- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
ပြည်သူရှိရာအရပ်ကို မျက်နှာမူပါ
လက်ရှိနိုင်ငံတော်သည် ပြည်သူများမျှော်လင့်သည့်အတိုင်း ဒီမိုကရေစီအရွေ့တစ်ခုဆီသို့ ဦးတည် ရွေ့လျားနေသည်။ သို့ရာတွင် ရခိုင်ပြည်နယ်ထဲတွင်တော့ စစ်လက်နက်ပေါက်ကွဲသံများ၊ ငိုယိုငြီးတွားသံများ၊ ငြူစူစောင်းမြောင်းသံများ၊ စိုးရိမ်ကြောင့်ကြဆင်းရဲဒုက္ခများနှင့်သာ ခရီးဆက်နေကြရသည်။ ကယ်တင်ရှင်ကို မျှော်လင့်နေကြရသည်။ နိုင်ငံရေးတွင်လည်းကောင်း၊ လူမှုရေးတွင်လည်းကောင်း၊ စီးပွားရေးတွင်လည်းကောင်း နိုင်ငံတော်မှ ရခိုင်ပြည်သူများ၏ ရင်တွင်းထဲထိ ခံစားကြည့်ရှုနိုင်ရန်နှင့် ရခိုင်ပြည်သူများဖက်သို့ မျက်နှာမူပေးကြရန် လိုအပ်နေကြောင်းအသံများကို ကျယ်လောင်စွာကြားနေရသည်။
12 Aug 2019
မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေသည် ရသစုံသော သံစုံတီးဝိုင်းနှင့်တူသည်။ ထိလိုက်တိုင်း အသံစုံထွက်နေသည်။ ရာသီမရွေး၊ အချိန်မရွေးဆိုသလို တစ်စုံတစ်ခုသောအသံများကို ကျယ်ကျယ်လောင်လောင် ကြားနေကြရသည်။ ခုတလော ခွေးရူးကိစ္စ၊ မီတာခ၊ ဗစ်တိုးရီးယားကိစ္စ၊ ဧရာဝတီမြစ်ဆုံ၊ ဖွဲ့စည်းပုံပြင်ဆင်ရေး စသဖြင့် အသံစုံသည်။ သဘာဝတရားနှင့်ပတ်သက်လျှင်လည်း ကမ္ဘာကြီးပူနွေးလာမှုနှင့် ရာသီဥတုပြောင်းလဲလာမှုက မြန်မာနိုင်ငံကို ရိုက်ခတ်သည်။ ရာသီဥတုသုံးမျိုးဖြင့်လည်ပတ်နေသော မြန်မာနိုင်ငံတော်အတွက် နွေရာသီတွင် အပူလွန်ခြင်းနှင့် ရေရှားရေပြတ်လပ်မှုများကို ခံစားနေရသည်။ ဆောင်းရာသီတွင် အအေးလှိုင်းဖြတ်သန်းမှုများကြောင့် အရိုးခိုက်အောင် အေးစိမ့်လွန်းသော အခိုက်အတန့်ကိုလည်း ရင်ဆိုင်နေကြရသည်။
လက်ရှိအချိန်တွင် မိုးရာသီသို့ရောက်ရှိနေခဲ့ပြီးဖြစ်ရာ ရေကြီးရေလျှံမှုပြဿနာက အလှည့်ကျစနစ်ဖြင့် ရောက်ရှိလာပြန်သည်။ သည်နှစ်တွင်တော့ ခါတော်မှီရာသီတုတ်ကွေး (H1N1) ကဲ့သို့ ရောဂါကလည်း စောစော စီးစီးကပ်ပါလာသေး၏။ ထို့အပြင် မိုးကြိုးအန္တရာယ်နှင့် အင်အားပြင်းမုန်တိုင်းတချို့ကလည်း မိုးရာသီ၏ အစော ပိုင်းကာလကို ခြိမ်းခြောက်ခဲ့သေးသည်။ မကြာသေးခင်က မြန်မာနိုင်ငံမြို့နယ်တချို့တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့သည်။ ရခိုင်ပြည်နယ်ထဲတွင်တော့ အနည်းဆုံးမြို့နယ်(၄) ခုခန့်တွင် ရေကြီးရေလျှံခဲ့သည်။ မြန်မာနိုင်ငံရှိ တခြားသောမြို့နယ်များတွင်ရေကြီးရေလျှံခဲ့ခြင်းသည် မိုးရာသီ၏ ပုံမှန်သမရိုးကျ သဘာဝဘေးတစ်ခုကို ရင်ဆိုင်ခဲ့ရခြင်းမျှသာဖြစ်သော်လည်း ရခိုင်ပြည်နယ်ရှိမြို့နယ်တချို့နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်များမှ စစ်ဘေးရှောင်စခန်းများတွင် ရေဘေးဒုက္ခကြုံခဲ့ရသူများမှာ တစ်ပူပေါ်နှစ်ပူဆင့်သကဲ့သို့ ဖြစ်ခဲ့ရလေသည်။
၁၃.၇.၂၀၁၉ ရက်နေ့က မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ နိုင်ငံအတွင်းရှိ မြစ်ကြီး(၄)စင်း၏ စိုးရိမ်ရေမှတ်အခြေအနေကို ထုတ်ပြန်သတိပေးခဲ့သည်။ ထိုထုတ်ပြန်ချက်ထဲတွင် စိုးရိမ်ရေ မှတ်အထက်သို့ ရောက်ရှိနေသောမြို့(စခန်း) နှင့် စိုးရိမ်ရေမှတ်နှင့်နီးစပ်နေသော မြို့(စခန်း) များကိုထုတ်ဖော် သတိပေးထားရာ ဧရာဝတီမြစ်ကြောင်းတလျှောက်မှ မြစ်ကြီးနား၊ ဗန်းမော်၊ ရွှေကူ၊ ကသာ၊ ချင်းတွင်းမြစ်တ လျှောက်မှ ခန္တှီး၊ ဟုမ္မလင်း၊ စစ်တောင်းမြစ်တွင် မဒေါက်၊ ကုလားတန်မြစ်တွင် ပလက်ဝ၊ ကျောက်တော်နှင့် လေး မြို့မြစ်တွင် မြောက်ဦးမြို့တို့ ပါဝင်သည်။ လက်တွ့မြေပြင်အခြေအနေတွင်လည်း ထိုမြို့များသည် ရေကြီးရေလျှံမှုဒဏ်ကို ခံစားခဲ့ကြရသည်။
ရခိုင်ပြည်နယ်သည် သည်ဖက်နှစ်များအတွင်းတွင် သဘာဝဘေးဒဏ်ကို နှစ်စဉ်နှစ်တိုင်း ခံစားနေရသော ပြည်နယ်တစ်ခု ဖြစ်လာသည်။ ၂၀၁၅၊ ၂၀၁၆ ခုနှစ်များ၏ နွေရာသီတွင် ပူလောင်ပြင်းပြသော အယ်လ်နီညိုရာ သီဥတုဒဏ်ကို ခံစားခဲ့ကြရပြီး ရခိုင်ပြည်နယ်မြို့နယ်အများအပြားတွင် ရေတွင်းရေကန်များ ခမ်းခြောက်ကာ ရေပြတ်လပ်မှု ဖြစ်ခဲ့ဖူး၏။ ထို့အပြင် မိုးတွင်းပိုင်းကာလများ၌လည်း ရခိုင်ပြည်နယ်အနှံ့မှ မြို့နယ်တိုင်းတွင် ရေကြီးရေလျှံခြင်း ဖြစ်ပေါ်စေခဲ့သည်။ ယခုနှစ် နွေရာသီတွင်လည်း ရခိုင်ပြည်နယ်ရှိ မြို့နယ်အများအပြားတွင် ရေရှားပါးပြတ်လတ်မှုဒဏ်ကို အဆိုးဝါးဆုံး ကြုံတွေ့ခံစားခဲ့ကြရသေးသည်။
