မေယုတောင်တန်းဒေသက ဆင်အန္တရာယ်
လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားမှု များပြားသော မောင်တောဒေသမှ ပြည်သူများမှာ အသက်ရှင် တည်နိုင်ရေးအတွက် ဟင်းရှာ၊ထင်းခုတ်သွားရစဉ်တွင် တောဆင်ရိုင်းအန္တရာယ်ကိုလည်း စိုးရိမ်နေကြရသဖြင့် “အသက်ကို ဖက်နဲ့ထုပ်ထားတဲ့”အခြေအနေဟု ဆိုကြသည်။
25 Nov 2022
DMG | နိုဝင်ဘာ ၂၅
လေယူရာ ယိမ်းနွဲ့နေကာ ရွှေဝါရောင်သမ်းနေသည့် စပါးပင်လေးများ ယိုင်လဲပျက်စီးနေသည်ကို တွေ့လိုက်ရသည့်နေ့တွင် ပရဟိတစာသင်ကျောင်းမှ ဆရာတော် ဦးစရဏမှာ အလွန်ပင် စိတ်ထိခိုက်သွားခဲ့ရသည်။ ဧက ၅၀ ကျော်ရှိသည့် လယ်ကွင်းပြင်တွင် ကြီးမားသည့်ခြေရာများစွာ ထင်ကျန်ရစ်ခဲ့ကာ စပါးပင်များမှာ နလံမထူနိုင်သည့်အခြေအနေ ဖြစ်နေရှာသည်။
ရခိုင်ပြည်၏ နယ်စပ်မြို့တော် မောင်တောမြို့နယ်က ကျေးရွာများသည် နှစ်စဉ်နှစ်တိုင်း တောဆင်ရိုင်းများ၏ အန္တရာယ်နှင့် ရင်ဆိုင်နေရ၏။ တောဆင်ရိုင်းများသည် ဒေသခံများစိုက်ပျိုးထားသည့် စပါးခင်းများသို့ ညအချိန်တွင် ၄င်းတို့၏ စားကျက်သဖွယ် ဝင်ရောက်လာကာ စပါးစေ့များကို စားသောက်၊ စပါးပင်များကို နင်းခြေဖျက်ဆီးကြသဖြင့် တောင်သူလယ်သမားများမှာ ဆင်အန္တရာယ်ကို အလွန်ကြောက်လန့်နေရသည်။
စိုက်ခင်းများကို ဖျက်ဆီးလာသော အင်အုပ်စု
မောင်တောမြို့နယ်မြောက်ပိုင်း အစွန်၊ နံသာတောင်ကျေးရွာတွင် ကျောင်းထိုင်ဆရာတော် ဦးစရဏမှ ဦးဆောင်ပြီး ပရဟိတကျောင်းတစ်ခုကို ဖွင့်လှစ်ထားကာ နယ်စပ်တိုင်းရင်းသားကျေးရွာများမှ ကျောင်းသား၊ကျောင်းသူ ၅၀၀ ကျော်ကို အခမဲ့ ပညာသင်ကြားပေးလျက်ရှိသည်။ ထိုကျောင်းသား၊ ကျောင်းသူများကို ကျွေးမွေးရန်အတွက် ရွာအနီးရှိ လယ်ဧက ၅၀ ကျော်တွင် စပါးများကို စိုက်ပျိုးထားသည်။
“အခုကတော့ မောင်တောမြောက်ပိုင်းမှာ စစ်ရေးကာလဖြစ်တဲ့အတွက် လူတွေက အပြင်ကို သိပ်မထွက်ဖြစ်ဘူး။ ဆိုတော့ တောဆင်ရိုင်းတွေက ညနေဘက်ဆိုရင် ရွာနားကိုရောက်တယ်။ နေ့စဉ်နဲ့အမျှ လာရောက်ပြီးတော့ စပါးပင်တွေကို စားသုံးတယ်။ ဖျက်စီးတယ်”ဟု ဆရာတော် ဦးစရဏက မိန့်ကြားသည်။
