စစ်အာဏာသိမ်းမှုနှင့် ရခိုင်နိုင်ငံရေးပါတီတို့၏ ခြေလှမ်းများ

ထိုသို့အာဏာသိမ်းချိန်မှစ၍ စစ်အာဏာရှင်စနစ်ကိုလက်မခံကြောင်း ထုတ်ဖော်ပြောကြားသည့်အထဲတွင် ရခိုင်နိုင်ငံရေးပါတီအချို့လည်း ပါဝင်ခဲ့သည်။ ရခိုင်က အင်အားကြီးပါတီများဖြစ်ကြသော ANP ၊ AFP ၊ ALD တို့က စစ်အာဏာသိမ်းမှုအပေါ် သဘောထားထုတ်ပြန်ခဲ့ကြရာတွင် ပါတီတစ်ခုနှင့်တစ်ခုကြား ရပ်တည်ချက်နှင့် ခံယူချက်များ မတူညီကြပေ။

By သားကြီးသြရသ 28 Feb 2022

DMG ၊ ဖေဖေါ်ဝါရီလ ၂၈

(ဆောင်းပါး)

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မဲမသာမာမှုရှိသည်ဟုအကြောင်းပြကာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အရပ်သားအစိုးရကိုဖြုတ်ချပြီး စစ်တပ်က နိုင်ငံတော်အာဏာကိုသိမ်းယူခဲ့သဖြင့် ဒီမိုကရေစီ ပြန်လည်ထွန်းကားရေးအတွက် နိုင်ငံအနှံ့ရှိပြည်သူများက အာဏာသိမ်းမှု အချိန်တစ်နှစ်ကျော်ကြာသည့်တိုင် စစ်အာဏာရှင်ဆန့်ကျင်ရေးကို ဆက်လက်လုပ်ဆောင်နေကြသည်ကို တွေ့ရသည်။

ထိုသို့အာဏာသိမ်းချိန်မှစ၍ စစ်အာဏာရှင်စနစ်ကိုလက်မခံကြောင်း ထုတ်ဖော်ပြောကြားသည့်အထဲတွင် ရခိုင်နိုင်ငံရေးပါတီအချို့လည်း ပါဝင်ခဲ့သည်။ ရခိုင်က အင်အားကြီးပါတီများဖြစ်ကြသော ANP ၊ AFP ၊ ALD တို့က စစ်အာဏာသိမ်းမှုအပေါ် သဘောထားထုတ်ပြန်ခဲ့ကြရာတွင် ပါတီတစ်ခုနှင့်တစ်ခုကြား ရပ်တည်ချက်နှင့် ခံယူချက်များ မတူညီကြပေ။

ပြည်တွင်းငြိမ်းချမ်းရေးအပါအဝင် ရခိုင်တို့၏ အကျိုးစီးပွားရေးရာများနှင့်ပတ်သက်၍ ပြောစရာရှိသည်များကို မည်သည့်အဖွဲ့အစည်းနှင့်မဆို ပြောဆိုဆွေးနွေးဆက်ဆံသွားမည်ဖြစ်ကြောင်း ရခိုင့်ဦးဆောင်ပါတီ(AFP)က စစ်အာဏာသိမ်းပြီး ငါးရက်မြောက်သည့်နေ့တွင် ထုတ်ပြန်ခဲ့သည်။ နိုင်ငံတော်အာဏာကို အာဏာသိမ်း စစ်ကောင်စီမှ ကိုင်တွယ်ပြီးလုပ်ဆောင်နေသည့်အတွက် အရှိကိုအရှိအတိုင်း လက်ခံရမည်ဟုလည်း AFP ပါတီ  ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်ဦးက ပြောဆိုထားသည်။

“မြေပြင်မှာ အမှန်တကယ်သြဇာအာဏာသက်ရောက်နေတဲ့ အစိုးရရဲ့တလှမ်းချင်းသွားတဲ့ခြေလှမ်းတွေကို အရှိ အတိုင်းလက်ခံပြီး သုံးသပ်ကာ လုပ်သွားဖို့လိုတယ်။ အဲတာဟာ အာဏာသိမ်းတာကို လက်ခံတယ်လို့ ဆိုတာ မဟုတ်ဘူး။ မြေပြင်မှာအမှန်တကယ်သြဇာအာဏာသက်နေတဲ့ အစိုးရဖြစ်သွားတဲ့အတွက် မလွဲမရှောင်သာ ပါဝင်ပတ်သတ်ရ မယ့်အခြေအနေကို ဆိုလိုတာဖြစ်တယ်”ဟု ၎င်းကပြောသည်။

