သုဘရာဇာ ဦးကေတု

“အတိတ်ဘဝမှာ သုဘရာဇာတွေကို ဒီလိုပြောဆိုခဲ့တဲ့အတွက် အခုဘဝမှာ ဝဋ်လည်တယ်လို့ မှတ်ယူလိုက်တယ်။ ကြားတဲ့နားကို နားကန်းလိုဟန်ဆောင်၊ မြင်တဲ့မျက်စိကို မျက်ကန်းလိုဟန်ဆောင်ပြီး နေထိုင်လာခဲ့တာ”

By မင်းထွန်း 29 Aug 2021

DMG ၊ သြဂုတ်လ ၂၉

(ဆောင်းပါး)

လူသေအလောင်းထည့်ထားတဲ့အခေါင်းကို နာရေးကားပေါ်ကသယ်ယူပြီး သုသာန်ဇရပ်ပေါ်မှာချကာ အသုဘ လိုက်ပါပို့ဆောင်လာသူတွေ သရဏဂုံတင်ပြီးတာကို သုဘရာဇာလေးဦးတို့က စောင့်ဆိုင်းနေကြပါတယ်။

သရဏဂုံတင်ပြီးတဲ့နောက်မှာတော့ သေဆုံးသူရဲ့ရုပ်ခန္ဓာကိုယ်ကို လိုက်ပါပို့ဆောင်ကြသူတွေက နောက်ဆုံး အနေနဲ့နှုတ်ဆက်ကြပြီး ငိုကြွေးသံတွေကလည်း ရုတ်ရုတ်သဲသဲပေါ်ထွက်လာပါတော့တယ်။
ခဏအတွင်းမှာပဲ သုသာန်ဇရပ်ထဲက လူသေထည့်ထားတဲ့အခေါင်းကို သုဘရာဇာလေးဦးက လက်တွန်းလှည်းပေါ်တင်လိုက်ပြီး မီးသင်္ဂြိုဟ်စက်ရှိရာဆီ ဦးတည်တွန်းယူသွားပါတယ်။

သုဘရာဇာတို့ဟာ အလောင်းကို မီးသင်္ဂြိုဟ်စက်ထဲကိုထည့်ကာမီးရှို့ကြပြီး သိပ်မကြာခင်မှာပဲ ခေါင်တိုင်က မီးခိုးငွေ့တွေစတင်ထွက်လာပါတယ်။

ရဲရဲတောက်နေတဲ့မီးသင်္ဂြိုလ်စက်အနီးက သုဘရာဇာတွေထဲမှာ အပေါ်ပိုင်းအင်္ကျီဗလာကျင်းနဲ့ ကွမ်းဝါးနေတဲ့ ဆံပင်ဖြူဖြူ၊ အသားညိုညို၊ အရပ်မြင့်မြင့်နဲ့ အသက်ကြီးပိုင်း သုဘရာဇာတစ်ဦးကတော့ ဦးဟန်မောင်(ခေါ်) သုဘရာဇာဦးကေတုပဲ ဖြစ်ပါတယ်။

ဦးကေတုဟာ အသက် ၅၈ နှစ်ရှိပြီဖြစ်ကာ မိသားစုဝင် ၅ ယောက်နဲ့အတူ စစ်တွေမြို့၊ အာကျိတ်တော်ကုန်း သုသာန်အနီးမှာနေထိုင်ပါတယ်။ သုဘရာဇာအလုပ်ကို လုပ်ကိုင်ရင်း မိသားစုစားဝတ်နေရေးကို ရုန်းကန်ဖြေရှင်းလာခဲ့တာဟာ အခုဆိုရင် နှစ်ပေါင်း(၂၉)နှစ်အထိ ကြာမြင့်လာခဲ့ပြီဖြစ်ပါတယ်။

ဒီအလုပ်ဟာ နိမ့်ကျတဲ့အလုပ်၊ ယုတ်ညံ့ပြီး ရွံစရာကောင်းတဲ့အလုပ်လို့ အယူသီးတဲ့ပတ်ဝန်းကျင်ကလူတွေရဲ့ ကဲ့ရဲ့ပြောဆိုမှုတွေရှိပေမယ့် သေခြင်းတရားကို သံဝေဂယူနိုင်တဲ့သူတွေကတော့ မွန်မြတ်တဲ့အလုပ်လို့ ချီးကျုး ပြောဆိုတာတွေရှိတယ်လို့ ဦးကေတုက ပြောပြပါတယ်။