လွန်ခဲ့သောနှစ်ပေါင်း ၂၅၀ အတွင်းမှ မှတ်တမ်းများကိုပြန်ကြည့်ပါက ရခိုင်ပြည်နယ်သည် သဘာဝဘေးအန္တရာယ်ကျရောက်မှု နည်းပါးသော ပြည်နယ်တစ်ခုဟု ဆိုနိုင်၏။ ရခိုင့်သမိုင်းထဲမှ မြောက်ဦးခေတ်နှောင်းပိုင်း AD-1755 ခုနှစ်က ရခိုင့်ပြည်တွင် မိုးခေါင်ရေရှားမှုဖြစ်ပွားခဲ့ကြောင်း သမိုင်းကြောင်းများက ဆိုသည်။ AD-1763ခုနှစ် တွင် ရာသီဥတုဆိုးဝါးဖောက်ပြန်ခြင်းကြောင့် စားနပ်ရိက္ခာရှားပါးကာ ပြည်သူများအသက်ဘေးနှင့် ရင်ဆိုင်ခဲ့ကြရကြောင်း ဆိုသည်။ ထို့အပြင် AD-1784 ခုနှစ်၊ နံယုန်လတွင် ကုလားတန်မြစ်ရေကြီးမှုကြောင့် မဟာမုနိခြေ တော်ရင်းအထိ ရေလွှမ်းခဲ့ကြောင်း သမိုင်းထောက်များက ဆိုသည်။ AD-1786 ခုနှစ်တွင် ဝါဆို၊ ဝါခေါင်နှင့်တော် သလင်းလများ၌ ရာသီဥတုဖောက်ပြန်ခဲ့ပြီး AD-1840 ခုနှစ်တွင်လည်း ရေကြီးရေလျှံခဲ့ကြောင်း ဆိုသည်။ AD-1884 ခုနှစ်တွင် သဘာဝဘေးအန္တရာယ်ကြောင့် လူဦးရေ-၁၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရကြောင်း မှတ်တမ်းများမှပြဆိုသည်။ ၁၉၂၆၊ ၁၉၃၀ ခုနှစ်များတွင် မုန်တိုင်းအန္တရာယ်သင့်ခဲ့သည်။ ၁၉၃၆ ခုနှစ်တွင် တိုက်ခတ်ခဲ့သော မုန်တိုင်းဒဏ်ကြောင့် ကျော်ဖြူမြို့တွင် လူဦးရေ-၁၀၀၀ ခန့် မာန်အောင်တွင်-၁၄၄၊ ရမ်းဗြဲတွင်-၃၄နှင့် တောင် ကုတ်တွင် ၈၁၃ ဦးသေဆုံးခဲ့ရကြောင်း မှတ်တမ်းများတွင် တွေ့ရှိရသည်။ ၁၉၄၈၊ ၁၉၅၂နှင့် ၁၉၆၇ ခုနှစ်များတွင် သဘာဝဘေးအန္တရာယ် ကျရောက်ခြင်းကြောင့် တန်ဖိုးကျပ်ငွေ-၄၀၀ သိန်းခန့် ဆုံးရှုံးမှုရှိခဲ့သည်။ ထို့အပြင် ၁၉၆၈ ခုနှစ်တွင် မုန်တိုင်းနှင့် ပင်လယ်ဒီရေလှိုင်းများကြောင့် လူဦးရေ-၁၀၃၇ ဦး၊ ကျွဲနွားကောင်ရေ-၁၇၅၃၇ ဆုံးရှုံးခဲ့ရကြောင်း ဆိုသည်။ သည်ဘက်ခေတ်တွင်တော့ ၁၀၇၈၊ ၁၉၈၂၊ ၁၉၉၂၊ ၂၀၀၄၊ ၂၀၀၆ ခုနှစ်နှင့် ၂၀၁၀ ခုနှစ်တွင် ကျရောက်ခဲ့သော ဂီရိမုန်တိုင်းများ ရှိခဲ့သည်။
