ရှုပ်ထွေးနေတဲ့ မြန်မာနိုင်ငံရေး ဘယ်လိုအဆုံးသတ်မလဲ

လက်ရှိအချိန်မှာတော့ အာဏာသိမ်းစစ်ကောင်စီဘက်ကလည်း သူ့အုပ်ချုပ်ရေး အောင်မြင်နိုင်ရေး ကိုသာ ဦးစားပေးလုပ်ဆောင်နေတာကိုတွေ့ရပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ  (CRPH)ကတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနဲ့ တွေ့ဆုံစကားပြောနေသလို တိုင်းရင်းသားများလိုလားတဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ဖြစ်ပေါ်လာရေးနဲ့ ၂၀၀၈ ခြေ/ဥဖျက်သိမ်း ရေးကို ဦးတည်လာတာကိုတွေ့ရပါတယ်။ ဒါဟာ ဒီနိုင်ငံရဲ့အပြောင်းအလဲကို တကယ်ဦးတည် သွားစေမလားဆိုတာလည်း စိတ်ဝင်စားစရာပါ။

By မင်းထီး 23 Mar 2021

မင်းထီးရေးသားသည်

၂၀၂၀ အထွေထွေရွေးကောက်ပွဲရလဒ်အပေါ် တပ်မတော်နဲ့ အစိုးရကြား အငြင်းပွားမှုကို အကြောင်းပြုပြီး နိုင်ငံတော်အာဏာကို သိမ်းယူလိုက်တဲ့ မြန်မာစစ်တပ်အပေါ်  လူထုဆန့်ကျင် ဆန္ဒဖော်ထုတ်မှုဟာ ရက်ပေါင်းငါးဆယ်ကျော် ကြာလာခဲ့ပြီဖြစ်ပါတယ်။ မြန်မာစစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေရဲ့ အကြမ်းဖက်နှိမ်နှင်းမှုတွေကြောင့် ဆန္ဒထုတ်ဖော်သူများ သေဆုံးသူဦးရေမှာလည်း နေ့စဉ် မြင့်တက်နေဆဲ ဖြစ်ပါတယ်။

ကမ္ဘာ့ကုလသမဂ္ဂက မြန်မာအရေးနဲ့ပတ်သက်ပြီး အထူးအစည်အဝေး နှစ်ကြိမ်ထိပြုလုပ်ခဲ့ပေမယ့် ဆန္ဒထုတ်ဖော်ထုတ်နေတဲ့လူထုနဲ့ အာဏာသိမ်းစစ်တပ်အဖွဲ့ဖြစ်တဲ့ နိုင်ငံတော်ကောင်စီအကြား ဖြေရှင်းပေးနိုင်မယ့်နည်းလမ်းတွေ မရရှိနိုင်သေးပါဘူး။ ကုလသမဂ္ဂက မြန်မာစစ်ကောင်စီကို ရှုတ်ချဖို့ ဆုံးဖြတ်ချက်ချဖို့တောင် မြန်မာဘက်က ရပ်တည်ပေးနေတဲ့ တရုတ်၊ ရုရှား၊ ဗီယက်နမ်၊ အိန္ဒိယစတဲ့ နိုင်ငံတွေက ကန့်ကွက်ခဲ့တာကြောင့် မအောင်မြင်ခဲ့ပါဘူး။ သို့သော်လည်း တရုတ်နိုင်ငံကတော့ ကုလသမဂ္ဂကို မြန်မာနိုင်ငံအရေး သံတမန်နည်းလမ်းနဲ့ ဖြေရှင်းပေးဖို့ကို အားပေးကြောင်း ထုတ်ပြန်ထားတာ တွေ့ရပါတယ်။