ဒီလိုကဲ့ရဲ့ပြောဆိုမှုတွေကို အတိတ်ဘဝကသူတစ်ပါးကိုကဲ့ရဲ့ပြောဆိုခဲ့တာကြောင့် အခုဘဝမှာ ဝဋ်လည်တယ်လို့ပဲ ဦးကေတုတစ်ယောက် ဖြေသိမ့်ခဲ့ပါတယ်။

“အတိတ်ဘဝမှာ သုဘရာဇာတွေကို ဒီလိုပြောဆိုခဲ့တဲ့အတွက် အခုဘဝမှာ ဝဋ်လည်တယ်လို့ မှတ်ယူလိုက်တယ်။ ကြားတဲ့နားကို နားကန်းလိုဟန်ဆောင်၊ မြင်တဲ့မျက်စိကို မျက်ကန်းလိုဟန်ဆောင်ပြီး နေထိုင်လာခဲ့တာ”

ခေတ်ရေစီးကြောင်း တိုးတက်လာမှုနဲ့အတူ လူငယ်တွေဟာ နာရေးကိစ္စတွေမှာ ထဲထဲဝင်ဝင်နဲ့ ပရဟိတအလုပ်တွေပါဝင်လုပ်ဆောင်လာတာကြောင့် သုဘရာဇာတွေကို အရင်ကလို ခွဲခြားဆက်ဆံမှုတွေ နည်းပါးလာပြီလို့ ဦးကေတုကဆိုပါတယ်။

သေသွားသူရဲ့နောက်ဆုံးခရီးကို အဆင်ပြေချောမွေ့စွာ လုပ်ကိုင်ပေးရတဲ့အလုပ်ဟာ မွန်မြတ်တဲ့အလုပ် ဖြစ်တယ်ဆိုတာကို အခုအခါမှာ အများစုကလက်ခံလာကြနေပါပြီ။
ဦးကေတုဟာ အသက် ၂၉ နှစ်အရွယ်ကတည်းက ဒီအလုပ်ကိုလုပ်ကိုင်ခဲ့တာပါ။ အဲဒီအချိန်က စစ်တွေမြို့သုသာန်မှာ မီးသင်္ဂြိုလ်စက်တွေမရှိသေးတာကြောင့် အလောင်းတွေကို မြေကျင်းတူးပြီးမြှုပ်ရတာ၊ အလောင်းကို ထင်းတွေနဲ့မီးရှို့သင်္ဂြိုလ်ရတာတွေကို လုပ်ကိုင်ခဲ့ရပါတယ်။

အလုပ်အကိုင်အဆင်မပြေမှုတွေ၊ ကျန်းမာရေးချို့တဲ့မှုတွေကြောင့် ဦးကေတုရဲ့ မိသားစုစားဝတ်နေရေး ကျပ်တည်းမှုနဲ့ရင်ဆိုင်နေရချိန်မှာ ယောက်ဖဖြစ်တဲ့(သုဘရာဇာ)က သူ့ဆီမှာ အလုပ်လုပ်မလားလို့ ပြောတာကြောင့် ကိုကေတုတစ်ယောက် ဒီအလုပ်ကို လုပ်ဖြစ်သွားခဲ့တာပါ။

“ဒီအလုပ်ကိုလုပ်လို့ သင့်တော်မှာလားဆိုပြီးစဉ်းစားခဲ့သေးတယ်။ ဒါပေမယ့် ဘာမှမဆိုင်ဘူးလို့ ကိုယ့်စိတ်ကို ဆုံးဖြတ်လိုက်တယ်။ ရှေ့ကမသာသွားရင် နောက်ကမသာလိုက်ရမှာဖြစ်တဲ့အတွက် ငါလည်းမကြောက်ဘူး ဆိုပြီးလုပ်ခဲ့တာ”

အခုလိုမွန်မြတ်တဲ့ သုဘရာဇာအလုပ်ကို လုပ်ဆောင်ခွင့်ရခဲ့တဲ့အတွက် ဘဝတပါးသို့ကူးပြောင်းသွားပြီဖြစ်တဲ့ ယောက်ဖဖြစ်သူကို သတိတရကျေးဇူးတင်တယ်လို့လည်း ဦးကေတုရဲ့နှုတ်က တတွက်တွက်နဲ့ပြောပါတယ်။

ဦးကေတုဟာ သုဘရာဇာအလုပ်ကိုစလုပ်တုန်းက လူသေအလောင်းတွေကို မြေမြှုပ်ဖို့တွင်းတူးတဲ့အခါ မြေကျင်းတွေထပ်ကျပြီး မပျက်စီးသေးတဲ့အလောင်းတွေကို တွေ့ရတာကြောင့် ကြောက်လန့်မှုတွေနဲ့ ကြုံခဲ့ရ တယ်လို့ ပြောပြပါတယ်။

