ဒီရေတောများကို အမှီပြု၍
ရခိုင်တွင် ခေတ်အဆက်ဆက် တရားဥပဒေစိုးမိုးမှု အားနည်းသည့်အတွက် သစ်တောများ သာမက ဒီရေတောများပင် ပြုန်းတီးလာနေသည်။
19 Aug 2023
DMG ၊ ဆောင်းပါး
ကိုမျိုးမောင်တစ်ယောက် အသင့်ယူဆောင်လာသည့် “ဗုံး”များကို ပစ်မှတ်ရောက်လာနိုင်မည့် နေရာများအား ခန့်မှန်းကာ ထောင်ထားလိုက်သည်။ “ဗုံး”များကို ဒီရေတောများကြားတွင် ထောင်ထားခဲ့ခြင်းဖြစ်သည်။
သူထောင်သည့် “ဗုံး”များမှာ ကဏန်းများကိုထောင်ဖမ်းသည့် “မြုံး”ကို ဆိုလိုခြင်းဖြစ်သည်။ ရခိုင်ဒေသတွင် ကဏန်း၊ ပုစွန်များကို ထောင်ဖမ်းသည့်မြုံးကို ကဏန်းဗုံး၊ ပုစွန်ဗုံးဟု ခေါ်ဝေါ်သုံးစွဲကြသည်။
ကိုမျိုးမောင် ကဏန်းမြုံး ထောင်သည့်နေရာသည် ဒီရေတော ဧကပေါင်းများစွာ ပေါက်ရောက်လျက်ရှိသည့် အမ်းမြို့နယ်၊ ကျောင်းမြောင်းအုပ်စုတွင် ဖြစ်သည်။ ထိုနေရာမှာ ကိုမျိုးမောင် ကဏန်းထောင်ဖမ်းသည့် အလုပ်ဖြင့် ကျက်စားနေသည်မှာ နှစ်ပေါင်း မနည်းတော့ပေ။
အမ်းမြို့နယ်၊ လင်ပန်းကျကျေးရွာ ဇာတိဖြစ်သော ကိုမျိုးမောင်သည် အသက်(၁၂)နှစ်အရွယ် ကတည်းက ဖခင်နှင့်အတူ လိုက်ပါကာ ကဏန်းမြူးထောင်ခဲ့သဖြင့် ထိုစဉ်ကပင် ဒီရေတောများနှင့် ရင်းနှီးကျွမ်းဝင်ခဲ့သူ ဖြစ်သည်။
လက်ရှိ အသက် ၃၄ နှစ်ရှိပြီဖြစ်သည့် ကိုမျိုးမောင်သည် ကဏန်းမြုံးထောင်သည့် သက်တမ်းမှာ နှစ်ပေါင်း ၂၀ ကျော်ခဲ့ပြီဖြစ်သည်။ ထို့ကြောင့် ကဏန်းမြုံးထောင်သည့်နေရာ ဒီရေတောသည်လည်း သူ့ဘဝအတွက် အရေးပါလှသည်။
“ဒီရေတောက ကျနော်တို့ရဲ့ ဘဝတစ်စိတ်တစ်ပိုင်း ဖြစ်တယ်”
ယခင်က ကဏန်းမြုံး ၆၀ ထောင်လျှင် ကဏန်းမြုံးတစ်လုံးတွင် ကဏန်း ၂ လုံးမှ ၄ လုံးအထိ ရရှိခဲ့သော်လည်း လက်ရှိမှာ ကဏန်းမြုံး ၆၀ ထောင်လျှင် ကဏန်းမြုံး ၄၀ ခန့်မှာ ကဏန်းမပါရှိတော့ကြောင်း ကိုမျိုးမောင်က ပြောပြသည်။
“အရင်ကတော့ ဂဏန်းမြုံးတစ်ခုမှာဆိုရင် ဂဏန်းက ၃ လုံးလောက်ကတော့ အေးဆေးရတယ်၊ အခုတော့ တစ်လုံးဖော်လိုက်ရင်လည်း မပါဘူး၊ တစ်လုံးဖော်လိုက်ရင်လည်း မပါဘူး။ ဂဏန်းမရတာက များတယ်” လို့ ကိုမျိုးမောင်က ဆိုသည်။