မြန်မာနိုင်ငံအတွင်း ရင်နှီးမြှုပ်နှံမှုအများဆုံးကို ပိုင်ဆိုင်ထားတဲ့တရုတ်ဟာ ဒေါ်စုဦးဆောင်တဲ့ NLD အစိုးရနဲ့ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းစာချုပ်အသစ် (၃၃)ခုကို ရွေးကောက်ပွဲမတိုင်ခင် လက်မှတ်ရေးထိုး ထားခဲ့သလို (၂၀၂၀)ရွေးကောက်ပွဲမှာ NLD ပါတီက အနိုင်ရရှိမှုအပေါ်ကြိုဆိုကြောင်း စစ်တပ်က အာဏာမသိမ်းမှီ တစ်လကျော်က တရုတ်သံတမန် မြန်မာနိုင်ငံကိုရောက်ရှိလာခဲ့ပြီး ပြောဆိုခဲ့ ပါတယ်။ တရုတ်အစိုးရအနေနဲ့လည်း သူ့ရင်းနှီးမြှုပ်နှံမှုများစွာရှိနေတဲ့  မြန်မာနိုင်ငံမှာ အခုလို စစ်တပ်ကအာဏာသိမ်းယူလိုက်ခြင်းကြောင့် နိုင်ငံတစ်ခုလုံးဆူပူမှုဖြစ်နေသလို သူ့စီမံကိန်း လုံခြုံနိုင်ရေးအတွက် စစ်တပ်က လက်ရှိအာဏာသိမ်းယူလိုက်ခြင်းကို ကြိုက်ပုံမရပါဘူး။

မြန်မာစစ်တပ်ဘက်ကလည်း တစ်စစအင်အားကြီးမားလာတဲ့ မြောက်ပိုင်းမဟာမိတ်တပ်တွေဟာ တရုတ်နယ်စပ်မှာ အခြေစိုက်ထားတာကြောင့် တရုတ်အစိုးရနဲ့ဆက်ဆံရေးကို ခွာချင်ပုံရပါတယ်။ ပြီးခဲ့တဲ့အပတ်က မြန်မာစစ်တပ်ကငှားရမ်းထားတဲ့ လော်ဘီက မြန်မာစစ်တပ်ခေါင်းဆောင်များဟာ တရုတ်ကိုရှောင်ပြီး အမေရိကန်နိုင်ငံနဲ့ဆက်ဆံရေးကို တိုးမြှင့်လိုကြောင်း ထုတ်ဖေါ်ပြောဆိုထား တာကို တွေ့ရပါတယ်။

ဒါကြောင့်လည်း NLD အစိုးရလက်ထက်မှာ မြန်မာစစ်တပ်ဟာ ရုရှားနဲ့ ပိုမိုနီးကပ်တဲ့ဆက်ဆံရေးကို အလေးထားခဲ့တာကိုတွေ့ရပြီး အိမ်နီးချင်းအိန္ဒိယကတော့ စစ်တပ်နဲ့ထက် ဒေါ်စုအစိုးရနဲ့ ဆက်ဆံရေး အလွန်ကောင်းခဲ့တာကိုတွေ့ရပါတယ်။ တရုတ်ဟာ ခုလို သူ့ရင်းနှီးမြှုပ်နှံမှုအများဆုံး ရှိနေတဲ့နိုင်ငံမှာ ဆူပူမှုဖြစ်နေပုံမျိုးကိုတော့ လုံးဝကြိုက်မှာမဟုတ်သလို  မြန်မာနိုင်ငံစစ်အစိုးရ လက်ထက် တောက်လျှောက်ဩဇာညောင်းလာခဲ့ပြီး တရုတ်နိုင်ငံရေးအတွက် အသက်တမျှ အရေးကြီးတဲ့ BRI စီမံကိန်းကြီးရှိနေတာကြောင့် လက်ရှိပြဿနာကို ဖြေရှင်းနိုင်ဖို့နဲ့ ရခိုင်ပြည်နယ်၊ ကျောက်ဖြူကနေ သွယ်တန်းထားတဲ့ ပိုက်လိုင်းစီမံကိန်းကိုစိုးရိမ်ကြောင်း အရိပ်အရောင်ပြလာတာ၊ တိုက်ရိုက်ဖိအားပေး ပြောဆိုလာတာတွေကိုပါ တွေ့နေရပါတယ်။