ပရဟိတကျောင်းမှ စာသင်သားများကို ကျွေးမွေးရန်စိုက်ပျိုးထားသည့် စပါးခင်းများကို အောက်တိုဘာလ လဆန်းကပင်စတင်ပြီး ဆင်များ ဝင်ရောက်နေခြင်းဖြစ်သည်။ ယင်းနေ့မှ အစပျိုးကာ နေ့စဉ်ကဲ့သို့ ဆင်များ လာရောက်ကျက်စားနေကြတော့သည်။ မောင်တောဒေသတွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေသောကြောင့် ဒေသခံများမှာလည်း ညအချိန် အပြင်မထွက်ရဲသဖြင့် ဆင်များသည် စိတ်ကြိုက်ဝင်ရောက်စားသုံးခွင့် ရနေကြသည်။
“အခုက ဒီဒေသမှာ ဆင်အကောင် ၄၀ လောက်ရှိတယ်။ မယူတောင်တန်းမှာက နေ့ရော၊ ညပါ အချိန်ပြည့် ကျက်စားနေတာ။ ဆိုးတာက လယ်သမားတွေက နေ့ရောညပါ လယ်ပြင်ကို သွားလို့မရတော့ဘူး။ ဒါကြောင့် ရွာသားတွေက လယ်ထဲကိုသွားဖို့ အဆင်မပြေတော့ ဆင်တွေက ပိုပြီးရဲရင့်လာတယ်။ လှုပ်ရှားလာတယ်”ဟု ဆရာတော် ဦးစရဏက ထပ်မံမိန့်ကြားသည်။
တောဆင်ရိုင်းများသည် မေယုတောင်တန်း၊ နတ်မြစ်ဖျားနှင့် ဘင်္ဂလားဒေ့ရှ်ဘက်အခြမ်းတို့တွင် နေထိုင်ကျက်စားလေ့ရှိပြီး ယခင်နှစ်များက ရွာအနီးများသို့ လာရောက်မှုနည်းပါးသည်။ သို့ရာတွင် ယခုနှစ်တွင် အုပ်စုလိုက် လာရောက်ကျက်စား လာကြသည်။
သြဂုတ်လမှ စတင်ဖြစ်ပွားလာသော မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့၏ တကျော့ပြန် တိုက်ပွဲများကြောင့် ဆင်များမှာ တောတွင်းတွင်နေထိုင်ရန် အခက်တွေ့လာသဖြင့် စားကျက်အသစ်ရှာဖွေရန် လာကြခြင်းဟု ဒေသခံများကယူဆကြသည်။
“ဆင်တွေက စပါးတစ်ခုတည်း မဟုတ်ဘူး။ စိုက်ပျိုးရေး သီးနှံမျိုးစုံ၊ မူလာတွေ၊ ပဲတွေ စတဲ့စိုက်ခင်းအားလုံးကို ဝင်ရောက်ဖျက်စီးတာဖြစ်တယ်။ ဒီဆင်တွေကြောင့် ဦးဇင်းတို့က စိတ်မချမ်းသာတော့ဘူး”ဟု ဆရာတော်က မိန့်သည်။
ဆင်များအန္တရာယ်ကို ကြောက်လန့်သွားသော်လည်း ဒေသမတည်ငြိမ်မှုကြားထဲမှ ပင်ပင်ပန်းပန်း စိုက်ပျိုးထားရသည့် စပါးများကို တောင်သူများမှာ အသက်စွန့်ကာ ရိတ်သိမ်းနေရသည့်အခြေအနေ ဖြစ်နေသည်။ ရင့်မှဲ့လာသည့်စပါးပင်များကို ဆင်နှင့်လူ ဦးသူယူကြရသည့် အလားပင်ဖြစ်လာသည်။
စပါးများကို တောင်သူများ လျှင်မြန်စွာ မရိတ်သိမ်းနိုင်လိုက်လျှင် ဆင်များက ဖျက်ဆီးကြပေတော့မည်။ ထို့ကြောင့် အန္တရာယ်ကြားက ရိတ်သိမ်းနေရသည်ဟု ဒေသခံများက ဖွင့်ဟကြသည်။
