- ရခိုင်တိုက်ပွဲတစ်နှစ်အတွင်း အရပ်သား ၁,၆၀၀ ကျော် ထိခိုက်သေဆုံး၊ ကလေးသူငယ်နှင့် အမျိုးသမီး ၈၀၀ ကျော် ပါဝင်
- AA ထိုးစစ် အမ်းမြို့တွင်းအထိ ထိုးဖောက်လာ
- စစ်ကောင်စီက စစ်တွေမြို့တွင်းခံတပ် တိုးချဲ့ပြင်ဆင်
- တစ်နိုင်ငံလုံး အတိုင်းအတာအရ ရခိုင်တွင် တိုက်ပွဲဖြစ်ပွားမှု မြင့်တက်
- ရခိုင်တိုက်ပွဲ တစ်နှစ်ပြည့်နှင့် ရှေ့ဆက်အလားအလာ
ရခိုင်သို့ ခရီးတစ်ခေါက်
23 Mar 2023
DMG (ခရီးသွားဆောင်းပါး)
နေလင်းခိုင်(မြောက်ဦး) ရေးသည်
ရခိုင်မပြန်ဖြစ်တာ (၂) နှစ်နီးပါး ရှိခဲ့ပြီ။ ရခိုင်အကြောင်းကို သတင်းများမှတစ်ဆင့်၊ နီးစပ်ရာ ဆွေးမျိုးများမှတစ်ဆင့်သာ ကြားနေရသည်။ ခါတိုင်းဆို ဘယ်နေရာရောက်ရောက် တစ်နှစ်တစ်ခေါက် အိမ်ပြန်ဖြစ်သော်လည်း ယခုတော့ နှစ်နှစ်နီးပါးခန့် ကြာခဲ့ပြီ။ စာရေးသူ၏အလုပ်မှာ ခရီးသွားနေရသော အလုပ်ဖြစ်၍ တစ်နေရာတည်းတွင် နှစ်အကြာကြီး မနေရ။ အလုပ်ရှိရာ နေရာသို့သွား၍ နေထိုင်လုပ်ကိုင်ရသည်။
သို့သော် မည်သည့်နေရာရောက်ရောက် ရခိုင်အစားအစာများကို သတိရသည်။ ရခိုင့်ပွဲတော်များကို မှတ်မှတ်ရရရှိသည်။ အလွမ်းတကာ့ အလွမ်းဆုံးက မိခင်ဖြစ်သူ ချက်ကျွေးသည့် ထမင်း၊ ဟင်းလို့ ပြောရမည်။ ငရုတ်သီးမီးဖုတ်ပြီး ကြိတ်သော ငရုတ်သီးကြိတ်(ငပိထောင်းမဟုတ်ပါ)၊ ငါးပိများများနှင့်ချက်သော မှိုဟင်း၊ ငရုတ်သီးနှစ်ခြမ်းခွဲ၍ ချဉ်ပေါက်ပေါက်နှင့်ချက်သော ငါးသလောက်ချက်။ ထိုကဲ့သို့ ရခိုင်အစားအစာ၊ ဟင်းသီးဟင်းရွက်များ၊ ပင်လယ်စာများကို သတိတရရှိသည့်အခါ ရခိုင်အစားအစာများရသည့် စားသောက်ဆိုင်၊ ထမင်းဆိုင်များတွင် သွားစားသော်လည်း အာသာမပြေ။ ရခိုင့်ထမင်း၊ ရခိုင့်ဟင်းကို ချင်ခြင်းတက်သည်ဟု ဆိုရပေမည်။
စာရေးသူက ခရီးသွားရတာကို ဝါသနာပါသည်။ ခရီးသွားရလျှင် ပျော်သည်။ ခရီးသွားရာ၌လည်း မော်တော်ကားဖြင့်သွားရသည့် ခရီးကို ပိုနှစ်ခြိုက်သည်။ လမ်းတစ်လျှောက် ဘေးဝဲယာရှိ တောတောင်သဘာဝ၊ မြစ်ချောင်းအင်းအိုင်များကို ကြည့်ရသည်ကို သဘောကျနှစ်ခြိုက်သည်။ ခရီးတစ်လျှောက် တွေ့ရသောလူများ၏ စရိုက်၊ သဘာဝ၊ ဓလေ့ရိုးရာများကို စူးစမ်းလေ့လာရသည်ကို ဝါသနာပါသည်။
တောတောင်များကို ဖြတ်သန်းရလျှင် စမ်းရေစီးဆင်းပုံများ၊ ကျေးငှက်သာရကာများပျံသန်းနေပုံ စသည့် သဘာဝကို ခဏတာ ကြည့်ရှုခွင့်ရသည်ကို နှစ်သက်သည်။ စိတ်အပန်းပြေသလို ခံစားရသည်။ အလုပ်မှာမောပန်းသမျှ စိတ်ကို အနားပေးသလို ခံစားရသည်။ ထို့ကြောင့်လည်း ခရီးသွားခြင်းသည် ခြေထောက်ဖြင့် စာဖတ်ခြင်းဟု ဆိုလေခြင်းလား မသိပေ။ မမြင်ဖူးသော အရာကို မြင်ဖူးရသည်။ မတွေ့ဖူးသောအရာကို တွေ့ဖူးရသည်။ မစားဖူးသော အစားအစာကို စားဖူးရသည်။ ခရီးသွားခြင်းသည် စိတ်အပန်းပြေစေသကဲ့သို့ အတွေ့အကြုံနှင့် ဒေသန္တရာဗဟုသုတကို များစွာ တိုးပွားစေသည်မှာ အမှန်။
မရောက်ဖြစ်တာ ကြာလှပြီဖြစ်သည့် မိမိဒေသ မြောက်ဦးကို ပြန်ဖို့အတွက် ကျွန်တော် စိတ်လှုပ်ရှားနေသည်။
စာရေးသူတို့သည် ရန်ကုန်မှ ညနေ ၃ နာရီလောက်တွင် စ၍ ခရီးထွက်ခွာသည်။ ခရီးစဉ်မှာ ပြည်လမ်းဘက်က မဟုတ်။ အသစ်အဆန်းလည်းဖြစ်အောင် တစ်ခါမှ မသွားဖူးသည့် ငါးသိုင်းချောင်း-ဂွလမ်းမှသွားရန် ဆုံးဖြတ်လိုက်သည်။