တရုတ်ကိုယ်စားလှယ် (Mr. Chen Hai)က ၂၃-၂-၂၀၂၁ ရက်နေ့ကပြုလုပ်တဲ့ အစည်းအဝေးမှာ အဓိကထားဆွေးနွေးခဲ့တဲ့ အကြောင်းအရာကိုပြန်ကြည့်ရင် မြန်မာနိုင်ငံမှာ ကြီးမားတဲ့အပြောင်း အလဲရှိခဲ့ပေမယ့် ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းထားနိုင်ရေးနဲ့ BRI စီမံကိန်းများ၏ လုံခြုံရေးအတွက်စိုးရိမ်ကြောင်း၊ ပိုက်လိုင်းစီမံကိန်းဟာ တရုတ်အတွက် အလွန် အရေးကြီးကြောင်း ထုတ်ဖေါ်ပြောဆိုသွားတာကို တွေ့ရပါတယ်။ ဒါဟာ လက်ရှိဖြစ်ပျက်နေတဲ့ မြန်မာနိုင်ငံရေး အရှုပ်အထွေးကြားမှာ တရုတ်နိုင်ငံရဲ့စီးပွားရေးကို မထိခိုက်စေလိုကြောင်း ပြသ နေတာဖြစ်ပါတယ်။

ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်ထဲမှာ ပြီးခဲ့တဲ့တစ်ပတ်အတွင်း တရုတ်အထည်ချုပ်စက်ရုံတွေ မီးလောင်ကျွမ်းမှုနဲ့ပတ်သက်ပြီး စက်ရုံအလုပ်သမားပေါင်းသိန်းချီ နေရပ်ပြန်ခဲ့ရသလို ဆန္ဒထုတ်ဖော်သူများကလည်း တရုတ်ဟာ စစ်တပ်နဲ့ရင်းနှီးတဲ့ ဆက်ဆံမှုရှိတာကြောင့် တရုတ်နဲ့ ဆက်စပ်တာတွေကို လူထုက ပစ်မှတ်ထားလာတာကို တွေ့ရပါတယ်။ ပြီးခဲ့တဲ့ စစ်အစိုးရဦးသန်းရွှေ လက်ထက် အနောက်နိုင်ငံများက မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်ပိတ်ဆို့ နေချိန်မှာ တရုတ်ဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအပြောင်းအလဲကို အားမပေးခဲ့ဘဲ စစ်အာဏာရှင်များဘက်က ရပ်တည်ခဲ့ကာ မြန်မာနိုင်ငံအတွင်းက သယံဇာတများစွာနဲ့ စီမံကိန်းများစွာကို ရယူပိုင်ဆိုင်ထားခဲ့ တာကြောင့် မြန်မာလူမျိုးအများစုဟာ တရုတ်စီမံကိန်းတွေကို ဆန့်ကျင့်ကြတာ၊ သဘောမကျတာ တွေကို တွေ့ရမှာပါ။

တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံစစ်တပ်အပေါ် ဩဇာထားရှိနိုင်ခဲ့သလို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေဖြစ်တဲ့ မြောက်ပိုင်းအဖွဲ့တွေနဲ့လည်း ကောင်းမွန်တဲ့ဆက်ဆံရေးကို ထူထောင် ထားနိုင်တာကို တွေ့ရပါတယ်။ ၂၀၁၉ ခုနှစ်ကပြုလုပ်ခဲ့တဲ့ တတိယအကြိမ် ပင်လုံညီလာခံမှာ မြောက်ပိုင်းမဟာမိတ်အဖွဲ့ကိုဖိတ်ကြားရေးအတွက် တရုတ်နိုင်ငံကပါဝင်ညှိနှိုင်းပေးခဲ့တာကို ကြည့်ခြင်းအားဖြင့် တရုတ်ရဲ့ မြန်မာနိုင်ငံအပေါ်မှာထားရှိတဲ့ ဆက်ဆံရေးမှာ ဩဇာရှိတယ် ဆိုတာကိုတွေ့ရသလို အားလုံးနဲ့သင့်မြတ်ရေးမူကို ကိုင်ထားတယ်လို့ဆိုရမှာပါ။

