AASYC မှာ သုံးနှစ်တာ

 ၁၉၉၄ ခုနှစ်တွင် ရခိုင်ကျောင်းသားများအစည်းအရုံး(Arakan Students’ Congrass) အဖြစ် အိန္ဒိယ  နိုင်ငံ နယူးဒေလီမြို့တွင်ပြန်လည်ဖွဲ့စည်းခဲ့သည်။ ထိုမှတဖန် ၁၉၉၅ ခုနှစ်၊အောက်တိုဘာလ၊ ၆ရက်နေ့တွင် ဘုံနိုင်ငံရေး သဘောတူညီချက်များဖြင့် ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့်လူငယ်များ အစည်းအရုံး     (All Arakan Students and Youths Congrass) AASYC ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ထူထောင်လိုက်ကြသည်။

By ရမ္မာကျော်စော(ခေတ္တ စစ်တွေ) 06 Aug 2018

ရမ္မာကျော်စော (ခေတ္တု စစ်တွေ) ရေးသားသည်။ 

AASYC ဆိုတာဘာလဲ                                                                                                              

၁၉၈၈ ခုနှစ်က လူထုအုံကြွမှုကို စစ်အစိုးရက အကြမ်းဖက်နှိမ်နှင်းသောအခါ တခြားတိုင်းရင်းသား ကျောင်းသား၊ကျောင်းသူများနည်းတူ ရခိုင်ကျောင်းသားလူငယ်များသည်လည်း နယ်စပ်ဒေသအသီးသီးသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။ ထွက်ပြေးတိမ်းရှောင်လာသော ကျောင်းသားလူငယ်များက ၁၉၈၈ ခုနှစ်၊ နိုဝင်ဘာလတွင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်၌ ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ (All Arakan Students’ Union) AASU ကိုတည်ထောင်လိုက်ကြသည်။ ယင်းအဖွဲ့သည် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်း သားများ ဒီမိုကရက်တစ်တပ်ဦး (All Burma Students Democratic Front) ABSDF ၏လက်အောက်တွင် အစိုးရကို တွန်းလှန်ရန်အလို့ငှာ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ရခိုင်ဌာန ခွဲ)ABSDF (Arakan) အဖြစ်ဖွဲ့စည်းတည်ထောင်ခဲ့ကြသည်။

          ၁၉၉၄ ခုနှစ်တွင် ရခိုင်ကျောင်းသားများအစည်းအရုံး(Arakan Students’ Congrass) အဖြစ် အိန္ဒိယ  နိုင်ငံ နယူးဒေလီမြို့တွင်ပြန်လည်ဖွဲ့စည်းခဲ့သည်။ ထိုမှတဖန် ၁၉၉၅ ခုနှစ်၊အောက်တိုဘာလ၊ ၆ရက်နေ့တွင် ဘုံနိုင်ငံရေး သဘောတူညီချက်များဖြင့် ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့်လူငယ်များ အစည်းအရုံး     (All Arakan Students and Youths Congrass) AASYC ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ထူထောင်လိုက်ကြသည်။

   နိုင်ငံရေးမျော်မှန်းချက်ကဘာလဲ

          တိုင်းရင်းသားများ၏ ရပိုင်ခွင့် အခွင့်အရေးများအား အပြည့်အဝရရှိရေး၊ နိုင်ငံသားအခွင့်အရေး၏ လွတ်လပ်မှုအရသာကို  ခံစားရရှိစေရေး၊ တန်းတူညီမျှမှုရှိသော အခွင့်အရေးတစ်ရပ်ရရှိပိုင်ဆိုင်နိုင်ရေးနှင့် တရားမျှတစွာ ပြဌာန်းကာကွယ်ပေးနိုင်သည့် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်နိုင်ရေးတို့ကို မျှော်မှန်း၍ လုပ်ဆောင်ခဲ့ကြခြင်းဖြစ်သည်။

   ခံယူချက်တွေကဘာတွေလဲ

          ဆိုခဲ့ပြီးသော အထက်ပါ မျှော်မှန်းချက်များကို နားလည်သဘောပေါက်စေရန် AASYC အနေဖြင့် အောက်ခြေလူထုကို ပညာပေးရေးနှင့် စွမ်းရည်မြှင့်တင်ရေး လုပ်ငန်းစဉ်များကို လုပ်ဆောင်မည်။ ထိုမှတဆင့် နိုင်ငံရေး၊ လူမှုအကျိုးစီးပွားနှင့် ယဉ်ကျေးမှုကဏ္ဍများတွင် တည်ဆောက်ပုံနှင့် ဖွဲ့စည်းပုံဆိုင်ရာ ပြောင်းလဲမှုများ ကို ယူဆောင်လာရာတွင် တက်ကြွ၍ သတင်းအချက်အလက်များကို သိရှိနားလည်သော လူထု၏ အဓိပ္ပါယ်ရှိရှိ ပူးပေါင်းပါဝင်မှုကို အားပေးရန်ခံယူထားကြသည်။

