ရခိုင်ဒေသ၏ ပထဝီနိုင်ငံရေးအခြေအနေများကို လေ့လာဆန်းစစ်ခြင်း အပိုင်း (၁)

မြန်မာနိုင်ငံ၏ အထူးစီးပွားရေးဇုံဥပဒေအရ “နိုင်ငံတော်အစိုးရသည် တိုင်းပြည်၏ မည်သည့်အစိတ်အပိုင်းကိုမဆို အထူးစီးပွားရေးဇုံအဖြစ် သတ်မှတ်နိုင်သည်” ဟူ၍ ဖော်ပြပါရှိရာ ရခိုင်ပြည်သားများက သဘောမတူသော်လည်း နိုင်ငံတော်အစိုးရနှင့် အကောင်အထည်ဖော်မည့် ကုမ္ပဏီတို့ နှစ်ဉီးနှစ်ဖက်သဘောမျှကြလျင် စာချုပ်ချုပ်ဆိုအကောင်အထည်ဖော်နိုင်သည့် အနေအထားတွင်ရှိနေသည်။

By ဇော်ထွန်း (မြောက်ဦး) 14 Oct 2021

DMG ၊ အောက်တိုဘာ ၁၄

(Review/ဆောင်းပါး)

“တော်လှန်ရေးအကြောင်းပြောလျင် နိုင်ငံရေးအကြောင်းကို ချန်လှပ်ထား၍မရသကဲ့သို့ပင် နိုင်ငံရေးဟုဆိုလျင်လည်း ပထဝီနိုင်ငံရေးပါမှ ပြည့်စုံနိုင်မည်ဖြစ်သည်။” ဆွီဒင်နိုင်ငံသား ပထဝီပညာရှင် ရှီလင် (Shelin) စတင်သုံးစွဲခဲ့သော ဤဝေါဟာရသည် ယနေ့ခေတ်နိုင်ငံရေးလောကတွင် အလွန်တွင်ကျယ်၍ အရေးပါလာသည်ကို တွေ့ရသည်။ နိုင်ငံရေးကို ပထဝီဆိုင်ရာအချက်အလက်များအား အသုံးပြု၍လေ့လာခြင်းသည် ပထဝီနိုင်ငံရေးဖြစ်သည်။ နိုင်ငံ တစ်ခု၏ ပထဝီဆိုင်ရာအချက်အလက်များသည် ထိုနိုင်ငံ၏ ကောင်းခြင်း၊ဆိုးခြင်းကံကြမ္မာပေါ်တွင် များစွာ လွှမ်းမိုး မှုရှိသည်။

ရေထု၊မြေထု၊လေထုစသော ပထဝီဆိုင်ရာအချက်အလက်များကိုအသုံးပြု၍ မိမိတို့ဒေသ၏ အကျိုးစီးပွား ဖြစ်ထွန်းအောင်စွမ်းဆောင်နိုင်ခြင်းသည် ပထဝီနိုင်ငံရေး၏ အခြေခံသဘောတရားဖြစ်ပေသည်။ ရှီလင်ကမူ “ပထဝီနိုင်ငံရေးပညာရပ်သည် ရေပုံ၊ မြေပုံတို့ကို နိုင်ငံရေးနှင့်ပေါင်းစပ်၍ လေ့လာခြင်းသည် ပထဝီနိုင်ငံရေးဖြစ်သည်” ဟု ရိုးရှင်းစွာဖွင့်ဆိုခဲ့ပါသည်။

ဒေသတစ်ခု၏ ပထဝီနိုင်ငံရေးကို လေ့လာတော့မည်ဆိုလျင် ထိုဒေသနှင့် သက်ဆိုင်သော ပထဝီဆိုင်ရာ သဘောတရားများကို ဦးစွာလေ့လာကြရပေမည်။ ရခိုင်ဒေသ၏ ပထဝီနိုင်ငံရေးအရ အားသာချက်နှင့်အားနည်းချက်များကို ပထဝီနိုင်ငံရေးသဘောတရားအရ အရေးပါသော ရှုဒေါင့် (၇) ချက်ဖြင့် အကျယ်တစ်ဝင့် ဆန်းစစ်သုံးသပ်ပေးသွားပါမည်။

(၁) အကျယ်အဝန်း (Size)

အကျယ်အဝန်းသည် နိုင်ငံတစ်ခု၏အရှိန်အဝါကို များစွာသက်ရောက်မှုရှိသည်ဟု ဆိုနိုင်သည်။ နယ်နိမိတ်ကျယ်ဝန်းသော နိုင်ငံတိုင်းသည် ဩဇာသက်ရောက်မှုနှင့် အရှိန်အဝါကြီးကြသည်ချည်းသာ ဖြစ်သည်။ ရုရှား၊ တရုတ်၊ အမေရိကန် စသောနိုင်ငံများက ဥပမာဖြစ်သည်။ နိုင်ငံငယ်တိုင်း ဩဇာအာဏာနည်းသည်ဟု မဆိုနိုင်သော်လည်း အရှိန်အဝါနည်းသော နိုင်ငံတိုင်းသည် အရွယ်အစားငယ်ကြသည်ချည်းသာ ဖြစ်သည်။ သို့သော် နိုင်ငံကြီးတိုင်းကောင်းသည် ဟူ၍ကား ဆိုလိုခြင်းမဟုတ်ပေ။ နိုင်ငံနယ်နိမိတ်ကြီးလျှင်ကြီးသလောက် စစ်ရေးအင်အားလည်း ကြီးရန်လိုလာသဖြင့် စစ်အသုံးစရိတ်တွင် များစွာကုန်ကျနိုင်သည်။ နိုင်ငံတွင်းတွင် မတည်ငြိမ်မှုများသာ ရှိနေပါက နယ်စပ်ကိုမထိန်းသိမ်းနိုင်ခြင်း၊ အချုပ်အခြာအာဏာကို ထိပါးခံရခြင်းစသော ဆိုးကျိုးများလည်း ရှိတတ်ပေသည်။

ရခိုင်ဒေသသည်လည်း ကွန်ဖက်ဒရိတ်ပြည်နယ်အဖြစ်ရှိသည်ဖြစ်စေ၊ နိုင်ငံသစ်တစ်ခုဖြစ်လာသည်ဖြစ်စေ မိမိတို့၏ အကျိုးစီးပွားကို ဖော်ဆောင်ရာ၌ နယ်နိမိတ်၏အရေးပါပုံကို ထည့်သွင်းစဉ်းစားကြရမည်ပင် ဖြစ်သည်။ ရခိုင်ဒေသ၏ နယ်နိမိတ်အကြောင်းပြောဆိုရာတွင် ရိုးမတောင်တန်းကြီးနှင့် ဘင်္ဂလားပင်လယ်ကြားက ရှည်မျောမျော ကုန်းမြေတစ်ခုတည်းကို ထည့်သွင်းတွက်ချက်ရုံဖြင့် ပြီးသည်မဟုတ်ပေ။ ရခိုင်ပိုင်နက်အမှန်သည် ပထမ အင်္ဂလိပ်-မြန်မာ စစ်ပွဲအပြီး ရန္တပိုစာချုပ်အရ မြန်မာဘုရင်ထံမှ ဗြိတိသျှအစိုးရထံသို့ ပေးလိုက်ရသော နယ်မြေဖြစ်သည်။

ထိုအထဲတွင် နတ်မြစ်ဝမှစတင်ကာ မော်တင်စွန်းအငူ လက်ရှိဧရာဝတီတိုင်းရှိ ဟိုင်းကြီးဒေသအထိလည်းကောင်း၊ လက်ရှိချင်းပြည်နယ်အတွင်းရှိ ပလက်ဝဒေသသည်လည်းကောင်း အကျုံးဝင်ပေသည်။

ဆိုလိုသည်မှာ ရခိုင်ပိုင်နက်နယ်မြေသည် ရန္တပိုစာချုပ်အရ သတ်မှတ်ထားသော အကျယ်အဝန်းဖြစ်သည် ဟုဆိုမှသာ ပြည့်စုံနိုင်မည်ဖြစ်ပေသည်။ ဤကမ်းရိုးတန်းဒေသမှ ပင်လယ်ဖက်သို့ နိုင်ငံတကာရေလမ်းကြောင်းအထိသာ တိုင်းတာဖော်ပြမည်ဆိုပါက ရခိုင်ပိုင်နက်ကို အရွယ်အစားငယ်သည်ဟူ၍ မပြောနိုင်တော့ပေ။ ရခိုင်ရေပြင်ပိုင်နက်သည် လက်ရှိရခိုင်ကုန်းမြေဒေသ၏ နှစ်ဆမကကျယ်ဝန်းနေသေးသည်ဖြစ်ရာ အိမ်နီးချင်းဖြစ်သော ဘင်္ဂလားဒေ့ရှ်တမျှ ကျယ်ဝန်းသည်ဟု ဆိုရမည်ဖြစ်ပေသည်။ ရန္တပိုစာချုပ်အရရှိနေသော ကုန်းမြေဧရိယာ၊ ရေပြင်ဧရိယာနှစ်ခုပေါင်းမှသာ စစ်မှန်ပြည့်စုံသော ပိုင်နက်နယ်မြေဖြစ်မည်ဟု နားလည်ရမည်ဖြစ်ပေသည်။ ရခိုင်ဒေသကဲ့သို့ သဘာဝသယံဇာတ ပေါကြွယ်ဝသော ဒေသအတွက် တစ်လက်မတိုင်းသည် အဖိုးတန်ရတနာဖြစ်ပေသည်။

ဤပိုင်နက်နယ်မြေကို ပြန်လည်ရရှိပိုင်ဆိုင်ရေး၊ နယ်မြေစိုးမိုးမှုရရှိရေး၊ နယ်မြေလုံခြုံမှုရရှိရေးသည် ရခိုင့်တော်လှန်ရေးနှင့် နိုင်ငံရေးလှုပ်ရှားမှုများ၏ ဦးစားပေး လုပ်ငန်းတာဝန်များ ဖြစ်ပေလိမ့်မည်။