ဒါကြောင့် လက်ရှိအချိန်မှာ တရုတ်ဟာ မြန်မာနိုင်ငံမှာစစ်တပ်ကအာဏာသိမ်းယူလိုက်မှုကို သဘောမကျပေမယ့် မြန်မာစစ်တပ်ဘက်က ရပ်တည်ပေးနေဦးမယ်လို့ ယူဆရပါတယ်။ လက်ရှိ မြန်မာ့အကျပ်အတည်းကို အနောက်အုပ်စု(သို့မဟုတ်)ကမ္ဘာ့ကုလသမဂ္ဂက နည်းလမ်းတစ်မျိုးမျိုးနဲ့ ဝင်ရောက်ဖြေရှင်းတာကိုတော့ တရုတ်အနေနဲ့ ရနိုင်သမျှ သူ့အကျိုးစီးပွားအတွက် ကာကွယ်မှာ ဖြစ်ပါတယ်။ သို့သော်လည်း တရုတ်အနေနဲ့ မြန်မာနိုင်ငံကို စစ်တပ်ကအာဏာသိမ်းယူထားတာ ရက်ပေါင်းလေးဆယ်ကျော် ကြာလာတဲ့အထိတော့ တရားဝင်ကြောင်း အသိအမှတ်ပြု ဆက်ဆံ တာမျိုး ထုတ်ဖေါ်ပြောဆိုတာမျိုးကို မတွေ့ရသေးပါဘူး။

လက်ရှိ အခင်းအကျင်းဟာ မြန်မာစစ်ကောင်စီဘက်ကလည်း ဆန္ဒထုတ်ဖေါ်သူတွေကို ပစ်သတ်နေတာကြောင့် သေဆုံးရသူပေါင်း နှစ်ရာ့ငါးဆယ်ကျော်အထိရှိလာနေပြီး ဖမ်းဆီးခံထားရသူပေါင်း နှစ်ထောင့် ခြောက်ရာကျော်အထိ ရှိနေပြီဖြစ်ပါတယ်။ အာဏာသိမ်းစစ်ကောင်စီဟာ လက်ရှိအချိန်မှာ ပြည်နယ်ကောင်စီတွေ ဖွဲ့စည်းထားပြီး ပြည်နယ်တစ်ချို့မှာ အဖြစ်သဘော လည်ပတ်နေသလို ရှိပေမယ့် ကျန်တဲ့တိုင်းဒေသကြီးအများစုမှာ စစ်အာဏာသိမ်းကောင်စီအဖွဲ့ ယန္တရားလည်ပတ်ဖို့  ခက်ခဲနေဆဲဖြစ်သလို ဝန်ထမ်းတွေကိုယ်တိုင် CDM (ခေါ်) အာဏာဖီဆန်မှုတွေ ပြုလုပ်နေခြင်းကြောင့် အခက်အခဲကြုံနေရတာကို တွေ့ရပါတယ်။

စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ ဆန္ဒပြလူထုကို ကျည်အစစ် သေနတ်တွေနဲ့ ပစ်သတ်နေသလို အင်အားသုံး ဖမ်းဆီးနေတာကြောင့် လူထုတွေကြား မကျေနပ်မှုများ ပိုမိုတိုးပွားလာမှုကို ရင်ဆိုင်နေရသလို ရန်ကုန်အပါအဝင် မြန်မာနိုင်ငံမြို့ကြီးတစ်ချို့ဟာ တစ်နေ့တစ်ခြား စစ်မြေပြင်နဲ့ ပိုတူလာနေတာကို တွေ့ရပါတယ်။ ဒါဟာ ဆန္ဒထုတ်ဖော်နေတဲ့ လူထုဘက်ကလည်း နောက်မဆုတ်ဘူးဆိုတဲ့ ပုံစံမျိုးကို ပြသနေတယ်လို့ဆိုရမှာပါ။ တစ်ဖက်မှာလည်း UN အပါအဝင် အနောက်နိုင်ငံကြီး တစ်ချို့ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုကို တိုးမြှင့်လာသလို နိုင်ငံအတွင်းစီးပွားရေးကလည်း ဒီနေ့ထိ လုံးဝနီးပါး လည်ပတ်လို့ မရနိုင်သေးပါဘူး။