ရန်ကုန်-ပုသိမ်လမ်းမကြီးသည် ကားကြီးကားငယ် အသွယ်သွယ်ဖြင့် အလုပ်များနေသည်။ လမ်းဘေးတွင် ရိတ်သိမ်းပြီးစ စပါးခင်းများကို မျက်စိတစ်ဆုံး မြင်တွေ့ရသည်။ ပတ်ဝန်းကျင်သည် အဝါရောင်သန်းနေသည်။ ကျွန်းတောများမှာ အစီအရီပေါက်ရောက်လျက် လမ်းမကြီး၏ ဘေးတစ်ဖက်တစ်ချက်တွင် နေရာယူထားကြသည်။ ရွက်ဝါများလည်း ကြွေကျနေပြီ။ ကောက်ရိုးများကို တင်ဆောင်ကာ တရိပ်ရိပ်သွားနေသည့် နွားလှည်းများကို မြင်ရသည်။ တချို့နေရာများ၌ ကောက်ရိုးများသည် ကောက်ရိုးပုံပေါ်တွင် ရစ်ခွေ၍ သူတို့လာရာ လယ်ကွင်းပြင်များကို လွမ်းတဆွေးဆွေးဖြစ်နေသလို ရှိသည်။
ရန်ကုန်အထွက် စစ်ဆေးရေးဂိတ်ရောက်သောအခါ ကားနံပါတ်နှင့် ကားပေါ်ပါလူစာရင်းကို ပေးရသည်။ စစ်ဆေးရေးဂိတ်မှာ သဲအိတ်အထပ်ထပ်၊ ဗေရီဂိတ် အထပ်ထပ်ကာထား၍ ကားတစ်စီးနောက်က နောက်တစ်စီး တန်းစီ၍လိုက်ရသည်။ အဝေးကကြည့်လျှင် သဲအိတ်များကိုသာ မြင်ရသည်။ ဂိတ်တဲတွင် လူရှိသည်ဟုပင် မထင်ရ။ ဂိတ်ရောက်သောအခါလည်း ထွေထွေထူးထူး မေးသည်တော့ မဟုတ်။ တာဝန်အရ မေးခြင်းမျိုးလောက်သာ စစ်ဆေးခံရသည်။ သေနတ်လွယ်ထားသော တာဝန်ကျရဲဘော်တစ်ဦးမှာ ကားအနောက်ဘက်ကို တစ်ချက်ကြည့်သည်။ ပြီးလျှင် ”သွားတော့..ရပြီ” ဆို၏။
“ပြောင်းဖူးပူပူလေး ရမယ်၊ ချိုတယ်၊ ချိုတယ်..တစ်ဖူး တစ်ထောင်”
ပြောင်းဖူးသည်,သည် ကားအနီးသို့ကပ်ကာ လာရောင်းနေသဖြင့် ၂ ဖူး ဝယ်လိုက်သည်။ စားကြည့်သောအခါ တော်တော်ချိုသည်။ စည်းသည်။ ပြောင်းဖူးအရသာသည် ချိုစိမ့်စိမ့်နှင့် ခံတွင်းတွေ့သည်။ ပြောင်းဖူးတစ်ဖူးကို တစ်ထောင်ကျပ်ပေး၍ ဝယ်စားရသောခေတ်ကို ရောက်သွားပြီလားဟု စိတ်က ငြိုငြင်ချင်မိသည်။ အရင်က တစ်ဖူးကို အလွန်အကျွံပေးရ ၂၀၀၊ ၃၀၀ ကျပ်။ ကုန်ဈေးနှုန်းများသည် တောရောမြို့ပါမကျန် ခုန်တက်နေတာပါလားဟု တွေးမိသည်။
စစ်ဆေးရေးဂိတ်မှ ၃၀ မိနစ်ခန့် မောင်းသောအခါ ညောင်းတုန်းမြို့ကို ရောက်သည်။ အဝေးပြေးလမ်းမကြီးသည် လမ်းဧရိယာကျယ်သလောက် မြို့များသို့ ဖြတ်ဖောက်ထားသော လမ်းများမှာ ကျဉ်းမြောင်းသည်ကို သတိထားမိသည်။ တိုက်တာအဆောက်အဦများ၊ ဈေးဆိုင်များကို ဖြတ်ခနဲ ဖြတ်ခနဲ တွေ့ရသည်။ ဧရာဝတီတိုင်းဒေသကြီးမှ ကြိုဆိုပါ၏ ဟူသော စာတန်းတစ်ခုကို ကွန်ကရစ်နောက်ခံပေါ်တွင် ရေးထားသည်ကို တွေ့ရသဖြင့် ဧရာဝတီတိုင်း ရောက်ပြီဆိုသည်ကို သိလိုက်ရသည်။ ကြိုဆိုဆိုင်းဘုတ်ပေါ်တွင် ရွှေဟင်္သာတစ်ကောင်ကို လှလှပပ ထွင်းထုထားသည်။ ရွှေဟင်္သာသည် ဧရာဝတီတိုင်းကို ကိုယ်စားပြုသည်ဟု ကျွန်တော် မှတ်သားလိုက်သည်။
ပထဝီအနေအထားမှာ လွင်ပြင်ကျယ်ကြီးသဖွယ် လယ်ကွင်းပြင်များကို တွေ့ရသည်။ ကားပေါ်သို့ တိုက်ခတ်လာသော လေများမှာ အေးသည်လည်း မဟုတ်၊ ပူသည်လည်း မဟုတ်။ တောတောင်များကိုတော့ သိပ်မတွေ့ရ။ လမ်းဘေးတစ်ဖက်တစ်ချက်တွင် ရိတ်သိမ်းထားသော စပါးခင်းများကို တွေ့ရသဖြင့် စိုက်ရေးပျိုးရေးကို အဓိကလုပ်ကြသည်ဟု ယူဆရသည်။ လမ်းတစ်လျှောက် ဆန်စက်ကြီးများကို ရံဖန်ရံခါ တွေ့ရသည်။