ထိုသို့ကြိုးစားရယူရာတွင် လက်နက်ဖြင့် ပြန်လည်တိုက်ခိုက် သိမ်းယူစိုးမိုးသည့်နည်းထက် သမိုင်းအထောက်အထားများအပေါ် အခြေခံ၍ ညှိနှိုင်းတောင်းယူဖြေရှင်းခြင်း၊ ငြိမ်းချမ်းစွာ အတူတကွယှဉ်တွဲနေထိုင်ရေး သဘောတရားကိုအခြေခံ၍ စည်းရုံးလှုံ့ဆော်ခြင်းနည်းများဖြင့် ကြိုးစားနိုင်ခြင်းက ရေရှည်အကျိုးစီးပွားကို ဦးတည်နိုင်မည်ဖြစ်ပေသည်။ အဓိကအားဖြင့် နယ်စပ်တည်ငြိမ်ရေးကို ရရှိစေနိုင်သည့် နည်းလမ်းများဖြင့် ဦးတည်ကြိုးစားနိုင်လျင် အကောင်းဆုံးဖြစ်မည်ဟု ဆိုလိုခြင်းဖြစ်သည်။

သို့သော်လည်း မြန်မာ့နိုင်ငံရေး သမိုင်းသင်ခန်းစာများအရ နှလုံးရည်ရော လက်ရုံးရည်ပါ ကောင်းနေပါမှ လိုအပ်သောအဖြေကို ရနိုင်သည်ဖြစ်ပေရာ လာမည့်အနာဂတ်ကို စောင့်ကြည့်ကြရမည်သာ ဖြစ်တော့သည်။ မည်သို့ဆိုစေ ရခိုင်ဒေသသည် အိမ်နီးချင်းနိုင်ငံများ အပါအဝင် အဓိကစီးပွားဖက်နိုင်ငံများနှင့် နှိုင်းယှဉ်ပါမူ နယ်နိမိတ်ကျယ်သည်ဟူ၍ ဆိုနိုင်မည်ဖြစ်ပေသည်။ အငယ် (Small)၊ အလယ်အလတ် (Middle)၊ အကြီး (Wide) ဟူ၍ သုံးမျိုးခန့်ခွဲရပါမူ ရခိုင်ဒေသသည် အငယ်စာရင်းထဲတွင် ပါနေမည်ဖြစ်သည်။ သို့သော်လည်း အရှေ့တီမိုး၊ စင်ကာပူ၊ အစ္စရေး၊ ဗာတီကန်စသော နိုင်ငံများနှင့် နှိုင်းယှဉ်မည်ဆိုပါက ရခိုင်နယ်မြေက သုံးလေးဆမက ကျယ်ဝန်းနေသေးပေရာ အလွန်သေးငယ်သော ဒေသဖြစ်သည်ဟူ၍ကား မဆိုနိုင်သည်မှာ အသေအချာပင်ဖြစ်ပါသည်။

(၂) တည်နေရာအနေအထား (Location)

အမျိုးသားအကျိုးစီးပွားကို ဦးတည်၍ နိုင်ငံရေးစနစ်များကို ကြိုက်သလို ပုံဖော်နိုင်သော်လည်း နိုင်ငံ၏တည်နေရာသည်ကား လိုအပ်သလိုပြောင်းရွှေ့၍ ရနိုင်သည် မဟုတ်ပေ။ နိုင်ငံတစ်ခု၏ တည်နေရာအနေအထားသည် ထိုနိုင်ငံ၏ ငြိမ်းချမ်းခြင်း - မတည်ငြိမ်ခြင်း၊ ဆင်းရဲချို့တဲ့ခြင်း - ဖွံဖြိုးတိုးတက်ခြင်းစသော နိုင်ငံရေးကံကြမ္မာအပေါ်တွင် များစွာသက်ရောက်မှုရှိပေသည်။ နိုင်ငံတစ်ခု၏ တည်နေရာအမျိုးအစားကို ကုန်းတွင်းပိတ် (Land Lock) ၊ ကမ်းရိုးတန်းရှိ (Open) နှင့် ကျွန်းနိုင်ငံ (Island) ဟူ၍ သုံးမျိုးခွဲခြားနိုင်ပေရာ ရခိုင်ဒေသသည် ကမ်းရိုးတန်းရှိ (Open) ထဲတွင် ပါဝင်မည်ဖြစ်သည်။ ကုန်းတွင်းပိတ်ဒေသမျိုး မဟုတ်သည့်အတွက် နိုင်ငံခြားရေးမူဝါဒချမှတ်ရာများတွင် အမြဲတမ်း အလျော့ပေးလိုက်လျောသည့်ပုံစံမျိုး၊ မိမိတို့၏ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြားနိုင်ငံကို အလွန်မှီခိုနေရခြင်းမျိုး စသော အတားအဆီးအဆီးများစွာ မရှိနိုင်ပေ။ ရှည်လျားသောကမ်းရိုးတန်းဒေသကို ပိုင်ဆိုင်ထားသော ရခိုင်ဒေသသည် ဆိပ်ကမ်းပေါင်းများစွာ တည်ဆောက်နိုင်သော အားသာချက်ရှိပြီး အင်ဒိုပစိဖိတ်ဒေသတစ်လုံးနှင့်သာမက နိုင်ငံတကာနှင့်ပါ ဆက်သွယ်ဆက်ဆံနိုင်သော မဟာဗျူဟာအားသာချက်များပါ ရှိနေသည်။

ကုလားတန်မြစ်ကိုအသုံးပြု၍ ရခိုင်ကမ်းရိုးတန်း ပင်လယ်ထွက်ပေါက်ကိုသာ စနစ်တကျအသုံးပြုနိုင်မည်ဆိုပါက ကုန်းတွင်းပိတ်ဖြစ်နေသော ချင်းပြည်နယ်ရှိ တချို့မြို့နယ်များနှင့် မစ်ဇူရမ်အစရှိသော အိန္ဒိယအရှေ့မြောက်ဒေသရှိ ကုန်းတွင်းပိတ်ပြည်နယ်များ၏ ဖွံဖြိုးတိုးတက်ရေးကိုပါ အထောက်အကူပြုနိုင်မည်ဖြစ်သည်။ အထူးသဖြင့် ရခိုင်ဒေသနှင့် ချင်းပြည်နယ်တို့၏ အကျိုးတူပူးပေါင်းမှုသာ ရှိခဲ့မည်ဆိုပါက နှစ်ဦးနှစ်ဖက်အကျိုးများကြမည် ဖြစ်ပေသည်။

ထို့အပြင် ရခိုင်ဒေသသည် မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ သုံးနိုင်ငံထိစပ်ရာနေရာတွင် တည်ရှိနေသောကြောင့် တောင်အာရှနှင့် အရှေ့တောင်အာရှတို့ကို ကုန်းလမ်းရေလမ်းတို့ဖြင့် ပေါင်းကူးပေးနိုင်သည့် ဆုံမှတ်နေရာလည်း ဖြစ်နေသည့်အတွက် စီးပွားရေး၊ နိုင်ငံရေးသာမက စစ်ရေးအရပါ မဟာဗျူဟာကျသည့် နေရာလည်း ဖြစ်နေပြန်သည်။ ရခိုင်ဒေသသည် အရွယ်အစားအားဖြင့် အငယ် (Small) ထဲတွင် ပါဝင်နေသော်လည်း   ပထဝီနိုင်ငံရေး သဘောတရားအရ အချက်အချာကျသော အားသာချက်မျိုးရှိနေသည်။ သို့သော် အချက်အချာကျသည်ဆိုတိုင်းလည်း ကောင်းလွန်းသည်ဟူ၍ကား ဆိုနိုင်သည်မဟုတ်ပေ။ မိမိထက်အဆပေါင်းများစွာ အင်အားကြီးသောနိုင်ငံများ၏  အကြားတွင်ရှိနေသည့်အတွက် အမျိုးသားစည်းလုံးညီညွတ်မှု၊ ထိရောက်မှန်ကန်သောခေါင်းဆောင်မှုနှင့် သင့်တင့်သောအင်အားသာ ရှိမနေပါက အမဲဖျက်သလို အဖျက်ခံသွားရနိုင်သည့် အန္တရာယ်လည်းရှိနိုင်သည်။ လောင်းရိပ်မိသွားသော သစ်ပင်ငယ်ပမာ သုံဖျင်းသွားနိုင်သလို အရိပ်ကောင်းကောင်းအောက်တွင် အေးဆေးသက်သာစွာ နေသွားနိုင်သည့် အခြေအနေမျိုးလည်း ဖြစ်သွားနိုင်သည်။ လူထုကိုဦးဆောင်မည့် အစိုးရ၏အရည်အချင်းကသာ အဖြေဖြစ်သွားနိုင်ပါသည်။

(၃) နိုင်ငံ၏ပုံသဏ္ဍာန် (Shape Of the State)

နိုင်ငံ၏ပုံသဏ္ဍာန်ကို အခြေခံအားဖြင့် မြောက်အမေရိကတိုက်ရှိ ချီလီ (Chile) နိုင်ငံကဲ့သို့သော ရှည်မျောမျော ပုံသဏ္ဍာန် (Elongated Shape)၊ ဥရောပတိုက်အလယ်ပိုင်းရှိ ပိုလန် (Poland) နိုင်ငံကဲ့သို့သော အချက်ပြား ပုံသဏ္ဍာန် (Compact Shape)၊ အရှေ့တောင်အာရှရှိ ထိုင်း (Thailand) နိုင်ငံကဲ့သို့သော အစွန်းထွက်များပါသော ပုံသဏ္ဍာန် (Prorupted Shape)၊ အင်ဒိုနီးရှားနှင့် ဖီလစ်ပိုင်ကဲ့သို့သော ကျွန်းပေါင်းများစွာနှင့်ဖွဲ့စည်းထားသည့် အစိတ်အပိုင်းများသည့်ပုံသဏ္ဍာန် (Fragmented Shape) နှင့် မိမိနိုင်ငံထဲတွင် အခြားနိုင်ငံကို ဝိုင်းပတ်ထားသည့် အီတလီနိုင်ငံ ကဲ့သို့ အပေါက်ပါသည့် ပုံသဏ္ဍာန်ဟူ၍ ပုံသဏ္ဍာန်ငါးမျိုးခွဲခြားနိုင်သည်။