   နိုင်ငံရေးဦးတည်ချက်တွေကဘာတွေလဲ

          ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့်လူငယ်များ အစည်းအရုံး AASYC သည် လုပ်ငန်းစဉ်အဖြစ် နိုင်ငံ ရေးဦးတည်ချက် (၇)ရပ်ကို ချမှတ်ဆောင်ရွက်ခဲ့ပါသည်။ ၎င်းတို့မှာ (၁) ရခိုင် ကျောင်းသားနှင့်လူငယ်များ ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ ဘောဂဗလ၊ မိတ္တဗလ ဟူသော ဗလငါးတန်ဖွံ့ဖြိုးရေး။ (၂) လက်ရှိတွင် တစစနှင့် ပျက်စီးယိုယွင်းဆုတ်ယုတ်လာနေသော ရခိုင့်ဂေဟစနစ်နှင့် ယဉ်ကျေးမှုအမွေအနှစ်များထိန်းသိမ်း စောင့်ရှောက်ရေး။ (၃) ရခိုင်တစ်မျိုးသားလုံး သွေးစည်းညီညွတ်ရေး။ (၄) နယ်ချဲ့လူမျိုးကြီးဝါဒနှင့် စစ်အာဏာ ရှင်စနစ်တိုက်ဖျက်ရေး။ (၅) အဖိနှိပ်ခံ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးလွတ်မြောက်ရေး။ (၆) ဒီမိုကရေစီနှင့်လူ့ အခွင့်အရေး အပြည့်အဝရရှိရေးနှင့် (၇) ရခိုင်တစ်မျိုးသားလုံး ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်နှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး တို့ပင်ဖြစ်သည်။

    ရောက်ခဲ့ပါပြီ aasyc သို့

          ၂၀၀၈ ခုနှစ်တွင် မြဝတီက ဦးဇင်းတစ်ပါး၏ ဆက်သွယ်ပေးမှုဖြင့် AASYC သို့ ကျွန်တော်ရာက်ရှိသွားခဲ့ ပါသည်။ ယခု ရခိုင်အမျိုးသားကောင်စီ(ANC) ၏ အထွေထွေအတွင်းရေးမှူး ကိုထွန်းဇော်သည် ဒေါက်တာစင် သီယာမောင် ဆေးခန်းရှေ့(ကျောင်းသားဆေးခန်း)တွင် ကျွန်တော့်ကိုလာခေါ်သည်။ ယင်းအချိန်က ကိုထွန်း ဇော်သည် မြန်မာနိုင်ငံ ကျောင်းသားနှင့် လူငယ်များ ကွန်ဂရက် SYCB တွင် အထွေထွေအတွင်းရေးမှူး တာ ဝန်ကို ထမ်းဆောင်နေသော အချိန်ဖြစ်သည်။ AASYC တွင်လည်း တွဲဖက်အထွေထွေအတွင်းရေးမှူး တာဝန် ကိုယူထားရသည်။ နာယကမှာ ကိုဇော်ဇော်အောင်(ယခုဗိုလ်မှူးကြီးမင်းထွန်း)ဖြစ်ပြီး အထွေထွေအတွင်းရေးမှူး မှာ ကိုအောင်မင်းဦး (ယခု AHRDO) ဖြစ်သည်။

ရုံးချုပ်သို့ နေဝင်ခါစအချိန်တွင် ရောက်ရှိသွားသော်လည်း လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြခြင်းမျိုးတော့မရှိ ကြပေ။ နောက်မှသိရသည်မှာ ထိုသို့အစဉ်အလာမရှိခဲ့ ဟူ၍ဖြစ်သည်။ ရောက်ရောက်ချင်း ပထမဦးဆုံး သဘော ကျမိသည်က စာကြည့်တိုက်ဖြစ်သည်။ စာအုပ်များမှာလည်း စုံလင်လှပေသည်။ မြန်မာပြည်တွင်းမှာ တရားဝင် ဖြန့်ချီ၍ မရသော စာအုပ်များကိုလည်း အများအပြားတွေ့ရသည်။ သခင်ဘသောင်း၏ ခြေလေးချောင်းတော်လှန် ရေးမှအစ ဆရာဝင်းတင့်ထွန်း၏ အမှောင်ကြားကဗမာပြည် အဆုံးများပြားလှသော စာအုပ်များကို မြင်လိုက်ရ ကတည်းက ကျွန်တော် အလွန်ဝမ်းမြောက်နေမိသည်။                                                                                         

