မေယုတောင်တန်းသို့ အသက်စွန့်ပြေးခဲ့ရသည့် မွတ်ဆလင်များ

စစ်ကောင်စီ၏ ဖိနှိပ်မှုအမျိုးမျိုးကို ကြုံတွေ့နေရသည့် ကျောက်ဖြူတောင်ဒေသခံများမှာ ရွာတွင်းနေထိုင်ရမှုကို တစ်နေ့တခြား စိတ်ပျက်လာချိန် တိုက်ပွဲများမှာလည်း ရွာအနီးသို့ တဖြည်းဖြည်း ရောက်ရှိလာသည်။ 

By Admin 24 Jul 2024

မေယုတောင်တန်းသို့ အသက်စွန့်ပြေးခဲ့ရသည့် မွတ်ဆလင်များ

DMG ၊ အောင်မင်း ရေးသည်။

မြေမြှုပ်မိုင်းများ ထောင်ထားသည့် ကွင်းပြင်ကျယ်ကြီးကို မှောင်မိုက်နေသော ညဉ့်အချိန်တွင် ဖြတ်ကျော်နိုင်ခဲ့သည်မှာ “အံ့ဖွယ်ကံကောင်းမှုတစ်ခုပဲ” ဟု မွတ်ဆလင်အမျိုးသမီး မာရေဂျန်က ပြောသည်။

၈ လကျော်ကြာ သွားလာခွင့်ပိတ်ဆို့ခံထားရသော ဘူးသီးတောင်မြို့နယ်၊ ကျောက်ဖြူတောင်ကျေးရွာမှ အသက် ၂၅ နှစ်အရွယ် မာရေဂျန်က ကျေးရွာမှ ထွက်ပြေးလွတ်မြောက်လာသည့် စွန့်စားခန်းကို ပြန်ပြောပြနေခြင်းဖြစ်သည်။ 

“မိုင်းတွေ အပြည့်ထောင်ထားတဲ့ လယ်ကွင်းကိုဖြတ်ပြီး တောင်ပေါ်ကို ရောက်ခဲ့တာက တော်တော်လေး ကံကောင်းသွားတာလို့ ပြောရမယ်။ အသက်ရှင်မယ်လို့တောင် မထင်ထားခဲ့ဘူး” ဟု မာရေဂျန်က ပြောသည်။ 

မာရေဂျန်အပါအဝင် ဒေသခံ ၃၀ ခန့်မှာ ရွာအနီးလယ်ကွင်းပြင်တွင် မြေမြှုပ်မိုင်းများရှိသည်ကို သိသော်ငြားလည်း တိုက်ပွဲများပြင်းထန်နေချိန် အဆိုပါကွင်းပြင်ကို ဖြတ်ပြီး မေယုတောင်တန်းပေါ်သို့ ထွက်ပြေးလာခဲ့ခြင်းဖြစ်သည်။ 

■ ကျောက်ဖြူတောင်ကျေးရွာ

အိမ်ခြေ ၁၄၀ ကျော်ရှိသည့် ကျောက်ဖြူတောင်ကျေးရွာသည် စစ်ကောင်စီ၏ ခမရ (၃၅၃) တပ်ရင်းနှင့် ၅ ဖာလုံခန့် အကွာတွင်တည်ရှိသော မွတ်ဆလင်ကျေးရွာသည်။ ဒေသခံများမှာ အနီးအနားကျေးရွာများနှင့် ဘူးသီးတောင်မြို့သို့ စစ်ကောင်စီ ခွင့်ပြုချက်ဖြင့်သာ သွားလာကြရသည်။  

သို့သော် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလအတွင်းမှစ၍ ကျောက်ဖြူတောင်ရွာသားများကို အကြောင်းပြချက်မရှိဘဲ သွားလာခွင့်ပိတ်ပင်လိုက်သည်။ ကျောက်ဖြူတောင်အပြင် (၃၅၃) တပ်ရင်းအနီးရှိ တပ်မင်းချောင်း၊ ငကျဉ်တောက်၊ ခရုချောင်း၊ ဆင်စွယ်ရ စသည့် မွတ်ဆလင်ကျေးရွာများကိုလည်း စစ်ကောင်စီက တပြိုင်နက်တည်း ပိတ်ဆို့ခဲ့သည်။ 