ရခိုင်ဒေသသည်ကား ချီလီနှင့် နော်ဝေနိုင်ငံကဲ့သို့သော ရှည်မျောမျောသဏ္ဍာန်ဖြစ်သည်ဟု ဆိုရမည်ဖြစ်ပေသည်။
ရှည်မျောမျောနိုင်ငံများတွင် တစ်နေရာနှင့်တစ်နေရာ အလှမ်းဝေးခြင်း၊ လမ်းပန်းဆက်သွယ်ရေး အားနည်းခြင်း၊ အချင်းချင်းအပြန်အလှန် ပေါင်းကူးဆက်သွယ်မှု အားနည်းခြင်း၊ နယ်စပ်နိုင်ငံများနှင့် စီးပွားရေး၊ ပညာရေးစသော ကူးလူးဆက်သွယ်မှုများခြင်းတို့ကြောင့် အမျိုးသားစည်းလုံးညီညွတ်မှု အားနည်းပြီး နယ်စပ်မတည်ငြိမ်မှုများ ဖြစ်ပေါ်လေ့ရှိတတ်သည်။

တောင်တရုတ်ပင်လယ်ကမ်းစပ်တွင်ရှိသော ရှည်မျောမျောဖြစ်သည့် ဗီယက်နမ်နိုင်ငံတွင် တောင်-မြောက်ခွဲခြားသည့် ပြဿာနာများဖြစ်ပေါ်လေ့ရှိသကဲ့သို့ ကိုရီးယားဆိုလျင် တောင်ကိုးရီးယား နှင့် မြောက်ကိုးရီးယားဟူ၍ နှစ်နိုင်ငံကွဲသွားရသည်ထိတိုင် ဖြစ်ပေါ်ခဲ့ရသည်။

ရခိုင်ဒေသသည်လည်း ရှည်မျောမျောပုံစံဖြစ်နေရာ အမျိုးသားစည်းလုံးညီညွတ်ရေးအပိုင်းတွင် အားနည်းချက်များရှိသည်ဟု ဆိုရမည်ဖြစ်ပေသည်။ ပိုဆိုးသည်က ရခိုင်ပိုင်နက်နယ်မြေများကို အခြားဒေသများသို့ ဖွဲ့စည်းပုံဥပဒေထဲတွင် ရည်ရွယ်ချက်ရှိရှိ ဖဲ့ထုတ်ထိုးထည့်ထားခဲ့ပေရာ ရခိုင်ပြည်သူ အချင်းချင်းကြားတွင်လည်းကောင်း၊ ရခိုင်ပြည်သူနှင့် ဧရာဝတီတိုင်းနှင့်ချင်းပြည်နယ်ရှိ ပြည်သူများအကြားတွင်လည်းကောင်း မယုံကြည်မှုများ  ရှိနိုင်ပေသည်။ တိုင်းပြည်တည်ဆောက်ရေး (Nation building) နှင့် နိုင်ငံတော်တည်ဆောက်ရေး (State Building) တို့ကို ပါးပါးနပ်နပ်မဆောင်ရွက်တတ်လျင် နယ်စပ်တည်ငြိမ်ရေးကို ထိန်းသိမ်းရာတွင် အခက်အခဲများစွာ ကြုံတွေ့ရမည်ပင်ဖြစ်သည်။ အမျိုးသားစည်းလုံးညီညွတ်ရေး အစီအမံများကို ဦးစားပေးလုပ်ငန်းတာဝန်အဖြစ် စနစ်တကျဆောင်ရွက်မှု မရှိပါက ရခိုင်ဒေသ၏ပုံသဏ္ဍာန်သည် ပထဝီနိုင်ငံရေးအရ အားနည်းချက်ဖြစ်သွားနိုင်ပေသည်။

အုပ်ချုပ်သူအစိုးရအဆက်ဆက်တို့က ရာစုနှစ်နှင့်ချီကာ ရခိုင့်တော်လှန်ရေးမျိုးဆက်များ ခိုင်မာအားကောင်းမလာစေရန် ပထဝီနိုင်ငံရေး၏ အားနည်းချက်များကိုအသုံးပြု၍ ပညာရေးအရလည်းကောင်း၊ သွေးခွဲအုပ်ချုပ်သည့် နည်းလမ်းဖြင့်လည်းကောင်း၊ လမ်းပန်းဆက်သွယ်ရေးကို အားနည်းစေခြင်းဖြင့်လည်းကောင်း၊ စနစ်တကျစီမံဆောင်ရွက်ခဲ့ကြသည် ဟုဆိုလျင် မှားနိုင်မည်မထင်ပေ။ အားနည်းချက်ဟုဆိုသော်လည်း ရခိုင်ဒေသကိုစီမံအုပ်ချုပ်မည့် အစိုးရအနေဖြင့် ပြည်တွင်းအချုပ်အခြာအာဏာ (Internal Sovereignty) နှင့် နိုင်ငံတကာအသိအမှတ်ပြုခံရမှု  (International Recognition) သာ ခိုင်မာအားကောင်းစွာရှိနေပါက ထိုအားနည်းချက်များသည် နယ်စပ်စီးပွားရေးအားကောင်းအောင် ပြုလုပ်ခြင်းမှတစ်ဆင့် ပထဝီနိုင်ငံရေး၏ အားသာချက်အသွင်သို့ ပြောင်းလဲသွားနိုင်သည်မျိုးလည်း ဖြစ်နိုင်ပါသည်။

(၄) ရာသီဥတုအခြေအနေ (Climate)

ရာသီဥတုအခြေအနေသည်လည်း ပထဝီနိုင်ငံရေးအရ အရေးပါသော ရှုဒေါင့်တစ်ခုတွင်ပါဝင်သည်။ ရာသီဥတုကို အပူချိန်အနည်းအများအပေါ်မူတည်၍ ပူလွန်းသောဒေသ၊ သာမန်ပူသောဒေသ၊ အပူအအေးမျှတသောဒေသ၊ သာမန်အေးသောဒေသနှင့် အအေးလွန်သောဒေသဟူ၍ အကြမ်းအားဖြင့် ငါးမျိုးခန့်ခွဲခြားနိုင်ပေသည်။ ပူလွန်းခြင်း၊ အေးလွန်းခြင်းစသော တစ်ဖက်စွန်းရောက်သည့် ရာသီဥတုမျိုးရှိခြင်းသည် ထိုတိုင်းပြည်တွင်နေထိုင် သောလူမျိုးများ၏ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ အခြေအနေကိုသာမက ၎င်းတို့၏ လူမှုစီးပွားရေးအခြေအနေများကို များစွာလွန်းမိုးမှုရှိသည်ကို တွေ့ရသည်။

ပူလွန်းသောဒေသများတွင် ရေအရင်းအမြစ်နှင့် အစားအစာရှားပါးမှုဒဏ်ကို ကြုံတွေ့ခံစားကြရပြီး အေးလွန်းသော ဒေသများတွင်လည်း ဆီးနှင်းထူထပ်ခြင်းနှင့် ရေခဲခြင်းကြောင့်ဖြစ်သော လူမှုစီးပွားရေးဆိုင်ရာ အခက်အခဲများကို ကြုံတွေ့ခံစားကြရလေ့ရှိသည်။ မြေငလျင်၊ စူနာမီလှိုင်းနှင့် ရေကြီးမှု၊ မြေပြို မှုစသည့် သဘာဝ ဘေးအန္တရာယ်ကျရောက်လေ့ရှိသော နိုင်ငံများအနေဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုအကူအညီများကို ယူကြရမည်ဖြစ်ပေရာ ရာသီဥတုကလည်း တိုင်းပြည်တစ်ခု၏ နိုင်ငံခြားရေးမူဝါဒအပေါ်တွင် အတိုင်းအတာတစ်ခုထိ လွှမ်းမိုးမှုရှိမည်ဖြစ်သည်။

အပူအအေးမျှတသော ရာသီဥတုရှိသည့်နိုင်ငံများတွင် စိုက်ပျိုးရေးဖြစ်ထွန်းအောင်မြင်ကြပြီး မပူလွန်း၊ မအေးလွန်းသည့်အတွက် လူမှုနေထိုင်ရေး ဘဝတွင်လည်း အကုန်အကျနည်းနည်းဖြင့် သက်တောင့်သက်သာ နေထိုင်နိုင်ကြသည်ဖြစ်ပေရာ မျှတသောရာ သီဥတုကို ပိုင်ဆိုင်ထားခြင်းသည် ပထဝီနိုင်ငံရေးအရ အားသာချက်ဖြစ်ပေသည်။

ရခိုင်ဒေသသည် ဝင်ရိုးစွန်းဒေသနှင့် ဝေးကွာသောအရပ်တွင်တည်ရှိပြီး အီကွေတာနှင့်လည်း မနီးလွန်းသည့်အတွက်ကြောင့် မျှတသောရာသီဥတုကို ပိုင်ဆိုင်ထားရာ ပထဝီနိုင်ငံရေးအရ အားသာချက်ရှိသော ဒေသထဲတွင် ပါဝင်မည်ဖြစ်ပေသည်။ သို့သော် ပင်လယ်ကမ်းရိုးတန်းဒေသဖြစ်သည့်အပြင် ဟိမဝန္တာ၏ အစွယ်အပွားဖြစ်သော တောတောင်များပါ ပေါများလွန်းသည့်အတွက် မုတ်သုန်လေအားကောင်းသော နှစ်များတွင် ရေကြီးရေလျှံမှုများကိုလည်းကောင်း၊ ရံဖန်ရံခါ မုန်တိုင်းများဖြစ်ပေါ်ခြင်းမျိုးကိုလည်းကောင်း၊ မြောက်ပြန်လေ အားကောင်းသောနှစ်များတွင် အအေးဓာတ်လွန်ကဲခြင်းကိုလည်းကောင်း ခံရတတ်ပေသည်။ ရခိုင်ရိုးမတောင်တန်းကြီးသည် စစ်ကိုင်းပြတ်ရွေ့ငလျင်ကြောနှင့်ပါ ဆက်စပ်နေသည့်အတွက် ငလျင်လှုပ်ခတ်မှုကိုပါ သတိထားနေရသည့် အခြေအနေတွင်ရှိနေပြန်ရာ ပထဝီနိုင်ငံရေးအရ အားနည်းချက်များလည်း ရှိနေပြန်သည်။