ယခုနှစ် ဇူလိုင်လ-၁၀ ရက်န့မှစတင်ကာ ရခိုင်ပြည်နယ်ထဲတွင် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး မြို့နယ်အများအပြားကို ရေကြီးရေလွှမ်းမိုးမှု ဖြစ်ပေါ်စေခဲ့သည်။ အထူးသဖြင့် မြောက်ဦး၊ ကျောက်တော်နှင့် မင်းပြားမြို့နယ်များတွင် ဇူလိုင်လ ၁၀ ရက်န့မှစတင်ကာ ရေလွှမ်းမိုးခြင်းကို စတင်ခံစသားခဲ့ကြရပြီး အနည်းဆုံး ခြောက်ရက်ခန့် ရေနစ်မြုပ်မှုရှိခဲ့ကြောင်း ရခိုင်သတင်းဌာနများမှဖော်ပြကြသည်။ သို့သော် အစိုးရအနေနှင့် ရေဘေးသင့်ပြည်သူ များကို ကြိုတင်သတိပေးခြင်းနှင့် ကာကွယ်စောင့်ရှောက်ပေးနိုင်ခြင်းမရှိခဲ့ကြောင်းလည်း ဝေဖန်သံများကို ကြား နေကြရသည်။ ရခိုင်ပြည်နယ်ထဲတွင် ရေကြီးရေလျှံမှုဒဏ်ကို လူပေါင်းများစွာ ကြုံတွေ့ခဲ့ကြရသော်လည်း အစိုးရအဖွဲ့အနေနှင့် လူဦးရေ (၉၀၀၀) ကျော်ကိုသာ နေရာချထားပေးနိုင်ခဲ့ကြောင်း ရခိုင်ပြည်နယ်ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာနက ရခိုင်သတင်းဌာနတစ်ခုသို့ ပြောကြားထားသည်ကိုလည်း တွေ့ရ၏။ ရခိုင်ပြည်နယ်၏ လတ်တလော ရေကြီးရေလျှံမှုများထဲတွင် မြို့နယ်လေးခုမှ လယ်ယာမြေဧက (၇၀၀၀၀) ကျော် ပျက်စီးဆုံးရှုံးသွားခဲ့ကြောင်းလည်း ဖော်ပြကြသည်။ လက်ရှိ ရခိုင်ပြည်နယ်ထဲတွင် ဒေသမတည်ငြိမ်ခြင်းကြောင့် ထွန်ယက်စိုက်ပျိုးခွင့်မရသော လယ်ဧက တစ်သိန်းခန့်ရှိနေကြောင်း ရခိုင်ပြည်နယ် တောင်သူလယ်သမားသမဂ္ဂမှ ပြောဆိုထားသည်ကို သတင်းများ၌ တွေ့ရသည်။ သည်အတိုင်းသာဆိုပါက နောင်လာမည့်နှစ်များတွင် ရခိုင်ပြည်နယ်တွင် ဆန်စပါးရှားပါးမှုကို ကြုံတွ့ရနိုင်ကြောင်း ရခိုင်ပြည်နယ်တောင်သူလယ်သမားသမဂ္ဂမှ ချင့်ချိန်ပြောကြားထားသည်ကိုလည်း တွေ့ရသည်။
ရခိုင်ပြည်နယ် မြို့နယ်များအတွင်းမှ ရေကြီးရေလွှမ်းမိုးမှုဒဏ်ကို ကြိုတင်သတိပေးခြင်းနှင့် ကာကွယ်နိုင်ခြင်း မရှိခြင်းမှာ ထိုမြို့နယ်များအတွင်းတွင် အင်တာနက်ကွန်ယက် ဖြတ်တောက်ခံထားခြင်းကြောင့်ဖြစ်ကြောင်း ဝေဖန်သံများကို ကျယ်ကျယ်လောင်လောင်ကြားကြရသည်။ အထူးသဖြင့် စစ်ဘေးရှောင်စခန်းမှ ရေဘေးသင့် ပြည်သူများသည် အကူအညီအထောက်အပံ့များကို အထူးတလည် လိုအပ်နေကြမည်မှာ သေချာသော်လည်း ထိုစခန်းများသို့ အရပ်ဖက်အဖွဲ့အစည်းများသည်လည်းကောင်း၊ သက်ဆိုင်ရာဌာနများသည်လည်းကောင်း အချိန်မီ သွားရောက်ကူညီနိုင်ခြင်း မရှိခဲ့ချေ။