တောင်သူများ ဆင်အန္တရာယ်ကို ကြောက်သည်ဆိုခြင်းမှာလည်း ကြောက်လန့်စရာဖြစ်ရပ်များက ရှေ့တွင် ဖြစ်ပျက်ခဲ့ဖူးပြီဖြစ်သည်။ ပြီးခဲ့သည့် ၂၀၁၈ ခု၊ နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ရသေ့တောင်မြို့နယ်၊ ပိတောက်မြိုင် ကျေးရွာသားတစ်ဦးသည် စပါးခင်းသို့ တောဆင်ရိုင်းများ လာရောက်ကျက်စားနေသည်ကိုမြင်၍ သွားရောက်ခြောက်လန့် မောင်းထုတ်စဉ် ဆင်နှာမောင်းဖြင့် ဖျစ်ညှစ်သတ်ဖြတ်လိုက်သဖြင့် သေဆုံးသွားခဲ့ရသည်။
ပိတောက်မြိုင်သည် မောင်တောမြို့နယ် တောင်ပိုင်းနှင့် ကုန်းမြေချင်းထိစပ်နေပြီး မယူတောင်တန်းအောက်မှ ရသေ့တောင်မြို့နယ်အပိုင်တွင် ပါဝင်သော ကျေးရွာတစ်ရွာဖြစ်သည်။
လူကို ရန်ပြုလာသည့် တောဆင်ရိုင်းများ
လွန်ခဲ့သည့် ဆယ်စုနှစ်ခန့်ကပင် မယူတောင်တန်းမှ ဆင်များမှာ လူနေကျေးရွာအနီးရှိ စပါးခင်းများသို့ ဝင်ရောက်စားသောက်လာခြင်းကို မောင်တောဒေသမြောက်ပိုင်းမှ လယ်သမားများ ကြုံတွေ့လာကြရသည်။ ထို့အပြင် မယူတောင်အနီး အင်းအိုင်ချောင်းမြောင်းများတွင် ငါးရှာသွားသူများ၊ တောထဲ ဟင်းခူးသွားသူများလည်း ဆင်နှင့်ထိပ်တိုက်တွေ့မှုများ ရှိခဲ့သည်။
လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားမှု များပြားသော မောင်တောဒေသမှ ပြည်သူများမှာ အသက်ရှင် တည်နိုင်ရေးအတွက် ဟင်းရှာ၊ထင်းခုတ်သွားရစဉ်တွင် တောဆင်ရိုင်းအန္တရာယ်ကိုလည်း စိုးရိမ်နေကြရသဖြင့် “အသက်ကို ဖက်နဲ့ထုပ်ထားတဲ့”အခြေအနေဟု ဆိုကြသည်။
မောင်တောမြို့နယ်မှာ တောဆင်ရိုင်းအန္တရာယ်ကို နှစ်စဉ်ကြုံတွေ့နေရပြီး သက်ဆိုင်ရာဌာနများကလည်း ထိန်းသိမ်းခြင်းမရှိသဖြင့် ဒေသခံများအနေဖြင့် သတိထားသွားလာကြရန်လိုကြောင်း မောင်တောမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမောင်အုန်းကပြောသည်။
“ဒီတောဆင်ရိုင်းနဲ့ပတ်သက်ပြီးတော့ မောင်တောဒေသမှာ ပြည်သူတွေ နှစ်စဉ်နှစ်တိုင်း သေဆုံးဒဏ်ရာရသူတွေ ရှိတယ်။ အစိုးရဖက်က သက်ဆိုင်ရာဌာနတွေကို တိုင်ကြားလို့လည်း ဖမ်းဆီးတာတွေလည်းမရှိဘူး။ ဆိုတော့ ပြည်သူတွေကပဲ ကိုယ့်အသိစိတ်နဲ့ကိုယ် ဒီအန္တရာယ်တွေကိုမကြုံရအောင် သတိထားပြီးတော့ သွားလာဖို့ လိုအပ်တယ်”ဟု ၎င်းကဆိုသည်။
တောဆင်ရိုင်းအန္တရာယ်ကြောင့် မောင်တောဒေသမှ အသက်ဆုံးပါးသွားသူ၊ ဒဏ်ရာရရှိသွားများ၏ အရေအတွက် အတိအကျကို ရရှိရန်ခက်ခဲလှသည်။ စာရင်းကောက်ယူထားသည့် အဖွဲ့အစည်းများလည်း မရှိပေ။ ထို့ကြောင့် DMG အနေဖြင့် လက်လှမ်းမီသည့် ဖြစ်စဉ်အချို့ကိုသာ ဖော်ပြထားသည်။