စစ်အာဏာသိမ်း ရက်ပေါင်းလေးဆယ်ကျော်အတွင်း ရန်ကုန်မြို့ကိုရောက်နေတဲ့ တစ်ခြားတိုင်းနဲ့ ပြည်နယ်တွေက ရွှေ့ပြောင်းလုပ်သားများစွာ ရန်ကုန်မြို့ကိုစတင်စွန့်ခွာနေကြသလို ရန်ကုန်မြို့ဟာ မြန်မာနိုင်ငံရဲ့ အဓိကစီပွားရေးမြို့တော်ကြီးလည်းဖြစ်ပါတယ်။ စစ်ကောင်စီအဖွဲ့အနေနဲ့ လက်ရှိ အတိုင်းဆက်သွားပါက လူဦးရေထူထပ်ပြီး ကိုဗစ်ရောဂါကြောင့် စားဝတ်နေရေးခက်ခဲနေတဲ့ အခြေခံလူတန်းစားတွေရဲ့ အကျပ်အတည်းကို ဖြေရှင်းဖို့ ခက်ခဲနိုင်သလို မြန်မာနိုင်ငံရဲ့ ရာခိုင်နှုန်း အများဆုံးဖြစ်တဲ့ အခြေခံလူတန်းစားတွေရဲ့ စားဝတ်နေရေးအကျပ်အတည်းကို ပြေလည်အောင် မကြိုးစားနိုင်ပါက နိုင်ငံဟာ လက်ရှိအခြေအနေထက် ပိုမိုဆိုးရွားတဲ့အကျပ်အတည်းကို ရင်ဆိုင်ရမှာပါ။

လက်ရှိ ပြည်သူတွေရဲ့ ဆင်းရဲမွဲတေမှုဟာ တစ်နှစ်ကြာ(ကိုဗစ်-၁၉)အကျပ်အတည်းကနေ အစပြု လာတာဖြစ်တဲ့အတွက် ဒီအခြေခံလူတန်းစားတွေရဲ့ ထုထည်ကိုဖြေရှင်းဖို့ဟာ အလွန်အရေးကြီးတဲ့ အခြေအနေဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိလူထုဆန့်ကျင်လှုပ်ရှားမှုကို မြန်မြန်ဆန်ဆန် ညှိနှိုင်း ဖြေရှင်းနိုင်ဖို့ အစွမ်းကုန်ကြိုးစားရမှာဖြစ်သလို ဒီဖြေရှင်းနိုင်ရေးကို ဘယ်လိုစတင်နိုင်မလဲဆိုတာ ကသာ နိုင်ငံရဲ့အဖြေ ဖြစ်ပါလိမ့်မယ်။

လက်ရှိအချိန်မှာတော့ အာဏာသိမ်းစစ်ကောင်စီဘက်ကလည်း သူ့အုပ်ချုပ်ရေး အောင်မြင်နိုင်ရေး ကိုသာ ဦးစားပေးလုပ်ဆောင်နေတာကိုတွေ့ရပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ  (CRPH)ကတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနဲ့ တွေ့ဆုံစကားပြောနေသလို တိုင်းရင်းသားများလိုလားတဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ဖြစ်ပေါ်လာရေးနဲ့ ၂၀၀၈ ခြေ/ဥဖျက်သိမ်း ရေးကို ဦးတည်လာတာကိုတွေ့ရပါတယ်။ ဒါဟာ ဒီနိုင်ငံရဲ့အပြောင်းအလဲကို တကယ်ဦးတည် သွားစေမလားဆိုတာလည်း စိတ်ဝင်စားစရာပါ။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဘက်ကလည်း ဖက်ဒရယ်တပ်မတော် ပေါ်ပေါက် လာနိုင်ရေး ကြိုးစားနေကြောင်း ပြသနေတာတွေကိုတွေ့နေရသလို အာဏာသိမ်းစစ်ကောင်စီ  ဘက်က တစ်စုံတစ်ရာညှိနှိုင်းဖြေရှင်းနိုင်ရေး လမ်းကြောင်းဟာ ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။ ဒီနိုင်ငံရဲ့ အဓိကပင်မပြဿနာဖြစ်တဲ့ တိုင်းရင်းသားတွေ တောင်းဆိုနေတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဟာ လက်နက်ကိုင်တော်လှန်ရေးကို ချုပ်ငြိမ်းပြီး တစ်နိုင်ငံလုံးစည်းလုံးညီညွတ် မှုကို တည်ဆောက်နိုင်မယ့် တစ်ခုတည်းသောနည်းလမ်းလည်း ဖြစ်ပါတယ်။