ရေကြီးရေလျှံမှုများကို မကြာမကြာခံရတတ်သဖြင့် စိုက်မျိုးရေးနှင့် လူမှုစီးပွားရေးများကို ထိခိုက်ခဲ့ကြရသော်လည်း အမှန်မှာ မိုးရေချိန်များ၍ ရေကြီးရခြင်းထက် အုပ်ချုပ်သူအစိုးရများ၏ စီမံခန့်ခွဲမှုညံ့ဖျင်းမှုကြောင့်သာ အဓိကဖြစ်ရခြင်းဖြစ်သည်။ ရေချိုဂါလံသန်းပေါင်းများစွာကို မြစ်ချောင်းများမှတဆင့် ဆားငန်ပင်လယ်ပြင်ထဲသို့ အလဟဿ စီးဆင်းပြုန်းတီးမသွားရလေအောင် ဆည်တာတမံများ တည်ဆောက်ထိန်းသိမ်းနိုင်မည်ဆိုပါက ရေကြီးရေလျှံမှုကြောင့်ဖြစ်ပေါ်လာရသော ဘေးထွက်ဆိုးကျိုးများကို တားဆီးနိုင်မည်ဖြစ်သကဲ့သို့ ထိုရေများဖြင့် ရေအားလျှပ်စစ်ကိုသော်လည်းကောင်း၊ ရေသွင်းစိုက်ပျိုးခြင်းကိုသော်လည်းကောင်း၊ မွေးမြူရေးလုပ်ငန်းများကိုသော်လည်းကောင်း အရှိန်မြှင့်ကာ ဆောင်ရွက်နိုင်မည်ဖြစ်ပေသည်။

မုတ်သုန်ရာသီဥတုကို ပိုင်ဆိုင်ထားသဖြင့် ပထဝီနိုင်ငံရေးအရ အားသာချက်ဖြစ်သည်မှန်သော်လည်း အုပ်ချုပ်သူအစိုးရအဆက်ဆက်တို့၏ စေတနာအားနည်းမှု၊ အရည်အချင်းအားနည်းမှုတို့ကြောင့် အားသာချက်သည်ပင် အားနည်းချက်ဖြစ်နေခဲ့ရသည်မှာ  ဝမ်းနည်းစိတ်ပျက်ဖွယ်ရာဖြစ်ပေသည်။

(၅) မြေမျက်နှာသွင်ပြင်အနေအထား (Topography)

မြေမျက်နှာသွင်ပြင်သည်လည်း တိုင်းပြည်တစ်ခု၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လုံခြုံရေးဆိုင်ရာ အစီအမံများအတွက် အလွန်အရေးပါသည်။ မြေမျက်နှာသွင်ပြင်ဟုဆိုလျင် တောင်ကုန်းတောင်တန်းများ၊ မြစ်ချောင်းအင်းအိုင်များ၊ သဘာဝပေါက်ပင်များ၊ လွင်ပြင်ကျယ်များနှင့် လူတို့ဖန်တီးထားသော ဆည်မြောင်းတာတမံနှင့်တကွ အဆောက်အဦးများ၊ လမ်းများ အားလုံးအကျုံးဝင်ပေသည်။

မြေမျက်နှာသွင်ပြင် အနေအထားအပေါ်မူတည်၍ စိုက်ပျိုးရေးလုပ်ငန်းများ ကွဲပြားသွားနိုင်သည်၊ စစ်ရေးဗျူဟာများ ပြောင်းလဲသွားနိုင်သည်၊ ဆောက်လုပ်ရေးလုပ်ငန်းသည်ပင် မြေမျက်နှာသွင်ပြင် အနေအထားအပေါ်မူတည်၍ ပြောင်းလဲသွားနိုင်ပါသေးသည်။

ရခိုင်ဒေသ၏ မြေမျက်နွာသွင်ပြင်အနေအထားကို အကြမ်းအားဖြင့် ရိုးမတောင်တန်းနှင့် အခြားတောင်ကုန်းတောင်တန်းများအစု၊ ၎င်းနှင့်ဆက်စပ်နေသော သဘာဝပေါက်ပင်နှင့် တောရိုင်းတိရိစ္ဆာန်များအစု၊ ဆည်မြောင်းတာတမံများနွင့် ရေတံခွန်များအစု၊ ပင်လယ်ကမ်းရိုးတန်းအစု၊ မြေပြန့်လွင်ပြင်အစု၊ မြစ်ချောင်းအင်းအိုင်အစု၊ ကမ်းခြေနှင့်ပင်လယ်ကျွန်းများအစု၊ ရခိုင်ဒေသမှတဆင့် မြန်မာပြည်အနှံ့သို့လည်းကောင်း၊ အိန္ဒိယသို့လည်းကောင်း၊ ဘင်္ဂလားဒေ့ရှ်သို့လည်းကောင်း ဆက်သွယ်ထားသော လမ်းပန်းဆက်သွယ်ရေးအစု ဟူ၍ အနည်းဆုံး အစုရှစ်စုခွဲ၍ နားလည်နိုင်မည်ဖြစ်သည်။ ပထဝီနိုင်ငံရေးရှုထောင့်အရ နိုင်ငံတစ်ခု၏ မြေမျက်နှာသွင်ပြင်ကို တောင်ပေါ်ဒေသ၊ မြေလတ်ဒေသ၊ မြေပြန့်ဒေသ၊ မြစ်ဝကျွန်းပေါ်ဒေသနှင့် ပင်လယ်ကျွန်းစုဒေသ အပိုင်း ငါးပိုင်းခွဲ၍လေ့လာကြရာ ရခိုင်ဒေသသည် ထိုငါးပိုင်းစလုံးနှင့် အကြုံးဝင်နေသဖြင့် ပထဝီနိုင်ငံရေးအရ အလွန်အားသာချက်ရှိသော ဒေသတစ်ခုဖြစ်သည်ဟု ဆိုကြရမည်ဖြစ်သည်။ ကျဉ်းမြောင်းသော နယ်မြေဒေသကေလးတစ်ခုတွင် အားသာချက်အားလုံး စုပေါင်းတည်ရှိနေသည်ဖြစ်ရာ ကောင်းစွာအသုံးပြုတတ်မည်ဆိုပါက နေ့ချင်းရက်ချင်း ချမ်းသာကြွယ်ဝသွားနိုင်သော ပထဝီအနေအထားကို ပိုင်ဆိုင်ထားသည်ဟု ဆိုကြရမည်ဖြစ်သည်။

(၆) လူဦးရေတည်ရှိမှုပုံသဏ္ဍာန် (Demography)  

တိုင်းပြည်တစ်ပြည်တွင် ကောက်ယူလေ့ရှိကြသော သန်းခေါင်စာရင်းသည် လူဉီးရေ ပျံ့နှံ့တည်ရှိမှုပုံစံကိုလေ့လာရန် အကောင်းအဆုံးဥပမာဖြစ်သည်။ သန်းခေါင်စာရင်းအရ ထိုတိုင်းပြည်၏ စုစုပေါင်းလူဉီးရေ၊ ကျားမအချိုး၊ အလုပ်လုပ်နိုင်သောဉီးရေ၊ ဝင်ငွေအဆင့်အတန်း၊ အလုပ်လက်မဲ့ဦးရေ၊ လူ့အရင်းအမြစ်တည်ရှိမှု၊ ကလေးနှင့် သက်ကြီးရွယ်အို၊ ပညာတတ်မြောက်မှုအခြေအနေ၊ ဖွံ့ဖြိုးတိုးတက်မှုအနေအထား စသည်တို့ကို သိရှိနိုင်မည်ဖြစ်သည်။ အဆိုပါကိန်းဂဏန်းအချက်အလက်များကို ကြည့်ရှုတိုင်းတာ၍ တိုင်းပြည်တစ်ခု၏ ဖွံ့ဖြိုးတိုးတက်ခြင်း၊ ဆင်းရဲမွဲတည်ခြင်းစသော လက်ရှိအနေအထားမှန်ကို သိနိုင်သကဲ့သို့ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှု အလားအလာကိုပါ ခန့်မှန်းတွက်ချက်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် လူဦးရေပျံ့နှံ့တည်ရှိမှုပုံသဏ္ဍာန်သည်လည်း ပထဝီနိုင်ငံရေးကို လေ့လာရာတွင် အရေးကြီးသော အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်နေရခြင်းဖြစ်ပေသည်။

လူဦးရေများသော နိုင်ငံများသည် အင်အားပိုကောင်းကြသည်ဟု ဆိုသော်လည်း လူဦးရေများပြီး တိုင်းပြည်ဆင်းရဲလျင် တိုင်းပြည်မတည်ငြိမ်မှုနှင့် ပဋိပက္ခများဖြစ်ပေါ်တတ်သည့် သဘောတရားရှိတတ်သည်။ မွေးကင်းစကလေးမှစ၍ သေခါနီးအထိရှိသော ပမာဏကို စုစုပေါင်းလူဦးရေ (Population) ဟု နားလည်နိုင်သော်လည်း ထိုလူဦးရေများတိုင်း တိုင်းပြည်အင်အားပိုကောင်းသည်ဟု မဆိုနိုင်ပေ။ ထိုလူဦးရေထဲတွင် ကျွမ်းကျင်လုပ်သားအင်အား (Workforce) မည်မျှရှိသည်၊ ပညာရှင်အဆင့်ရှိသော လူ့အရင်းအမြစ် (Human Resource) မည်မျှရှိသည် စသော အချက်အလက်များကသာ ပို၍အရေးပါသည်ကို တွေ့ရမည်ဖြစ်သည်။ တနည်းဆိုရသော် အရေအတွက် (Quantity) ရော အရည်အချင်း (Quality) ပါ ရှိနေရမည်ဖြစ်သည်။

ကမ္ဘာ့လူဦးရေ၏ ၁၉ ရာခိုင်နှုန်းခန့်ကို ပိုင်ဆိုင်ထားသော တရုတ်နိုင်ငံနှင့် ကမ္ဘာ့လူဦးရေ၏ ၁၇ ရာခိုင်နှုန်းခန့်ကို ပိုင်ဆိုင်ထားသော အိန္ဒိယနိုင်ငံတို့သည် ယနေ့ကမ္ဘာပေါ်ရှိ အင်အားကြီးနိုင်ငံများစာရင်းတွင် ပါနေကြသော်လည်း ကျွမ်းကျင်လုပ်သားနှင့် လူ့စွမ်းအားအရင်းအမြစ်ပိုင်းတွင် ထိုနိုင်ငံများထက် အရေအတွက် အဆမတန်နည်းသော အမေရိကန်နှင့် ရုရှားတို့ကို တိုင်းပြည်၏အင်အားပိုင်းတွင် လိုက်မမီနိုင်သည်ကို တွေ့ရမည်ဖြစ်သည်။ ယနေ့ကမ္ဘာပေါ်တွင် စစ်ရေး၊ စီးပွားရေး၊ နည်းပညာ စသဖြင့် အဖက်ဖက်က အင်အားကြီးနေသော နိုင်ငံများကို ခွဲခြမ်းစိတ်ဖြာကြည့်လျင် နယ်မြေအကျယ်အဝန်းကြီးပြီး လူဦးရေပျံ့နှံ့တည်ရှိမှုပိုများသော နိုင်ငံအများစုသည် သူများထက်နှာတစ်ဖျားသာသူများ ဖြစ်နေကြသည်ကို တွေ့ရမည်ဖြစ်ပေသည်။ ထိုနိုင်ငံများအထဲတွင်မှ ကျွမ်းကျင်လုပ်သားနှင့် လူ့စွမ်းအားအရင်းအမြစ် ပိုသာသော နိုင်ငံများကို ထိပ်ဆုံးတွင် ပို၍တွေ့ရပေသည်။

၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ လေးသန်းခန့်ပင် မရှိသော ရခိုင်ဒေသသည် ပထဝီနိုင်ငံရေးသဘော တရားအရဆိုလျင် လူဦးရေဖက်တွင် အားနည်းချက်ရှိသည်ဟု ဆိုရမည်ဖြစ်သည်။

ထိုအထဲတွင် လူဦးရေသန်းပေါင်း တစ်ထောင့်သုံးရာကျော်ရှိသော အိန္ဒိယနှင့်လည်းကောင်း၊ လူဦးရေသန်းပေါင်း တစ်ရာ့ခြောက်ဆယ့်ငါးသန်းခန့်ရှိသော ဘင်္ဂလားဒေ့ရှ်နှင့်လည်းကောင်း နယ်နိမိတ်ချင်း ထိစပ်နေသေးသည်။ ထို့အပြင် လူဦးရေသန်းပေါင်း တစ်ထောင့်လေးရာကျော်ရှိသော တရုတ်နိုင်ငံ၏ အကျိုးစီးပွားအများအပြား တည်ရှိရာဒေသလည်းဖြစ်နေသည်။ ထို့ကြောင့် လူဦးရေရှုဒေါင့်အရဆိုလျင် ရခိုင်ဒေသသည် အလွန်စိုးရိမ်ဖွယ်ကောင်းသည်ဟု ဆိုရမည်ဖြစ်ပေသည်။ ဤမျှများပြားသော လူဦးရေများကို လူဦးရေတိုးပွားအောင် စီမံကိန်းချဆောင်ရွက်ခြင်းဖြင့် မည်သို့မျှ ယှဉ်နိုင်စရာ မရှိပေ။ ကျွမ်းကျင်လုပ်သားနှင့် လူ့စွမ်းအားအရင်းအမြစ်ပိုင်းတွင်လည်း ထိုနိုင်ငံများနှင့် နှိုင်းယှဉ်လျင် အလွန်အားနည်းနေပေသေးသည်။ ထို့ကြောင့် ရခိုင်ဒေသကို ဉီးဆောင်မည့် အစိုးရသည် ဤအားနည်းချက်ကို ထိန်းသိမ်းကာ အားသာချက်များကို ဖန်တီးတတ်ရန် အလွန်အရေးကြီးပေသည်။ ကျွမ်းကျင်လုပ်သား နှင့် လူ့စွမ်းအားအရင်းအမြစ် မွေးထုတ်ခြင်းကို ဦးစားပေးလုပ်ငန်းအဖြစ် ဆောင်ရွက်ရမည်ဖြစ်ပေသည်။ အသုံးပြုသည့်လူ့အဖွဲ့အစည်း (Users Society) မှ ထုတ်လုပ်သည့်လူ့အဖွဲ့အစည်း (Producers Society) ဖြစ်အောင် အရှိန်မြှင့်ကာ ပြောင်းလဲသွားနိုင်ရမည်ဖြစ်သည်။

ကျွမ်းကျင်လုပ်သားနှင့် လူ့စွမ်းအားအရင်းအမြစ်များကို အချိန်တိုအတွင်းတွင် ကြိုးစားပျိုးထောင်တည်ဆောက်ကာ ထုတ်လုပ်မှုလူ့အဖွဲ့အစည်းအဖြစ်သို့ပါ ကြိုးစားပြောင်းလဲနိုင်မည်ဆိုပါက မိမိတို့နှင့် လူဦးရေအလွန်များသော ထိုနိုင်ငံကြီးများသည် အကောင်းဆုံးဈေးကွက်ကြီးများ ဖြစ်လာနိုင်ပေသည်။ အရေးကြီးဆုံးမှာ အားနည်းချက်ကို အားသာချက်အဖြစ် ပြောင်းလဲပေးနိုင်သောခေါင်းဆောင်နှင့် ခေါင်းဆောင်မှုနည်းလမ်းကောင်းများ ပင်ဖြစ်သည်။

လူဦးရေငါးသန်းကျော်ရှိသော စင်ကာပူနိုင်ငံနှင့် လူဦးရေကိုးသန်းကျော်မျှသာရှိသော အစ္စရေးနိုင်ငံတို့သည် ကျွမ်းကျင်လုပ်သားနှင့် လူ့စွမ်းအားအရင်းအမြစ်ကို အပြင်းအထန် ကြိုးစားတည်ဆောက်ခဲ့ကြသဖြင့် လက်ရှိအချိန်တွင် အဆင့်မြင့်သော ထုတ်လုပ်မှုလူ့အဖွဲ့အစည်းကို ရောက်ရှိသွားကြပြီဖြစ်သည်။ လူဦးရေနည်းသော်လည်း လူဦးရေများသော နိုင်ငံကြီးများကို ဈေးကွက်ကြီးများအဖြစ်အသုံးပြုကာ လူကုန်ထံများ ဖြစ်နေကြပြီဖြစ်သည်။ အမြော်အမြင်ရှိသော ခေါင်းဆောင်များ၏ ဦးဆောင်မှုအောက်တွင် အားတက်သရောလိုက်ပါ လျှောက်လှမ်းခဲ့ကြသော ထိုနိုင်ငံငယ်များမှာ လူဦးရေနည်းခြင်းတည်းဟူသော ပထဝီနိုင်ငံရေးအရဖြစ်နေသော အားနည်းချက်တစ်ခုကို အားသာချက်အဖြစ်ပြောင်းလဲကာ အောင်မြင်စွာကျော်လွှားနိုင်ခဲ့ကြပြီ ဖြစ်ပေသည်။

(၇) သဘာဝသယံဇာတရရှိပိုင်ဆိုင်မှု (Natural Resources)

သဘာဝသယံဇာတရှိတိုင်း ဖွံ့ဖြိုးတိုးတက်သောနိုင်ငံ မဖြစ်နိုင်သော်လည်း သဘာဝသယံဇာတ ပိုင်ဆိုင်ခြင်းသည် ဖွံ့ဖြိုးတိုးတက်ခြင်း၏ အဓိကအကြောင်းရင်းကြီးတစ်ရပ်ထဲတွင် ပါဝင်သည်။ သဘာဝသယံဇာတသည် သူ့နဂိုအတိုင်းပင် အဖိုးတန်နေပြီး ၎င်းကို နည်းပညာနှင့်သာ ထပ်ပေါင်းထည့်နိုင်ပါက တန်ဖိုးပိုမြင့်လာသော သဘောရှိသည်။ သို့သော် သဘာဝသယံဇာတတို့မည်သည် ထိုက်တန်သူတို့၏ လက်ထဲတွင်မရောက်ပါက သယံဇာတကျိန်စာအဖြစ် ပြောင်းလဲသက်ရောက်ကာ မတည်ငြိမ်မှုများနှင့် ဆူပူအကြမ်းဖက်မှုသံသရာထဲသို့ပါ ဆွဲခေါ်သွားတတ်သည့် သဘာဝလည်းရှိနေတတ်သည်။