လက်ရှိ ရခိုင်ပြည်နယ်ထဲတွင် မြန်မာ့တပ်မတော်နှင့် ရခိုင့်တပ်တော် AA တို့၏ တိုက်ပွဲများကြာင့် စစ်ဘေးရှောင်ပေါင်း (၅၁၈၄၅) ဦးအထိရှိနေကြောင်း Rakhine Ethnics Congress(REC) မှ ၉.၇.၂၀၁၉ နေ့က ထုတ်ပြန်ထားသည်ကို တွေ့ရ၏။ ကုန်လွန်ခဲ့သော ၂၀၁၈ ခုနှစ် ဒီဇင်ဘာမှစတင်ကာ လက်ရှိအချိန်အထိ မြန်မာ့တပ်မတော်နှင့် ရခိုင့်တပ်တော် AA တို့သည် ရခိုင်မြောက်ပိုင်းမြို့နယ်များအပါအဝင် ချင်းပြည်နယ်ပလက်ဝမြို့တို့တွင် တိုက်ပွဲများ အကြိမ်ကြိမ် ဖြစ်ပွားလျှက်ရှိနေပြီး စစ်ပွဲရှောင်များ တစစ ပိုမိုများပြားလာနေသည်။ သို့သော် ရခိုင်ပြည်နယ်မြောက်ပိုင်းမှ တိုက်ပွဲဖြစ်ပွားနေသော မြို့နယ်များတွင် ဒေသလုံခြုံရေးအရ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP နှင့် နိုင်ငံတကာကြက်ခြေနီအဖွဲ့ ICRC တို့ကိုသာ တရားဝင် သွားလာခွင့်ပြုထားသည်။
ဇွန်လ ၂၁ ရက်နေ့က ရခိုင်ပြည်နယ်အတွင်းမှ ဘူသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မြေပုံနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် အင်တာနက်သုံးစွဲခွင့်ကိုပါ အစိုးရမှ ဖြတ်တောက်ထား၏။ IT ခေါ် သတင်းအချက်အလက်နှင့် နည်းပညာခေတ်တွင် ကမ္ဘာကြီးသည် ရွာတစ်ရွာကဲ့သို့ ကျဉ်းမြောင်းလာနေသည်ဟု တင်စားကြသည်။ သို့ရာတွင် အင်တာနက်လိုင်းများ ဖြတ်တောက် ခံထားရသော ရခိုင်ပြည်နယ်ထဲတွင်တော့ ကမ္ဘာကြီးသည် နဂိုအရွယ်ထက် ပိုမိုကျယ်ဝန်းသွားခဲ့ရသည်။
လတ်တလောကြုံတွေ့ ခဲ့ရသောရေကြီးရေလျှံခြင်း ဖြစ်စဉ်တွင် မြောက်ဦးမြို့နယ်မှ တိမ်ညို စစ်ဘေးရှောင်စခန်း၊ မြတန်ဆောင်း၊ စင်းဘောကိုင်းတို့တွင် ရေလွှမ်းမိုးခဲ့ကြောင်း သတင်းများမှဖော်ပြသည်။ ထို့အပြင် ကျောက်တော်မြို့နယ်တွင် ကျေးရွာ(၄၀) ခန့် ရေနစ်မြုပ်ခဲ့ကြောင်းလည်း ဆိုသည်။ စစ်ပွဲများကြောင့် စစ်ပွဲရှောင်စခန်းများတွင် နေထိုင်နေကြရသူများသည် ၎င်းတို့၏ ကျေးရွာ အိုးအိမ်နှင့် လုပ်ငန်းခွင်များကို စွန့်ပစ်ကာ အသက်ဘေးမှ ကိုယ်လွတ်ရုန်းလာခဲ့ရသူများ ဖြစ်သည်။ စစ်ဘေးရှောင်များသည် နေထိုင်စားသောက်ရေး၊ ကျန်းမာရေးနှင့် ပညာရေးစသည်တို့၌ လိုအပ်ချက်များစွာ ရှိနေကြသူများ ဖြစ်သည်။ ကုန်လွန်ခဲ့သော နွေရာသီက စစ်ဘေးရှောင်စခန်းများတွင် ရေရှားပါးမှုပြသနာကို ရင်ဆိုင်ခဲ့ကြရပြီး ယခု မိုးတွင်းကာလတွင် ရေကြီးရေလျှံခြင်းက ထပ်မံဆီး နှိပ်စက်လာပြန်သည်။ ထိုမျှမကသေးဘဲ တချို့သော စစ်ဘေးရှောင်စခန်းများတွင် ဝမ်းပျက်ဝမ်းလျှောနှင့် သွေးလွန်တုပ်ကွေးရောဂါများ ဖြစ်ပွားနေကြောင်း သတင်းဖော်ပြချက်များကိုလည်း တွေ့မြင်နေရသည်။ စစ်ဘေးရှောင်စခန်းမှ ကျောင်းသူကျောင်းသားများ၊ ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ မသန်စွမ်းသူများနှင့် သက်ကြီးရွယ်အိုများအတွက် ကူညီစောင့်ရှောက်မှုများစွာ လိုအပ်နေလိမ့်မည်မှာ သေချာပါသည်။ ထိုသို့အခြေ အနေမျိုးတွင် သက်ဆိုင်ရာ တာဝန်ရှိသူများအနေနှင့် ပြည်သူများဖက်သို့ မျက်နှာမူကြည့်ရှုသင့်ပါသည်။
လက်ရှိနိုင်ငံတော်သည် ပြည်သူများမျှော်လင့်သည့်အတိုင်း ဒီမိုကရေစီအရွေ့တစ်ခုဆီသို့ ဦးတည် ရွေ့လျားနေသည်။ သို့ရာတွင် ရခိုင်ပြည်နယ်ထဲတွင်တော့ စစ်လက်နက်ပေါက်ကွဲသံများ၊ ငိုယိုငြီးတွားသံများ၊ ငြူစူစောင်းမြောင်းသံများ၊ စိုးရိမ်ကြောင့်ကြဆင်းရဲဒုက္ခများနှင့်သာ ခရီးဆက်နေကြရသည်။ ကယ်တင်ရှင်ကို မျှော်လင့်နေကြရသည်။ နိုင်ငံရေးတွင်လည်းကောင်း၊ လူမှုရေးတွင်လည်းကောင်း၊ စီးပွားရေးတွင်လည်းကောင်း နိုင်ငံတော်မှ ရခိုင်ပြည်သူများ၏ ရင်တွင်းထဲထိ ခံစားကြည့်ရှုနိုင်ရန်နှင့် ရခိုင်ပြည်သူများဖက်သို့ မျက်နှာမူပေးကြရန် လိုအပ်နေကြောင်း အသံများကိုကျယ်လောင်စွာကြားနေရသည်။ ငယ်စဉ်က သင်ကြားခဲ့ဖူးသောကဗျာတစ် ပုဒ်ကဲ့သို့ဆိုရပါလျှင်….
"ပြည်သူရှိရာအရပ်သို့ မျက်နှာမူပါ…
လက်နှစ်ဖက်ကို ဆန့်တန်းပါ…
ပြည်သူရှိရာအရပ်သည် နိုင်ငံတာ်အနာဂတ်
ကျောခိုင်းရာအရပ်သည် နိုင်ငံတော်၏ အတိတ်
လက်ယာဘက်သည် ငြိမ်းချမ်းရေးဖြစ်၍
လက်ဝဲဘက်သည် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှု ဖြစ်ပါစေ" ဟုသာ။
ရက္ခ | DMG