ရခိုင်အမျိုးသားပါတီ(ANP)ကလည်း အာဏာသိမ်းပြီး တစ်လကျော်အကြာ မတ်လ(၂၂)ရက်နေ့တွင် ထုတ်ပြန်ချက်တစ်စောင်ထုတ်ခဲ့သည်။ ကိုယ့်ကြံမ္မာကိုယ်ဖန်တီးခွင့် ရရှိရေး၊ ကိုယ်ပိုင်အုပ်ချုပ်စီမံပိုင်ခွင့် ရရှိရေးတို့အတွက် ရခိုင်အမျိုးသားအကျိုးစီးပွားကို အသိအမှတ်ပြုတန်းဖိုးထားသော မည်သည့်အဖွဲ့ အစည်းနှင့်မဆို ဆက်စပ်ညှိနှိုင်းဆောင်ရွက်သွားမည်ဟု ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ထိုထုတ်ပြန်ချက်ထုတ်သည့်အချိန်မှာ ANP ပါတီထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်သည့် ဒေါ်အေးနုစိန်မှာ စစ်ကောင်စီမှပေးအပ်သည့်နေရာကို လက်ခံထားပြီဖြစ်သည်။

ယင်းအပြင် ANP က ရခိုင်ပြည်နယ်ကောင်စီဥက္ကဋ္ဌ နေရာနှင့် သံသယဖြင့်ဖမ်းဆီးထားသူများ လွတ်မြောက်ရေး စသည့်အချက်များကို တောင်းဆိုခဲ့သေးသည်။ သို့သော် စစ်ကောင်စီက လိုက်လျောမပေးခဲ့သဖြင့် ၂၀၂၁ ခုနှစ် မေလ(၅)ရက်တွင် စစ်ကောင်စီနှင့်ပူးပေါင်းဆောင်ရွက်မှုကိုရပ်နားကြောင်း ပါတီက တရားဝင်ပြောဆိုလာသည်။

ANP ပါတီအနေဖြင့် ရခိုင်အမျိုးသားအကျိုးစီးပွားအတွက်လုပ်ဆောင်မည်ဆိုသည့် ရည်ရွယ်ချက်ဖြင့် ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်သော်လည်း ရခိုင်အမျိုးသားအကျိုးစီးပွားကိုဖော်ဆောင်နိုင်မှုမတွေ့ရသည့်အတွက် ဆက်စပ်ဆောင်ရွက်မှုကိုရပ်နားခြင်းဖြစ်သည်ဟု ပါတီဥက္ကဋ္ဌ ဦးသာထွန်းလှက မီဒီယာများကိုဖြေကြားခဲ့သည်။

“အခုအချိန်မှာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေအရ ရခိုင်အမျိုးသားအကျိုးစီးပွားကို ဖော်ဆောင်နိုင်မှု၊ လုပ်ဆောင်နိုင်မှု အခြေအနေမတွေ့ရတဲ့အတွက် စစ်ကောင်စီနဲ့ဆက်စပ်မှုကိုရပ်တန့်ဖို့အတွက် ပါတီ(CEC) တွေက သဘောထားမှတ်ချက်ပေးခဲ့တာရှိတယ်။ ဒါကို ပါတီဗဟိုကော်မတီဝင်အစည်းအဝေးခေါ်ယူပြီး အတည်ပြုချက်ရယူသွားမှာဖြစ်တယ်”ဟု ၎င်းကပြောသည်။