သီတင်းတစ်ပတ်မျှနှင့်ပင် ရုံးမှာရှိသည့်သူများနှင့် ရင်းနှီးခင်မင်သွားကြသည်။ တော်လှန်းရေး ရဲဘော် ရဲမေအချင်းချင်း တစ်ယောက်ကိုတစ်ယောက် ကူညီဖေးမကာ  ကျွန်တော့်ကိုလည်း ဝိုင်းဝန်းကူညီပေးခဲ့ကြ သည်။ သည်လိုနှင့် ရုံးတွင်စာအုပ်များဖတ်လိုက်၊ ကွန်ပျူတာလေ့လာလိုက်နှင့် အချိန်နှစ်လခန့် ကုန်ဆုံးသွား သောအခါ နေရာပြောင်းရန် အကြောင်းဖန်လာသည်။ နေအိမ်တစ်ခုတည်းတွင် လူအများအပြားကို စုမထား လိုသည်က တစ်ကြောင်းနှင့် လူတိုင်းကို အလုပ်တစ်ခုစီ ပေးထားနိုင်ရေးတို့အတွက် ကျွန်တော်အပါအဝင် လေးယောက်တို့သည် မြို့ပြင်က ခြံတစ်ခုသို့ ပြောင်းရွှေ့ကြရသည်။

 

    စိုက်ပျိုးမွေးမြူရေးသမားဘဝသို့

ခြံကြီးသည် ငါးဧကခန့်ကျယ်ဝန်းပြီး သရက်ပင်များစိုက်ပျိုးထားသည်။ KNU က တပ်ဖွဲ့ဝင်အချို့နေထိုင် နေကြသည်ကိုတွေ့ရသည်။ မွေးမြူရေးလုပ်ငန်းအဖြစ် ဘဲနှင့်ဝက်ကို တပိုင်တနိုင် မွေးမြူထားသည်ကိုလည်း တွေ့ရသည်။ ခြံထဲ၌ပင် ရေကန်ကြီး နှစ်ကန်ရှိပေရာ ဆလားဗီးယား ငါးများပေါလှသည်။ ကန်ဘောင်ပေါ်မှ ထိုင် ပြီး မြှားသေနတ်ဖြင့် ပစ်လျှင်ပင် စားလောက်အောင်ရသည်။ ခွေးတောက်ပင်ကြီးတစ်ပင်ကလည်း ခြေသလုံးခန့် ရှိလျှက် သရက်ပင်ကိုတက်နွယ်ကာ အုပ်ဆိုင်းထားသည်။ ထိုင်းနိုင်ငံတွင် ခွေးတောက်ပင် အလွန်ရှားပါးပေရာ ကျွန်တော်တို့အတွက်တော့ အဖိုးတန်ရတနာ အပင်ကြီးဖြစ်သည်။

        ခြုံနွယ်ပိတ်ပေါင်းများကို ရှင်းလင်းပြီး ရေကန်ကြီးနှစ်ကန်ကြားရှိ ုကုန်းမြင့်ပေါ်၌ ၂၀×၄၀ ပေခန့် ခြံတစ် ခြံ ဆောက်လုပ်ကာ ဘဲနှင့်ကြက်မွေးမြူရန် အစပျိုးခဲ့ကြသည်။ ခြံထဲရှိ အသင့်ဆောက်ပြီးသား တဲတစ်လုံးတွင် လေးယောက်သား အတူတကွနေထိုင်ကြပြီး ချက်ပြုတ်စားသောက်ရန် အိုးခွက်ပန်းကန်များကိုပါ တပါတည်း ယူဆောင်လာခဲ့ကြသည်။ တဲနောက်ဘက် မြေနိမ့်ပိုင်းတွင်လည်း မုံလာ၊ ခရမ်း၊ နံနံ၊ ငရုပ် စသည်ဖြင့်စားပင် သောက်ပင်များကိုစိုက်ပျိုးကြသည်။       

မွေးမြူထားသော ကြက်၊ ဘဲနှင့် ဝက်များအတွက် အစာအခက်အခဲကို စက်ရုံအလုပ်ရုံများနှင့် ကိုယ်ထူ ကိုယ်ထ ထူထောင်ထားကြသော တိုင်းရင်းသားစာသင်ကျောင်းများမှ စားကြွင်းစားကျန်များကို လိုက်လံ ကောက်ခံရသည်။ ကြက်နှင့်ဘဲအတွက် အစာအခက်အခဲမရှိသော်လည်း တစ်ခါတရံ ဝက်များအတွက်အစာ မလုံလောက်သောအခါ လမ်းဘေးဝဲယာ ပေါက်နေကြသော ပိန်းပင်များကို လှီးဖြတ်ကာ ထမင်းနှင့်ရော၍ ကျို ချက်ကြရသည်လည်းရှိ၏။ လှည်းငယ်သဖွယ်ပြုလုပ်ထားသော နောက်တွဲငယ်ကို ဆိုင်ကယ်နှင့်ချိတ်ကာ နေ့စဉ် မဲဆောက်မြို့အနှံ့ ဝက်စာရှာပုံတော်ခရီးထွက်ရသည်။ တစ်ခါတရံ ဝက်စာပုံးများထဲတွင် အမျိုးသမီး လစဉ်သုံး ပစ္စည်းများပင် ပါလာတတ်သည်။ ထိုအခါမျိုးတွင် ထမင်းချက်တာဝန်ယူထားရသော အမျိုးသမီးကြီးများကို သွား၍ အသနားခံရသည်။ ထိုသို့ပစ္စည်းများ နောက်တဖန်ပါမလာစေရန် ခြံထွက်ခွေးတောက်ရွက်ကလေးများ ဖြင့်ဂါရဝပြုကြရသည်။ သရက်သီးချိန်များဆိုလျှင် ကြွေကျနေသော သရက်သီးကင်းလေးများက ကျွန်တော်တို့ ၏ လာဘ်ပေးစရာ လက်ဆောင်လေးများဖြစ်သည်။