အဝါရောင်ပန်းပွင့်များဖြင့် တန်ဆာဆင်ကာ လှပနေသော မုန့်ညှင်းခင်းများကို ကြိုကြားကြိုကြား တွေ့ရသည်မှာ နွေဆန်သည်။ ပန်းချီဆရာတစ်ဦး၏ ဆေးစက်များသဖွယ် တချို့နေရာများတွင် ညီညီညာညာ၊ တချို့နေရာများတွင် ဖရိုဖရဲနှင့် မြင်ရသည်မှာ တမူထူးခြားသည်။ အစိမ်းရောင်တချို့တဝက်ပေါ်တွင် အဝါရောင်များက ဝန်းကျင်တစ်ခုလုံးကို လွှမ်းမိုးနေသည်။ တချို့နေရာများတွင် မြေကွက်လပ်များကိုသာ တွေ့ရသည်။ နွေသီး မစိုက်ပျိုးခြင်းကို တအံ့တဩ တွေ့ရသည်။ အမှန်ဆို မိုးစပါးရိတ်သိမ်းပြီးလျှင် နွေအတွက် စိုက်ပျိုးရန် ပြင်ဆင်နေရမည့်အချိန် ဖြစ်သည်။ တချို့နေရာများတွင် ဖရဲခင်းများကို တွေ့ရသည်။
စီးလာသောမော်တော်ကားသည် တစ်နာရီ ကီလို ၈၀ အထိ မောင်းနှင်လာသည်။ ထိုသို့ မောင်းနှင်၍ရအောင် လမ်းက အခြေအနေပေးသည်။ လမ်းသည် ဖြောင့်ဖြူးသည်။ ညီညာသည်။ ကျယ်သည်။ ကျယ်သည်ဆိုသော်လည်း ကားနှစ်စီး အလွယ်တကူ ရှောင်တိမ်း၍ ရရုံသာသာ။ သိပ်အကျယ်ကြီးလည်း မဟုတ်။ ဆန်အိတ်တင်ထားသော လော်ရီကားများကို လမ်းတစ်လျှောက် ရံဖန်ရံခါ တွေ့ရသည်။
“ကျောင်းရှိသည်၊ ဖြည်းဖြည်းမောင်း”ဟု သတိပေးစာများကို တွေ့ရသော်လည်း တချို့ကားများမှာ အရှိန်လျော့ခြင်း မရှိ။ မောင်းမြဲအတိုင်း မောင်းနေဆဲ။ စာရေးသူတို့နိုင်ငံက လူများသည် သတိပေးစာများကို လိုက်နာဖော်မရ။ အရေးလည်း မထားကြ။ စည်းကမ်းလိုက်နာမှု အားနည်းသည်ကို တွေ့ရသည်။
“ကွမ်းတံတွေး မထွေးရ”ဟုဆိုလျှင် ပစ်လိုက်ရမှ။ ဆေးလိပ်မသောက်ရဆိုလျင် သောက်လိုက်ရမှ။ အဆိုးဆုံးမှာ အမှိုက်မပစ်ရဟု ရေးထားသော သတိပေးစာအောက်တွင် အမှိုက်ပုံကြီး ဖြစ်နေသည်ကို တွေ့ရသည်မှာ ရှက်စရာကောင်းလှသည်။ မည်သို့ပင် သတိပေးစာရေးရေး အသိပေးစာကပ်ကပ် လုပ်မြဲအတိုင်း လုပ်နေဆဲ။ သို့သော် အမှိုက်မပစ်ရ ဒဏ်ငွေတစ်သောင်းဟု ရေးထားလျှင်တော့ နည်းနည်းတော်ရာကျသည်။ တော်ရုံလူမပစ်ရဲ။ ဆိုလိုသည်မှာ စည်းကမ်းကို မည်သည့်ဒဏ်ငွေ၊ ပြစ်ဒဏ်မှ မပါလျင် မလိုက်နာချင်ကြ။ ဒဏ်လေး နည်းနည်းပါးပါး ပါမှ မလိုက်နာချင်သော်လည်း ဒဏ်ကြောက်၍ လိုက်နာချင်ဟန် ဆောင်ကြသည်။
“ဆိုင်ကယ်စီးလျှင် ဦးထုပ်ဆောင်းပါ” ဆိုလျှင် မည်သူမှ တလေးတစား မဆောင်း။ “ဦးထုပ်မဆောင်းလျှင် အရေးယူမည်”ဟု ဆိုသောအခါ နည်းနည်း ဆောင်းပြသည်။ တကယ် ယာဉ်ထိန်းရဲက လမ်းဆုံလမ်းခွမှာ စောင့်၍ ဖမ်းမှ၊ ဖမ်းပြီး တရားရုံးတင်မှသာ ရေကြီးသုတ်ပျာ ဆောင်းကြသည်။ သည်အမူအကျင့်များမှာ စာရေးသူတို့၏ နဂိုမူလအတွေးအခေါ်များမှ ဆင်းသက်လာသည်။ စည်းကမ်းလိုက်နာရကောင်းမှန်းကို မည်သည့်စာသင်ကျောင်းမှ မသင်ပေးလိုက်ကြ။ အချိန်တန် စာမေးပွဲအောင်ဖို့အတွက်ပဲ လုံးပန်းခဲ့ပြီး လူ့အဖွဲ့အစည်းအတွင်းမှာ မည်ကဲ့သို့ သဟဇာတကျအောင် နေထိုင်မလဲဆိုသည့် အတွေးအခေါ်မျိုးကို မထည့်ပေးခြင်းမှာ တိုင်းပြည်အတွက် ရင်နာစရာ ကောင်းလှသည်။ ထိုအကြောင်းတရား၏ အကျိုးဆက်ကို မျိုးဆက် အဆက်ဆက်က ခံစားနေရဦးမည်ဟု တွေးမိသည်။