ကိုမျိုးမောင်ကဲ့သို့ ဒေသခံအများစုမှာလည်း ဒီရေတောကို အမှီသဟဲပြုကာ ကဏန်းမြုံးထောင်ခြင်း၊ ငါးဖမ်းဆီးခြင်း အလုပ်တို့ဖြင့် အသက်မွေးဝမ်းကျောင်းပြုကြသည်။ လက်ရှိ ဒီရေတောများ တဖြည်းဖြည်း ပြုန်းတီးလာသဖြင့် လုပ်ကိုင်စားသောက်မည့်နေရာ ပျောက်ကွယ်သွားမည်ကို ဒေသခံတို့က စိုးရိမ်နေကြသည်။
အမ်းမြို့နယ်အတွင်းတွင် ဒီရေတော ၆၆၈၉၀ ဧကရှိသည်။ ယင်းထဲက တစ်ဝက်ခန့်ကို ဒေသခံများက စနစ်တကျ ကာကွယ်ထိန်းသိမ်းထားကြသည်။
ကျောက်မြောင်းအုပ်စုတွင် လင်ပန်းကျကျေးရွာအပြင် ကျောက်မြောင်း၊ ရေကောင်းချေ၊ ချစ်ပုံမ၊ စည်တောင်၊ အမွေပုံ၊ ကာကြီးတောင်၊ သိုင်းချိန်ကန်း၊ ရင်ရဲပြင်၊ ပိန္နိချိန် စသည့် ကျေးရွာများရှိကြသည်။
ဒီရေတောများ ပြုန်တီးလာရသည့် အကြောင်းရင်း
ရေလုပ်သားတို့၏ အသက်သွေးကြော ဒီရေတောများသည် စည်းကမ်းမဲ့စွာ ခုတ်လှဲသူများကြောင့် တဖြည်းဖြည်း ပြုန်းတီးလာနေသည်ဟု ဒေသခံများကပြောသည်။
ကိုမျိုးမောင်တို့ ဒေသခံများ ထိန်းသိမ်းထားသည့် ဒီရေတောတွင် မြို့နယ်အသီးသီးမှ လာရောက်ကာ အုတ်ဖုတ်ရန် ထင်းနှင့် မီးသွေးဖုတ်ရန် ထင်းတို့ကို စက်လှေကြီးများဖြင့် လာရောက်ခုတ်ယူလျက် ရှိကြသည်။
“ကျနော်တို့ ဒေသခံတွေမှာ ထိန်းသိမ်းထားတဲ့ ဒီရေတောဧက ၃ သောင်းကျော်ရှိတယ်။ အဲဒီထဲက စီးပွားရေးသမားတွေက ထင်းတွေအဖြစ် လာခုတ်ကြတယ်” လို့ ကိုမျိုးမောင်ကပြောသည်။
ဒေသခံများ ထိန်းသိမ်းထားသည့် ဒီရေတောဧက ၃ သောင်းကျော်ထဲမှ တစ်လလျှင် တန်ချိန် ၃၀၀ ကျော်ခန့် ခုတ်ယူခံနေရသည်ဟု ဒေသခံများက ခန့်မှန်းပြောဆိုကြသည်။
ဒေသတွင်း တစ်ဦးတစ်ယောက်ပိုင် စီးပွားရေးလုပ်ငန်းရှင်များက ဒီရေတောများကို ခုတ်ထွင်ရှင်းလင်းကာ ပုစွန်မွေးမြူရေးကန်များ၊ ငါးမွေးမြူရေးကန်များ၊ ဆည်လုပ်ငန်းများကို လုပ်ကိုင်ကြသောကြောင့်လည်း ဒေသခံ ရေလုပ်သားများမှာ လုပ်ကွက်ပျောက်ကွယ်လာရသည်။ အဆိုပါနေရာများတွင် ငါးပုစွန် ဖမ်းဆီးခွင့်ကိုလည်း တားမြစ်ခံရခြင်းရှိသည်ဟု ဒေသခံများကပြောသည်။
