ရေဘေးကြောင့် သောကတွေ ကျန်ခဲ့ရတဲ့ ရခိုင်က လယ်သမားတွေ

စပါးစိုက်ခင်းတွေ ပျက်စီးသွားတဲ့အတွက် လက်ရှိ လယ်သမားတွေမှာ အခက်အခဲအမျိုးမျိုးနဲ့ ရင်ဆိုင်နေကြရပါတယ်။ တချို့လယ်သမားတွေမှာ လယ်ထွန်စက် အခက်ခဲ၊ မျိုးစပါး အခက်အခဲ၊ စပါးစိုက်ပျိုးဖို့အတွက် အလုပ်သမား အခက်အခဲတွေနဲ့ပါ ရင်ဆိုင်နေကြရပါတယ်။

By Admin 02 Sep 2023

ရေဘေးကြောင့် သောကတွေ ကျန်ခဲ့ရတဲ့ ရခိုင်က လယ်သမားတွေ

စစ်တွေ-ရန်ကုန် ကားလမ်းမဘေးက ကျောက်တော်မြို့အလွန် ညောင်ချောင်းရွာပတ်လည်ကို လှမ်းကြည့်လိုက်ရင် တောင်တန်းတွေရဲ့ နောက်ခံနဲ့ ရေပြင်ကြီးက ဟီးထနေပါတယ်။ ရုတ်တရက်ကြည့်ရင် တောင်တန်းတွေနောက်ခံနဲ့ စီးဆင်းနေတဲ့ မြစ်အလားပေါ့။ ဒါပေမယ့် မဟုတ်ပါဘူး။

ရခိုင်ပြည်နယ်အတွင်း ပြီးခဲ့တဲ့ သြဂုတ်လဆန်းပိုင်းက ဖြစ်ပွားခဲ့တဲ့ ရေကြီးမှုကြောင့် စပါးခင်းတွေ နစ်မြုပ်နေတဲ့ ရေပြင်ကြီးပါ။ လယ်ကွင်းတွေမှာ ရေက ငါးပေအမြင့်အထိ နစ်မြုပ်နေကြပြီး စပါးပင်ထိပ်ဖျားတွေဟာ မြုပ်ချည်ပေါ်ချည် ယိမ်းထိုးနေကြတယ်။

ညောင်ချောင်းကျေးရွာက လယ်သမား ဦးမောင်ဝင်းကြည်က “လယ်တွေကတော့ ရေတက်တဲ့နေရာတွေမှာ အကုန်လုံး မြုပ်တာပါပဲ။ ဦးလေးမှာက လယ် ၇ ဧကလောက်ရှိတယ်” လို့  ဩဂုတ် ၈ ရက်နေ့မှာ သူ့စပါးခင်းတွေ ရေနစ်နေပုံကို ပြောပါတယ်။

ဩဂုတ်လ ပထမပတ်က မိုးအဆက်မပြတ်ရွာသွန်းပြီး ရေကြီးရေလျှံမှုဒဏ်ကို ခံစားရတဲ့ ကျေးရွာတွေထဲမှာ ညောင်ချောင်းကျေးရွာလည်း အပါအဝင်ဖြစ်ပါတယ်။

ဩဂုတ်လ ၇ ရက်နေ့နဲ့ ၈ ရက်နေ့တွေမှာ ကျောက်တော်မြို့နယ်အတွင်း ရေကြီးရေလျှံမှု အခြေအနေတွေနဲ့ ပတ်သက်ပြီး ဒေသခံတွေ စိုးရိမ်ခဲ့ကြပါတယ်။ စစ်တွေကနေ ကားနဲ့သွားရတဲ့ ခရီးမှာ ရန်ကုန်-စစ်တွေ ကားလမ်းတလျှောက် ကျောက်တော်မြို့နယ်၊ ကုလားတန်မြစ်ကမ်းအနီး ကျေးရွာတွေက လယ်ကွင်းတွေဟာ ရေနစ်မြုပ်ခဲ့ပါတယ်။