ညောင်တုန်းမြို့အလွန်တွင် ဗိုလ်မြတ်ထွန်းတံတားကို စင်းစင်းရင်းရင်း တွေ့ရသည်။ ဗိုလ်မြတ်ထွန်းတံတားသည် ဧရာဝတီမြစ်ပေါ် ဖြတ်ထိုးထားသော တံတားများအနက် တံတား တစ်စင်းဖြစ်သည်။ အလျားပေ မည်မျှရှိသည်ကို မမြင်လိုက်ရ။ ကားများ အမြန်မောင်း၍ရအောင်အထိ ခိုင်ခန့်သည်။ တံတားပေါ်၌ ကားကြီးကားငယ် အသွယ်သွယ် တို့သည် အရှိန်တစ်ပြားမှ မလျှော့ဘဲ မောင်းနှင်ကာ ခရီးသွားနေကြသည်။ တံတားပေါ်မှ လှမ်းကြည့်လျှင် ဧရာဝတီ မြစ်ကြီးသည် ကွေ့ကောက်စွာဖြင့် စီးဆင်းနေသည်။ သို့သော် ရေစီးအားမသန်။ ဖြည်းညင်းစွာဖြင့် တသွင်သွင်စီးဆင်းနေသည်။ တချို့နေရာများတွင် သောင်ထွန်းနေသည်။ မြစ်ကမ်းဘေးများမှာ မတ်စောက်သည်။ ရေသည် နောက်ကျိကျိနှင့် မိုးဦးကျရေများလို အသွင်ဆောင်နေသည်။
ညနေ ၆ နာရီတွင် စာရေးသူတို့သည် ရေကြည်မြို့ကို ရောက်သည်။ ထမင်းဆိုင်တစ်ဆိုင်သို့ဝင်၍ ညနေစာ စားကြသည်။ ထမင်းဆိုင်တွင် ဆတ်သားကြော်ရသဖြင့် မှာစားသော်လည်း ဆတ်သားအရသာကို မတွေ့။ ပြာနှမ်းနှမ်းနှင့် အရသာမရှိသောကြောင့် တစ်တုံးသာ စားဖြစ်သည်။ ဆတ်သားများလည်း လူတွေ လောဘကြောင့် အစစ်မဖြစ်နိုင်တော့တာလားဟု တွေးမိတွေးရာ တွေးပစ်လိုက်သည်။ ရှေ့ခရီးသည် တောင်တက်ခရီးဖြစ်သဖြင့် လိုအပ်သော ရေသန့်ဘူးနှင့် စားစရာအချို့ကို ဝယ်ခြမ်းကာ ခရီးဆက်ကြသည်။
ပတ်ဝန်းကျင်သည် မှောင်မိုက်နေပြီ။ မိုးချုပ်နေပြီ။ ကားအသွားအလာများလည်း ကျဲသွားသည်။ ကုန်တင်ကား တစ်စီးတလေမှအပ လမ်းတွင် ကားမရှိတော့။ အမြန်လမ်းပေါ်ရှိ လမ်းမီးတိုင်များလည်း မီးမလင်းတော့။ မြို့အနီးရောက်မှသာ အလင်းရောင်ကို မြင်ရသည်။ သည်လိုနှင့် မောင်းလာလိုက်တာ ၇ နာရီအချိန်တွင် ငါးသိုင်းချောင်း မြို့ကို ရောက်သည်။ ငါးသိုင်းချောင်းကျော်လျှင် ရခိုင်ရိုးမကို ဖြတ်ရမည်ဖြစ်သဖြင့် ဆီအပြည့် ထည့်ကြသည်။ ကားကို စစ်သည်။ ပြီးလျှင် မောင်းကြသည်။
တောင်တက်လမ်းကို ရောက်ပြီ။
ရခိုင်ရိုးမအတက်တွင် တောင်တက်လမ်းများကို ကွန်ကရစ်အထူဖြင့် ခင်းကျင်းထားသည်။ လမ်းသတိပေးဆိုင်းဘုတ်များ၊ ရောင်ပြန်အမှတ်အသားများနှင့် မိုင်နှုန်း သတိပေးဆိုင်းဘုတ်များကို လမ်းတစ်လျှောက် စနစ်တကျ စိုက်ထူထားသည်ကို တွေ့ရသည်။ သို့သော် တောင်တက်လမ်းမှာ အကွေ့အကောက်များသဖြင့် သတိကြီးစွာထား၍ မောင်းရသည်။ အတက်အဆင်းများသည်။ တချို့ နေရာများသည် ဂငယ်ကွေ့၊ တချို့က ပစောက်ကွေ့။ တချို့အတက်များမှာ မတ်စောက်လျက်။ တချို့အဆင်းများမှာ ဇောက်ထိုး။
လမ်းအကွေ့အကောက်များသဖြင့် ကားမူးသလို ခံစားရသည်။ ပုံမှန်ဆို ကျွန်တော် ကားမမူးတတ်။ တောင်အမြင့်ရောက်လေလေ နားပင်းသလို ဖြစ်လာသည်။ အတန်ကြာမောင်းသောအခါ “ရခိုင်ပြည်နယ်မှ ကြိုဆိုပါ၏’ ဟူသော ကွန်ကရစ်နောက်ခံ၌ အပြာရောင်စာလုံးများဖြင့် နှုတ်ခွန်းဆက်သစာကို တွေ့ရသည်။
ရခိုင်ပြည်ဘက်ခြမ်းသို့ ရောက်သည်ဆိုရုံရှိသေး။ လမ်းများမှာ ကြမ်းတမ်းလာသည်။ တချို့နေရာများမှာ ကျောက်ကြမ်းလမ်း။ တချို့နေရာများမှာ ကတ္တရာအပေါက်အပြဲများဖြင့်။ လမ်းမကောင်းသောအခါ ကားကို ဖြည်းဖြည်းသာ မောင်းရသည်။ ရှေ့ကကား တစ်စီးဖြတ်သွားတိုင်း ဖုန်တလူးလူး ကျန်ခဲ့သဖြင့် နောက်ကားမှာ ရပ်ခံရသည်။