“အရင်က ရှားစားခဲ့တဲ့နေရာတွေမှာ သူဌေးတွေက ဒီရေတောတွေကို ရှင်းလင်းပြီး မွေးမြူရေးကန်တွေ၊ ဆည်တွေ လုပ်ထားတော့ ရှာစားမယ့်နေရာတွေ ပျောက်သွားတယ်” လို့ လင်ပန်းကျကျေးရွာမှ အသက် ၃၅ နှစ်အရွယ် ဒေါ်သိန်းဝင်းရီက ပြောသည်။
ကျောက်မြောင်းအုပ်စုတွင် နေထိုင်ကြသည့် အမျိုးသားများနည်းတူ အမျိုးသမီးများမှာလည်း မိသားစု စားဝတ်နေရေးအတွက် ဒီရေတောကို အမှီပြုကာ ကဏန်းမြူးထောင်၍ လုပ်ကိုင်စားသောက်နေကြခြင်းဖြစ်သည်။
ဒေါ်သိန်းဝင်းရီမှာ ဒီရေတောကိုအမှီပြုကာ ကဏန်းမြူးထောင်၍ သားသမီးများကို ရှာဖွေကျွေးမွေးလာခဲ့သည်မှာ ဆယ်စုနှစ်တစ်ခု ကြာမြင်ခဲ့ပြီဖြစ်သည်။ သူမတွင် Grade-12 တက်နေသည့် သားတစ်ယောက်နှင့် Grade-7 တက်နေသည့် သမီးတစ်ယောက်ကို ပညာသင်ကြားပေးနေခြင်းဖြစ်သည်။
“ဒီရေတောတွေက ဒီကလူတွေရဲ့ အဓိက စားဝတ်နေရေးဖြစ်တယ်” လို့ ဒေါ်သိန်းဝင်းရီက ပြောပြသည်။
လက်ရှိမှာ ဒီရေတောများ တဖြည်းဖြည်းပြုန်းတီးလာမှုကြောင့် ယခင်ကထက် ငါးသယံဇာတတွေ လျှော့နည်းသွားတယ်လို့ ကျောက်မြောင်းကျေးရွာက ဒီရေတောကိုမှီခို၍ ရေလုပ်ငန်းလုပ်ကိုင်နေသည့် ဦးကျော်လှထွန်းက ပြောသည်။
“အခုရေလုပ်ငန်းက အဆင်မပြေတော့ ဘာလုပ်ရမှန်း မသိတော့ဘူး” လို့ ဦးကျော်လှထွန်းက ပြောသည်။
ဝန်ဖိုက်ဒီရေတော
အာရှတွင် ဒုတိယအကြီးဆုံး ဒီရေတောဖြစ်သည့် ဝန်ဖိုက်ဒီရေတောသည် ရခိုင်ပြည်နယ်၊ ရဗ်းဗြဲမြို့နယ်နှင့် ကျောက်ဖြူမြို့နယ်တို့ကြားတွင် တည်ရှိသည်။ ဧကပေါင်း ၅၆,၆၃၃ ခန့်ရှိပြီး ဇီဝမျိုးစုံမျိုးကွဲများ ကျက်စားရာ နေရာလည်းဖြစ်သည်။
ဝန်ဖိုက်ဒီရေတောတွင်လည်း နေ့စဉ်နှင့်အမျှ ဒီရေတောများကို ခုတ်လဲကာ ထင်းခိုးထုတ်မှုများရှိသဖြင့် ဒေသခံများစုပေါင်းကာ ဝန်ဖိုက်ဒီရေတော စောင့်ရှောက်ရေးအဖွဲ့ကို ၂၀၂၁ ခုနှစ် နှောင်းပိုင်းကာလတွင် ဖွဲ့စည်းကာ စောင့်ကြပ်ခဲ့ကြသည်။
“ဝန်ဖိုက်ဒီရေတောမှာ ဘုတ်တွေ၊ လှေတွေနဲ့ လာရောက်ပြီး ခုတ်လှဲတာကတော့ တစ်နေ့ကို အစီးအရေအတွက် ၃၀၊ ၄၀ လောက်ရှိတယ်” လို့ ရမ်းဗြဲမြို့နယ်အတွင်းက ဝန်ဖိုက်ဒီရေတောကို ထိန်းသိမ်းနေသူ ဦးဦးစိုးသာက ပြောသည်။