လက်ရှိ တည်ဆဲဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်တဲ့ (၂၀၀၈)ခြေ/ဥဖျက်သိမ်းရေးမူကို CRPH အနေဖြင့် တိုင်းရင်းသားတွေနဲ့ပူးပေါင်းပြီး မသွားနိုင်ခဲ့ဘူးဆိုရင် အာဏာရှင်စနစ်ကျရှုံးရေးကြွေးကြော်သံဟာ အရာမရောက်နိုင်ပါဘူး။ (၂၀၀၈)ခြေ/ဥကိုယ်တိုင်က အာဏာရှင်ကို အကာအကွယ်ပေးထားသလို စစ်တပ်ကို နိုင်ငံရေးမှာဦးဆောင်ခိုင်းထားတဲ့ ဥပဒေဖြစ်တဲ့အတွက် နိုင်ငံရဲ့ဒီမိုကရေစီရှင်သန်ရေး ဆိုတာ မလွယ်ကူသလို (၂၀၀၈)ခြေ/ဥအရကို စစ်တပ်ကနိုင်ငံ့အာဏာကိုသိမ်းယူမှု ဆက်ဖြစ်နေ ဦးမှာဖြစ်တယ်လို့မြင်ပါတယ်။

လက်ရှိမှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီ (၉၁)ပါတီအနက် စစ်တပ်နဲ့ မဟာမိတ်ပါတီပေါင်း (၅၃) ပါတီအထိရှိတယ်ဆိုတာကို စစ်အာဏာသိမ်းပြီးများမကြာမီ စစ်ကောင်စီက အသစ်ခန့်အပ်တဲ့      ရွေးကောက်ပွဲကော်မရှင်က ခေါ်ယူပြုလုပ်တဲ့အစည်းအဝေးက သက်သေပြနေသလို စစ်ကောင်စီ ကို အပြတ်အသတ်ထောက်ခံပူးပေါင်းထားတဲ့ ရခိုင်အမျိုးသားပါတီ၊ ပီသုံးလုံးပါတီ၊ မွန်ညီညွတ်ရေး ပါတီတို့လို ပါတီတွေကိုလည်းတွေ့ရပါတယ်။ ဒီနိုင်ငံရေးပါတီတွေမှာ ဒီနိုင်ငံရဲ့ အဓိကပင်မ ပြဿနာဖြစ်တဲ့ ဖက်ဒရယ်တည်ဆောက်ရေး၊ ဒီမိုကရေစီထွန်းကားရေးဟာ အဓိကမဟုတ်ဘဲ စစ်တပ်က နိုင်ငံရေးမှာအာဏာတည်မြဲရေးသာ အဓိကပင်မမူဝါဒဖြစ်တယ်ဆိုတာ ထင်ရှားတယ်လို့ ပြောရမှာပါ။