ရခိုင်ဒေသသည် သယံဇာတပေါကြွယ်ဝသော ဒေသတစ်ခုတွင်ပါဝင်သည်။ ရခိုင်ဒေသ၏ အရင်းအမြစ်များကို အကြမ်းအားဖြင့် အမျိုးအစားခွဲခြားရသော် သဘာဝအရင်းအမြစ် (Natural Resources)၊ ကိုလိုနီအမွေအနှစ် (Colonial Heritages) နှင့် ယဉ်ကျေးမှုအမွေအနှစ် (Cultural Heritages) ဟူ၍ အနည်းဆုံး အမျိုးအစားသုံးမျိုးခန့် ခွဲခြားရှုမြင်နိုင်မည်ဖြစ်သည်။ သဘာဝအရင်းအမြစ်များအနေဖြင့် ကမ်းခြေများ၊ တောတောင်များ၊ သစ်တော ဝါးတောကြီးများ၊ ရေတံခွန်များနှင့် ဆည်မြောင်းတာတမံများ၊ ရေချိုမြစ်ကြီးများ၊ မြစ်ချောင်းအင်းအိုင်များ၊ မြေပြန့်လွင်ပြင်များ၊ ရေနံနှင့်သဘာဝဓာတ်ငွေ့များ၊ လမ်းခင်းကျောက်၊ သဲ၊ ထုံးကျောက်နှင့် မာဘဲလ်ကျောက်တောင်ကြီးများ၊ သံသတ္တုရိုင်းများ၊ ကျွန်းများ၊ကမ်းရိုးတန်း နှင့် ဆိပ်ကမ်းဆောက်လုပ်နိုင်သည့်နေရာများ စသည်ဖြင့် အမျိုးအစားစုံလင်စွာ တည်ရှိနေသည်။ ကိုလိုနီအမွေအနှစ်များအဖြစ် မီးပြတိုက်များ နှင့် ရထားလမ်း၊ အဆောက်အအုံစသော အမွေအနှစ်များ စသည်ဖြင့်တွေ့ရပြီး ယဉ်ကျေးမှုအမွေအနှစ်အနေဖြင့်လည်း ဓညဝတီခေတ်မှသည် မြောက်ဦးခေတ်တိုင်အောင် ဒြပ်ရှိနှင့် ဒြပ်မဲ့ယဉ်ကျေးမှုနှစ်မျိုးလုံး စုံလင်များပြားစွာ တည်ရှိနေပါသေးသည်။

ဖော်ပြပါအရင်းအမြစ်များနှင့် အမွေအနှစ်များကို ထပ်မံ၍အုပ်စုခွဲရသော် ခရီးသွားလုပ်ငန်းဆောင်ရွက်နိုင်သော အရင်းအမြစ်၊ လူသုံးကုန်ပစ္စည်းများထုတ်လုပ်နိုင်သော အရင်းအမြစ်၊ ဆိပ်ကမ်းများနှင့် စီးပွားရေးဇုံများ တည်ဆောက်နိုင်သော အရင်းအမြစ်၊ စက်မှုကုန်ကြမ်းများထုတ်လုပ်နိုင်သော အရင်းအမြစ် ဟူ၍ တွေ့ရမည်ဖြစ်သည်။ ကမ်းခြေများ၊ ရေတံခွန်များ၊ အမြဲစိမ်းသစ်တောကြီးများ၊ ကိုလိုနီအမွေအနှစ်များ၊ ယဉ်ကျေးမှုအမွေအနှစ်များကို အသုံးပြု၍ ခရီးသွားလုပ်ငန်းကို တိုးမြှင့်ဆောင်ရွက်နိုင်ပါက ရခိုင်လူဦးရေ၏ အနည်းဆုံး ဆယ်ပုံတစ်ပုံခန့်ကို အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည်ဖြစ်သည်။ ပင်လယ်ရေပြင်မှ ပုလဲ၊ ငါးပုစွန်၊ ဆား ထုတ်လုပ်ခြင်းဖြင့်သော်လည်းကောင်း၊ လွင်ပြင်ကျယ်များ၊ တောတောင်များ၊ ဆည်မြောင်းတာတမံများ၊ ရေချိုမြစ်ကြီးများနှင့် ချောင်းမြောင်းအင်းအိုင်များကို အသုံးပြု၍ ဆန်၊ ဟင်းသီးဟင်းရွက်၊ ငါး၊ ရေသန့်များကိုသာ စနစ်တကျ ထုတ်လုပ်နိုင်မည်ဆိုပါက ရခိုင်ဒေသရှိ လေးသန်းခန့်သော လူဦးရေအတွက် ဖူလုံနိုင်သည်သာမကဘဲ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် စသော အိမ်နီးချင်းနိုင်ငံများသို့တိုင်အောင် ဖြန့်ဖြူးရောင်းချနိုင်သော အနေအထားတွင် ရှိနေသည်။

ကမ်းလွန်ပင်လယ်ထဲရှိ သဘာဝဓာတ်ငွေ့သိုက်ကြီးများနှင့် ရမ်းဗြဲကျွန်းရှိ ရေနံတွင်းများကိုသာ စနစ်တကျ တူးဖော်ထုတ်လုပ်နိုင်မည်ဆိုပါကနိုင်ငံခြားငွေကို သန်းချီရရှိနိုင်သော အခြေအနေမျိုးကိုလည်း ပိုင်ဆိုင်ထားသည်။ အလှဆင်ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများထုတ်လုပ်ရာတွင် အလွန်အသုံးဝင်သော မာဘဲလ်ကျောက်များသည် တောင်ကုတ်ရိုးမတစ်လျှောက်တွင် ကြည့်မဆုံးနိုင်သည်ထိ များပြားစွာတည်ရှိနေသည်။ ထို့အပြင် အခြားစက်မှုကုန်ကြမ်းများအဖြစ် သံသတ္တုနှင့် ထုံးကျောက်များသာမက တိုက်တေနီယမ်သတ္ထုသည်ပင် ရခိုင်ဒေသတွင်ရှိနေသည်ဟု တချို့သုတေသနပြုချက်များတွင် ဖော်ပြကြသည်ကို တွေ့ရပြန်သည်။ စိုင်းဒင်၊ ဇီးချောင်း၊ အမ်းချောင်း၊ သူဌေးချောင်းစသော ရေတံခွန် နှင့် ဆည်မြောင်းတာတမံ တစ်ဆယ်ကျော်ကိုအသုံးပြု၍ ရေအားလျှပ်စစ်သာ ထုတ်လုပ်မည်ဆိုပါကလည်း ရခိုင်ဒေသတစ်ခုလုံးကို မီးထိန်ထိန်လင်းစေနိုင်သည်သာမက မြန်မာပြည်တွင်းနှင့် အခြားအိမ်နီးချင်းနိုင်ငံများသို့ထိပါ လျှပ်စစ်ဖြန့်ဖြူးရောင်းချနိုင်သည့် အနေအထားတွင် ရှိနေသည်။ ဤသဘာဝတရား၏ လက်ဆောင်မွန်များကို လူ့လုပ်အားနှင့် နည်းပညာတို့ကိုသာ ထပ်ပေါင်းထည့်နိုင်မည်ဆိုပါက ရခိုင်ဒေသသည် တန်ခိုးရှင်တို့က ဖန်ဆင်းသည့်အလား နေ့ချင်းညချင်း ကြီးပွားတိုးတက်လာရန်သာ ရှိပါသည်။

သို့သော်လည်း သယံဇာတသည် သုံးတတ်လျင်ဆေးဖြစ်နိုင်သလို မသုံးတတ်လျင် ကပ်ဆိုးကြီးတစ်ခုပမာ ဒုက္ခပေးတတ်သည့် သဘာဝလည်းရှိနေတတ်ပေသည်။ ဤမျှ မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက် သယံဇာတများ ပေါကြွယ်ဝသည့် ဒေသသည် လက်ရှိအခြေအနေကဲ့သို့ အဖက်ဖက်ကချွတ်ခြုံကျကာ ဆင်းရဲမွဲတည်နေခဲ့ရသည်မှာ အကြောင်းများစွာ ရှိနေနိုင်ပါသည်။ ပန်းပွင့်လျင် ပျားပိတုန်းများ ရောက်လာတတ်ကြသကဲ့သို့ပင် အဖိုးတန်အရင်းအမြစ်များနှင့် ပြည့်နှက်နေသော ရခိုင်မြေသို့လည်း လောဘသားကောင်များ တစ်သုတ်ပြီးတစ်သုတ် ရောက်လာနေခဲ့ကြသည်ဟုဆိုလျင် မည်သူမျှ ငြင်းအံ့မထင်ပေ။ ၁၅ ရာစု ၊ ၁၆ ရာစုတွင် လျှမ်းလျှမ်းတောက်ကြီးပွားတိုးတက်နေခဲ့သော ရခိုင်ဒေသကို မဂိုဘုရင်တို့က ရန်စကျုးကျော်ဖူးခဲ့ကြသလို မြန်မာဘုရင် နှင့် အင်္ဂလိပ်ဘုရင်တို့ကလည်း မရမက ကျူးကျော်သိမ်းပိုက်ခဲ့ကြသည်မှာ အဖိုးတန်နယ်မြေဖြစ်နေခြင်းကြောင့် ဟုဆိုလျှင် ငြင်းအံ့မထင်ပေ။ ယနေ့ခေတ်တွင်လည်း သဘာဝဓာတ်ငွေ့သိုက်ကြီးများနှင့် ပင်လယ်ထွက်ပေါက်ကိုအကြောင်းပြု၍ မိုင်ထောင်ချီဝေးကွာသောအရပ်မှပင် တရုတ်တို့ခြေကုတ်ယူလာခဲ့ကြသည်။ ၎င်းနည်းတူ ကုလားတန်စီမံကိန်းခေါင်းစဉ်ဖြင့် အိန္ဒိယတို့ကလည်းကောင်း၊ ကိုရီးယားဆိပ်ကမ်းစီမံကိန်းအမည်ဖြင့် ကိုရီးယားနှင့် သူ့အပေါင်းပါအုပ်စုတို့ကလည်းကောင်း၊ နေပူတောင်စီမံကိန်းခေါင်းစဉ်ဖြင့် ဗီယက်နမ်နှင့် သူ့ရောင်းရင်းတို့ကလည်းကောင်း ရခိုင်ဒေသသို့ ပုံစံမျိုးစုံဖြင့် ဝင်ရောက်လာနေကြသည်။ ဒေသခံပြည်သူလူထု၏ သဘောထားကို ဥပေက္ခာပြုကာ မိဘပိုင်ပစ္စည်းသဖွယ် ထုခွဲရောင်းချနေကြသည်မှာ အလွန် လူသားမဆန်သည့် လုပ်ရပ်ဖြစ်သည်ဟုဆိုလျှင် လွန်မည်မထင်ပေ။