ဒီရေတော ခိုးယူခုတ်လှဲနေသူများကို တွေ့ရှိပါက ဝန်ဖိုက်ဒီရေတော စောင့်ရှောက်သည့်အဖွဲ့က ဖမ်းဆီးကာ သတ်မှတ်ထားသည့် အပြစ်ဒဏ်ကိုပေး၍ ပြန်လွှတ်ပေးခဲ့ကြသည်။
“ကျနော်တို့အဖွဲ့ ဖမ်းဆီးမိတာက အရမ်းကိုများတယ်။ အဲဒါကို ကျနော်တို့က ဥပဒေအရလုပ်ချင်တယ်။ ကျနော်တို့ ဖမ်းဆီးမိတဲ့အခါ သက်ဆိုင်ရာအစိုးရတွေက ဥပဒေအတိုင်း ကိုင်တွယ်ဖြေရှင်းပေးမယ်ဆိုရင် ဝန်ဖိုက်ဒီရေတောကို ထိန်းသိမ်းအောင်မြင်နိုင်မယ်” ဟု ဦးဦးစိုးသာက ဆိုသည်။
ရခိုင်က ဒီရေတောများ အခြေအနေ
ဝန်ဖိုက်ဒီရေတော စောင့်ရှောက်ရေးအဖွဲ့တွင် ဒီရေတောကို ကင်းလှည့်စောင့်ကြည့်ရန် ရန်ပုံငွေမရှိသဖြင့် လက်ရှိမှာ အဖွဲ့ကို ယာယီရပ်နားထားရသည်။
ဝန်ဖိုက်ဒီရေတောကို စနစ်တကျ ကာကွယ်ထိန်းသိမ်းနိုင်ပါက ကျောက်ဖြူ၊ ရမ်းဗြဲ၊ အမ်း၊ မြေပုံ စသည့် မြို့နယ်များအထိ ငါးသယံဇာတများ ပေါကြွယ်ဝလာမည်ဟု ဒေသခံများက လက်ခံထားကြသည်။
ဝန်ဖိုက်ဒီရေတောကို ကာကွယ်စောင့်ရှောက်နေသည့် ဝန်ထမ်းများလျှော့နည်းခြင်း၊ အစိုးရက ဒီရေတောများကို ပြည်သူများနှင့်အတူ လာရောက်ထိန်းသိမ်းမှု မရှိသောကြောင့် လက်ရှိတွင် ဒီရေတောများ ပျက်စီးဆုံရှုံးလာနေရသည်ဟု ဒေသခံများကပြောသည်။
“အခု ဝန်ဖိုက်ဒီရေတောမှာ အပင်ကြီးတွေဆိုရင် လုံးဝကို ရှားပါးသွားပြီ၊ အပင် သေးသေးလေးတွေပဲ ကျန်တော့တယ်” လို့ ဦးဦးစိုးသာက ပြောသည်။လူသားများအတွက် လိုအပ်သော ပရိုတင်းဓာတ်များစွာကိုရရှိနိုင်သည့် ငါးပုဇွန်များသည် ဒီရေတောတွင် ဥချသားပေါက်ကြသည်။ ငါး၊ ပုဇွန်၊ ကဏန်း၊ ခရု(စေတီခရု)၊ ဂုံးများသည် ဒီရေတောမှရရှိသည့် ရေထွက်ပစ္စည်းများလည်း ဖြစ်သည်။
ရခိုင်တွင် ခေတ်အဆက်ဆက် တရားဥပဒေစိုးမိုးမှု အားနည်းသည့်အတွက် သစ်တောများ သာမက ဒီရေတောများပင် ပြုန်းတီးလာနေသည်။
ဒီရေတောများကို တစ်နိုင်ငံလုံးတွင် ငါးနှစ်တစ်ကြိမ် စာရင်းကောက်ယူလျှက်ရှိရာ ၂၀၁၅ ခုနှစ်က ကောက်ယူခဲ့သည့် စာရင်းအရ ရခိုင်တွင် ဒီရေတောဧကစုစုပေါင်း ၃၉၅,၇၂၆ ရှိပြီး ၂၀၂၀ ခုနှစ်တွင် ဒီရေတောဧက စုစုပေါင်း ၂၇၅,၃၃၇ ဧကအထိ လျော့နည်းသွားခဲ့သည်။