ထိုအချိန်က ANP နှင့် AFP ပါတီတို့၏ ထုတ်ပြန်ကြေညာချက်များအပေါ် ရခိုင်ပြည်သူများအကြား ဝေဖန်မှုမြင့်တက်ခဲ့သည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)ပါတီက မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ပြတ်သားသော ကြေညာချက်တစ်စောင်ကို အာဏာသိမ်းပြီး ငါးရက်မြောက်သည့်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ထိုကြေညာချက်ထဲတွင် စစ်အာဏာရှင်အပါအဝင် မည်သည့်အာဏာရှင်စနစ်ကိုမှ လက်ခံမည်မဟုတ်ကြောင်း ပါရှိသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ်ကိုသော်လည်းကောင်း၊ ဒီမိုကရေစီအာဏာရှင်စနစ်ကိုသော်လည်းကောင်း ALD ပါတီအနေဖြင့် လက်ခံမည်မဟုတ်ဘဲ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို မျက်ခြည်ပြတ်မခံဘဲ ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ခဲ့သည်။
လွတ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံသမိုင်းတွင် အကြောင်းအမျိုးမျိုးပြကာ နိုင်ငံတော်အာဏာကို သိမ်းယူခဲ့ကြပြီး စစ်အာဏာရှင်စနစ်ကိုတည်ထောင်ခဲ့ကြခြင်းမှာ နိုင်ငံတကာအလယ်တွင် နိုင်ငံ၏ပုံရိပ်ကို ကျဆင်းစေပြီး ပြည်သူများ ဆင်းရဲတွင်းနက်ရခြင်း၏အကြောင်းရင်းဖြစ်ကြောင်း သမိုင်းကသက်သေထူခဲ့ပြီဟု ALD က ဆိုထားသည်။

စစ်အာဏာရှင်အုပ်ချုပ်ရေးစနစ်သည် ဒီမိုကရေစီမဆန်ကြောင်း၊ စစ်အာဏာရှင်များသည် အများစု၏ဆန္ဒမပါဘဲ ၎င်းတို့စိတ်ကြိုက်လုပ်ဆောင်ကြကြောင်း (ALD)ပါတီဥက္ကဋ္ဌ ဦးကျော်မြင့်က ပြောသည်။

“စစ်အာဏာရှင်တွေက သူတို့စိတ်ကြိုက်၊ တိုင်းပြည်ကို သူတို့စိတ်မှာကောင်းတယ်လို့ထင်တာကိုပဲ လုပ်ကြတဲ့အခါမှာ အများစုရဲ့ဆန္ဒမပါတဲ့အတွက် သူတို့ချမှတ်တဲ့မူတွေ၊ ကျင့်သုံးလိုက်တာတွေဟာ နောက်ဆုံး ပြည်သူလူထုတွေထံမှာကျရောက်ပြီး ပြည်သူလူထုတွေ ဆင်းရဲဒုက္ခရောက်ကြတယ်”ဟု ဆိုသည်။

နိုင်ငံသူနိုင်ငံသားတို့၏ အကျိုးကိုရှေးရှု၍ မဲစာရင်းကြီးမားစွာကွာဟနေမှုကို ငြိမ်းချမ်းစွာ ဆွေးနွေးညှိနှိုင်းခြင်းဖြင့် ဖြေရှင်းကြရန် ALD ပါတီက တိုက်တွန်းခဲ့သေးသည်။

“မဲစာရင်းကွာဟမှု အကြီးအကျယ်ဖြစ်နေတယ်ဆိုရင်လည်း ဒါဟာ ပြည်ထောင်စုအချုပ်အချာအာဏာ ကျရှုံးသွားမှာလည်းမဟုတ်၊ ပြည်ထောင်စုကြီး ပြိုကွဲသွားမှာလည်းမဟုတ်တဲ့အတွက် ဒါတွေကိုညှိနှိုင်းပြီး ဖြေရှင်းကြဖို့ တိုက်တွန်းတာဖြစ်တယ်”ဟု ဦးကျော်မြင့်ကဆိုသည်။

အာဏာသိမ်းပြီးနောက် ALD ၏ခြေလှမ်း

စစ်အာဏာသိမ်းမှုအပေါ် ဆန့်ကျင်ကန့်ကွက်ကြောင်း နိုင်ငံတဝန်းတွင် အာဏာရှင်စနစ်တိုက်ဖျက်ရေးအတွက် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။ ယင်းအထဲတွင် (ALD)ပါတီမှ ပါတီဝင်အချို့လည်း မိမိတို့သဘောဆန္ဒအလျှောက် ပါဝင်ခဲ့ကြသည်။
အာဏာရှင်စနစ်ကို မလိုလားသည့်အတွက် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ် ကော်မတီတွင်ပါဝင်ကာ ပြည်သူများနှင့်အတူ စစ်အာဏာသိမ်းမှုကို ကန့်ကွက်ဆန္ဒဖော်ထုတ်ခဲ့သည်ဟု ဦးမျိုးကျော်ကပြောသည်။

ထို့ကြောင့် ALD ပါတီဝင်များမှာ စစ်ကောင်စီ၏ ဖမ်းဝရမ်းထုတ်ခံရခြင်း၊ ဖမ်းဆီးတရားစွဲဆိုခြင်းများကို ခံခဲ့ရသည်။ CDM လှုပ်ရှားမှုတွင်ပါဝင်သည်ဟုဆိုကာ ALD ပါတီအထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်ကို ၂၀၂၁ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့တွင် ဖမ်းဝရမ်းထုတ်ခဲ့သည်။

