ဓာတ်ပုံတစ်ပုံရဲ့ နောက်ကွယ်က အမှန်တရား

စိတ်ထိခိုက်စရာကောင်းလှတဲ့ ဒီဓာတ်ပုံကို ကလေးအခွင့်အရေး တက်ကြွလှုပ်ရှားသူတွေကလည်း ကလေးနောက်တစ်ယောက် အာဟာရနဲ့ပညာရေး ရပိုင်ခွင့် ဆုံးရှုံးရပြန်ပြီဆိုတဲ့သဘော သက်ရောက်တဲ့စာတွေအတူ ဖေ့စ်ဘုတ်ပေါ်မှာ ဝမ်းပန်းတနည်း မျှဝေကြပါတယ်။

By Foreign Desk 24 Dec 2019

ဇလုံကိုင်ပြီးတော့ စာသင်ခန်းတံခါးဝကနေ အထဲကို လှမ်းကြည့်နေတဲ့ ဒီဓာတ်ပုံကို နိုဝင်ဘာလ ၇ ရက်နေ့ထုတ် တယ်လူဂူးသတင်းစာမှာ “ဆာလောင်တဲ့အကြည့်” ဆိုတဲ့ပုံစာနဲ့ ဖော်ပြခဲ့ပါတယ်။ (ဓာတ်ပုံ - Eenadu newspaper/A Srinivas)

အိန္ဒိယနိုင်ငံတောင်ပိုင်း ဟိုက်ဒါဘက်မြို့တော်မှာ ငါးနှစ်အရွယ်မိန်းကလေးတစ်ဦးကို ကျောင်းသွင်းပေးလိုက်ပါတယ်။ တံခါးဝကနေ စာသင်ခန်းထဲကို လှမ်းကြည့်နေတဲ့ ဒီမိန်းကလေးရဲ့ဓာတ်ပုံ ပျံ့နှံ့သွားပြီးတဲ့နောက် အခုလို ကျောင်းတက်ခွင့်ရသွားတာ ဖြစ်ပါတယ်။

ဒီဗီယာလို့ခေါ်တဲ့ ဒီကလေးမဟာ သူ့ဒေသမှာတော့ နာမည်ကြီးတစ်ယောက် ဖြစ်နေပါတယ်။ သူမဟာ ရှက်တတ်ပြီး အသက်လည်း ၅ နှစ်ပဲရှိပါသေးတယ်။ အစိုးရကျောင်း စာသင်ခန်းရဲ့ တံခါးဝမှာ ဇလုံကိုင်ကာ စာသင်ခန်းထဲ လှမ်းကြည့်နေတဲ့ သူ့ဓာတ်ပုံ ပျံ့နှံ့သွားရာက နာမည်ကြီးလာတာဖြစ်ပါတယ်။

စိတ်ထိခိုက်စရာကောင်းလှတဲ့ ဒီဓာတ်ပုံကို နိုဝင်ဘာလ ၇ ရက်နေ့ထုတ် တယ်လူဂူးသတင်းစာမှာ “ဆာလောင်တဲ့အကြည့်” ဆိုတဲ့ပုံစာနဲ့ ဖော်ပြခဲ့ပါတယ်။ အဲဒီမှာတင် ဒီဓာတ်ပုံအပေါ် လူတွေရဲ့ စိတ်ဝင်စားမှု မြင့်တက်သွားပါတယ်။ ကလေးအခွင့်အရေး တက်ကြွလှုပ်ရှားသူတွေကလည်း ကလေးနောက်တစ်ယောက် အာဟာရနဲ့ပညာရေး ရပိုင်ခွင့် ဆုံးရှုံးရပြန်ပြီဆိုတဲ့သဘော သက်ရောက်တဲ့စာတွေအတူ ဒီပုံကို ဖေ့စ်ဘုတ်ပေါ်မှာ ဝမ်းပန်းတနည်း မျှဝေကြပါတယ်။