    KNU ရဲဘော်များနှင့် ကျွန်တော်

          ခြံကြီးထဲမှ အိမ်ကလေး တစ်လုံးပေါ်၌ပင် KNU မှ ဗိုလ်အဆင့်ရှိ ဦးလေးတစ်ယောက်မှာ မိသားစုနှင့် အတူနေထိုင်လျှက် မွေးမြူရေးလုပ်ငန်းကို တပိုင်တနိုင်လုပ်ကိုင်ကြသည်။ တဖန် ထိုင်း-မြန်မာနယ်စပ်က ရွှေ့ ပြောင်းလုပ်သားများ၏ တစ်နေ့တစ်မျိုး မရိုးနိုင်သည့် ပြဿနာပေါင်းစုံကိုလည်း ဖြေရှင်းပေးနေရသည်။ စာရွက် ပေါ်မှာ တံဆိပ်တုံးရိုက်နှိပ်သော အခါတွင်မှ အမှတ်(၂) KNU ရဲစခန်း ဟုသိရသည်။ ကျွန်တော့်ကိုလည်း အကူ အညီတောင်းလာသောကြောင့် အမှုအခင်းများကို စစ်ဆေးခြင်းလုပ်ငန်းများကို ကူညီပေးခဲ့ရသည်။ အများဆုံး ကြုံတွေ့ရတတ်သော မှုခင်းများမှာ ငွေကြေးအပေးအယူကိစ္စ အရှုပ်အရှင်းနှင့် လူမှုရေးပြဿနာများဖြစ်သော အိမ်ထောင်ရေးအကွဲအပြဲ၊ လူမှုရေးဖောက်ပြန်ခြင်းတို့ ဖြစ်ကြသည်။ ၎င်းတို့၏ တရားစီရင်ရေးမှာ အားသာချက် တစ်ခုကိုလည်း တွေ့ရပေသည်။ ပြဿနာတစ်ခုဖြစ်လျှင် ပထမဦးစွာ နစ်နာသူဟုယူဆရသူ (တရားလို) နှင့် ပြု ကျင့်သူဟု ယူဆရသူ (တရားခံ) တို့ကို မျက်နှာချင်းဆိုင် ခေါ်ယူတွေ့ဆုံသည်။ ပြီးလျှင် နှစ်ဦးနှစ်ဖက် ပြေလည် အောင် ညှိနှိုင်းပေးသည်။ ညှိနှိုင်း၍ အဆင်မပြေသော ကိစ္စရပ်များမှသာ ထိုင်းရဲများကို လွှဲပြောင်းပေးကြသည်။ သို့သော်လည်း ထိုသောလွှဲပြောင်းပေးရသော ဖြစ်စဉ်များမှာ အလွန်ပင်နည်းပါးလှပေသည်။

          တစ်ခါတရံတွင် တောထဲကတက်လာသော KNU ရဲဘော်အချိုု့ကိုလည်း ခြံထဲတွင် တွေ့ရတတ်ပေ သည်။ သူတို့သည် အလွန်ရိုးသားကြပြီး ခင်မင်နှစ်လိုဖွယ်ကောင်းကြသည်။ ထိုအထဲတွင် မကြာခဏ တွေ့မြင် ရတတ်သူတစ်ဦးမှာ KNU တပ်မဟာ (၅) တပ်မှူး( ယခု KNU ဒုတိယ စစ်ဦးစီးချုပ်) ဗိုလ်ချုပ် ဘောကျော်ဟဲ ဖြစ်သည်။ တပ်မဟာမှူး တစ်ယောက်ဆိုသော်လည်း သူ့ရဲဘော်များနှင့်အတူ စားသောက်နေထိုင်သည်ကို မြင် ရသည်မှာ ညီအစ်ကိုတစ်စု ပျော်ပျော်ပါးပါး ဝိုင်းဖွဲ့စားသောက်နေကြသကဲ့သို့ ထင်ရသည်။ အလွန်ပင် အနေအ ထိုင် သိုသိပ်သူဖြစ်သည်။ ကျွန်တော်တောင်မှ KNU ဗိုလ်သင်တန်းဆင်း အမှတ်တရိုက်ကူးထားသော ဓါတ်ပုံထဲ တွင် သူ့ထံ၌ တပ်မဟာမှူးစလွယ်ကို မြင်ကာမှ သူ့ကို တပ်မဟာမှူး တစ်ယောက်မှန်းသိခြင်းဖြစ်သည်။