၂၀၁၅ မှ ၂၀၂၀ အထိ ခရိုင်အလိုက် ဒီရေတောဧက ကွာခြားချက်မှာ မောင်တောခရိုင် ၅,၃၂၀ ဧကမှ ၆၂၀ ဧက၊ စစ်တွေခရိုင် ၇,၄၆၀ ဧကမှ ၅,၈၄၀ ဧက၊ မြောက်ဦးခရိုင် ၁၄၈,၂၆၈ ဧကမှ ၅၅,၃၀၀ ဧက၊ ကျောက်ဖြူခရိုင်တွင် ၈၃,၆၆၀ ဧကမှ ၁၅၂,၄၀၅ ဧက၊ သံတွဲခရိုင်တွင် ၈၃,၈၇၆ ဧကမှ ၆၁,၁၇၂ ဧကဖြစ်ကြောင်း ရခိုင်ပြည်နယ် သစ်တောဦးစီးဌာန၏ စာရင်းအရ သိရသည်။
၂၀၁၅ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ စစ်တမ်းများအရ အိမ်နီးချင်းနိုင်ငံများတွင် သစ်တောဖုံးလွှမ်းမှု ဧရိယာများ တိုးလာနေသော်လည်း မြန်မာနိုင်ငံတွင် ၄၂ ဒသမ ၉၂ ရာခိုင်နှုန်းမှ ၄၂ ဒသမ ၁၉ ရာခိုင်နှုန်းအထိ လျော့ကျသွားခဲ့ကြောင်း စစ်တမ်းများအရ သိရသည်။
ရခိုင်ပြည်တွင် ပြီးခဲ့သည့် မေလ ၁၄ ရက်က တိုက်ခတ်ခဲ့သည့် “မိုခါ” ဆိုင်ကလုန်းမုန်တိုင်းကြောင့်လည်း ဒီရေတောများ ပျက်စီးဆုံးရှုံးမှုရှိခဲ့သည်ဟု ဒီရေတောထိန်းသိမ်းနေသူများကပြောသည်။
“ဒီရေတောတွေဟာ နဂိုကတည်းက လူတွေရဲ့ ခုတ်ထွင်မှုတွေကို ခံထားရသလို မုန်တိုင်းကြောင့် ပိုပြီးတော့ ပြုန်းတီးမှုဒဏ်ကို ခံကြရတယ်။ ဒီရေတောတွေ ရှင်သန်နိုင်ဖို့ ကာကွယ်ထိန်းသိမ်းမှုတွေ အရင်ထက်လုပ်ဖို့ လိုအပ်နေပါတယ်” လို့ ရခိုင် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးအသင်း ဥက္ကဌ ဦးရန်နောင်စိုးက ပြောသည်။
ဒီရေတောတွေကို ဘယ်လို ထိန်းသိမ်းကာကွယ်ကြမလဲ
ဒီရေတောများ ပြုန်းတီးမှု လျော့နည်းသွားအောင် နယ်မြေအပိုင်းအခြားအလိုက် သတ်မှတ်ပြီး ဒီရေတောများရှိသည့် ကျေးရွာများကို အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းနှင့် ဒီရေတောများတွင် ကင်းစောင့်စစ်ဆေးခြင်းရှိကြောင်း ရခိုင်ပြည်နယ်သစ်တောဦးစီးဌာနက သိရသည်။
“ဒီရေတောနေရာတွေမှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငါးမွေးမြူရေးကန်တွေ၊ ပုဇွန်မွေးမြူရေးကန်တွေ၊ စိုက်ပျိုးမြေတွေအဖြစ် ပြုလုပ်ကြတဲ့အတွက် ဒီရေတောဧကတွေ လျော့နည်းလာရတာဖြစ်တယ်” လို့ ရခိုင်ပြည်နယ်သစ်တောဦးစီးဌာန တာဝန်ရှိသူတစ်ဦးကပြောသည်။