နောက်တစ်ရက်မှာတော့ စာသင်ကျောင်းက ဒီဗီယာကို ကျောင်းသွင်းပေးလိုက်ပါတော့တယ်။

ဒါပေမဲ့ ဒီကိစ္စအတွက် ဝမ်းမသာနိုင်သူကတော့ ရှိနေပါတယ်။ ဒီဗီယာရဲ့အဖေ အမ်လက်ရှမန်းပါ။ ဒီဓာတ်ပုံနဲ့ဖြစ်စဉ်ဟာ သူတို့လင်မယားအပေါ် မတရားရာရောက်တယ်လို့ သူကပြောပါတယ်။ သူ့ဇနီး ယိုရှီုဒါဟာ သန့်ရှင်းရေးအလုပ်သမားတစ်ဦး ဖြစ်ပါတယ်။

“ဓာတ်ပုံကိုမြင်တော့ ကျွန်တော် စိတ်မကောင်းဖြစ်သွားတယ်” လို့ လက်ရှမန်းက ဘီဘီစီကို ပြောပါတယ်။ “ဒီဗီယာရဲ့အနာဂတ်အတွက် ကြိုးစားပေးနေတဲ့ မိဘတွေရှိရဲ့သားနဲ့ ငတ်ပြတ်နေတဲ့ မိဘမဲ့တစ်ယောက်လို ပုံဖော်ခံလိုက်ရတယ်” လို့ သူကဆိုပါတယ်။

ဒီဗီယာရဲ့ အစ်မနှစ်ယောက်ဟာ အစိုးရကျောင်းမှာ ပညာသင်နေကြပါပြီ။ ဒီဗီယာကိုလည်း ဒီကျောင်းမှာပဲ ထားမှာဖြစ်ပြီး ခြောက်နှစ်ပြည့်အောင် စောင့်နေတာလို့ သူ့အဖေ လက်ရှမန်းကပြောပါတယ်။ သူတို့မှာ သားတစ်ယောက်လည်းရှိပါတယ်။ ဒီသားကတော့ အထက်တန်းအောင်လို့ တက္ကသိုလ်တက်ဖို့ လျှောက်ထားဆဲဖြစ်ပြီး သူ့အဖေရဲ့ အလုပ်မှာ ဝင်ကူပါတယ်။

ဒီဗီယာကိုကျောင်းထားဖို့ ခြောက်နှစ်ပြည့်အောင် စောင့်နေတာလို့ သူ့အဖေ လက်ရှမန်းကပြောပါတယ်။ (ဓာတ်ပုံ - BBC)

ဒီဗီယာတို့ မိသားစုဟာ ဟိုက်ဒါဘတ်မြို့စွန် ဆင်းရဲသားရပ်ကွက် တစ်ခုက တဲကုပ်သာသာ အိမ်လေးမှာ နေကြပါတယ်။ ဒီဗီယာ ဓာတ်ပုံရိုက်ခံရတဲ့ အစိုးရစာသင်ကျောင်းနဲ့ သူတို့ရပ်ကွက်ဟာ နီးနီးလေးဖြစ်ပြီး မီတာ ၁၀၀ လောက်ပဲ ဝေးပါတယ်။ သူတို့ရပ်ကွက်မှာ မိသားစု ၃၀၀ ခန့်ရှိပြီး အများစုက နေ့စားအလုပ်သမားတွေ ဖြစ်ပါတယ်။ သူတို့အလုပ်ဆင်းချိန်မှာ ကလေးတွေက ကျောင်းတက်ကြပါတယ်။