လယ်ဧကသောင်းချီ ပျက်စီး

ကျောက်တော်မြို့နယ်မှာ ရေကြီးရေလျှံမှုကြောင့် မိုးစပါးစိုက်ပျိုးဧကပေါင်း ၁ သောင်း ၅ ထောင်ခန့် ပျက်စီးသွားပြီး ကုလားတန်မြစ်နဲ့ သူရဲ့မြစ်လက်တက် ချောင်းငယ်တွေအနီးက ကျေးရွာပေါင်း ၂၀ လောက်ဟာ ရေနစ်မြုပ်မှုနဲ့ ကြုံခဲ့ရပါတယ်။

“ရေပြန်ကျပြီး လယ်ကွင်းတွေကို သွားကြည့်တဲ့အခါ စပါးပင်တွေက နေပူဒဏ်ကြောင့် ပျက်စီးနေတာမြင်တော့ စိတ်မကောင်းဖြစ်မိသလို အရမ်းလည်း ခံစားရပါတယ်။ သဘာဝဘေးနဲ့ ဆုံးရှုံးသွားလို့ ကိုယ်မှန်းထားတဲ့ အခြေအနေ မဟုတ်တဲ့အခါ စိတ်ပျက်မိသွားတယ်” လို့ ညောင်ချောင်းကျေးရွာက လယ်သမား ဦးသိန်းလှက လယ်ကွင်းတွေကိုကြည့်ရင်း ညည်းတွားတယ်။

အသက် ၄၀ ကျော်အရွယ် ဦးသိန်းလှဟာ ၁၉ နှစ်အရွယ်ကနေ လယ်လုပ်ငန်းကို လုပ်ကိုင်လာတာဖြစ်ပြီး လက်ရှိမှာတော့ လယ် ၁၂ ဧကလောက်ကို မိသားစုစားဝတ်နေရေးအတွက် ဦးစီးပြီး လုပ်ကိုင်နေရသူဖြစ်ပါတယ်။

ဦးသိန်းလှတို့နေတဲ့ ကျောက်တော်မြို့နယ်၊ ညောင်ချောင်းကျေးရွာဟာ သရီချောင်းအနီးမှာတည်ရှိပြီး အဲဒီရွာဟာ လယ်လုပ်ငန်းကို အဓိကထားလုပ်ကိုင်တဲ့ ရွာဖြစ်သလို လယ်သမား (၁၇၅)ဦးနဲ့ လယ်ဧကပေါင်း ၈၀၀ ကျော် ရှိပါတယ်။ ရေဘေးကြောင့် လယ်ဧက ၄၀၀ ကျော် ပျက်စီးသွားပြီး ပြန်လည်ထူထောင်စိုက်ပျိုးဖို့အတွက် အခက်တွေ့နေကြတယ်လို့ ဦးသိန်းလှက ပြောပါတယ်။

ကျောက်တော်မြို့နယ်၊ ပီချောင်းအထက်ပိုင်းမှာရှိတဲ့ ပြိုင်းချောင်းကျေးရွာမှာလည်း လယ်ဧကပေါင်း ၁ ထောင်ကျော် ပျက်စီးခဲ့ရတဲ့အတွက် လယ်သမားတွေမှာ လယ်ယာလုပ်ငန်း ဆက်လုပ်ရမယ့် အခြေအနေကို စဉ်းစားရင်း လမ်းပျောက်နေကြပါတယ်။

ဩဂုတ်လဆန်းပိုင်းက ဖြစ်ခဲ့တဲ့ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရခိုင်ပြည်နယ်အတွင်းက လယ်ဧက အများစုရှိတဲ့ မင်းပြား၊ မြောက်ဦးနှင့် ကျောက်တော် စသည့်မြို့နယ်အပါအဝင် မြို့နယ် ၅ ခုလောက်မှာ ကျေးရွာတွေ ရေနစ်မြုပ်မှုနဲ့ ကြုံခဲ့ရချိန် လယ်ကွင်းတွေလည်း ရေနစ်မြုပ်ခဲ့တာပါ။