လသာသော ညဖြစ်သဖြင့် တောင်ကတုံးများပေါ်၌ လရောင်များ ကျနေသည်မှာ သဘာဝဆန်သည်။ လသာသောညများကို မဖြတ်သန်းဖူးသည်မှာ မည်မျှကြာပြီ မသိ။ မြို့ပြတွင် လရောင်သည် အပစ်ပယ်ခံထားရသည်။ လရောင်ထက် မာကျူရီမီးသီးများကို လူများက ပိုအလေးထားကြသည်။ သို့သော် တောတောင်ထဲ၌ကား လရောင်သည် မြတ်နိုးတန်ဖိုးထားစရာပင် မဟုတ်လား။ လ၏ အလင်းရောင်ဖြင့် မမြင်ရသော လမ်းပုခုံးများကို မြင်ရသည်။
ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ်သည် နယ်နိမိတ်တစ်ခုသာခြားသော်လည်း အရာရာ ပြောင်းလဲသွားသည်။ ရခိုင်ဘက်ခြမ်းတွင် လမ်းညွှန်ဆိုင်းဘုတ်များကို ကြိုကြားကြိုကြားသာ တွေ့ရတော့သည်။ ရောင်ပြန်အမှတ်အသားများမှာလည်း အရောင်မပြန်တော့ပေ။ အတက်အဆင်းတိုင်း လမ်းသတိပေးဆိုင်းဘုတ်များကို တချို့နေရာများတွင်သာ တွေ့ရတော့သည်။ ထိုသို့ လမ်းညွှန်ဆိုင်းဘုတ်များ မရှိသောအခါ စိတ်ချလက်ချ မောင်း၍မရ။ အခြေအနေကြည့်၍ မောင်းရသည်။ အတက်ကြမ်းသလား၊ အဆင်းကြမ်းသလား မသိရ။ ဂီယာအကြီးနှင့် တက်ရမည်လား၊ ပုံမှန်ဂီယာဖြင့် တက်ရမည်လား ဝေခွဲမရ။ ထိုအခါ ခရီးမတွင်။ ကြန့်ကြာသည်။ နှောင့်နှေးသည်။
အဘယ်ကြောင့် ဤသို့ ဖြစ်ရသနည်းဟု စာရေးသူ တွေးမိသည်။ အုပ်ချုပ်သူအစိုးရ မတူ၍လား။ ဧရာဝတီသည် ရခိုင်ပြည်နယ်ထက် ဖွံ့ဖြိုးတိုးတက်သည်။ လမ်းတစ်လျှောက်တွင်လည်း လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ကူးပြောင်းနေပြီကို တွေ့ခဲ့ရပြီးဖြစ်သည်။ ရိတ်သိမ်းစက်များ၊ ထွန်စက်များဖြင့် အလုပ်ကို တွင်တွင်ကျယ်ကျယ် လုပ်ကိုင်နေကြပြီ။ ရခိုင်ပြည်နယ်၏ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးများမှာ ပြည်မနှင့်စာလျင် များစွာ နောက်ကောက်ကျ ကျန်ခဲ့သည်။ ထိုသို့ ဖွံ့ဖြိုးမှုမညီမျှသောအခါ နိုင်ငံရေးပြဿနာများ ဖြစ်ပေါ်လာသည်။ ဖွံ့ဖြိုးမှု ညီမျှနေလျှင်လည်း နိုင်ငံရေးအားဖြင့် စိတ်ဝမ်းကွဲစရာ မရှိဘဲ သာတူညီမျှ၊ အေးအတူ ပူအမျှဟူသော အခြေခံစိတ်နေ သဘောထားကို တည်ဆောက်၍ ရကောင်း၏။
တောင်တက်လမ်းကို ည ၇ နာရီမှ မောင်းလာသောခရီးသည် ည ၈ နာရီတွင် ဂွမြို့သို့ ရောက်သည်။ ဂွမြို့သို့ ရောက်သောအခါ လမ်းမှာ ပင်ပန်းလာသမျှ ကျွန်တော် အိပ်ပျော်သွားသည်။ နိုးလာသောအခါ သံတွဲမြို့သို့ ရောက်နေပြီဟုသိရသဖြင့် အိပ်မည့်နေရာ ရှာကြသည်။ ည ၁၁ နာရီကျော်အချိန်ဖြစ်သဖြင့် လူသူတိတ်ချိန်၊ အိပ်ချိန် ဖြစ်နေပြီ။ တည်းခိုခန်းများပင် တံခါးပိတ်၍ အိပ်နေကြပြီ။ ထို့ကြောင့် ကားကို မီးအလင်းရောင်ရသော နေရာတွင် ရပ်၍ ကားပေါ်၌ပင် အိပ်ပစ်လိုက်ကြသည်။
နံနက် ၇ နာရီရောက်သောအခါ ခရီးပြန်ဆက်ကြသည်။ တောင်ကုတ်တွင် နံနက်စာ စားကြသည်။ ရခိုင်မုန့်တီ ငတ်လာသော ကျွန်တော်တို့သည် မုန့်တီကောင်းကောင်းရသည့် ဆိုင်တွင် မုန့်တီကို အားရပါးရ စားကြသည်။ ရခိုင်မုန့်တီကို ရခိုင်ပြည်မှာစားရမှ အရသာပိုရှိသည်ဟု ခံစားရသည်။ ပြည်မက ရခိုင်မုန့်တီရောင်းသော ဆိုင်များတွင် စားသော်လည်း အာသာမပြေ။ ရခိုင်မုန့်တီကို ရခိုင်များရောင်းမှသာ စားကောင်းသည်ဟု ဆိုကြသည်မှာ မှန်သည်ဟု ပြောရမည်။ ရခိုင်မုန့်တီချက်နည်းကို ရခိုင်များမှလွဲ၍ ကျန်တိုင်းရင်းသားများ မမီ။