ယခု ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၁ ရက်နေ့က မောင်တောမြောက်ပိုင်း ငါးခူရ(ဟိန္ဒူ)ရွာသစ်ရွာ အရှေ့ဖက်လယ်ကွင်းတွင် တောရိုင်းဆင်တစ်ကောင်၏ တိုက်ခိုက်မှုကြောင့် အသက် ၁၃ နှစ်အရွယ် ဒေသခံ ဟိန္ဒူဘာသာဝင် ကလေးငယ်တစ်ဦး သေဆုံးသွားခဲ့သည်။
“ကလေးတွေက ရွာအနားကလယ်ကွင်းမှာ ကစားနေတာ။ အဲဒီမှာ ဆင်ကလာပြီးတော့ နှာမောင်းနဲ့ ဖိသတ်သွားတာ။ ခြေထောက်နှစ်ချောင်းနဲ့ အတွင်းဒဏ်ရာတွေရပြီးတော့ ဆုံးသွားတာ”ဟု ငါးခူးရကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းအောင်က ကလေးငယ်သေဆုံးသွားရပုံကို ရှင်းပြသည်။
ထို့ပြင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၇ ရက်နေ့က မောင်တောမြို့နယ်၊ ရွှေတောင်ကျေးရွာမှ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး နှစ်ဦးတို့သည် မေယုတောင်ခြေအနီး ငါးရှာသွားစဉ် တောဆင်ရိုင်းတစ်ကောင်နှင့် ထိပ်တိုက်တိုးပြီး ဆင်၏တိုက်ခိုက်ခြင်းကိုခံလိုက်ရသဖြင့် ဒဏ်ရာရရှိသွားသည်။
ယင်းမတိုင်မီ ၂၀၁၉ ခုနှစ်၊ဇွန်လ ၂၈ ရက်နေ့ကလည်း မောင်တောမြို့နယ်၊ ကံသာယာကျေးရွာမှ အသက် ၄၈ နှစ်အရွယ်အမျိုးသားတစ်ဦးသည် မယူတောင်ခြေရှိယာခင်းမှ ရွာသို့ အပြန်တွင် တောဆင်ရိုင်းနင်းသတ်ခံရပြီး သေဆုံးခဲ့သည်။
၎င်းအပြင် ၂၀၁၉ ဇန်နဝါရီလ ၁၀ ရက်နေ့ကလည်း မောင်တောမြို့နယ်၊ ကျောက်ချောင်း(ရွာသစ်)မှ ကျေးရွာသားတစ်ဦးမှာ တောဆင်ရိုင်းအနင်းခံရ၍ ဒဏ်ရာများဖြင့် သေဆုံးခဲ့သည်။ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်၊ နံနက်ပိုင်းကလည်း မောင်တောမြို့နယ်မြောက်ပိုင်း၊ မီးတိုက်ချောင်းဝ၊ ရဲကင်းစခန်း ခြံစည်းရိုးတံခါးအား တောဆင်ရိုင်းများ လာရောက်ဖျက်ဆီးခဲ့ဖူးသည်။
မောင်တောဒေသတွင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို လုပ်ကိုင်နေသော ဦးဘအေးသည် လူနှင့်ဆင် ထိပ်တိုက်တွေ့ပြီး အသက်အန္တရာယ်ဘေးမှ လွတ်မြောက်လာသူဖြစ်သည်။ ၄င်းသည် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်မှ စတင်ကာ မောင်တောတောင်ပိုင်း ခရေမြိုင်၊ ဗောဓိကကုန်း၊ ကင်းချောင်းဖျား စသည့်ကျေးရွာများတွင် ဝါးပင်များနှင့် ငှက်ပျောပင်များကို စိုက်ပျိုးလာသည်။