ဒါ့အပြင် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ပုဏ္ဏားကျွန်း စတဲ့မြို့နယ်တွေလည်း ရေနစ်မြုပ်တဲ့ မြို့နယ်တွေ ဖြစ်ပါတယ်။ လယ်စိုက်ဧကပေါင်း ၇၀,၆၆၃  ရှိတဲ့ မင်းပြားမြို့နယ် လေးမြို့မြစ်ရေတက်ပြီး ရေကြီးရေလျှံမှုကြောင့် စပါးစိုက်ပျိုးဧက ၂ သောင်းလောက် ပျက်စီးဆုံးရှုံးသွားပါတယ်။

ပြန်စိုက်ဖို့အတွက် အခက်တွေ့နေ

စပါးစိုက်ခင်းတွေ ပျက်စီးသွားတဲ့အတွက် လက်ရှိ လယ်သမားတွေမှာ အခက်အခဲအမျိုးမျိုးနဲ့ ရင်ဆိုင်နေကြ ရပါတယ်။ တချို့လယ်သမားတွေမှာ လယ်ထွန်စက် အခက်ခဲ၊ မျိုးစပါး အခက်အခဲ၊ စပါးစိုက်ပျိုးဖို့အတွက် အလုပ်သမား အခက်အခဲတွေနဲ့ပါ ရင်ဆိုင်နေကြရပါတယ်။

ကျောက်တော်မြို့နယ်၊ ပြိုင်းချောင်းကျေးရွာက လယ်သမား ဦးဝင်းဖေက “စပါးပင်တွေက ပုတ်ပြီး ပျက်စီးသွားတယ်။ အခု မိုးကလည်း မရွာ၊ မျိုးစပါးလည်း ရှာလို့မရဘူး။ ပိုက်ဆံပေးပြီး ဝယ်လို့မရတဲ့ အနေအထားဖြစ်နေပြီ။ နောက်ပြီး အိမ်မှာ ဝမ်းရေးအတွက် သိုလှောင်ထားတဲ့ စပါးတွေကို ကြဲတယ်။ ဒါပေမယ့် စပါးပင်ပေါက်တာက တဝက်၊ မပေါက်တာက တဝက်ရှိတယ်။ ကျနော်တို့ လယ်သမားတွေမှာ ဘာဆက်လုပ်ရမလဲ မသိတော့ဘူး” လို့ လက်ရှိကြုံနေရတဲ့ အခက်အခဲကို စိတ်ပျက်နေတဲ့ လေသံနဲ့ ပြောနေပါတယ်။

ဒါ့အပြင် လယ်လုပ်ဖို့အတွက် အလုပ်သမားခက တစ်ရက်တစ်သောင်းအထိ တက်လာတဲ့အပြင် လုပ်တဲ့သူတွေလည်း ရှားလာတဲ့အတွက် အလုပ်သမား ရှာရတဲ့အခက်အခဲတွေလည်း ကြုံနေရတယ်လို့ သူကဆက်ပြောတယ်။

“ကျနော့်မှာတော့ ၄ ဧကလောက် ပျက်စီးသွားပါတယ်။ ပျက်စီးတဲ့ လယ်တွေကို ပြန်ထွန်ယက်ရတဲ့အခါ ကျနော်တို့မှာ ထွန်စက်တွေ အခက်အခဲရှိတယ်။ နောက်တစ်ခုက မျိုးစပါးအခက်အခဲရှိတယ်။ လယ်သမားအချင်းချင်း ကျန်ခဲ့တဲ့ မျိုးစပါးတွေကိုကြဲတယ်။ ဒါပေမယ့် မျိုးစပါးက မအောင်ဘူး။ မအောင်တဲ့အခါ နောက်ထပ်တစ်ကြိမ် ထပ်ကြဲရနဲ့ အဲဒီလို အခက်အခဲကြုံနေရတယ်” လို့ ဦးဝင်းဖေက ပြောပါတယ်။