“ရွာမှာတုန်းက စစ်ကောင်စီလက်အောက်မှာ အကျဉ်းထောင်ပုံစံနဲ့ နေခဲ့ရတယ်။ သူတို့ပိတ်ထားတဲ့ ၈ လလောက်မှာ ဘာမှလည်း လုပ်စားလို့မရဘူး။ အိမ်မှာပဲ အငတ်ဘဝနဲ့နေခဲ့ရတယ်” ကျောက်ဖြူတောင်ရွာမှ ဆာဒတ်ကူလာက ပြောသည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်တွင် စစ်ကောင်စီတပ်နှင့် AA တို့ တကျော့ပြန်တိုက်ပွဲများ စတင်လာပြီးနောက် စစ်ကောင်စီက ရခိုင်ဒေသအတွင်း ကုန်းလမ်း/ရေလမ်း သွားလာခွင့်ကို ပိတ်ပင်လိုက်ပြန်သည်။ 

■ ပေါ်တာဆွဲခံရခြင်း  

ပိတ်ဆို့ထားသည့်ကာလအတွင်း စစ်ကောင်စီက ကျောက်ဖြူတောင်ဒေသခံများကို အတင်းအဓမ္မခြိမ်းခြောက်ကာ စစ်မှုထမ်းရန်နှင့် “AA အလိုမရှိ”ဆန္ဒပြရန် လာရောက်ခေါ်ဆောင်မှုများ ရှိခဲ့သည်။ 

ရခိုင်ဒေသတွင် တပ်စခန်းများ၊ တပ်ရင်းဌာနချုပ်များ ဆုံးရှုံးမှုများလာသည့် စစ်ကောင်စီသည် မွတ်ဆလင်များအား အသုံးချကာ လူမျိုးရေးပြဿနာဖန်တီးရန် ကြိုးပမ်းမှုတွင် ကျောက်ဖြူတောင်ရွာလည်း အသုံးချခံဖြစ်ခဲ့ရသည်။

“ဆန်တွေ၊ ရိက္ခာတွေ ထောက်ပံ့မယ်။ ငွေပေးမယ်။ နိုင်ငံသားကဒ်ပေးမယ်။ တစ်နိုင်ငံလုံးကို လွတ်လွတ်လပ်လပ် တန်းတူသွားလာခွင့်ပေးမယ် ဆိုပြီး စည်းရုံးတယ်” ဟု မာရေဂျန်က ပြောသည်။

စည်းရုံးသည့်အထဲတွင် စစ်ကောင်စီအပြင် မွတ်ဆလင်လက်နက်ကိုင် ARSA, ARA, RSO စသည့်အဖွဲ့များလည်း ပါဝင်ကြောင်း ဒေသခံများက ပြောသည်။ ထိုသို့စည်းရုံးသော်ငြားလည်း ကျောက်ဖြူတောင်ကျေးရွာသားများမှာ စစ်ကောင်စီထံ စစ်မှုထမ်းလိုစိတ် မရှိကြပေ။

သို့သော်လည်း ၂၀၂၄ ခုနှစ်၊ ဧပြီလဆန်းပိုင်းတွင် ကျေးရွာသားများအား စစ်မှုထမ်းရန်အတွက် အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားသည်။ ယင်းအထဲတွင် မာရေဂျန်၏ အမျိုးသားဖြစ်သူလည်း ပါသွားခဲ့ရသည်။ 

“စစ်ကောင်စီတပ်သားတွေက ကျမတို့အိပ်နေချိန် အိမ်ထဲကိုဝင်လာပြီး ကျမအမျိုးသားကို အတင်းအဓမ္မခေါ်တယ်။ ကျမက မပေးချင်ဘူးလို့ပြောတော့ ကျမကိုရိုက်နှက်ပြီး ကျမအမျိုးသားကို ဆွဲခေါ်သွားတယ်” ဟု မာရေဂျန်က ပြောသည်။ 

ကျောက်ဖြူတောင်ကျေးရွာမှ အသက် ၅၀ အရွယ် ဆာဒတ်ကူလာကလည်း ၎င်း၏သားဖြစ်သူမှာ စစ်ကောင်စီထံ စစ်မှုထမ်းရန် အတင်းအဓမ္မ ခေါ်ယူခံခဲ့ရကြောင်း ပြောသည်။

“ကျနော့်သားကို အဓမ္မလာခေါ်တဲ့အချိန်မှာ ကျနော်ရှိတယ်၊ ကျနော့်မိန်းမလည်းရှိတယ်။ သားရဲ့လက်တစ်ဖက်ကို စစ်ကောင်စီတပ်သားက ဆွဲထားတယ်။ ကျန်တစ်ဖက်ကို ကျနော့်မိန်းမကဆွဲထားတော့ အဲဒီဆွဲထားတဲ့လက်ကို ဆေးလိပ်မီးနဲ့ထိုးပစ်တာ အခုထိတောင် အမာရွက်ရှိသေးတယ်။” 

