လက်ဆင့်ကမ်း ထိန်းသိမ်းရမည့် အမွေအနှစ်

“ရိုးရာအကတွေက နည်းပါးလာတယ်။ မျိုးဆက်သစ်တွေမွေးထုတ်ဖို့အတွက် အားနည်းချက်တွေ အများကြီးတွေ့ရတယ်”ဟု သူကပြောသည်။

29 Apr 2022

DMG ၊ ဧပြီ ၃၀

(ဆောင်းပါး)

ခေါင်း၊ ခါး၊ ခြေ၊ လက်တို့ကို ဟန်ချက်ညီညီလှုပ်ရှားကာ စည်းဝါးကိုက်ညီစွာဖြင့် အသက်(၃၆)နှစ်အရွယ် အမျိုးသမီးတစ်ဦး နွဲ့ပျောင်းသိမ်းမွေ့စွာ ကပြဖျော်ဖြေနေသည့် ဗွီဒီယိုဖိုင်ကို အွန်လိုင်းစာမျက်နှာပေါ်မှတစ်ဆင့် တွေ့မြင်ရသည်။
ရခိုင်ရိုးရာ ဆီမီးခွက်အကအပါအဝင် အခြားသောကကွက်တို့ကို အွန်လိုင်းပေါ်မှတစ်ဆင့် ကပြဖျော်ဖြေ တင်ဆက်ပေးနေသူမှာ ရခိုင်ပြည်နယ် ယဉ်ကျေးမှုအဖွဲ့မှ အကနည်းပြဆရာမတစ်ဦးဖြစ်သည့် ဒေါ်ခင်အေးချိုပင် ဖြစ်သည်။

ဆီမီးခွက်အကသည် ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို ဆီမီးဖြင့်ရှိခိုးပူဇော်ပြီး ဗုဒ္ဓရှင်တော်မြတ်ဘုရား၏ ဂုဏ်ကျေးဇူးများကိုဖွဲ့နွဲ့သီဆို၍ ပူဇော်ကပြသည့် ရခိုင်ရိုးရာအကလည်းဖြစ်သည်။ ဗုဒ္ဓဘာသာ စတင်ထွန်းကားခဲ့သည့် ဓညဝတီခေတ်တွင်ပေါ်ပေါက်ခဲ့သော ဆီမီးခွက်အကသည် ရခိုင်လူမျိုးတို့၏မူပိုင် ရိုးရာအကတစ်မျိုးဖြစ်သည်။

“ရခိုင်မှာထင်ရှားတဲ့ အကနှစ်ခုက ဆီမီးခွက်ကိုမြင်လိုက်တာနဲ့ ရခိုင်တွေရဲ့မူပိုင်အကဖြစ်တယ်။ သျှင်ဒိုင်ဆိုတာကလည်း ရခိုင်တွေမှာ အသက်သွေးကြောပေါ့။ သျှင်ဒိုင်အကကနေ အကတွေက ဆင်းသက်ပြီး ပြန့်ပွားသွားတာဖြစ်တယ်”ဟု ဒေါ်ခင်အေးချိုကပြောပြသည်။
ရခိုင်ပြည်တွင် ရိုးရာအကများအဖြစ် ဗုဒ္ဓပူဇနိယအက(ဆီမီးခွက်အက)၊ သျှင်ဒိုင်အက၊ ယိမ်းအက၊ ရထားပန်းယိုင်အက၊ ပိုးဝါမင်းသမီးအက၊ ငစွေအကစသည်ဖြင့် အကအမျိုးမျိုးရှိသည်။ ယင်းအထဲမှ ဆီမီးခွက်အက၊ သျှင်ဒိုင်အက၊ ယိမ်းအကတို့မှာ လူသိများထင်ရှားပြီး ရခိုင်ရိုးရာဆီမီးခွက်အကမှာ အထင်ရှားဆုံးဟုဆိုရမည်ဖြစ်သည်။

