှိရသေးပေ။ ထို့ကြောင့် တိုက်ပွဲရပ်တန့်ခြင်း လက်ငင်းအကျိုးရလာဒ်အဖြစ် ဆက်သွယ်ရေးလမ်းကြောင်းများကို အမြန်ဆုံးဖွင့်လှစ်ပေးရန် လိုလားကြသည်။
တစ်ဖက်တွင်လည်း တိုက်ပွဲအကျိုးဆက်ကြောင့် လက်နက်ကိုင်အဖွဲ့များ ထောင်ထားသည့် မြေမြုပ်မိုင်းများနှင့် စစ်ကျန်လက်နက်ပစ္စည်းများဖြစ်သည့် လက်နက်ကြီးကျည်၊ မိုင်းများကိုလည်း အမြန်ဆုံးဖြေရှင်းပေးရန် လိုအပ်သည်။ တိုက်ပွဲများသည် မြို့အနီးမှာထက် တောရွာအနီးများတွင် ဖြစ်ပွားကြပြီး ကျေးလက်ဒေသများမှ ဒေသခံများမှာ တောတောင်များသို့သွားရောက်ကာ ဟင်းရှာ၊ထင်းခုတ်ကာ အသက်မွေးကြရသည်။ ၄င်းတို့မှာ မိုင်းအန္တရာယ်ကို ရင်ဆိုင်နေရသူများဖြစ်ကြသည်။
သို့သော်လည်း မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့၏ ယခုဒုတိယအကြိမ် အပစ်အခတ်ရပ်စဲခြင်းမှာလည်း မည်သည့်ကာလအထိဆိုသည့် အချိန်ကာလသတ်မှတ်ချက်များ မပါဝင်ပေ။ ထို့ကြောင့် မည်သည့်အချိန်တွင် တိုက်ပွဲပြန်လည်ဖြစ်ပွားလာမည်ကို ယတိပြတ် အာမဘန္တေ မခံနိုင်ပေ။
“ကျနော်တို့က စာရွက်စာတမ်းနဲ့ လက်မှတ်ထိုးထားတာလည်းမဟုတ်။ ပြီးတော့ နှစ်ဖက် အလွတ်သဘောတူထားတာ ဖြစ်တဲ့အတွက် တစ်ဖက်ဖက်ကနေပြီးတော့ တစ်ခုခုလုပ်လာရင် အချိန်မရွေး ပြန်လည်တိုက်ပွဲတွေ ဖြစ်နိုင်ပါတယ်”ဟု ဦးခိုင်သုခကပြောဆိုသည်။
နေမျိုးလင်း-ရေးသည်။