ဒီဗီယာတို့အိမ်အပြင်ဘက်မှာ ပလတ်စတစ်အမှိုက် အတိုအစတွေ ဖန်ထည်တွေ တောင်ပုံယာပုံ စုထားပါတယ်။ ဒီပစ္စည်းတွေကို Recycle လုပ်ဖို့ တစ်ဆင့်ပြန်ရောင်းမှာပါ။ သူတို့လင်မယားရဲ့ ဝင်ငွေဟာ တစ်လကို ရူပီး ၁၀,၀၀၀ (၁၃၉ ဒေါ်လာ) ခန့်ရှိတယ်လို့ ဒီဗီယာရဲ့အဖေက ပြောပါတယ်။ အစိုးရကျောင်းကတော့ အခမဲ့ဖြစ်တဲ့အတွက် ပညာရေးစရိတ် သီးသန့်ကုန်ကျစရာ မလိုပါဘူး။

မစ္စတာလက်ရှမန်းဟာ မိဘမဲ့တစ်ဦးဖြစ်ပြီး ငယ်စဉ်တည်းက ဘဝအတွက် ရုန်းကန်လာခဲ့ရသူတစ်ဦး ဖြစ်ပါတယ်။ “ကျွန်တော့်ကလေးတွေကို ကျွန်တော့်လိုဘဝမျိုး မကြုံစေချင်လို့ သူတို့အားလုံးကို ကျောင်းထားနိုင်အောင် ကျွန်တော်ကြိုးစားနေတာ” လို့ သူကပြောပါတယ်။

သူက သူ့အစ်ကိုရဲ့ကလေးငါးယောက်ကိုပါ စောင့်ရှောက်ထားသူ ဖြစ်တဲ့အတွက် ဒီဓာတ်ပုံကြောင့် တော်တော်စိတ်မကောင်းဖြစ်ရတယ်လို့ သူကဆက်ပြောပါတယ်။ “ကျွန်တော့်အစ်ကိုလင်မယား ကွယ်လွန်သွားတာ နည်းနည်းရှိပြီ၊ သူတို့ရဲ့ကလေးတွေကို မိဘမဲ့ကလေးတွေကို မကြီးပြင်းစေချင်လို့ သူတို့ကိုလည်း ကျွန်တော် အတန်းပညာ သင်ပေးထားတယ်” လို့ သူကဆိုပါတယ်။

ဒီဗီယာက ဘာလို့ ဇလုံနဲ့ ကျောင်းထဲဝင်သွားတာလဲလို့ မေးတဲ့အခါမှာတော့ သူတို့ဆင်းရဲသားရပ်ကွက်က ကလေးအများအပြားဟာ နေ့လယ်စာစားချိန်မှာ ကျောင်းကိုသွားနေကျလို့ ပြောပါတယ်။ အိန္ဒိယမှာ အစိုးရရဲ့အစီအစဉ်အရ စာသင်ကျောင်းပေါင်း တစ်သန်းခန့်မှာ ကျောင်းသားတွေကို နေ့လယ်စာ အခမဲ့ကျွေးပါတယ်။ သူတို့ရဲ့ အစ်ကိုတွေအစ်မတွေက ကျောင်းတက်နေကြတဲ့အတွက် ဒီအကြောင်းကို ကလေးတွေကလည်း သိနေကြတာဖြစ်ပါတယ်။

“ဒီဗီယာက ဒီကျောင်းကို နေ့တိုင်းသွားတာတော့ မဟုတ်ဘူး။ ဒါပေမဲ့ ဓာတ်ပုံရိုက်တဲ့နေ့က သူ အဲဒီကို ရောက်နေတာ” လို့ ဒီဗီယာရဲ့အဖေက ရှင်းပြပါတယ်။

စာသင်ကျောင်းက ဆရာတွေကလည်း ဒီကိစ္စဟာ ဟုတ်မှန်ကြောင်း ဘီဘီစီကို ပြောကြပါတယ်။ တစ်ချို့ကလေးတွေက အိမ်ကနေ နေ့လယ်စာယူလာကြတဲ့အတွက် အခမဲ့ကျွေးတဲ့ နေ့လယ်စာက ပိုကျန်နေတာတွေ ရှိပါတယ်။ ဒါတွေကို ကျောင်းမတက်သေးတဲ့ ကလေးတွေကို ကျွေးကြတယ်လို့ သူတို့ကပြောပါတယ်။