လယ်ယာလုပ်ငန်း တစ်ခုတည်းအပေါ်မှာသာ အဓိကအားထားတဲ့ ဦးသိန်းလှကတော့ အခုပျက်ဆီးဆုံးရှုံးမှုက သူ့အတွက် ထိခိုက်မှုအရမ်းများတယ်လို့ပြောတယ်။

“ကျနော်တို့မှာ ထိခိုက်မှုတွေက အရမ်းများပါတယ်။ ဒီလယ်လုပ်ငန်းအပေါ်မှာပဲ ငွေကြေးအားဖြင့် အရင်းပြုထားတာက အရမ်းများပါတယ်။ အခုဆိုရင် မြေဆီမြေဩဇာဈေးကတမျိုး၊ ပိုးသတ်ဆေးတွေ ဈေးကြီးတာကတမျိုး ဆိုတဲ့အခါ အဲဒါတွေကို အရင်းစိုက်ထားရတော့ မှန်းထားသလိုမျိုး ဖြစ်မလာပဲ ဆုံးရှုံးသွားတဲ့အခါ အခက်အခဲဖြစ်သွားတယ်” 

ရေဘေးမကျရောက်မီ အချိန်ထိ လယ်လုပ်ငန်းအတွက် ငွေကျပ်သိန်း ၃၀  ကျော်ထိ ကုန်ကျထားပြီး ရေဘေးကြောင့် စပါးစိုက်ခင်းတွေ ပျက်စီးသွားချိန်မှာတော့ ငွေကျပ် သိန်း ၅၀ နီးပါးအထိ ကုန်ကျသွားနိုင်တယ်လို့ ခန့်မှန်းထားတယ်လို့ ဦးသိန်းလှကကဆိုတယ်။

ဒီလိုမျိုး စပါးစိုက်ခင်းတွေ ပျက်စီးသွားတဲ့အခါ လယ်သမားတွေမှာ သွင်းအားစုစရိတ်ကြီးမားပြီး စပါးအထွက်နှုန်း လျော့နည်းလာမယ့် အခြေအနေတွေအပေါ် စိုးရိမ်မှု ကိုယ်စီရှိနေသလို မိသားစုစားဝတ်နေရေးနဲ့ပတ်သက်လို့ ထိခိုက်မှုတွေ ရှိလာမှာကိုလည်း တွေးပူနေရတယ်လို့ လယ်သမားတွေက ပြောပါတယ်။

မျိုးစပါးပြဿနာ

ဆုံးရှုံးသွားတဲ့ စပါးစိုက်ခင်းတွေကို ပြန်စိုက်ပျိုးနိုင်ဖို့အတွက် သူတို့မှာ မျိုးစပါးနဲ့ ပျိုးပင်တွေ လိုအပ်နေတယ်လို့ လယ်သမားတွေက ပြောပါတယ်။

မိုးစပါး စိုက်ဧက ၇၇၂ ဒသမ ၇၁ ဧကရှိတဲ့ မင်းပြားမြို့နယ်၊ ရွှေကျန်ကျေးရွာမှာလည်း စိုက်ပျိုးလယ်ဧကအားလုံး ရေနစ်မြုပ်ပြီး စိုက်ပျိုးဧက ၃၈၉ ဒသမ ၈၀ ဧက ပျက်စီးသွားတဲ့အတွက် ပြန်လည်စိုက်ပျိုးနိုင်ရေး အခက်ကြုံနေကြတယ်လို့ ဆိုပါတယ်။