အဲဒါကြောင့် CRPH အနေနဲ့ ရွေးချယ်ရမယ့်လမ်းကြောင်းဟာ တိုင်းရင်းသားလက်နက်ကိုင်များနဲ့ ပူးပေါင်းကာ ဒီနိုင်ငံရဲ့ပင်မပြဿနာကိုဖြေရှင်းရင်း စစ်အာဏာရှင်ကိုဖြုတ်ချနိုင်ရေး တစ်ခုသာ ရှိပါတယ်။ ဆိုတော့ဒီပြဿနာကို ဖြေရှင်းနိုင်ဖို့နဲ့ ကြားဝင်စေ့စပ်နိုင်ရေးကို တရုတ်ဘက်က စဉ်းစား လာနိုင်မလားဆိုတာ ဒီနိုင်ငံမှာအရေးပါသလို သူ့အကျိုးစီပွားအများဆုံးရှိနေတဲ့အတွက် တရုတ်က ဒီအတိုင်းတော့ ထိုင်ကြည့်နေမှာမဟုတ်ဘူးလို့ ထင်ရပါတယ်။ တရုတ်နိုင်ငံဟာ ဒီမိုကရေစီစနစ်ကို တရားဝင်လက်ခံ မကျင့်သုံးသေးသလို မြန်မာနိုင်ငံမှာ တိုင်းရင်းသားတွေတောင်းဆိုနေတဲ့ ဖက်ဒရယ်ပုံစံမျိုးကိုလည်း ကျင့်သုံးတဲ့နိုင်ငံတော့ မဟုတ်ပါဘူး။

နိုင်ငံကို အာဏာစနစ်နဲ့အုပ်ချုပ်ပြီး နိုင်ငံအတွင်းပဋိပက္ခကို ရှောင်ကြည်အုပ်ချုပ်တဲ့ နိုင်ငံ ဖြစ်ပါတယ်။ မြန်မာစစ်ခေါင်းဆောင်များဟာလည်း မြန်မာနိုင်ငံကို တရုတ်နိုင်ငံလိုဖန်တီးထားချင်တဲ့ သဘောထားရှိကြပါတယ်။ သို့သော်လည်း လက်ရှိပဋိပက္ခကိုဖြေရှင်းဖို့က ဖက်ဒရယ် တည်ဆောက်ရေး နည်းလမ်းသာလျှင် သွေးထွက်သံယိုမှု အနည်းဆုံးဖြစ်နိုင်ပြီး မြန်မြန်ဆန်ဆန် ပြေလည်မယ့်နည်းလမ်းလို့လည်း မြင်ပါတယ်။ ဒီနည်းလမ်းဟာ တရုတ်အတွက် ထောက်ခံဖို့ခက်ခဲ နိုင်ပေမယ့် ဒီနည်းလမ်းကိုရွေးချယ်သင့်တယ်လို့တော့ တရုတ်ဘက်ကတွေးပါလိမ့်မယ်။ လက်ရှိ မြန်မာပြဿနာဟာ ကြားဝင်စေ့စပ်မယ့်နိုင်ငံမရှိဘူးဆိုရင်တော့ တိုက်ပွဲတွေသာပြန်လည် ပြင်းထန် လာနိုင်တယ်လို့ မြင်ပါတယ်။

နောက်တစ်ခုက လက်ရှိအချိန်ထိ စစ်အာဏာသိမ်းယူမှုနဲ့ပတ်သက်ပြီး ရခိုင်ပြည်ဟာ ဆူပူမှု နည်းသလို ၂၀၁၈ နှောင်းပိုင်းကနေ တောက်လျှောက်တိုက်ပွဲပြင်းထန်နေခဲ့တဲ့ ရက္ခိုင့်တပ်တော် (AA)နဲ့ မြန်မာစစ်တပ်တို့ရဲ့ တိုက်ပွဲကလည်း ရွေးကောက်ပွဲမတိုင်ခင်ကတည်းက သေနတ်သံ တိတ်သွားခဲ့ပေမယ့် ရက္ခိုင့်တပ်တော်နဲ့ မြန်မာစစ်တပ်တို့အကြားမှာ ဘာသဘောတူညီချက်မှ ရထားတာမရှိပါဘူး။ ရက္ခိုင့်တပ်တော် စစ်ဦးစီးချုပ်က ကွန်ဖယ်ဒရိတ်ကို ကြွေးကြော်ထားသလို နိုင်ငံရေးရည်မှန်းချက်ကြီးသူအဖြစ် ထင်ရှားတဲ့ခေါင်းဆောင်လည်း ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်ဟာ တရုတ်ရဲ့ BRI စီမံကိန်းထွက်ပေါက်ဖြစ်သလို တရုတ်အကျိုးစီးပွားအများဆုံး ရှိနေတဲ့နေရာလည်း ဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ အနာဂတ်အသက်သွေးကြောဖြစ်တဲ့ အိန္ဒိယ သမုဒ္ဒရာထွက်ပေါက်ကို ပိုင်ဆိုင်ထားတဲ့ ရခိုင်ပြည်နေရာအများစုကို ၂ နှစ်အတွင်း ရက္ခိုင့် တပ်တော်က စိုးမိုးထားနိုင်ပြီး ရခိုင်လူထုတစ်ရပ်လုံးရဲ့ထောက်ခံမှုကို အပြည့်အဝရရှိထားပါတယ်။ ဒါကြောင့် ရက္ခိုင့်တပ်တော်ဟာ ဒီနိုင်ငံအရေးအတွက်ရော တရုတ်နိုင်ငံအကျိုးစီးပွားအတွက်ပါ အလွန်အရေးကြီးတဲ့နယ်မြေမှာ ရှိနေတာပါ။