    နိုင်ငံရေးဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်

          တစ်ဖက်က စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို လုပ်ကိုင်ရင်း အခြားတစ်ဖက်တွင်လည်း နိုင်ငံရေး၊စီးပွား ရေး၊ လူမှုရေးစာပေများကို လေ့လာခဲ့ကြသည်။ လက်နက်ကိုင်တော်လှန်ရေးသဘောတရားများနှင့် နည်းစနစ် များကိုလည်း လေ့လာခဲ့ကြ၏။ သတင်းအချက်အလက်များ မပြတ်ရအောင်လည်း နိုင်ငံခြားအသံလွှင့်ချက်များ သာမက စစ်အစိုးရ၏ မီဒီယာများကိုပါ နားထောင်ကြရသည်။ သို့မှသာ အပတ်စဉ် ကြာသပတေးညတိုင်းပြုလုပ် သော နိုင်ငံရေးဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် (Political Development Program) ကို ဝင်ရောက်ဆွေးနွေးနိုင် မည်ဖြစ်သည်။ တစ်ပတ်အတွင်းဖြစ်ပေါ်နေသော အကြောင်းအရာများကို မိမိ၏ကိုယ်ပိုင်အမြင်ဖြင့် သုံးသပ် ဆွေးနွှေးနိုင်စေရန် စီနီယာရဲဘော်တစ်ဦးက  အကောင်အထည်ဖေါ်ခဲ့သော အစီအစဉ်ဖြစ်သည်။ ရဲဘော်၊ ရဲမေ များ၏ စကားပြောစွမ်းရည်၊ နိုင်ငံရေးအသိတို့ကို မြှင့်တင်ပေးရာရောက်သောကြောင့် ကောင်းမွန်သော အစီအ စဉ် ဖြစ်သည်။ ကြာသပတေးနေ့ညတိုင်း ခြံကနေ ရုံးသို့ သွားရောက်ဆွေးနွေးကြရလေ့ရှိသည်။

ဗိုလ်မှူးကြီး မင်းထွန်းနှင့်အတူ

ခြံမှာနေထိုင်ရင်းက ရုံးကရဲဘော်နှစ်ယောက် ဆိုင်ကယ်အက်ဆီးဒင့်နှင့် ဆုံးသွားသောအခါ ရဲဘော် ဇော်ဇော်အောင် (နာယက) (ယခု ဗိုလ်မှူးကြီးမင်းထွန်း၊ ရခိုင်ပြည်တပ်မတော်) နှင့်အတူ နေထိုင်ရန် ဖြစ်လာ သည်။ ယင်းနှင့်ပင်ခြံကို တနေ့နှစ်ခေါက် အသွားအလာလုပ်ရင်း နာယက ရုံးထိုင်သည့်အိမ်တွင်  နေထိုင်ခဲ့ သည်။ မြန်မာပြည်တွင်းတွင် လှုပ်ရှားကြသော မြေအောက်လှုပ်ရှားသူများကို အဓိက ထောက်ပံ့ပေးရသော ကြောင့် နယ်စပ်တွင်နေထိုင်ကြသော ရဲဘော်၊ရဲမေများသည် ဆင်းရဲကျပ်တည်းကြပေသည်။ နာဂစ်မုန်တိုင်း ဒဏ်သင့် ဧရာဝတီတိုင်းမှ ရခိုင်တိုင်းရင်းသားများကို တတ်နိုင်သမျှ ထောက်ပံ့ကူညီပေးခဲ့ကြသည်။ ရွှေဂက်စ် လှုပ်ရှားမှုများကဲ့သို့ အရာမျိုးတွင် ရှာဖွေရရှိသမျှသော ဘဏ္ဍာငွေကို ပုံအောသုံးစွဲခဲ့ကြရသည်။ ထိုအချိန်က ရခိုင်ပြည်နယ်တွင် နိုင်ငံရေးလှုပ်ရှားမှုတိုင်း၏ နောက်ကွယ် AASYC ရှိပေသည်။ ထိုစဉ်က ရခိုင်နိုင်ငံရေးအဖွဲ့ အစည်းများအနက် ပြည်တွင်းလှုပ်ရှားမှုအားအကောင်းဆုံး အဖွဲ့အစည်းမှာ AASYC သာဖြစ်ခဲ့သည်။