“ပြည်သူတွေရဲ့ ဘက်တော်သားအနေနဲ့လုပ်တာဖြစ်တယ်။ အာဏာသိမ်းတာက ပါတီရဲ့မူဝါဒနဲ့ မကိုက်ညီဘူး။ ကျနော်က နိုင်ငံရေးသမားတစ်ယောက်ဖြစ်တယ်။ ဒီအရာကို ကျနော်ရဲ့တာဝန်လို့ခံယူတဲ့အတွက် ပါဝင်ခဲ့တာ ဖြစ်တယ်”ဟု ဦးမျိုးကျော်ကဆိုသည်။
အလားတူ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့တွင်လည်း အာဏာရှင်စနစ်အလိုမရှိကြောင်း ဆန္ဒဖော်ထုတ်ရာတွင် ပါဝင်ခဲ့သည့် ALD ပါတီဝင် ဦးကျော်ကျော်လင်းကိုဖမ်းဆီးပြီး နိုင်ငံတော်အကြည်အညိုပျက်စေမှု၊ ငြိမ်းစုစီဥပဒေတို့ဖြင့် တရားစွဲဆိုခဲ့သည်။ ဦးကျော်ကျော်လင်းမှာ လေးလခန့်တရားရင်ဆိုင်ခဲ့ရပြီး လက်ရှိမှာ အမှုနှစ်ခုလုံးမှ လွတ်မြောက်ခဲ့ပြီဖြစ်သည်။

စစ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသော အမျိုးသားညီညွတ်ရေးအစိုးရ(NUG)တြင်ပါဝင်ရန် ALD ပါတီနှင့် ပါတီအထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်ကို ကမ်းလှမ်းခဲ့သည်ဟုဆိုသည်။

ထိုအချိန်က ဦးမျိုးကျော်ကို CDM လှုပ်ရှားမှုတွင်ပါဝင်သည်ဟုဆိုကာ စစ်ကောင်စီမှ ဖမ်းဝရမ်းထုတ်ထားသည်။ ဦးမျိုးကျော်သည် ပါတီမှတာဝန်ရှိသူများကိုအသိပေးကာ NUG အစိုးရအဖွဲ့တွင် ပါဝင်ရန်ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့သည်။

“သူတို့က အစိုးရအဖွဲ့ ဖွဲ့မယ်။ အဲဒီမှာပါဝင်ဖို့အတွက် ကမ်းလှမ်းတာတွေရှိခဲ့တယ်။ ကျနော်အနေနဲ့ လက်မခံလိုက်ဘူး။ ပါတီက သိသင့်၊သိထိုက်တဲ့သူတွေကိုအသိပေးပြီးမှ ငြင်းခဲ့တာဖြစ်တယ်”ဟု ဦးမျိုးကျော်က ပြောသည်။
၂၀၁၅ ကနေ ၂၀၂၀ ခုနှစ်အထိ နိုင်ငံကိုအုပ်ချုပ်ခွင့်ရရှိခဲ့သည့် NLD အစိုးရသည် ရခိုင်ပြည်နယ်တွင် ကျင့်သုံးခဲ့သည့်ပေါ်လစီအမှားများ၊ လူမျိုးရေးအရ ဗိုလ်ကျစိုးမိုးမှှုများကို ပြုပြင်ခြင်းမရှိခဲ့သည့်အပြင် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲနီးသည့်အချိန်တွင်လည်း NLD ပါတီပြောရေးဆိုခွင့်ရှိသူမှ တိုင်းရင်းသားများကို စော်ကားသည့် အပြုအမူများဖြင့် ပြောဆိုခြင်းများကို တွေ့ရှိခဲ့ရသည်ဟု ဦးမျိုးကျော်ကဆိုသည်။

ယင်းသို့သောအပြုအမူများကို နောက်နောင်တွင်မဖြစ်စေရေးအတွက် ပြုပြင်ပေးရန် အာမခံချက်တောင်းခဲ့ သော်လည်း တစ်စုံတစ်ရာ အာမခံချက်မရခဲ့ကြောင်း ဦးမျိုးကျော်ကဆက်ပြောသည်။