ရွှေကျန်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးညိုမောင်သိန်းက “လယ်သမားတွေမှာဆိုရင် စပါးပင်တွေ ပျက်စီးပြီးတော့ စပါးထပ်ကြဲနေရတယ်။ လောလောဆယ်မှာတော့ ကိုယ့်ဆွေမျိုးတွေအချင်းချင်း မျှဝေပြီးတော့ မျိုးစပါး ရသလောက်ကို ကြဲနေကြတယ်။ တချို့လည်း ချေးငှားပြီးတော့ လုပ်ကြရတယ်။ ဒါကြောင့် အဲဒီစပါးတွေက အရင်နှစ်တွေကလို စံချိန်မီမယ်မထင်ဘူး” လို့ လက်ရှိ စပါးစိုက်ပျိုးမှု ပြန်လည်စတင်နေပုံကို ပြောပါတယ်။

ပြန်လည်ပျိုးကြဲထားတဲ့ စပါးပင်တွေ ရှင်သန်နိုင်ဖို့အတွက် ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေးနဲ့ ပေါင်းသတ်ဆေးတွေ အဓိကလိုအပ်နေတယ်လို့ လယ်သမားတိုင်းက တောင်းဆိုနေကြတယ်လို့ ဦးညိုမောင်သိန်းက ပြောပါတယ်။

မျိုးစပါးထောက်ပံ့မှုတွေတော့ အခုချိန်ထိ ဘယ်ကမှ ထောက်ပံ့တာ မရှိဘူး။ အစိုးရရော တခြားဘယ်အဖွဲ့ကမှ ထောက်ပံ့တာ မရှိသေးဘူး။ မျိုးစေ့က လိုအပ်ပေမယ့် အချိန်မီမယ် မထင်တော့ဘူး။ နောက်ကျမှ ကြဲရတဲ့စပါးတွေက ပိုးကျလာနိုင်တဲ့အတွက် ဓာတ်မြေဩဇာတွေ၊ ပိုးသတ်ဆေးတွေ လိုအပ်နေတယ်။

ပျက်ဆီးသွားတဲ့ လယ်တွေအားလုံးဖျက်ပြီး ထွန်နေရပေမယ့် စပါးပင်တွေ ရှင်, မရှင်ကိုတော့ ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်နေရတယ်လို့ ဦးဝင်းဖေက ပြောတယ်။

"ကျနော့်မှာဆိုရင် လယ် ၁၀ ဧကလောက်ကို ပြန်ပြီးထွန်နေရတယ်။ စပါးပင်တွေက ပထမဆုံး ရှင်, မရှင် စောင့်ကြည့်တယ်။ နေပူလာတာနဲ့ အကုန်လုံး ပျော်ကျသွားတယ်။ အစိုးရကလည်း မျိုးစပါးတွေလည်း ထောက်ပံ့တာ မရှိသေးဘူး။ နောက်နှစ်မှာ မိသားစုစားဝတ်နေရေး ဘယ်လိုဖြေရှင်းရမလဲ မသိတော့ဘူး။ စဉ်းစားရင်းနဲ့ စိတ်တွေက မွန်းကြပ်နေတယ်”

အနာဂတ်က ဘာဆက်ဖြစ်မလဲ

ရခိုင်ပြည်ဟာ ပင်လယ်ကမ်းရိုးတန်းဒေသ ဖြစ်သလို မိုးများပြီး မုတ်သုံရာသီဥတုမျိုး ရှိပါတယ်။ ရခိုင်ပြည်ဟာ မိုးများဒေသ ဖြစ်ပေမယ့် ၂၀၁၉ ခုနှစ်နောက်ပိုင်း နှစ်တွေမှာတော့ မိုးခေါင်မှုနဲ့ ကြုံရပါတယ်။