စစ်ကောင်စီသည် ကျောက်ဖြူတောင်ကျေးရွာမှ လူငယ် ၃၀ ဦးခန့်ကို စစ်မှုထမ်းရန် အတင်းအဓမ္မခေါ်ယူခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ 

စစ်ကောင်စီသည် မွတ်ဆလင်များအား ၁၄ ရက်တာ စစ်သင်တန်းပေးပြီးနောက် ရှေ့တန်းစစ်မျက်နှာများတွင် အသုံးချနေခြင်း ဖြစ်သည်။ ဘူးသီးတောင် စစ်ဆင်ရေးကွက်ကွဲမှုဌာနချုပ် - စကခ ၁၅ ကို AA သိမ်းပိုက်ချိန်က မွတ်ဆလင်စစ်သား ရာနှင့်ချီမှာ စစ်ကောင်စီတပ်သားများနှင့်အတူ အလံဖြူထောင် အညံ့ခံခဲ့ကြသည်။

ရခိုင်တိုက်ပွဲပြင်းထန်နေချိန် ဘူးသီးတောင်နှင့် စစ်တွေမြို့တွင် မွတ်ဆလင်များအား “တိုက်ပွဲအလိုမရှိ” “AA အလိုမရှိ” စသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်စေပြီး ဆန္ဒဖော်ထုတ်ပွဲများကိုလည်း စစ်ကောင်စီက ဖန်တီးခဲ့သည်။ 

ကျောက်ဖြူတောင်ကျေးရွာမှ ကလေးသူငယ်အပါအဝင် ဒေသခံ ၃၀ ကျော်မှာ ဆန္ဒပြပွဲအတွက် စစ်ကောင်စီ၏ အတင်းအဓမ္မ ခေါ်ဆောင်ခြင်းကို နှစ်ကြိမ်တိုင်ခံခဲ့ရသည်။ စစ်ကောင်စီတပ်သားများသည် ရွာအတွင်းသို့ ကားဖြင့် ဝင်ရောက်လာပြီး တွေ့သမျှဒေသခံများကို အတင်းအဓမ္မ ခေါ်ဆောင်သွားသည်ဟု ပြောကြသည်။

“တွေ့သမျှလူကိုဖမ်းပြီး ကားပေါ်တင်တယ်။ တချို့ထွက်ပြေးသွားလို့ လူမရှိတဲ့အိမ်တွေကို မီးရှို့တယ်။ အဲဒီလို မီးရှို့လို့ နေအိမ် ၅ ဆောင် မီးလောင်သွားတယ်” ဟု ဆာဒတ်ကူလာက ပြောသည်။

■ မေယုတောင်တန်းဆီသို့ 

စစ်ကောင်စီ၏ ဖိနှိပ်မှုအမျိုးမျိုးကို ကြုံတွေ့နေရသည့် ကျောက်ဖြူတောင်ဒေသခံများမှာ ရွာတွင်းနေထိုင်ရမှုကို တစ်နေ့တခြား စိတ်ပျက်လာချိန် တိုက်ပွဲများမှာလည်း ရွာအနီးသို့ တဖြည်းဖြည်း ရောက်ရှိလာသည်။ 

ခမရ (၃၅၃) တပ်ရင်းကို AA က ထိုးစစ်ဆင်စဉ် စစ်ကောင်စီတပ်သားများသည် ကျေးရွာအတွင်းသို့ ဝင်ရောက်ပြီး ဝင်၍ ရွာသားများကို လူသားဒိုင်းကာအဖြစ် အသုံးပြုခဲ့ကြောင်း ဒေသခံများက ပြောကြသည်။

“တိုက်ပွဲဖြစ်နေတဲ့အချိန် ကျနော်တို့ကို လူသားဒိုင်းကာအဖြစ် အသုံးပြုခဲ့တယ်။ ရွာထဲက လုံးဝ ထွက်ခွင့်မပေးဘူး” ဟု ဆာဒတ်ကူလာက ပြောသည်။ 

တိုက်ပွဲများပြင်းထန်လာချိန်တွင် ဆာဒတ်ကူလာ၊ မာရေဂျန် အပါအဝင် ကျောက်ဖြူတောင်သားများမှာ ရွာအတွင်း ဆက်လက်မနေရဲတော့ပေ။ ရွာမှထွက်ပြေးရန် စဉ်းစားကြံဖန်လာကြသည်။ 