ဗိုလ်မှူးကြီးမင်းထွန်း၏ထူးခြားချက်မှာ အလွန်မှတ်ဉာဏ်ကောင်းခြင်းဖြစ်သည်။ သူလေ့လာခဲ့ဖူးသော နိုင်ငံရေး၊ စစ်ရေးနှင့်တခြားသော သာဘာရပ်တို့ကို အမြဲတစေမှတ်မိနေလေ့ရှိသည်။ တက္ကသိုလ်ဝင်တန်းကို ဘာသာစုံဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သော်လည်း အသက်မွေးဝမ်းကျောင်း အဆင့်မြင့် ပညာတစ်ရပ် ရပ်ကို မသင်ယူခဲ့ဘဲ နိုင်ငံရေး၊ တော်လှန်းရေးလောကသို့ ခြေစုံပစ်ဝင်ခဲ့သော သူ၏စိတ်ဓာတ်ကို အလွန်လေး စားမိသည်။ ထို့နည်းတူ တခြားခေါင်းဆောင်များသည်လည်း အထိုက်အလျှောက်အားဖြင့် သူတို့ဘဝတွေကို စတေးခဲ့ကြရပေသည်။ သူတို့သည် ပညာရေးဘက်တွင် အောင်မြင်ခဲ့ကြသလောက် မိသားစုစားဝတ်နေရေး လည်း အတော်အသင့် ချောင်လည်ကြသည်။ တက္ကသိုလ်များတွင် အဆင့်မြင့်ပညာရပ်များကို သင်ယူနိုင်ကြ သည်။ သို့သော် သူတို့၏ဘဝများကို တော်လှန်ရေး၊နိုင်ငံရေး အလုပ်များအတွက် ရင်းနှီးမြှုပ်နှံထားခဲ့ကြသည်။

    တပ်ရုံးသို့ပြောင်းရခြင်း

နာယကအိမ်၌ နေထိုင်ရင်းပင် စစ်ရေး၊နိုင်ငံရေးစာပေများကို ဖတ်ရူလေ့လာပြီး ရခိုင်လက်နက်ကိုင် တော်လှန်းရေး သမိုင်းကိုလည်း လေ့လာခွင့်ရခဲ့သည်။ ထိုစဉ်ကတည်းကပင် ဗိုလ်မှူးကြီးမင်းထွန်းတစ်ယောက် လက်နက်ကိုင်တပ်ဖွဲ့တစ်ဖွဲ့ ထူထောင်ရန် အားသွန်ခွန်စိုက် ကြိုးပမ်းနေခြင်းဖြစ်သည်။ AASYC သည် ကျောင်း သားနှင့်လူငယ်များ အမည်ခံထားသော နိုင်ငံရေးအဖွဲ့အစည်းဖြစ်သောကြောင့် ကျွန်တော်တို့သည် လက်နက် ကိုင်တော်လှန်ရေးကို ရွေးချယ်ကြသောအခါ AASYC ၏ အဖွဲ့ဝင်အဖြစ်မှ နှုတ်ထွက်လိုက်ကြရသည်။

သို့နှင့်ပင် မဲဆောက်မြို့အပြင်ဘက် ခပ်လှမ်းလှမ်းမှ ရွာငယ်တစ်ရွာသို့ ပြောင်းရွှေ့နေထိုင်ကြရသည်။ ရခိုင်ပြည်တပ်မတော် (Arakan Army) AA ကို တရားဝင်မဖွဲ့စည်းရသေးသော်လည်း ထိုစဉ်ကတည်းကပင် တပ်ဖွဲ့တစ်ခုအသွင် တည်ဆောက်ထားကြပြီးဖြစ်သည်။ အဖွဲ့(၁) ကို ရဲဘော်အောင်ထွန်း(ကိုပန်းသာ)၊ အဖွဲ့ (၂) ကို ကျွန်တော်(ရဲဘော်ဇော်ဇော်) နှင့် အဖွဲ့(၃)ကို ရဲဘော်မင်းစိုး (ဇော်မင်းဦး၊ မင်းပြား၊ ထိုင်းနိုင်ငံတွင် ကွယ် လွန်) တို့က ခေါင်းဆောင်တာဝန်များကိုယူပြီး တပ်စိတ်များအသွင် ဖွဲ့စည်းလိုက်ကြသည်။ လက်နက်မကိုင် ရသော တပ်စိတ်မှူးများပေတည်း။ သို့သော် ကျွန်တော်မှလွဲ၍ ကျန်ရဲဘော်တော်တော်များများက အခြေခံစစ် သင်တန်း တက်ဖူးကြသူများဖြစ်ပေသည်။