“မြေမြှုပ်ဖို့ တွင်းအသစ်တူးတဲ့အခါ အလောင်းမြှုပ်ပြီးသားရှိတဲ့ တွင်းအဟောင်းနေရာတွေမှာ တည့်တည့် တူးမိ တာတွေရှိတယ်။ အကုန်လုံးမပျက်စီးသေးတဲ့ အလောင်းတွေကိုမြင်ရတော့ လန့်သွားတာတွေရှိခဲ့တယ်” သုဘရာဇာဘဝစတင်ခဲ့ချိန်က ကြုံခဲ့ရတဲ့အဖြစ်အပျက်ကို ဦးကေတုက ရယ်မောရင်းပြောပြပါတယ်။

မြေကျင်းတူးတဲ့အခါ ပုပ်သိုးနံစိုနေတဲ့ အလောင်းတွေကိုတွေ့ရတဲ့အတွက် အော့အန်လောက်အောင်ထိ ကြုံခဲ့ရသလို အရည်မပျော်သေးဘဲ သွေးခဲတွေလိုထွက်လာတဲ့အလောင်းကို ထိတွေ့ကိုင်တွယ်မိခဲ့လို့ လက်ကိုဆပ်ပြာနဲ့ဆေးလို့မစင်တော့ဘဲ ဆန်ဆေးရည်တွေနဲ့ ဆေးကြောရတဲ့အခါလည်းရှိခဲ့တယ်လို့ ဆိုပါတယ်။

မိမိရဲ့ခန္ဓာကိုယ်ဟာလည်း တစ်နေ့ ဒီလို(လူသေအလောင်း)ဖြစ်ရမှာပဲလို့ တရားစိတ်နဲ့ဖြေသိမ့်ပြီး ကိုကေတုတစ်ယောက် ကြောက်လန့်စိတ်တွေကိုကျော်ဖြတ်နိုင်ခဲ့ပါတယ်။ အခုလို အခက်အခဲတွေကို ကျော်ဖြတ်နိုင်ဖို့အတွက် အချိန်တစ်လလောက်ပေးခဲ့ရတယ်လို့ ဆိုပါတယ်။

စစ်တွေမြို့ အာကျိတ်တော်ကုန်းသုသာန်မှာ သုဘရာဇာလေးဦးရှိပြီးတော့ လူသေအလောင်းတွေကို မီးသင်္ဂြိုဟ်တာ၊ သုသာန်ဇရပ်ကိုသန့်ရှင်းရေးလုပ်တာ စတဲ့ကိစ္စတွေကို လုပ်ဆောင်ကြပါတယ်။ အဲဒီထဲမှာ သုဘရာဇာလုပ်သက် ကြာရှည်ဆုံးထဲမှာ ဦးကေတုလည်းပါဝင်ပါတယ်။

“အခုက အရင်လို(မြေမြှုပ်)တွင်းတွေ မတူးရတော့ဘူး။ တစ်လ၊နှစ်လအရွယ်ကလေးတွေဆိုရင် တစ်တောင်လောက်တူးပြီးမြေမြှုပ်ရတာရှိတယ်။ လူကြီးအလောင်းတွေဆိုရင်တော့ မီးသင်္ဂြိုဟ်စက် အခန်းထဲသွင်းပြီး မီးရှို့ရတယ်”

ဦးကေတုဟာ သုဘရာဇာအလုပ်ကိုလုပ်ရင်း မိသားစုစားဝတ်နေရေးအတွက် ရုန်းကန်းဖြေရှင်းလာတာ နှစ်ပေါင်း ၃၀ နီးနီးရှိလာပြီဖြစ်ပေမယ့် ဦးကေတုတို့မိသားစုအဖို့ စားဝတ်နေရေး ဖူလှုံတယ်ဆိုတာတော့ မရှိခဲ့ပါဘူး။

“မတတ်သာဆုံး ပိန်းစွယ်ဟင်းတွေခူးပြီး ဈေးမှာသွားရောင်းတယ်။ ရလာတဲ့ငွေတွေနဲ့ ဆန်၊ ဟင်းတွေဝယ်ပြီး ချက်ပြုတ်စားသောက်တယ်”