မြန်မာနိုင်ငံ၏ အထူးစီးပွားရေးဇုံဥပဒေအရ “နိုင်ငံတော်အစိုးရသည် တိုင်းပြည်၏ မည်သည့်အစိတ်အပိုင်းကိုမဆို အထူးစီးပွားရေးဇုံအဖြစ် သတ်မှတ်နိုင်သည်” ဟူ၍ ဖော်ပြပါရှိရာ ရခိုင်ပြည်သားများက သဘောမတူသော်လည်း နိုင်ငံတော်အစိုးရနှင့် အကောင်အထည်ဖော်မည့် ကုမ္ပဏီတို့ နှစ်ဉီးနှစ်ဖက်သဘောမျှကြလျင် စာချုပ်ချုပ်ဆိုအကောင်အထည်ဖော်နိုင်သည့် အနေအထားတွင်ရှိနေသည်။

အရင်းအမြစ်တစ်ခု၏ မူလပိုင်ရှင်များဖြစ်သော ဒေသခံပြည်သူလူထု၏ သဘောတူကြည်ဖြူမှုကို မရယူဆိုကတည်းက ထိုစီမံကိန်းသည် ဆိုးကျိုးများဖြစ်လာနိုင်သည့် လက္ခဏာများကို ဖော်ပြနေပြီဖြစ်ပေသည်။ အမှန်အားဖြင့် စီမံကိန်းကြီးတစ်ခုကို အကောင်အထည်ဖော်တော့မည်ဆိုလျင် ဒေသခံပြည်သူလူထု၏ လူမှုစီးပွားရေးအပေါ်ထိခိုက်မှုဆန်းစစ်ချက် (Social Impact Assessment-SIA) ကိုလည်းကောင်း၊ သဘာဝပတ်ဝန်းကျင်အပေါ်ထိခိုက်မှုဆန်းစစ်ချက် (Environment Impact Assessment-EIA) ကိုလည်းကောင်း တာဝန်ရှိသူအစိုးရနှင့် အကောင်အထည်ဖော်မည့် ကုမ္ပဏီတို့က တာဝန်ယူဆောင်ရွက်ရမည်ဖြစ်သည်။ စစ်တမ်းများကောက်ယူကာ ဒေသခံပြည်သူလူထု၏ သဘောထားအမြင်များကိုလည်း ရယူရမည် ဖြစ်သည့်အပြင် အကောင်အထည်ဖော်မည့် စီးပွားရေးလုပ်ငန်းများအနေဖြင့်လည်း မိမိတို့၏လုပ်ငန်းများအပေါ်တွင် တာဝန်ယူ၊ တာဝန်ခံတတ်သော လုပ်ငန်းများ (Responsible Businesses) ဖြစ်ရန် လိုအပ်ပေသည်။ ထို့သို့မဟုတ်ပါက နောက်ဆက်တွဲအနေဖြင့် ဆန္ဒပြကန့်ကွက်မှုများ ဖြစ်ပေါ်လာမည်မှာ မလွဲမသွေပင်ဖြစ်ပေလိမ့်မည်။ ကျောက်ဖြူ - ကူမင်း ရေနံပိုက်လိုင်းစီမံကိန်းကြောင့် ဒေသခံပြည်သူများ၏ လယ်ယာမြေများစွာ ဆုံးရှုံးခဲ့ရပြီး ရေနက်ဆိပ်ကမ်းစီမံကိန်းများကြောင့်လည်း ဒေသခံငါးဖမ်းလုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီးဖြစ်သည်။ အစိုးရအနေဖြင့်လည်း စီမံကိန်းများက ရရှိသော အကျိူးရလာဒ်များကို ပြည်သူများသို့ ချပြရန်လိုအပ်ပေသည်။ မည်သည့်စီမံကိန်းက ဝင်ငွေမည်မျှရရှိသည်၊ ထိုဝင်ငွေများကို မည်သည့်လုပ်ငန်းများတွင် မည်မျှသုံးစွဲနေသည်၊

ဒေသခံပြည်သူလူထုအတွက် မည်မျှခွဲဝေချထားပေးသည်တို့ကို ပွင့်လင်းမြင်သာစွာ ချပြရမည်ဖြစ်သည်။ ကျောက်ဖြူ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းက နှစ်စဉ်ဘီလီယံနှင့်ချီကာ ဝင်ငွေရရှိနေသော်လည်း ထိုဝင်ငွေများ မည်သည်ကိုရောက်၍ မည်သို့ပျောက်သွားသည်ကို ဒေသခံပြည်သူလူထုများ သိရှိခွင့်မရသည့်အတွက် ဆန္ဒပြတောင်းဆိုမှုများ ပေါ်ပေါက်ခဲ့ပြီးဖြစ်သည်။ ဖောင်စီးရင်းရေငတ်ဖြစ်နေရသော ရခိုင်ပြည်သူလူထုအနေဖြင့် မကျေနပ်ချက်များ တစ်နေ့တစ်ခြားတိုးပွားလာမည်မှာ မလွဲမသွေပင်ဖြစ်ပေသည်။ ဤကဲ့သို့သော စီမံခန့်ခွဲမှုအလွဲများသာ ဆက်လက်ဖြစ်ပေါ်နေမည်ဆိုပါက နိုင်ငံရေးအရဖြစ်နေသော ပြည်တွင်းစစ်နှင့် သယံဇာတကြောင့် ဖြစ်ပေါ်သော မကျေနပ်စိတ်များ ပေါင်းစည်းသွားကာ စစ်ရေးရေချိန်များ ပိုမိုပြင်းထန်လာမည်မှာ ဧကန်ပင်ဖြစ်ပါလိမ့်မည်။ သယံဇာတခွဲဝေမှုကို အကြောင်းပြု၍သာ စစ်ပွဲများ၊ ဆူပူမှုများဖြစ်ပေါ်လာမည်ဆိုပါက သယံဇာတပေါကြွယ်ဝခြင်းသည် ဖွံ့ဖြိုးတိုးတက်ရေးထက် ပဋိပက္ခဖက်သို့သာ ဦးတည်ရောက်ရှိသွားနိုင်ပေသည်။

သယံဇာတကိုအကြောင်းပြု၍ ဖြစ်ပေါ်ရသော ပဋိပက္ခများရှိနေခြင်းကို သယံဇာတကျိန်စာ (Resource Curse) ဟူ၍ ခေါ်ဆိုကြပေရာ ရခိုင်ဒေသသည်လည်း သယံဇာတကျိန်စာမိနိုင်သော အနေအထားတွင်ရှိနေကြောင်းကို အထူးသတိထားကြရပေမည်။ သယံဇာတကျိန်စာ သင့်နေသောဒေသသည် ပဋိပက္ခသံသရာထဲတွင် နှစ်မျောနေရသည့်အတွက် ဖွံ့ဖြိုးတိုးတက်ခြင်းမရှိသည့်အပြင် ပြည်တွင်းစစ်များနှင့် လုံးပန်းနေရကာ အဆင်းရဲကြီးဆင်းရဲလျက် ဒုက္ခပင်လယ်ဝေကြရသည်ချည်းသာ ဖြစ်ပေသည်။

အတိုချုပ်ရသော် ရခိုင်ဒေသသည် ပထဝီနိုင်ငံရေး သဘောတရားရှုဒေါင့်များအရ အားသာချက်များစွာ ရှိနေသည်မှန်သော်လည်း အားနည်းချက်တချို့လည်း ရှိနေသည်ဟု ဆိုရမည်ဖြစ်သည်။

မြေပိုင်နက်၊ ရေပိုင်နက် အကျယ်အဝန်းအားဖြင့် ရခိုင်ပြည်သူလေးသန်းခန့်အတွက် ရန်ကုန်မြို့လယ်တွင် ခြံဝင်းအကျယ်ကြီးပိုင်ဆိုင်ထားသော အိမ်ရာမြေသူဌေးပမာ ဂုဏ်သိက္ခာရှိစွာ နေထိုင်နိုင်သည်မှန်သော်လည်း စီးပွားဖက်များဖြစ်လာနိုင်သော အိန္ဒိယ၊ တရုတ် စသော နိုင်ငံများနှင့် နှိုင်းစာလျင် နယ်မြေအကျယ်အဝန်းအရ ထိုနိုင်ငံများထဲက ပြည်နယ်တစ်ခုစာမျှသာရှိသည်ဟု ဆိုရမည်ဖြစ်သည်။ တည်နေရာအနေအထားအားဖြင့်လည်း တောင်အာရှနှင့် အရှေ့တောင်အာရှ တို့ကို ပေါင်းကူးဆက်သွယ်ထားရာ နေရာဖြစ်သည့်အပြင် အိန္ဒိယသမုဒ္ဒရာ၏ ပင်လယ်ထွက်ပေါက်ကိုပါ ပိုင်ဆိုင်ထားသဖြင့် စစ်ရေးနှင့် စီးပွားရေးနှစ်မျိုးလုံးအတွက် အားသာချက်များစွာ ရှိနိုင်သော်လည်း အမေရိကန်ဦးဆောင်သော အနောက်အုပ်စုနှင့် တရုတ်ဦးဆောင်သော အာရှကုန်းမြေအုပ်စု (Heart Land) အုပ်စုတို့ကြား စားကွက်လုကြသည့်နေရာတွင် ပါရှိနေသဖြင့် နိုင်ငံတကာဆက်ဆံရေးနယ်ပယ်တွင် အထူးသတိထားရမည့် အခြေအနေတွင်ရှိနေပေသည်။