တောင်ကုတ်မြို့သည် လမ်းများလုပ်နေသဖြင့် ဖုန်ထူသည်။ မြို့အထွက်မှစ၍ လမ်းကောင်းသဖြင့် လီဗာကို နင်းနိုင်သမျှနင်း၍ မောင်းလာလိုက်ရာ ၁၀ နာရီတွင် မအီမြို့သို့ရောက်သည်။ မအီမှတစ်ဆင့် အမ်းသို့ သွားသောလမ်းသည် အကွေ့အကောက် အတက်အဆင်းများသည်။ လမ်းမပေါ်မှကြည့်လျှင် တောင်တန်းအသွယ်သွယ် ရစ်ပတ်ခွေနေကြသည်ကို မြင်ရသည်မှာ ကြည်နူးစရာကောင်းသည်။ သို့သော်လည်း တောင်ကတုံးများကိုသာ အလျှိုလျှိုတွေ့ရသည်။ သစ်ကြီးဝါးကြီးရှိသော တောင်တန်းများကိုပင် မတွေ့ရ။ အတိုချုံးပြောရလျှင် မအီမှ အမ်း၊ အမ်းမှ မြေပုံ၊ မြေပုံမှ မင်းပြားသို့ လမ်းမကြီးအတိုင်း မောင်းလာစဉ် ဇာတိမြေ၏ အငွေ့အသက်များကို ခံစားရသည်။
ရာမောင်တံတားသို့ နေ့လယ် ၂ နာရီတွင် ရောက်သည်။ ရာမောင်တံတားသည် ကြိုးတံတားဘဝမှ ကွန်ကရစ်တံတား အဖြစ်သို့ ခိုင်ခိုင်ခန့်ခန့် ဘဝကူးပြောင်းသွားပြီကို တွေ့ရသည်။ သို့သော် ရာမောင်တံတားကို ကြိုးတံတားအဖြစ်နှင့်သာ ခံစားဖြတ်ကျော်ချင်သည်။ ကွန်ကရစ်တံတားအဖြစ် မြင်ရသည်ကို ကျွန်တော့်စိတ်ထဲတွင် ဘဝင်မကျ ဖြစ်မိသည်။ လေးမြို့မြစ်ပေါ်၌ သံကြိုးနှစ်ချောင်းပေါ် တွယ်ကပ်နေသော တံတားကိုသာ ကျွန်တော် တဝကြီး ကြည့်ပစ်ခဲ့သည်။ ကျွန်တော့် မှတ်ဉာဏ်ထဲတွင် ထိုအမှတ်သညာကိုသာ တွယ်တာနေမိသည်။
မြောက်ဦးကို ညနေ ၄ နာရီတွင် ရောက်သည်။ သို့သော် ကျွန်တော့်အမြင်အာရုံတွင် မြောက်ဦးသည် ဟောင်းနွမ်းနေသည်။ အရင်အတိုင်း မပြောင်းလဲဘဲ သူ၏ ရိုးဂုဏ်ကို မြို့အဝင်ကတည်းက လှစ်ဟပြသနေသည်။ လမ်းများမှာလည်း အရင်အတိုင်း။ အဆောက်အဦးများမှာလည်း အရင်အတိုင်း။ နန်းတော်ရာကုန်းကို ရေညှိများက နေရာယူထားသည်။ တချို့နေရာတွင် အစိမ်းရောင်များကို မြင်ရသည်ကို အမြင်မတင့်တယ်ဟု ခံစားမိသည်။ ကျောက်ဆစ်လက်ရာများပေါ်တွင် အစိမ်းရောင်ရေညှိများမှာ အကျဉ်းတန်စေသည်။ အမြင်မတင့်တယ်လိုက်ခြင်းဟု ရေရွတ်မိသည်။ နန်းတော်ရာကုန်းမှတစ်ဆင့် သျှစ်သောင်းဘုရားကို ကားဖြင့်ပတ်ကြည့်သည်။
အဝေးမှ ကြည့်လိုက်လျှင်ပင် သူ၏ ခမ်းနားထည်ဝါမှုကို အထင်းသား မြင်ရသည်။ ကျောက်လှေကားထက်ပေါ်တွင် စုံတွဲတစ်တွဲ ဓာတ်ပုံရိုက်နေသည်ကို ဖြတ်ကနဲ့ တွေ့လိုက်ရသည်။ လမ်းမပေါ်က ကြည့်ရသည်ကို အားမရချင်။ နောက်မှ သီးသန့်လာကြည့်မည်ဟု စိတ်မှာ တေးမှတ်လိုက်သည်။
အိမ်ရောက်၍ နောက်တစ်နေ့တွင် မိသားစုကိုးကွယ်နေသော ဆရာတော်ဘုရားထံ သွားကန်တော့ဖြစ်သည်။ ဆရာတော်သည် အနေအေးသည်။ လိုအပ်မှသာ လိုအပ်သောစကားများကို ပြောတတ်သည်။ တရားဘာဝနာကို လိုက်စားသူပီပီ ကိစ္စနည်းသည်။ သို့သော် စာရေးသူ အလည်ရောက်တိုင်း ဆရာတော်ဘုရားထံသို့ မဖြစ်မနေသွားဖြစ်သည်။ ဆရာတော်သည် စာရေးသူကဲ့သို့ ခရီးသွားလာမှုများသူ၊ နိုင်ငံရေး စိတ်ပါဝင်စားသူများနှင့်ဆိုလျှင် လက်ရှိ ရခိုင်ပြည်နယ်၏ နိုင်ငံရေး၊ စီးပွားရေးအပါအဝင် သူသိလိုသော၊ ဆွေးနွေးလိုသော ကိစ္စရပ်များကို ဆွေးနွေးဖြစ်သည်။