ရွာအရှေ့ဘက်တွင် စစ်ကောင်စီတပ်သားများ နေရာယူထားသည်။ ရွာအနောက်ဘက်တွင် မေယုတောင်တန်းရှိပြီး တောင်တန်းသို့သွားမည်ဆိုပါက လယ်ကွင်းပြင်ကို ဖြတ်သန်းရမည်။ လယ်ကွင်းတွင် စစ်ကောင်စီတပ်သားများက မြေမြှုပ်မိုင်းများ ထောင်ထားသည်။ 

ဆာဒတ်ကူလာ၊ မာရေဂျန်အပါအဝင် အိမ်နီးဝန်းကျင်က ဒေသခံ ၃၀ ဦးခန့်မှာ မိုင်းထောင်ထားသည့် လယ်ကွင်းကို ညအချိန်တွင်ဖြတ်ပြီး မေယုတောင်တန်းပေါ်သို့ ထွက်ပြေးရန် အရဲစွန့်ဆုံးဖြတ်ခဲ့ကြသည်။  

“တောင်ပေါ်မှာ AA ရှိမှန်း ကျမတို့သိတယ်။ အဲဒါကြောင့် AA ထိန်းချုပ်နယ်မြေတွေဆီ ခိုလှုံခွင့်တောင်းမယ် ဆိုပြီး ရွာက ထွက်ပြေးလာကြတာ” ဟု မာရေဂျန်က ပြောသည်။

ထွက်ပြေးလွတ်မြောက်လာပြီးနောက် မေယုတောင်တန်းတစ်နေရာတွင် အာရက္ခတပ်တော်(AA) တပ်ဖွဲ့ဝင်များနှင့် တွေ့ခဲ့ကြသည်။ 

“AA တပ်သားတွေက ကျနော်တို့ကိုစောင့်ရှောက်ပြီး သုံးရက်တိတိ စားရေးသောက်ရေး အဆင်ပြေအောင် စီစဉ်ပေးတယ်။ ပြီးရင် အခုနေတဲ့ရွာကို ကားနဲ့ ကျနော်တို့ကို လိုက်ပို့တာ” ဟု ဆာဒတ်ကူလာက ပြောသည်။  

မေလ ၁၈ ရက်က စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဘူးသီးတောင်မြို့နယ်က ကျောက်ဖြူတောင်၊ တပ်မင်းချောင်း၊ ငကျဉ်တောက်ကျေးရွာများမှ ထွက်ပြေးလာသည့် ကလေးငယ်များအပါအဝင် မွတ်ဆလင် ၁၆၆ ဦးအား ဆေးဝါးကုသမှုနှင့် ကူညီစောင့်ရှောက်မှုများ ပြုလုပ်ပေးခဲ့ကြောင်း AA က ထုတ်ပြန်ခဲ့သည်။

တိုက်ပွဲကာလအတွင်း စစ်ကောင်စီ‌၏ မီးရှို့မှု၊ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုများကြောင့် ကျောက်ဖြူတောင်ကျေးရွာတွင် အိမ်ခြေ ၇၆ ဆောင် မီးလောင်ပျက်စီးသွားခဲ့ကြောင်း ဒေသခံများက ပြောသည်။ 

ကျောက်ဖြူတောင်ဒေသခံများမှာ နေရပ်မပြန်နိုင်သေးဘဲ ဘူးသီးတောင်မြို့နယ်က လွတ်မြောက်နေရာတစ်ခုတွင် ခိုလှုံနေကြသည်။ AA ထိန်းချုပ်ဒေသသို့ ရောက်ရှိလာပြီဖြစ်၍ အနည်းငယ် စိတ်အေးရပြီဖြစ်သော်လည်း ရှေ့ဆက်ဖြတ်သန်းရမည့် အနာဂတ်အတွက် တွေးပူနေရကြောင်း မာရေဂျန်က ဖွင့်ဟလာသည်။ 

“ကျမအမျိုးသားကို အာရက္ခတပ်တော်က လွှတ်ပေးဖို့လို့ မျှော်လင့်ပါတယ်။ အမျိုးသားမရှိတော့ စားဝတ်နေရေးက တော်တော်လေးအခက်အခဲရှိတယ်” 

တိုက်ပွဲကာလအတွင်း မာရေဂျန်၏အမျိုးသားမှာ စစ်ကောင်စီဘက်မှ ပါဝင်တိုက်ခိုက်ခဲ့၍ AA ထံ သုံ့ပန်းအဖြစ် ဖမ်းဆီးခံထားရသဖြင့် သားသမီး ၃ ဦးနှင့်အတူ ရှေ့ဆက်ရမည့်ဘဝခရီးကို စိုးရိမ်ပူပန်နေခြင်း ဖြစ်သည်။ 

ဗီဒီယိုများ