“ဒီလုပ်ငန်းတွေက ဆင်ကို ဖိတ်ခေါ်သလိုဖြစ်ခဲ့တာပေါ့”ဟု ဦးဘအေးက ပြောသည်။ ၄င်းသည် ရခိုင်မျိုးစောင့်အုပ်စု(ARG)၏ ဥက္ကဌဖြစ်ပြီး ယင်းအဖွဲ့သည် မောင်တောဒေသတွင် တိုင်းရင်းသားများ အလုပ်အကိုင်ရရှိရန် စိုက်ပျိုးရေး၊ မွေးမြူရေးများကို ဇောက်ချလုပ်ဆောင်နေခြင်း ဖြစ်သကဲ့သို့ လူမှုရေးလုပ်ငန်းများကိုလည်း လုပ်ကိုင်သည်။
ပြီးခဲ့သည့်နှစ်က ခရေမြိုင်ကျေးရွာအနီးရှိ စိုက်ခင်းတွင် ဦးဘအေးနှင့်အတူ လူသုံးဦးသည် ဆင်အန္တရာယ်နှင့် ကြုံတွေ့လိုက်ရပေသည်။ ၄င်းတို့စိုက်ခင်းတွင်ရှိနေစဉ် ဆင်ရိုင်းတစ်ကောင်ရောက်ရှိလာပြီး ရန်ပြုရန် ပြင်ဆင်သည်။ ထို့ကြောင့် ဆင်ကိုခြိမ်းခြောက်မောင်းထုတ်ကြရာ ထွက်ပြေးသွားသော်လည်း ဦးဘအေးတစ်ယောက်တည်း ရှိနေခိုက်တွင် တောဆင်ရိုင်းက ထပ်မံရောက်လာကာ ၄င်းကို အန္တရာယ်ပြုတော့သည်။
“ကျနော်တစ်ယောက်တည်း လိုက်လာတာကို ဆင်ကမြင်တော့ ရန်ပြုလာတယ်။ နှာမောင်းကို မြှောက်ပြီးတော့ လိုက်လာတာ။ အဲဒီမှာ ကျနော့်မှာပါတဲ့ မျက်ရိတ်စက်နဲ့ အနီးနားကိုဝှေ့ယမ်းပြီး အပင်တွေကို ဖြတ်ပြလိုက်မှ ဆင်က မလာတော့တာ။ မျက်ရိတ်စက် ကျေးဇူးကြောင့် ကျနော်လွတ်မြောက်လာတာဖြစ်တယ်”ဟု ဦးဘအေးက ရှင်းပြသည်။
ဆင်အန္တရာယ်ကို ကာကွယ်ကြခြင်း
တောဆင်ရိုင်းများသည် အုပ်စုလိုက်လာပါက အန္တရာယ်ပြုမှုနည်းပြီး မောင်းထုတ်လျှင်လည်း အုပ်စုလိုက် နောက်ဆုပ်တတ်ကြသည်။ သို့ရာတွင် တစ်ကောင်တည်းလာလျှင် နောက်မဆုပ်တော့ဘဲ တွေ့သည့်လူတိုင်းကို အန္တရာယ်ပြုတတ်ကြောင်း ဒေသခံများကဆိုသည်။
“လူကို တိုက်ခိုက်တဲ့ ဆင်ကတော့ ဆင်ထီးဖြစ်တယ်။ သူက အုပ်စုထဲကခွဲထွက်ပြီး သီးခြားကျက်စားတာ။ တွေ့တဲ့လူကို အန္တရာယ်ပြုမူတာ”ဟု ဦးဘအေးက ပြောသည်။
ရွာအနီး၊ စိုက်ခင်းများနှင့် လယ်ကွင်းပြင်များသို့ ဆင်များလာလျှင် ဆင်များထွက်ပြေးစေရန်အတွက် ဒေသခံများမှာ နည်းလမ်းမျိုးစုံသုံးပြီး ခြိမ်းခြောက်မောင်းထုတ်ကြရပေတော့သည်။
ဥပမာအနေဖြင့် သံပုံးများကို တီးခတ်ခြင်း၊ လေးဂွများဖြင့်ပစ်ခတ်ခြင်း၊ ပြင်းအားကောင်းသည့် ဓာတ်မီးများကိုအသုံးပြုပြီး မောင်းထုတ်ရသည်ဟု ဦးဘအေးက ၄င်း၏အတွေ့အကြုံကို ရှင်းပြသည်။