“အရှင်ဘုရား…ယခု အေအေနဲ့ တပ်မတော်တို့ကြား အပစ်အခတ်ရပ်ထားမှုအပေါ် ဘယ်လို မြင်ပါသလဲ..ဘုရား” ဟု စာရေးသူက လျှောက်တင်လိုက်သည်။
“အပစ်အခတ်ရပ်စဲတာကတော့ မကောင်းတာ မရှိပါဘူး။ ငြိမ်းချမ်းရေးဆိုတာ ကောင်းတဲ့လုပ်ရပ်ပဲ။ စစ်ပွဲဖြစ်ရင် စစ်ပွဲဧရိယာထဲမှာ ရှိတဲ့လူတွေရော ဆက်နွယ်နေတဲ့လူတွေပါ အကုန်ထိခိုက်နစ်နာတယ်၊ ဆက်နွယ်နေတဲ့ လူတွေဆိုတဲ့ နေရာမှာ အကုန်လုံးပါတယ်၊ တချို့က စီးပွားရေးအရ ဆက်နွယ်နေကြတယ်၊ တချို့က ကျန်းမာရေးအရ ဆက်နွယ်နေကြတယ်။ စသဖြင့်ပေါ့..အကုန် နစ်နာပါတယ်”
“တင်ပါ့..အရှင်ဘုရား”
“ဒကာက နေရာအနှံ့သွားနေရသူဆိုတော့ ရခိုင်နဲ့ တခြားနေရာတွေနဲ့ ဘာကွာတယ်လို့ ခံစားရလဲ” ဟု ဆရာတော်က စာရေးသူကို အမေးရှိလာသောအခါ စာရေးသူက မိမိ၏ အတွေ့အကြုံများကို လျှောက်တင်မိသည်။
“ကွာတာကတော့ အရှင်ဘုရား…ဖွံ့ဖြိုးတိုးတက်မှုလို့ ခြုံပြီးတော့ ပြောရမယ်ထင်ပါတယ်… ဘုရား၊ ပြည်မမှာရှိတဲ့ တိုင်းဒေသကြီးတွေကတော့ တပည်တော်တို့ ပြည်နယ်တွေထက် ပိုတိုးတက်ဖွံ့ဖြိုးပါတယ်…ဘုရား။ ဒါကတော့ အုပ်ချုပ်တဲ့အစိုးရရဲ့ စိတ်ရင်းစေတနာနဲ့ တစ်နည်းတစ်ဖုံ သက်ဆိုင်တယ်ဆိုပေမယ့် အဲဒီဒေသမှာနေတဲ့ လူတွေရဲ့ ပြုမူဆောင်ရွက်ပုံတွေနဲ့လည်း တစ်နည်းတစ်ဖုံ သက်ဆိုင်တယ်လို့ တပည့်တော်မြင်ပါတယ်…ဘုရား၊ ပြည်မကလူတွေရဲ့ တွေးခေါ်ပုံ၊ အလုပ်လုပ်ပုံ၊ နေထိုင်ပုံနဲ့ တပည့်တော်တို့ ပြည်နယ်မှာရှိတဲ့ လူတွေ တွေးခေါ်ပုံ၊ အလုပ်လုပ်ပုံတွေက ကွာပါတယ်...ဘုရား”
“ဘယ်လိုကွာတာတုန်း..ဒကာကြီး..ရှင်းပြပါဦး”
“တပည့်တော်က ပြည်မမှာရော ပြည်နယ်တွေမှာပါ အနေများတော့ သတိထားမိတာတစ်ခု ရှိပါတယ်..ဘုရား၊ ပြည်မကလူတွေက တွေးခေါ်တဲ့အခါ ရှေးရိုးသိပ်မဆန်တော့ဘူး…ဘုရား၊ အတွေးအခေါ်တွေ ခေတ်မီတယ်၊ အတွေးအခေါ်တွေ ခေတ်မီတော့ သူတို့အလုပ်တွေလည်း ပိုသက်သောင့်သက်သာဖြစ်တယ်လို့ ခံစားရတယ်…ဘုရား။ နောက်တစ်ချက်က သူတို့က လက်ကြောတင်းအောင် လုပ်တာတွေ့ရပါတယ်…ဘုရား၊ အလုပ်တစ်ခုလုပ်ပြီဆိုရင် ဖြစ်ကတတ်ဆန်း မလုပ်ဘူး၊ ပြီးစလွယ် မလုပ်ဘူး၊ လူတွေ စိတ်ချအောင်လုပ်တယ်၊ ကိုယ်လုပ်တဲ့ အလုပ်အပေါ်မှာလည်း ကျွမ်းကျင်နှံ့စပ်အောင် အမြဲလေ့လာတယ်၊ အလုပ်ကို လွယ်ကူအောင် ဘယ်လိုလုပ်မလဲဆိုတဲ့ နည်းနာတွေ အမြဲရှာဖွေနေတာကို တွေ့ရပါတယ်…ဘုရား၊ နောက်ပြီးတော့ ဒီဘက်ခေတ်မှာ ရေပန်းစားလာတဲ့ ဝန်ဆောင်မှုပေးတဲ့ အလေ့အကျင့်ကို သူတို့ ကောင်းကောင်းလုပ်နိုင်တာ တွေ့ရပါတယ်…ဘုရား၊ ဥပမာ…ဆိုင်တစ်ဆိုင်ကိုရောက်လာတဲ့ စားသုံးသူ၊ ဝယ်ယူသူတစ်ယောက်ကို စိတ်ကျေနပ်အောင်၊ စိတ်ချမ်းသာအောင်၊ ယုံကြည်လာအောင် သူတို့ ဝန်ဆောင်မှု ပေးနိုင်ပါတယ်..ဘုရား”
“ဟုတ်တယ်..ဒကာ..ဘုန်းကြီးတို့ တခါတခါ နေမကောင်းလို့ ဆေးသွားကုရင်တောင် ဒကာပြောတဲ့အချက်တွေကို သတိထားမိတယ်..ဆေးရုံ၊ဆေးခန်းတွေဆိုလည်း ဝန်ဆောင်မှုတွေ အရမ်းကောင်းတယ်၊ ဆရာဝန်ကအစ လူနာ စိတ်ကျေနပ်အောင်အထိ ဆွေးနွေးတိုင်ပင်လို့ရတယ်.. စိတ်ရှည်တယ်.. နှံ့စပ်တယ်.. ငါတို့ဆီမှာကျတော့ ရောဂါအခြေအနေကို ဆွေးနွေးခွင့်ရဖို့ နေနေသာသာ သိချင်လို့မေးတာတောင် အအော်အငေါက်ခံရတာ အများကြီး..”