ယဉ်ကျေးမှုအမွေအနှစ်တစ်ရပ်ဖြစ်သည့် ရခိုင်ရိုးရာအကများကို လက်ရှိအခါမှာ စနစ်တကျဖြင့် ထိန်းသိမ်းစောင့်ရှောက်မှု အားနည်းနေသည့်အတွက် တစတစပျောက်ကွယ်သွားမည်ကို ဒေါ်ခင်အေးချိုအပါအဝင် ပညာရှင်များက စိုးရိမ်နေကြသည်။
ကိုယ်ပိုင်ဟန်၊ကိုယ်ပိုင်တူရိယာတို့ဖြင့် ထင်ရှားခဲ့သည့် ရခိုင်ရိုးရာအကမှာ တဖြည်းဖြည်း မှေးမှိန်လာနေသည့်အတွက် ရိုးရာအကများမပျောက်ကွယ်သွားရန် စနစ်တကျ လက်ဆင့်ကမ်းထိန်းသိမ်းရန် လိုအပ်နေကြောင်း ဒေါ်ခင်အေးချိုကပြောသည်။

“ရိုးရာအကတွေက နည်းပါးလာတယ်။ မျိုးဆက်သစ်တွေမွေးထုတ်ဖို့အတွက် အားနည်းချက်တွေ အများကြီးတွေ့ရတယ်”ဟု သူကပြောသည်။

ဒေါ်ခင်အေးချို ယဉ်ကျေးမှုအဖွဲ့တွင် အကနည်းပြဆရာမအဖြစ်လုပ်ကိုင်လာသည်မှာ (၁၂)နှစ်ရှိပြီဖြစ်သည်။ ၎င်းမှာ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(စစ်တွေဌာနခွဲ)တွင်လည်း စာရင်းကိုင်အဖြစ် လုပ်ကိုင်လျက်ရှိနေသည်။
ဒေါ်ခင်အေးချိုသည် စစ်တွေမြို့ဇာတိဖြစ်ပြီး အသက်(၁၅)နှစ်အရွယ်ကတည်းက ရခိုင်ရိုးရာအကများနှင့် စတင်ရင်းနှီးခဲ့သည်။ ဖခင်ဖြစ်သူဦးအေးထွန်းမှာ တယော၊ မယ်ဒလင်၊ ဘောင်ကျော်တီးခတ်သည့် အတက်ပညာများကို တက်မြောက်သူဖြစ်သည်။

အနုပညာမျိုးရိုးရှိသည့် ဒေါ်ခင်အေးချိုမှာ ကျောင်းနေအရွယ်(ဒုတိယတန်း)မှစကာ ဖခင်ထံမှ အနုပညာရပ်များကိုလေ့လာဆည်းပူးခဲ့သလို ရိုးရာအကကိုလည်း ရူးသွပ်ခဲ့သည်။

“ကြီးလာရင် အနုပညာနဲ့ ရခိုင်လူမျိုးတွေအတွက် တထောင့်တစ်နေရာကကူညီဖို့ဆိုတာကို ရည်ရွယ်ချက်ရှိတယ်။ ကျမအဖေဆိုရင် မကရဘူး။ အဆိုပဲ ဆိုရတယ်။ ဒါပေမယ့် ကျမကိုတားလို့မရဘူး။ အကကိုရအောင်လုပ်တယ်။ အကကို သိပ်ရူးသွပ်တယ်”ဟု သူကပြောသည်။
ယဉ်ကျေးမှုသည် နိုင်ငံတစ်နိုင်ငံ (သို့မဟုတ်) လူမျိုးတစ်မျိုး၏ တန်ဖိုးမဖြတ်နိုင်သည့် အမွေအနှစ်ဖြစ်သည့် အတွက် ဘိုးဘွားစဉ်ဆက်လက်ဆင့်ကမ်းထိန်းသိမ်းရန်မှာ အရေးကြီးသည့်အခန်းကဏ္ဍာတွင် ပါဝင်နေသည်။ ထို့ကြောင့် ရိုးရာယဉ်ကျေးမှုအမွေအနှစ်များအား မပျောက်ကွယ်သွားရန် စနစ်တကျဖြင့် မျိုးဆက်သစ်များကို လက်ဆင့်ကမ်းပေးရန်လိုအပ်နေသည်။

သို့သော် ရခိုင်ရိုးရာအကကို မျိုးဆက်သစ်လူငယ်များအား လက်ဆင့်ကမ်းအမွေပေးရန်အတွက် စိန်ခေါ်မှု များစွာရှိနေသည်။ လက်ရှိဖွဲ့စည်းထားသည့် ရခိုင်ပြည်နယ်ယဉ်ကျေးမှုအဖွဲ့တွင် ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ အဖွဲ့ဝင်စသည်ဖြင့် အဖွဲ့အစည်းတစ်ခုကဲ့သို့ပင် သပ်သပ်မတ်မတ်မရှိခြင်းနှင့် မျိုးဆက်သစ်များ လေ့လာဆည်းပူးနိုင်ရန် ရိုးရာအကသင်တန်းကျောင်းများ မရှိသည့်အတွက်ကြောင့်ဖြစ်သည်။