“ကလေးထိန်းကျောင်းတွေလည်း မရှိဘူးဆိုတော့ ကလေးအများစုက စာသင်ကျောင်းနားတစ်ဝိုက်ကို ရောက်နေကြတာပေါ့၊” လို့ ဆရာတစ်ယောက်က ပြောပါတယ်။

ဒီဒေသက ပညာရေးမှူး ဆုရှီဗရမ်ကလည်း ယခုဖြစ်စဉ်ကြောင့် ကလေးတွေကို အာဟာရပြည့်ဝအောင် ကျွေးမွေးရေးဆောင်ရွက်ချက်တွေ ပိုမိုမြန်ဆန်လာမယ်လို့ မျှော်လင့်မိကြောင်း ပြောပါတယ်။ မီဒီယာတွေ ယခုလိုမီးမောင်းထိုးပြလိုက်တဲ့အတွက် စာသင်ကျောင်းတွေရဲ့ လိုအပ်ချက်တွေကို ပိုမိုဂရုစိုက်ပြီး ဖြည့်ဆည်းလာဖို့ကို ဆရာတွေကလည်း မျှော်လင့်နေကြပါတယ်။ သင်ကြားရေးပစ္စည်း လိုအပ်ချက်၊ ဆရာ မလုံလောက်မှုတွေ ရှိတယ်လို့ ဒီဆရာတွေက ပြောကြပါတယ်။ ကျောင်းမှာ ခြံစည်းရိုးတောင် မရှိတဲ့အတွက် အတန်းနားချိန်တွေမှာ ဆိုရင် ဆရာတွေဟာ ကလေးတွေကို မျက်စိဒေါက်ထောက် ဂရုစိုက်ကြည့်နေရပါတယ်။

ဒီဗီယာလေးတစ်ယောက်ကတော့ ကျောင်းသွားရလို့ စိတ်လှုပ်ရှားနေသလို သူ့ကျောပိုးအိတ်ကိုလည်း ကစားကွင်းတောင်မချန်ပဲ သွားသမျှနေရာကို သယ်သွားပါတယ်။ (ဓာတ်ပုံ - BBC)

ဒီဗီယာလေးတစ်ယောက်ကတော့ ကျောင်းသွားရလို့ စိတ်လှုပ်ရှားနေပါတယ်။ သူ့ရဲ့ကျောပိုးအိတ်ကိုလည်း ကစားကွင်းတောင်မချန်ပဲ သွားသမျှနေရာကို သယ်သွားပါတယ်။ သူ့ကိုမေးလိုက်ရင်လည်း နာမည်ပဲပြန်ပြောပြီး တခြားမေးခွန်းတွေကို ဘာမှ ပြန်မဖြေပါဘူး။

သူ့လက်ကို လာကိုင်ပြီး နမ်းနေတဲ့ ဒီဗီယာကိုကြည့်ပြီး “သူက အရမ်းအေးတယ်” လို့ သူ့အဖေ လက်ရှမန်းက ပြောပါတယ်။

ဓာတ်ပုံကြောင့် အဆင်မပြေဖြစ်ခဲ့ရပေမယ့် အကောင်းဖြစ်သွားတာတွေလည်း ရှိတယ်လို့ သူကဝန်ခံပါတယ်။ “ဒီဗီယာတို့အရွယ် တခြားကလေးတွေလည်း ကျောင်းသွင်းနေကြတာ တွေ့ရတဲ့အတွက် ဝမ်းသာမိတယ်” လို့ သူကဆိုပါတယ်။

စောသန္တာအေး
(ကိုးကား - The truth behind India's viral photo that got a girl into school, BBC)

ဗီဒီယိုများ