ထိုရုံး၌ နေထိုင်စဉ်တွင်လည်း စားသောက်နေထိုင်ရေး အခက်အခဲကို ကိုယ့်နည်းကိုယ့်ဟန်ဖြင့် တဖက် တလမ်းက ဖြေရှင်းကြရသည်။ စနေ၊ တနင်္ဂနွေရက်များတွင် အိမ်မှာရှိသော လူအကုန်နီးပါး နေ့စားအလုပ်များ ဖြစ်သော ဆောက်လုပ်ရေးလုပ်သား၊ ပြောင်းဖူးချိုး၊ ကြံခုတ်စသည်ဖြင့်ကြုံရာ အလုပ်များကိုလုပ်ခဲ့ကြရသည်။ ကျန်ရက်များတွင် ပြောက်ကျားစစ်ဆင်ရေးနှင့် အခြေခံစစ်စခန်းများတည်ဆောက်ရေး သဘောတရားများကို အတူတကွဆွေးနွေးရင်း လေ့လာသင်ယူခဲ့ကြသည်။ တစ်ပါတ်လျှင် အသားဟင်းနှစ်ကြိမ်သာ ဝယ်ချက်ခွင့်ရှိ ကြသောအခါ ကားလမ်းဘေးက တစ်ဧကခန့်ကျယ်ဝန်းသည့် ချိုင့်ဝှမ်းမှာ သဘာဝအလျှောက် ပေါက်ရောက် နေသောကန်စွန်းခင်းကြီးသည် ကျွန်တော်တို့၏ပင်မဟင်းလျှာပင်ဖြစ်တော့သည်။ကားလမ်းမတလျှောက် မယ် ဇလီပင်တွေကလည်း အချိန်တိုင်းလိုလို ဖူးနေကြသည်။ သူလည်းပဲကျွန်တော်တို့အတွက် အဟာရပေတည်း။ ရေအိုင်ရေကန်များကလည်း ခရု၊ ခုံး(ဂုံး)၊ငါး တို့အား ဆက်သကြသည်။  တောတောင်များက မျှစ်၊ ကြောင်လျှာ သီး၊ ငှက်ပျောဖူးတ့ိုကိုပေးစွမ်းကြသည်။

       မဲဆောက်မြို့ ရခိုင်သင်္ကြန်

          ၂၀၁၀ ခုနှစ်တွင် ကျရောက်သောသင်္ကြန်ကို ကျွန်တော်တို့ကိုယ်တိုင် ဦးစီးဦးဆောင်လုပ်၍ ကျင်းပခွင့်ရ ခဲ့သည်။ သင်္ကြန်ကျင်းပခွင့်ရရန် ကျေးရွာလူကြီး၊ ပြည်သူ့စစ်နှင့် ကျောင်းအုပ်ဆရာကြီးတို့ကို ပေးကမ်းစွန့်ကြဲ ရသည်။ အထက်တန်း ကျောင်းဝင်းအတွင်း ကျင်းပခွင့်ရရန်အတွက် ကျောင်းဆရာများကိုလည်း ညှိနှိုင်းရသည်။      မဏ္ဍပ်ဆောက်လုပ်ရန်အလို့ငှာ သစ်နှင့်ဝါးများကို ရှာဖွေဝယ်ယူစုဆောင်းရသည်။ ရခိုင်သင်္ကြန်နှင့်တူအောင် လောင်းလှေပုံစံမျိုးကိုလည်း ပြုလုပ်ကြရသည်။ အမျိုးသမီးငယ်များ ဝတ်ဆင်ရန်အတွက် ဆင်တူဝတ်စုံများကို ရန်ကုန်မှ မှာယူရသည်။ ကျွန်တော် တာဝန်ယူထားရသော အပိုင်းမှာ စတိတ်စင်၊မဏ္ဍပ်ဆောက်လုပ်ရေးနှင့် သင်္ကြန်ရက်အတွင်း လာရောက်ကြမည့်သူများအတွက် အစားအသောက်များ စီစဉ်ပေးရေးဖြစ်သည်။ သင်္ကြန်မ ကျမီ တစ်လခန့်ကပင်ကြိုတင်၍ နွားသားရေများကို ဝယ်ယူစုဆောင်းပြီး အခြောက်လှမ်းထားသည်။

          ချက်ပြုတ်စားသောက်ရန် အိုးခွက်ပန်းကန်များနှင့် ဒယ်အိုးကြီးများကို ထိုင်းဘုန်းကြီးကျောင်းမှ သွား ရောက်ငှားရမ်းရသည်။ ယင်းကျောင်းမှပင် စတိတ်စင်ကြမ်းခင်းများပါ ငှား၍ရသဖြင့် အဆင်ပြေသွားသည်။ သင်္ကြန်ရက်တွင် နွားသားရေကို အာလူးနှင့်ရော၍ ငြုပ်သီးခြောက်များများဖြင့် ရခိုင်ချက် ချက်ကြသည်။ လာရောက်သူများ အကြိုက်တွေ့ကြသော ဟင်းလျှာပေတည်း။ သင်္ကြန်ပွဲသို့ လာရောက်လည်ပတ်ကြသူများ အဖမ်းဆီးမခံရအောင်လည်း မယ်ပဂိတ်မှ ထိုင်းပုလိပ်များကို လာဘ်ထိုးထားရသေးသည်။