“တင်ပါ့..ဘုရား”
“ငါတို့ ရခိုင်တွေကျတော့ ဘုန်းကြီး သတိထားမိသလောက် ခုနားက ဒကာပြောတဲ့အချက်တွေနဲ့ ဆန့်ကျင်ဘက်တွေပေါ့.။ အပျင်းထူတယ်။ အပျော်ကြူးတယ်။ အလုပ်လုပ်ရင် လက်ကြောမတင်းဘူး၊ ဝန်ဆောင်မှု ပေးတယ်ဆိုတာကို အောက်ကျတယ်လို့ ခံစားနေတုန်း။ ကိုယ့်ဆီလာတဲ့ စားသုံးသူကို ဝယ်ချင်ဝယ်၊ မဝယ်ချင် မဝယ်နဲ့ဆိုတဲ့ သူဌေးကုန်ရောင်းသလို ဖြစ်နေတယ်။ အလုပ်အပေါ်မှာလည်း နှံ့စပ်အောင် မလေ့လာဘူး။ ဖြစ်ကတတ်ဆန်း လုပ်ချင်ကြတယ်။ မစေ့စပ်ဘူး။ သေချာအောင်မလုပ်ဘူး။ အတွေးအခေါ်တွေက ရှေးရိုးစွဲ ဆန်နေတုန်း။ တီထွင်ကြံဆမှု အားနည်းတယ်။ ကျန်တာ မပြောနဲ့၊ လယ်ထွန်တာကအစ စက်မှုလယ်ယာဘက်ကို မရောက်နိုင်သေးဘူး။ ဟိုး ပြည်မမှာကျ စက်မှုလယ်ယာဖြစ်ကုန်ကြပြီ။ ဒါက အသိသာဆုံးပဲ၊ အပျော်ကြူးတာက ပြောမနေနဲ့တော့။ ပွဲဆိုရင် ရှေ့ဆုံးကပဲ..အလုပ်ပျက် အကိုင်ပျက် ပျော်တဲ့သူက ပျော်..”
“တင်ပါ့ဘုရား”
“ဘုန်းကြီးဆိုလိုချင်တာကတော့ အရာရာတိုင်းကို အစိုးရချည်း အားကိုးနေလို့ မရဘူး။ အစိုးရက လုပ်မပေးလို့ ငါတို့ မရတာဆိုတဲ့ အတွေးမျိုးထက် သူတို့ မလုပ်ပေးလည်း ငါတို့ဖာသာ ငါတို့ ရအောင်လုပ်မယ်ဆိုတဲ့ စိတ်မျိုးကို မွေးမြူဖို့လိုတယ်။ ဒါမှ တိုးတက်တဲ့ လူမျိုးဖြစ်မယ်..မဟုတ်ဘူးလား”
“တင်ပါ့ဘုရား.. တပည့်တော် နောက်တစ်ချက် သတိပြုမိတာက ပြည်မဘက်ကလူတွေက စာဖတ်အားကောင်းပြီးတော့ တပည့်တော်တို့ဖက်က လူတွေကျတော့ စာဖတ်ပျင်းပါတယ်..ဘုရား.. ဒါကလည်း တစ်နည်းတစ်ဖုံ ဆက်စပ်နေမယ်လို့ ယူဆပါတယ်..ဘုရား”
“ဟုတ်တာပေါ့..ဒကာ၊ ဟိုတနေ့ကတောင် စာတစ်ပုဒ် ဖတ်လိုက်သေးတယ်..အင်္ဂလိပ်တွေ ကမ္ဘာပတ်ပြီး ကိုလိုနီ နယ်ချဲ့နိုင်တာ၊ တစ်နည်း အုပ်ချုပ်နိုင်တာ သူတို့လူမျိုးတွေ စာဖတ်ကြလို့တဲ့။ ဒါကြောင့်လည်း စာဖတ်တဲ့လူမျိုးဟာ တိုးတက်ပြီးတော့ တိုးတက်တဲ့လူမျိုးဟာ စာဖတ်တယ်ဆိုပြီး ပြောကြတယ်မလား။”
“တင်ပါ့..ဘုရား”
“ဟုတ်တယ်၊ ဒကာ၊ ငါတို့လူမျိုးတွေက သူတို့ဆီက ကောင်းတဲ့အမှုအကျင့်တွေ၊ အတွေးအခေါ်တွေကို သင်ယူရမယ်၊ မကောင်းတဲ့ဟာတွေတော့ မယူနဲ့ပေါ့၊ ခုဟာက အဲလို မဟုတ်ဘူး၊ မလိုဘူးဆိုပြီး အကုန်ပယ်လိုက်ကြတယ်၊ ဒါလည်း မဟုတ်သေးဘူး”
ညနေ မိုးချုပ်လုပြီဖြစ်၍ ခွင့်ပန်ကာ ကျောင်းမှ ပြန်လာခဲ့သည်။ သို့ရာတွင် ဆရာတော့်ထံမှ ရလိုက်သော အတွေးအမြင်များကို စာရေးသူ တွေးလာမိသည်။ ဆရာတော်၏ အတွေးအမြင်များ မှန်လိုက်လေခြင်းဟူ၍။
စာရေးသူ၏ ရခိုင်သို့ တစ်ခေါက် အတွေ့အကြုံမှာ တွေးစရာများ၊ ဆင်ခြင်စရာများ၊ သတိပြုစရာများကို ရလိုက်သည်ဟု ယူဆ၍ ရေးသားတင်ပြလိုက်ရပါသည်။