ဒါ့အပြင် ဘင်္ဂလားပင်လယ်အောက်အတွင်း မိုးဦးနဲ့ မိုးနှောင်းကာလတွေမှာ မုန်တိုင်းဖြစ်ပေါ်လေ့ရှိပြီး မိုးများတဲ့ နှစ်တွေမှာ ရေကြီး၊ ရေလျှံမှုဒဏ်ကိုလည်း ခံစားကြရပါတယ်။ ရေကြီးရေလျှံမှုဒဏ်ကို ရေချိုမြစ်တွေဖြစ်တဲ့ ကုလားတန်မြစ်နဲ့ လေးမြို့မြစ် ဖြတ်သန်းစီးဆင်းရာ မြို့နယ်တွေမှာ ခံကြရပြီး လယ်ကွင်းတွေနဲ့ လူနေရပ်ရွာတွေ နစ်မြှုပ်တဲ့အထိ သက်ရောက်မှုရှိပါတယ်။

ရခိုင်ပြည်မှာ မိုးစပါးဧကပေါင်း ၁၀ သိန်း ၄ သောင်း ၂ ထောင်ရှိပြီး ၁၀ စုနှစ်တစ်ခုအတွင်း မိုးစပါးစိုက်ပျိုးဧကမှာ တဖြည်းဖြည်း လျော့နည်းလာတာကြောင့် လက်ရှိမှာ ၇ သိန်းခွဲ ဝန်းကျင်ရှိတယ်လို့ ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂရဲ့ စာရင်းမှာ ပြထားပါတယ်။

ရေနစ်မြုပ်မှုကြောင့် မိုးစပါးစိုက်ပျိုး လယ်ဧကပေါင်း ၇ သောင်းဝန်းကျင်လောက် ပျက်စီးသွားပါတယ်။ အဲဒီ ပျက်စီးသွားတဲ့ မိုးစပါးဧကတွေကို ပြန်လည်စိုက်ပျိုးနိုင်ဖို့ စစ်ကောင်စီအပြင် ဘက်ပေါင်းစုံက ဖေးကူဖို့လိုတယ်လို့ ရခိုင်ပြည်လုံးဆိုင်ရာ၊ တောင်သူလယ်သမားများသမဂ္ဂ ဥက္ကဌ ဦးကျော်ဇံက ပြောပါတယ်။

“အဓိကတော့ တောင်သူလယ်သမားတွေ အနေနဲ့ မိမိတို့အခွင့်အရေးအတွက် ဘယ်လိုစုစည်းရမလဲဆိုတာက အရေးကြီးပါတယ်။ လက်ရှိကာလမှာ တောင်သူလယ်သမားတွေက စနစ်တကျ စုဖွဲ့မှုအင်အားက လျော့ကျလာပါတယ်။ နောက်ပြီး လယ်လုပ်ငန်းကို အကြီးအကျယ်လုပ်တဲ့ တောင်သူကြီးတွေ အနေနဲ့လည်း တောင်သူငယ်တွေအပေါ်မှာ အပြန်အလှန် ပူးပေါင်းနိုင်တဲ့သဘောနဲ့ လက်တွဲဆွဲခေါ်သင့်တယ်”

လက်ရှိမှာ ရခိုင်ပြည်ရဲ့ တောင်သူလယ်သမားတွေရဲ့ အခြေအနေဟာ နာလန်ထူဖို့ခက်ခဲနေပြီး အကျဘက်ကို ဦးတည်နေတဲ့အတွက် စစ်ကောင်စီအနေနဲ့ အခြေခံစားသုံးမှုကို အကောင်အထည်ဖော်ပေးနေတဲ့ တောင်သူလယ်သမားတွေကို ထိရောက်တဲ့ကူညီမှုတွေ ပေးဖို့လိုအပ်ကြောင်း တောင်သူလယ်သမားသမဂ္ဂက ဆိုပါတယ်။