လက်ရှိအချိန်မှာ လူတစ်ချို့ဝေဖန်ပြောဆိုနေကြသလို ရက္ခိုင့်တပ်တော်ဟာ လက်ရှိအာဏာ သိမ်းယူထားမှုမှာ ငြိမ်နေတာမျိုးလို့တော့ စာရေးသူအနေနဲ့မမြင်ပါဘူး။ အစောက လူတွေ ထင်ကြေးပေးထားကြတဲ့အတိုင်း ရက္ခိုင့်တပ်တော်ခေါင်းဆောင်ဟာ နိုင်ငံရေးရည်မှန်းချက် ကြီးမား သလို တိုက်ခိုက်ရေးစွမ်းရည်အားကောင်းတဲ့ အင်အားကြီးလက်နက်ကိုင်တပ်ဖွဲ့ကို စနစ်တစ်ကျ ကိုင်တွယ်ထားနိုင်တာကိုကြည့်ရင် ရက္ခိုင့်တပ်တော်လှုပ်ရှားလာနိုင်တဲ့ လှုပ်ရှားမှုအခြေအနေဟာ ရခိုင်ပြည်ရဲ့ အဆုံးအဖြတ်လည်းဖြစ်သွားနိုင်ပါတယ်။

ဒါကြောင့် CRPH အနေနဲ့ ဒီနိုင်ငံရဲ့အပြောင်းအလဲကို ဦးဆောင်ကိုင်တွယ်သွားနိုင်ဖို့ လက်နက်ကိုင် အားလုံးပါဝင်ပြီး ကြားဖြတ်အစိုးရဖွဲ့စည်းကာ စစ်အာဏာရှင်ဖြုတ်ချရေးကို ဦးတည်မသွားနိုင်ဘူး ဆိုရင် ဒီနိုင်ငံရဲ့ လက်ရှိအကျပ်အတည်းဟာ ဖယ်ဒရယ်ထက် အစိတ်စိတ်အမြွာမြွာ ကွဲထွက်ရေးဘက်ကို ဦးတည်သွားနိုင်တယ်လို့ သုံးသပ်မိပါတယ်။

လက်ရှိအချိန်ဟာ စစ်အာဏာရှင်ကို အားလုံး ပူးပေါင်းဖြုတ်ချနိုင်ရေးကနေတစ်ဆင့်သာ နိုင်ငံရဲ့အနာဂတ်ကို တည်ဆောက်နိုင်မှာဖြစ်ပြီး လက်ရှိ ဖွဲ့စည်းထားတဲ့ CRPH အနေနဲ့ ရွေးကောက်ခံအစိုးရနဲ့ အပြောင်းအလဲကို ဖော်ဆောင်ဖို့ ဆက်သွားပါက ဒီနိုင်ငံပြောင်းလဲဖို့ထက် တစ်စစချေမှုန်းနေတဲ့ စစ်အာဏာရှင်ကသာ ရေရှည်မှာ ခိုင်မာသွားနိုင်တယ်လို့ သုံးသပ်မိပါတယ်။

ဗီဒီယိုများ