မျက်မှောက်ကာလတွင် ခေတ်ရေစီးကြောင်းနှင့်အတူ အနောက်တိုင်းယဉ်ကျေးမှုများ လွှမ်းမိုးလာသည့်အတွက် မျိုးဆက်သစ်လူငယ်များမှာ ရိုးရာအကများကို စိတ်ဝင်စားမှုအားနည်းလာသည်။ ထိုသို့အခြေအနေများတွင် ရခိုင်ပြည်၌ ရိုးရာအကသင်တန်းကျောင်းများမရှိခြင်းမှာလည်း မျိုးဆက်သစ်များအား လက်ဆင့်ကမ်းရန် ပို၍အခက်အခဲဖြစ်စေကြောင်း ဒေါ်ခင်အေးချိုကပြောသည်။

“ကျမတို့မှာ ပညာရှိတယ်။ ဝါသနာရှိတယ်။ ကိုယ်ကလုပ်ချင်ပေမယ့် လုပ်ပိုင်ခွင့်မရှိ။ ပိုက်ဆံမရှိ။ အာဏာမရှိတော့ မလုပ်နိုင်ဘူူး။ တခြားတိုင်းရင်းသားတွေလုပ်သလို သင်တန်းကို အချိန်ပိုင်းဖြစ်ဖြစ်လုပ်ချင်တယ်”ဟု သူကဆိုသည်။

အခြားသော မွန်၊ ကယားစသည့်လူမျိုးတို့တွင် ယဉ်ကျေးမှုအဖွဲ့များကို ပြည်နယ်၊ မြို့နယ်၊ ရပ်ကွက်စသဖြင့် စနစ်တကျဖြင့် သပ်သပ်မတ်မတ်ဖွဲ့စည်းထားသည်။ ယင်းအပြင် ရိုးရာအကသင်တန်းကျောင်းများဖွင့်ပြီး မျိုးဆက်သစ်လူငယ်များကို လေ့လာဆည်းပူးစေ၍ ထိန်းသိမ်းစောင့်ရှောက်လျက်ရှိကြသည်။

ရခိုင်လူမျိုးတို့သည် ကိုယ့်ထီးကိုယ့်နန်း၊ ကိုယ်ပိုင်စာပေ၊ အနုသုခုမပညာ စသည်တို့ဖြင့် ယဉ်ကျေးမှုမြင့်မားစွာ နေထိုင်ခဲ့ကြသူများဖြစ်သည်။ ရခိုင်တွင် ဓညဝတီ၊ ဝေသာလီ၊ လေးမြို့၊ မြောက်ဦး ခေတ်ကြီးလေးခေတ်ရှိခဲ့ပြီး မြောက်ဦးခေတ်သည် ယဉ်ကျေးမှုအထွန်းကားဆုံးခေတ်ဖြစ်ခဲ့သည်။

ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံများ၊ ယဉ်ကျေးမှုအနုပညာများ၊ ဝတ်စားဆင်ယင်မှုများဖြင့် သီးခြားလွတ်လပ်စွာ နေထိုင်ခဲ့သူများလည်းဖြစ်ကြသည်။ တစ်ချိန်ကထွန်းတောက်ခဲ့သည့် ရခိုင်လူမျိုးတို့၏ စာပေ၊ ယဉ်ကျေးမှု ဓလေ့ထုံးစံတို့မှာ ထီးနန်းကျဆုံးခဲ့ရသော မြောက်ဦးခေတ်နှောင်းပိုင်းကနေ တဖြည်းဖြည်းမှေးမှိန်လာခဲ့သည်။

ရခိုင်ရိုးရာအကများ မပျောက်ကွယ်သွားရန်နှင့် မျိုးဆက်သစ်များကို လက်ဆင့်ကမ်းနိုင်ရန်အတွက် သင်တန်းကျောင်းများဖွင့်လှစ်ရန် အစိုးရမှထောက်ပံ့ကူညီရန်လိုအပ်ကြောင်း ပညာရှင်များကပြောဆိုကြသည်။