“အစိုးရနဲ့ တောင်သူကြားမှာဆိုရင် အစိုးရက တောင်သူလယ်သမားတွေမှာ ဘာတွေဆုံးရှုံးနေလဲ၊ ဘယ်အခြေအနေ ရောက်နေလဲဆိုတာကို စနစ်တကျ လေ့လာသုံးသပ်ပြီးတော့ အစိုးရတရပ်ပီပီ ပြုပြင်ပြောင်းလဲမှုတွေ၊ အထောက်အပံ့ပေးမှုတွေကို စေတနာရှိရှိနဲ့ စနစ်တကျ ပြင်ဆင်သင့်တယ်လို့မြင်တယ်” ဟု ဦးကျော်ဇံက ပြောပါတယ်။

ရခိုင်ပြည်မှာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်က မိုးစပါးဧက ၉  သိန်းလောက် စိုက်ပျိုးနိုင်ခဲ့ပြီး ရာသီဥတုဖောက်ပြန်ပြီး မိုးခေါင်မှု၊ မုန်တိုင်းတိုက်ခတ်ခဲ့မှုတွေကြောင့် မိုးစပါးဧကပေါင်း သိန်းနဲ့ချီ ပျက်စီးခဲ့ရပါတယ်။

၂၀၂၂ ခုနှစ်က ရခိုင်ပြည်ရဲ့ စပါးအထွက်နှုန်းအနေနဲ့ လယ်ဧကပေါင်း ၉ သိန်းလောက် စိုက်ပျိုးခဲ့ရာမှာ စပါးတင်း သိန်း ၅၀၀ ကျော်အထိ ထွက်ရှိကြောင်း ရခိုင်ပြည်နယ်၊ တောင်သူလယ်သမားသမဂ္ဂရဲ့ စာရင်းတွေအရ သိရပါတယ်။

လက်ရှိမှာ ရခိုင်ပြည်အတွင်း မိုးစပါးစိုက်ပျိုးဧကပေါင်း ၇ သိန်း ၅ သောင်း ဝန်းကျင်သာရှိရာကနေ ဩဂုတ်လ ပထမပတ်အတွင်း ရေဘေးကြောင့် မြို့နယ် ၃ ခုမှာ လယ်ဧက ၇ သောင်းဝန်းကျင် ပျက်စီးသွားခဲ့တာကြောင့် ဒီနှစ် စပါးအထွက်နှုန်း ကျဆင်းမယ်လို့ လယ်လုပ်ငန်းရှင်တွေက ပြောဆိုထားပါတယ်။

လက်ရှိ ၂၀၂၃ ခုနှစ်မှာ ရခိုင်ပြည်သူတွေဟာ စစ်အာဏာသိမ်းမှု နောက်ဆက်တွဲ ကုန်ဈေးနှုန်းအဆမတန် မြင့်တက်မှုဒဏ်ကို အလူးအလဲ ခံစားနေကြရချိန် ပြီးခဲ့တဲ့ မေလ ၁၄ ရက်နေ့က “မိုခါ” ဆိုင်ကလုန်းမုန်တိုင်း ဒဏ်ကိုလည်း အပြင်းအထန်ခံစားနေရပြီး တခါ လယ်သမားတွေက ရေဘေးဒဏ်ကိုပါ ထပ်ပြီး ခံစားနေကြရတာပါ။

လယ်သမားတွေဟာ လယ်ယာလုပ်ငန်းကိုသာ အဓိကမှီခိုအားထားနေရပြီး မိသားစုစားဝတ်နေရေးနဲ့ အထွေထွေ အသုံးစရိတ်တွေကို ဖြေရှင်းနေရတဲ့အတွက် လယ်သမားတွေကို စပါးစိုက်ပျိုးရေးမှာ ၇၅ ရာခိုင်နှုန်းခန့် နာလန်ပြန်ထူနိုင်အောင် မြေဆီ၊ မြေဩဇာတွေ စေတနာနဲ့ ကူညီထောက်ပံ့မှုတွေရရှိရေး လယ်သမား ဦးဝင်းဖေက တောင်းဆိုပါတယ်။

ထက်အောင် - ရေးသည်။ 

ဗီဒီယိုများ