နိုင်ငံ၏ပုံသဏ္ဍာန်အားဖြင့်လည်း ရှည်မျောမျောအနေအထား ဖြစ်နေသည့်အပြင် မတူကွဲပြားသောအုပ်စုများပါ စုစည်းနေထိုင်ကြခြင်းဖြစ်သည့်အတွက် နယ်စပ်တည်ငြိမ်အေးချမ်းရေးနှင့် အမျိုးသားစည်းလုံးညီညွတ်ရေးကို အထူးဦးစားပေးအဆင့်ထားကာ နည်းမှန်လမ်းမှန်ဖြင့် စည်းရုံးအုပ်ချုပ်နိုင်သည့် အရည်အချင်းကောင်းများ ရှိနေရမည်ဖြစ်သည်။

ရာသီဥတုရှုဒေါင့်အရဆိုသော်လည်း ရခိုင်ဒေသတွင် ရေကြီးရေလျှံတတ်ခြင်း၊ မုန်တိုင်းများကျရောက်တတ်ခြင်း၊ ငလျင်များလှုပ်ခတ်တတ်ခြင်း စသော သဘာဝ၏အဖျက်စွမ်းအား (Natural Disasters) များကို ကြုံတွေ့ရတတ်သည် ဖြစ်ပေရာ ကြိုတင်ကာကွယ်ရေး အစီအမံများသာမက အိမ်နီးချင်းကောင်းများနှင့် မိတ်ကောင်းဆွေကောင်းများရှိအောင် ကြိုးစားရမည်ဖြစ်သည်။ သို့မဟုတ်ပါက ဤအားနည်းချက်များသည် မလိုမုန်းတီးသူများအတွက် ချက်ကောင်းတစ်ခုပမာ နိုင်ငံရေးကစားစရာ ဖြစ်လာနိုင်ပေသည်။ မြေမျက်နှာသွင်ပြင်ရှုဒေါင့်အရမူကား အထူးကောင်းမွန်သည်ဟု ဆိုရမည်ဖြစ်သည်မှန်သော်လည်း ပျိုတိုင်းကြိုက်သည့်နှင်းဆီခိုင် ဖြစ်လာသည့်နည်းတူ အပြိုင်အဆိုင် ချစ်ခွင့်ပန်လာကြမည့်အရေးကိုလည်း ထည့်သွင်းတွက်ချက်တတ်ကြရမည် ဖြစ်ပေသည်။

လူဦးရေအရဆိုလျင်ကား ပထဝီနိုင်ငံရေးသဘောတရားအရ အားနည်းချက်ရှိသည်ဟု ဆိုရမည်ဖြစ်ပေသည်။ အဘယ့်ကြောင့်ဆိုသော် ရခိုင်ဒေသသည် လူဦးရေဖောင်းပွမှု အင်မတန်များသော ဘင်္ဂလားဒေ့ရှ် နှင့် အိန္ဒိယတို့နှင့် နယ်နိမိတ်ချင်းထိစပ်နေသည့်အပြင် လူဦးရေသန်း တစ်ထောင့်လေးရာခန့်ရှိသော တရုတ်နိုင်ငံ၏ အကျိုးစီးပွားများစွာရှိသော ဒေသတစ်ခုထဲဝင် ပါဝင်နေခြင်းကြောင့်ပင်ဖြစ်သည်ဟု အကြမ်းအားဖြင့် ဆိုရမည်ဖြစ်သည်။ ထို့အပြင် ရခိုင်ပြည်သူများထဲ၌ ကျွမ်းကျင်လုပ်သား (Skill Labours ) နှင့် လူ့အရင်းအမြစ် (Human Resources) ပါအလွန်နည်းသည့်အတွက် တစ်ပါးနိုင်ငံ၊ တစ်ပါးသူကို မှီခိုရမှုသည်လည်း ကြီးမားသော အတိုင်းအတာတစ်ခုအဖြစ် ရှိနေမည်ဖြစ်ပေသည်။ ထို့ကြောင့် လူ့စွမ်းအားအရင်းအမြစ်များ ပြုစုပျိုးထောင်ရေးကိုလည်း အရေးကြီးသည့် ဦးစားပေးလုပ်ငန်းတစ်ရပ်အဖြစ် မဆိုင်းမတွ ဖော်ဆောင်သွားကြရမည်ဖြစ်ပေသည်။

သယံဇာတရှုဒေါင့်အရဆိုင်လျင်ကား ရခိုင်ဒေသကို ဦးဆောင်အုပ်ချုပ်မည့် အစိုးရများအနေဖြင့် သယံဇာတကျိန်စာထောင်ချောက်ကို အထူးသတိထား ကျော်လွှားနိုင်ကြရမည်ဖြစ်သည်။ ထိုသို့ကျော်လွှားနိုင်ရန်အတွက် ရခိုင်ဒေသကို စီမံအုပ်ချုပ်မည့်အစိုးရအနေဖြင့် လူမှုစီးပွားထိခိုက်မှုဆန်းစစ်ချက် (Social Impact Assessment) ကိုလည်းကောင်း၊ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ချက် (Environment Impact Assessment) ကိုလည်းကောင်း၊ တာဝန်ယူတာဝန်ခံမှုရှိသော စီးပွားရေးရပ်ဝန်း (Responsible Businesses Climate) ကိုလည်းကောင်း၊ ဘဏ္ဍာငွေရယူသုံးစွဲမှုဆိုင်ရာ ပွင့်လင်းမြင်သာမှု( Extractive Industries Transparency Initiative - EITI) ကိုလည်းကောင်း စနှစ်တကျနှင့်အမြော်အမြင်ရှိစွာ ဖော်ဆောင်သွားနိုင်ရမည် ဖြစ်သည်။

ရခိုင်ဒေသ၏ ပထဝီနိုင်ငံရေးဆိုင် အားသာချက်နှင့် အားနည်းချက်ကို အချိုးချကြည့်မည်ဆိုပါက ဆိုးကျိုးဖြစ်နိုင်ခြေ လေးဆယ်ရာခိုင်နူန်း(၄၀%)ခန့်ရှိပြီး အားသာချက်ဖြစ်နိုင်ခြေက ခြောက်ဆယ်ရာခိုင်နုန်း(၆၀%)ခန့်ထိ ရှိနိုင်သည်ဟု ခန့်မှန်းပြောဆိုလိုသည်။ သို့သော် အားသာချက် အားနည်းချက်တို့မည်သည် စီမံအုပ်ချုပ်မည့်အစိုးရ၏ အရည်အချင်းနှင့် စွမ်းဆောင်ရည်အပေါ်တွင် များစွာမူတည်နေသကဲ့သို့ ပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှုနှင့် နိုင်ငံရေး၊အမျိုးသားရေးအမြော်အမြင်သည်လည်း အဓီကအခန်းကဏ္ဍတွင် ပါဝင်နေပေသည်။ အုပ်ချုပ်သူအစိုးရနှင့် ပြည်သူလူထုကြားတွင်သော်လည်းကောင်း၊ ပြည်သူလူထု အချင်းချင်းကြားတွင်လည်းကောင်း ရေကိုခုတ်၍ ပြတ်ရှရာမထင်သကဲ့သို့ တစ်သားတည်းရပ်တည်ကာ ရခိုင်ဒေသ၏ ဘုံအကျိုးစီးပွားအတွက် စုပေါင်းလုပ်ဆောင်ကြမည်ဆိုပါက ပထဝီနိုင်ငံရေးအရတည်ရှိနေသော အားနည်းချက်တိုင်းသည် အားသာချက်အဖြစ်သို့ ပြောင်းလဲရောက်ရှိသွားနိုင်မည်ဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးစနစ်ကို ကျင့်သုံးနိုင်ခဲ့သော ရခိုင့်ကျောက်လှေကား ဝေသာလီခေတ် နှင့် ဆိပ်ကမ်းမြို့အဖြစ် ရွှေထီးဆောင်းခဲ့သော ၁၅ ရာစုမြောက်ဦးခေတ်တို့သည် ဒဏ္ဍာရီပုံပြင်သက်သက် မဟုတ်ပေ။ ထိုခေတ်ထိုအခါတွင်ရှိခဲ့သော အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ခေါင်းဆောင်တို့၏ ပထဝီနိုင်ငံရေးအပေါ် ကောင်းစွာအသုံးချတတ်သော အရည်အချင်းနှင့် အမြော်အမြင်များ၏ အသီးအပွင့်များအဖြစ် စည်ပင်ဝပြောတိုးတက်၍ ဂုဏ်သိက္ခာရှိသော ရရှိပိုင်ဆိုင်ခဲ့ကြခြင်းပင်ဖြစ်သည်။

အလွန်မြေဩဇာကောင်းသောမြေသည် မစိုက်ပျိုးဘဲထားသဖြင့် မြက်ရိုင်းများပေါက်ကာ တောထူခြုံထူဖြစ်နေသော်လည်း ထိုမြက်ရိုင်းနှင့် ခြုံတောများကို ခုတ်ထွင်ရှင်းလင်းကာ စိုက်ပျိုးရေးနည်းစနစ်ကောင်းများဖြင့် ပြန်လည်စိုက်ပျိုးမည်ဆိုပါက မြေကြီးကရွှေသီးသည့်ပမာ ပြန်လည်ဖြစ်ထွန်းအောင်မြင်လာမည် ဖြစ်ပေသည်။ အရေးကြီးသည်မှာ မိမိတို့၏ ဘိုးဘွားပိုင်ဖြစ်သော ဤမြေကွက်ကြီးတွင် အနှောင့်အယှက် အဟန့်အတားမရှိဘဲ ထွန်ယက်စိုက်ပျိုးရိုက်သိမ်းခွင့် ရရှိရေးပင်ဖြစ်ပါတော့သည်။

ဇော်ထွန်း (မြောက်ဦး)_ရေးသားသည်