     အိမ်လွမ်းဝေဒနာ

သာမာန်အချိန်များတွင် ကျွန်တော်တို့လူစုက ပျော်ပျော်ရွှင်ရွှင် နေတတ်ကြသည်။ ဒုက္ခအခက်အခဲများ နှင့် ရင်ဆိုင်နေကြရသော်လည်း တော်လှန်ရေးဆိုသည့် စိတ်တစ်ခုတည်းနှင့်ပင် ကျော်ဖြတ်နိုင်ပေသည်။ ဘဝ၏ တန်ဖိုးအရှိဆုံး အချိန်များအဖြစ်လည်း ခံယူထားကြသည်။ ရဲဘော်/ရဲမေ အချင်းချင်း အပြန်အလှန်ဖေးမရင်း အားပေကြသည်။ သို့သော် ငုပ်လျှိုးကွယ်ပျောက်နေသော အိမ်လွမ်းစိတ်က ရိုးရာယဉ်ကျေးမှုပွဲများ ကျင်းပ သောအခါ ပေါ်ထွက်လာတတ်သည်။ သည်တစ်ကြိမ် အိမ်လွမ်းစိတ် အလွန်ပင်ပြင်းထန်သည်။

          သင်္ကြန်အကြိုနေ့ မတိုင်မီညတွင် နံသာသွေးပွဲကို ကျင်းပကြသည်။ စက်ရုံ၊ အလုပ်ရုံများမှ လာရောက် ကြသော အမျိုးသမီးငယ်များက အုပ်စုခွဲကာ ဝင်ရောက်ယှဉ်ပြိုင်ကြသည်။ သို့သော် အမျိုးသားများကလည်း ဝင် ရောက်ကူညီကြသည်။ လွန်စွာချစ်ဖွယ်ကောင်းသော ယဉ်ကျေးမှုဓလေ့ပင်ဖြစ်သည်။ အကြိုနေ့အရောက်တွင် ကျွန်တော်သည် ဘုရားရေသပ္ပါယ်မည့် ဘုန်းကြီးကျောင်းသို့  နံနက်စောစောကတည်းက သွားရောက်ပြီး စီစဉ်စ ရာရှိသည်များကို ကြိုတင်စီစဉ်နေသည်။ နံနက် ရှစ်နာရီခန့်အရောက်တွင် ရခိုင်အမျိုးသမီးငယ်များက ရိုးရာဝတ် စုံများကိုဝတ်ဆင်ကာ နံသာရည်အိုးကိုယ်စီကိုရွက်ပြီး ကျောင်းဝင်းထဲသို့စီတန်း၍ ဝင်လာကြသည်ကို မြင်လိုက် သည်နှင့်တပြိုင်နက် ရင်တွင်း၌လှိုက်ကနဲ ခံစားလိုက်ရသည်။ တဖန် အနောက်ကလူငယ်များက ရခိုင်မင်္ဂလာ စည်တော်ကို တီး၍ဝင်လာသောအခါတွင်ကား ဝမ်းသာဝမ်းနည်းခံစားချက်ရောထွေးပြီး မျက်ရည်ပင်ကျမိသည် အထိဖြစ်သည်။ သို့နှင့် အချိန်မီစိတ်ကိုထိန်း၍ အားတင်းလိုက်ရသည်။ သို့သော်ငြားလည်း သင်္ကြန်အပြီးတွင် အခန်းတံခါးပိတ်ပြီး ဝအောင်ငိုပစ်လိုက်သည်။ မိသားစု၊ဆွေမျိုးများနှင့်အဝေးမှာ ဘဝကိုရုန်းကန်နေရသူများ၊ နိုင်ငံရေးအတွက် ပေးဆပ်နေကြရသော လူငယ်မောင်မယ်များကိုလည်း အထူးလေးစားမိပါသည်။

          ကျွန်တော့်ဘဝသည်လည်း မဲဆောက်မြို့ AASYC ရုံးတွင် သုံးနှစ်ဖြတ်သန်းခဲ့သောကာလသည် နှစ်ပေါင်းသုံးဆယ်စာမျှ ဘဝအသိကိုရခဲ့သည်ဟု ဆိုနိုင်ပေသည်။ အဆိုပါ အိမ်လွမ်းစိတ်ကြောင့်ပင်လျှင် မြန်မာ နိုင်ငံတွင်းသို့ ပြန်လည်ဝင်ရောက်ပြီး UG လုပ်ငန်းများကိုလုပ်ကိုင်ရန် လက်ခံခဲ့ခြင်းဖြစ်သည်။ AASYC နှင့် ကျွန် တော်သည် ဤမျှသာ ရေစက်ပါခဲ့လေသလား မဆိုနိုင်ပေ။ မကြာမီ ဖမ်းဆီးခံရပြီး ထောင်ကျကာ ကျွန်တော် လည်း AASYC နှင့် ဝေးခဲ့ရပေသည်။

                                  တစ်ချိန်က AASYC မှ ရဲဘော်၊ ရဲမေများအား လွမ်းဆွတ်သတိရလျှက်

                                                                                  ရမ္မာကျော်စိုး(ခေတ္တ စစ်တွေ)