“ဒါပေမယ့် အခုက ဒေသ မတည်ငြိမ်မှု၊ စစ်ရေးပဋိပက္ခတွေကြောင့် အဆင်မပြေတော့ဘူးလေ”ဟု ၄င်းကပြောသည်။ လက်ရှိတွင် အဆိုပါဒေသတွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုများရှိနေသလို ARSA, RSO စသည့် မွတ်ဆလင်လက်နက်ကိုင်များလည်း လှုပ်ရှားမှုရှိသဖြင့် အထက်ပါနည်းလမ်းများ အသုံးပြု၍ အဆင်မပြေတော့ကြောင်း ပြောဆိုသည်။
ရသေ့တောင်မြို့နယ် ချိန်ခါလိန်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးထွန်းတင်စိုးက “အရင်တုန်းကဆိုရင် ဒီလိုရာသီ စပါးခင်းတွေမှာ ဆင်အုပ်တွေရောက်ပြီဆိုရင် ရွာသားတွေ ၁၀ ကျော်အထက်ကို စုဝေးပြီးတော့ မီးတုတ်တွေနဲ့ ညာသံပေးပြီး ခြောက်လှန့်တာ။ မီးဖိုပြီးတော့ ပြတယ်။ ဆိုတော့ အနားမကပ်တော့ဘူး။ အခုကတော့ စစ်ရေးပဋိပက္ခတွေနဲ့ ရွာသားတွေ တောင်တောင်ထဲကိုမသွားရဲတော့ ဆင်တွေကျက်စားတာ နယ်ချဲ့လာတဲ့ သဘော”ဟု ပြောသည်။
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလအထိ စာရင်းများအရ တောင်ကုတ်၊ သံတွဲ၊ ဂွ၊ ကျောက်ဖြူ၊ အမ်း စသည့်မြို့နယ်တို့တွင် ဆင်အကောင်ရေ ၁၁၃ ကောင်ရှိပြီး ၄င်းတို့ကို မြန်မာ့သစ်ထုတ်လုပ်ငန်းများတွင် အသုံးပြုလျက်ရှိကြောင်း ပြည်နယ်သစ်တောဦးစီးဌာနမှ သိရသည်။
သို့သော်လည်း မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်ဒေသ မယူတောင်တန်းများတွင် ဆင်ကောင်ရေ မည်မျှရှိသည်ကို မသိရှိကြောင်း၊ အဆိုပါဒေသများတွင် ဒေသတည်ငြိမ်မှုမရှိသဖြင့် ဆင်ထိန်းသိမ်းရေးလုပ်ငန်းနှင့် ဆင်ကောင်ရေ စာရင်းကောက်ယူနိုင်ခြင်းမရှိဟု ပြည်နယ်သစ်တောဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ဒေသခံများအနေဖြင့် ၄င်းတို့ အသက်ရှင်ရပ်တည်နိုင်ရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများ နလံထူနိုင်ရေးအတွက် ဆင်ထိန်းသိမ်းရေးစခန်းများ ပြုလုပ်ပေးရန်လိုလားနေကြသည်။ သို့မဟုတ်လျှင် ဒေသခံများမှာ တောဆင်ရိုင်များကြောင့် အန္တရာယ်ကြားမှ ရုန်းမထွက်နိုင်ဘဲရှိနေကြတော့မည်ဟု ဆိုကြသည်။
“ဆင်ထိန်းသိမ်းရေးစခန်းက ဒီဘက်မှာ မရှိဘူး။ ဘာပဲဖြစ်ဖြစ် သက်ဆိုင်ရာ အာဏာပိုင်တွေဘက်ကတော့ ဒီဘက်ကလယ်သမားတွေ အခက်အခဲများစွာဖြစ်နေတဲ့အတွက် ဆင်နဲ့လူ အန္တရာယ်ကိုလျော့ကျဖို့အတွက် လုပ်ပေးစေချင်တာ။ ဆင်လည်း အဆင်ပြေရမယ်။ လူလည်း လုပ်စားရတာ အဆင်ပြေရမယ်ဆိုတဲ့သဘော လုပ်ပေးစေချင်တာ”ဟု နံသာတောင်ဆရာတော် ဦးစရဏက မိန့်ကြားသည်။
ဂေါင် - ရေးသည်။