“ကျနော့်အတွက် နေရာတစ်ခုထက် အနာဂတ်မှာ အရင်ဖြစ်ခဲ့တဲ့အမှားတွေကို မဖြစ်စေချင်ဘူး။ နေရာပေးဖို့ မလိုဘူး။ ဒီအပြုအမူတွေကို ပြင်ပေးနိုင်မလားဆိုပြီးဆွေးနွေးတယ်။ ဒါပေမယ့် တစ်ခုမှ အာမခံချက်မရတဲ့အတွက် ပြည်သူူတွေလည်းကြိုက်မှာမဟုတ်ဘူး။ ရခိုင်သားတစ်ယောက်အနေနဲ့ ကျနော့်ဘဝမှာ အမဲစက်တစ်ခု မထင်းရအောင်ဆိုပြီး ငြင်းလိုက်တာဖြစ်တယ်”ဟု ၎င်းကပြောသည်။

လက်ရှိမှာ စစ်ကောင်စီမှ အချိုးကျကိုယ်စားပြု (Proportional Representation – PR)စနစ်ဖြင့် ရွေးကောက်ပွဲ ပြုလုပ်ရန် ကြိုးပမ်းနေသည်။ PR စနစ်နှင့်ပတ်သက်ပြီးဆွေးနွေးရန် နိုင်ငံရေးပါတီ (၉၀)ကျော်ကို စစ်ကောင်စီက ဖိတ်ခေါ်ခဲ့သည်။ အဆိုပါဆွေးနွေးပွဲကို (USDP)နှင့် စစ်ကောင်စီ၏ ကျောထောက်နောက်ခံပါတီများအပါအဝင် ရခိုင်မှ ရခိုင့်ဦးဆောင်ပါတီ(AFP)နှင့် မျိုးနွယ်စုပါတီအချို့ သုံးကြိမ်တိုင်တိုင် တက်ရောက်ဆွေးနွေးခဲ့ကြသည်။

သို့သော် ရခိုင်အမျိုးသားပါတီ(ANP)မှ တက်ရောက်ခြင်းမရှိဘဲ PR စနစ်အပေါ်တွင် လေ့လာသုံးသပ်နေဆဲ ဖြစ်ကြောင်း ပါတီတာဝန်ရှိသူများကဆိုသည်။ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)က စစ်ကောင်စီမှ ကျင့်သုံးရန်ကြိုးပမ်းနေသော PR စနစ်အပေါ် လေ့လာခြင်းမရှိသလို ပါတီတွင်းဆွေးနွေးမှုလည်း တစ်စုံတစ်ရာ မရှိကြောင်း ပါတီတာဝန်ရှိသူများထံမှ သိရသည်။

ALD ပါတီ၏မူအရ အာဏာရှင်စနစ်ကိုလက်မခံသည့်အတွက် အာဏာသိမ်းစစ်ကောင်စီမှ ဖွဲ့စည်းထားသည့်  မည်သည့်အဖွဲ့အစည်းနှင့်မျှ ပူးပေါင်းဆောင်ရွက်ခြင်းမရှိဘဲ သီးခြားရပ်တည်နေကြောင်း ပါတီအထွေထွေ အတွင်းရေးမှူး ဦးမျိုးကျော်ကပြောသည်။
“အာဏာသိမ်းစစ်ကောင်စီက ဖွဲ့စည်းထားတဲ့ ဘယ်အဖွဲ့အစည်းနဲ့မှ ပူးပေါင်းပါဝင်တာတွေမလုပ်ဘူး။ ကိုယ့်ကိုကိုယ်ရပ်တည်နေတယ်။ အခုချိန်ထိလည်း တောက်လျှောက်ရပ်တည်နေတုန်းဖြစ်တယ်”ဟု သူကပြောသည်။

မည်သို့ပင်ဖြစ်စေ လက်ရှိရခိုင်တွင် နိုင်ငံရေးပါတီများမှာ ယခင်ကဲ့သို့ အားမကောင်းတော့သလို ပါတီများအပေါ် ရခိုင်ပြည်သူများမှာ စိတ်ဝင်စားမှုမရှိတော့ပေ။ ရခိုင်ပြည်သူများ၏ ထောက်ခံမှုကို အပြည့်အဝရရှိထားသော ရက္ခိုင့်တပ်တော်(AA)၏ ရက္ခိတလမ်းစဉ်ကသာ အလေးသာလျက်ရှိနေသည်။

သားကြီးသြရသ ရေးသည်။

ဗီဒီယိုများ