ယင်းသို့လုပ်ဆောင်မှသာလျှင် ရိုးရာအမွေအနှစ်အကများကို စောင့်ရှောက်နိုင်မည်ဖြစ်ကြောင်းနှင့် မျိုးဆက်သစ် လူငယ်များလည်း စိတ်ဝင်စားလာမည်ဖြစ်သည်ဟု ရခိုင်စာပေနှင့် ယဉ်ကျေးမှုကော်မတီမှ အတွင်းရေးမှူး ဦးကျော်ဆန်းကပြောသည်။

“ရိုးရာအကတွေကို စနစ်တကျနဲ့သင်ပြဖို့၊ သင်တန်း၊ ကျောင်းအဖွဲ့အစည်းတွေနဲ့လုပ်နိုင်မယ်ဆိုရင် လူငယ်တွေလည်း အတိုင်းအတာတစ်ခုထိ ကိုယ့်ရိုးရာယဉ်ကျေးမှု၊ ကိုယ့်ရိုးရာအက၊ ဂီတတွေကို ဒီထက်မကပိုပြီး စိတ်ဝင်စားလာမယ်လို့မြင်တယ်”ဟု သူကပြောသည်။

“ယဉ်ကျေးမှုပျောက်လျှင် လူမျိုးပျောက်မည်”ဆိုသည့် စကားနှင့်အညီ ရခိုင်ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ ပျောက်ကွယ်မသွားရန်အတွက် ရခိုင်လူမျိုးတို့၏ စာပေ၊ ယဉ်ကျေးမှု၊ သမိုင်း အစရှိသည်တို့ကို သင်တန်းများဖြင့်သင်ပြနိုင်အောင် အစိုးရအနေဖြင့်လုပ်ဆောင်သင့်ကြောင်း သာကီမဏ္ဍိုင်ရခိုင်ယဉ်ကျေးမှုအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဇံမောင်ကပြောသည်။

“အထူးသဖြင့် ရခိုင်ပြည်နယ်နေ့တွေလို နေ့ထူးနေ့မြတ်တွေမှာ ရခိုင်ယဉ်ကျေးမှု သီးသန့်ပြခန်းတွေပြသင့်တယ်။ ရခိုင်ယဉ်ကျေးမှုနဲ့ပတ်သက်လို့ အမွေအနှစ်ဆိုင်ရာတွေ၊ ယဉ်ကျေးမှုဆိုင်ရာတွေကို ဟောပြောပွဲတွေလုပ်ပေးဖို့ လိုအပ်တယ်”ဟု ၎င်းကဆိုသည်။

ရခိုင်ရိုးရာအကများ ပျောက်ကွယ်မသွားရန်နှင့် ထိန်းသိမ်းစောင့်ရှောက်ရန်မှာ မျိုးဆက်သစ်လူငယ်တို့၏ တာဝန်တစ်ခုဖြစ်ပေသည်။ အလားတူ မျိုးဆက်သစ်များလက်ဆင့်ကမ်းပေးရန်မှာလည်း ပညာရှင်များနှင့် သက်ဆိုင်ရာအာဏာပိုင်တို့၏ တာဝန်ဖြစ်ပေသည်။

မည်သို့ပင်ဆိုစေကာမှု အစိုးရ၊ ပြည်သူ၊ ပညာရှင်များအားလုံး စည်းလုံးညီညွတ်စွာဖြင့် ပူးပေါင်းဆောင်ရွက်မှသာလျှင် ရခိုင်ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ ရေရှည်တည်တံ့နိုင်ရေးအတွက် ထိန်းသိမ်းစောင့်ရှောက်နိုင်မည်ဖြစ်ပေသည်။

ရခိုင်ရိုးရာအကကိုချစ်မြတ်နိုးသည့် ဒေါ်ခင်အေးချိုကတော့ ယဉ်ကျေးမှုအမွေအနှစ်များ မပျောက်ကွယ်ရန်အတွက် မျိုးဆက်သစ်များကို အမွေဆက်ခံနိုင်အောင် လုပ်ဆောင်ရမည်ဖြစ်ကြောင်း ပြောသည်။

“ရိုးရာအကတွေမပျောက်ကွယ်ဖို့အတွက် သင်တန်းဖွင့်ရမယ်။ ရခိုင်ရိုးရာ အကသင်တန်းတွေကိုဖွင့်ပြီး မျိုးဆက်သစ်တွေကို မွေးထုတ်ရမယ်”ဟု သူကဆိုသည်။

မင်းထွန်း-ရေးသည်