ဒီရေတောများကို ဌာနဆိုင်ရာများသာမက ပြည်သူလူထုကပါ ပူးပေါင်းပါဝင်ထိန်းသိမ်းသင့်ကြောင်း သူကဆက်ပြောသည်။
“ဒီရေတော လာခုတ်ကြတဲ့သူတွေကိုတော့ ထိထိရောက်ရောက် အရေးယူမှုတွေ လုပ်စေချင်တယ်။ အစိုးရက မလုပ်နိုင်ရင် တခြားအဖွဲ့အစည်းတွေက ဥပဒေတွေကို ပြဌာန်းပြီးတော့ လုပ်ပေးစေချင်တယ်” အမ်းမြို့နယ်၊ ကျောက်မြောင်းကျေးရွာမှ ဦးကျော်လှထွန်းက ပြောသည်။
ရခိုင်တွင် သစ်တောဥပဒေသစ်တစ်ရပ်ကို ရေးဆွဲနေကြောင်း ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA)က ပြောဆိုထားသည်။ လက်ရှိတွင် သစ်ထုတ်လုပ်မှုကို အကန့်အသတ်ဖြင့် ထုတ်ယူသုံးစွဲရန်လိုအပ်ကြောင်းနှင့် သစ်ရှားပါးလာသည့် နေရာများတွင်လည်း အစားထိုး ပြန်လည်စိုက်ပျိုးရန်အတွက် ပညာပေးလုပ်ငန်းများ လုပ်ဆောင်သွားမည်ဟု ပြောဆိုထားသည်။
“ဒီရေတောကို ထိန်းသိမ်းမယ်ဆိုရင် ကျေးရွာတွေမှာ ဒီရေတော ကာကွယ်ရေးအဖွဲ့တွေ ဖွဲ့ပြီးတော့ ထိန်းသိမ်းဖို့လိုအပ်တယ်။ စနစ်တကျ ကြပ်မတ်ပြီးတော့ လုပ်ဖို့လိုအပ်တယ်။ ပျက်စီးသွားတဲ့ ဒီရေတောတွေ နေရာမှာ အစားထိုးစိုက်ပျိုးဖို့ လိုအပ်တယ်။ ဒါတွေကိုပြုလုပ်မယ်ဆိုရင်လည်း အစိုးရတစ်ရပ်ကလည်း ပူပေါင်းပါဝင်ဖို့ လိုအပ်တယ်” လို့ အမ်းမြို့နယ်အတွင်း ဒေသခံလူငယ်များနှင့် ဒီရေတောများကို ထိန်းသိမ်းဆောင်ရွက်နေသည် ကိုမျိုးလွင်က ပြောသည်။
ဒီရေတောများကို ခုတ်လှဲပြီး စားဝတ်နေရေး ဖြေရှင်းနေကြသူများအား အစားထိုး အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးလျှင်လည်း ဒီရေတောများကို တစ်ဖက်တစ်လမ်းက ကာကွယ်ထိန်းသိမ်းရာရောက်မည်ဟု ကိုမျိုးလွင်က သုံးသပ်သည်။
“ဒီရေတောတွေက လူသားတွေရဲ့ စားဝတ်နေရေးကိုလည်း အကျိုးပြုတယ်၊ နောက်ပြီး သဘာဝဘေးအန္တရာယ်ကိုလည်း အကျိုးပြုတော့ ဒီလိုအဖိုးတန်တဲ့ ဒီရေတောတွေကို အကုန်းလုံးကပါဝင်ပြီး ကာကွယ်ထိန်းသိမ်းပေးကြဖို့ မေတ္တာရပ်ခံချင်တယ်” လို့ ဒီရေတောကိုအမှီပြုပြီး ရေလုပ်ငန်း လုပ်ကိုင်စားသောက်နေသည့် ကိုမျိုးမောင်က တောင်းဆိုသည်။
မြတ်ဆွေ - ရေးသည်