စစ်တွေမြို့ အာကျိတ်တော်ကုန်းသုသာန်မှာ အလောင်းတစ်လောင်း မီးသင်္ဂြိုဟ်စရိတ်ဟာ ငွေကျပ်လေးသောင်း ရှိပါတယ်။ အဲဒီထဲက မီးသင်္ဂြိုဟ်စက်အတွက် ဆီစရိတ်နှစ်သောင်းခွဲပေးဆောင်ရပါတယ်။ ကျန်တဲ့ငွေ တစ်သောင်းခွဲကို သုဘရာဇာလေးဦးက ညီတူညီမျှခွဲဝေရရှိကြတာဖြစ်ပါတယ်။
အခက်အခဲတွေနဲ့ကြုံတွေ့နေရပေမယ့် ဦးကေတုကတော့ သုဘရာဇာအလုပ်ကို ညည်းညူစိတ်ပျက်တာ မရှိခဲ့ပါဘူး။

“အရင်ဘဝက ကုသိုလ်ကောင်းမှုပါလာလို့ ဒီဘဝမှာ သုဘရာဇာအဖြစ်နဲ့ ကုသိုလ်ကောင်းမှုလုပ်နေရတယ်လို့ မှတ်ယူထားတယ်”လို့ ဦးကေတုက သုဘရာဇာအလုပ်အပေါ် သူ့ရဲ့ခံယူချက်ကိုပြောပြပါတယ်။

ဦးကေတုက သုဘရာဇာအလုပ်လုပ်လို့ ရလာတဲ့ငွေတချို့ကိုစုပြီး ဘုန်းတော်ကြီးကျောင်းတွေမှာ သုံးလတစ် ကြိမ်၊ ငါးလတစ်ကြိမ် ဆွမ်းလှူဒါန်းပြီး ကုသိုလ်ယူတယ်လို့လည်း ဆိုပါတယ်။
တစ်ဖက်မှာလည်း ရခိုင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် သေဆုံးသူတွေ မြင့်တက်ခဲ့ ပါတယ်။ သြဂုတ်လ ၂၆ ရက်နေ့အထိ ရခိုင်မှာ ကိုဗစ်ပိုးတွေ့လူနာ (၃၉၃၉)ဦးနဲ့ သေဆုံးသူ (၃၈၁) ဦး ရှိလာနေ ပါတယ်။ အဲဒီထဲမှာ စစ်တွေမြို့က သေဆုံးသူ(၉၅)ဦးရှိပြီး အများဆုံးဖြစ်ပါတယ်။

ကိုဗစ်အန္တရာယ်ကိုစိုးရိမ်တဲ့အတွက် ပြည်သူတွေ(Stay at Home) နေထိုင်ကြတာ၊ တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာ  နေကြတဲ့အချိန်တွေမှာ ကိုဗစ်ကြောင့် သေဆုံးသွားတဲ့လူသေအလောင်းတွေကို မကြောက်မရွံ့၊ မနားမနေ မီးသင်္ဂြိုဟ်ပေးနေကြတဲ့သူတွေကတော့ ဦးကေတုတို့လို သုဘရာဇာတွေပါ။

“လူမှုရေး၊ ဘာသာရေးအတွက် အခုလိုထမ်းနေတာ၊ လုပ်ဆောင်နေတာဖြစ်တယ်။ ကိုဗစ်ကူးစက်လို့ သေသွား မှာကိုလည်း မကြောက်ဘူး။ ဘာဖြစ်လို့လဲဆိုရင် ကျနော်ရဲ့အသက်နဲ့ ပါရမီလုပ်အားကိုလှူထားတာဖြစ်တယ်” လို့ ဦးကေတုက ဆိုပါတယ်။

မျက်စိတစ်စုံမမှိတ်သေးတဲ့အချိန်လေးမှာ ဘုရားသုံးဆူနဲ့ဆွမ်းလှူဒါန်းမှုတွေကို တစ်ကြိမ်တစ်ခါလောက် အလှူလုပ်ချင်သေးတဲ့ဆန္ဒ ဦးကေတုမှာရှိနေပါတယ်။ “သူတော်ကောင်းကို နတ်ကောင်းမတယ်” ဆိုတဲ့ စကားနဲ့အညီ ဘဝရဲ့နေဝင်ချိန်မရောက်မီ ဆန္ဒပြည့်ဝမယ်လို့ ဦးကေတုက ယုံကြည်ထားပါတယ်။

မိသားစုစားဝတ်နေရေးအတွက် သုဘရာဇာအလုပ်ကို စလုပ်ဖြစ်ခဲ့တဲ့ဦးကေတုဟာ ဘဝရဲ့နေဝင်ချိန်အထိ ဒီအလုပ်ကိုလုပ်ကိုင်သွားမယ်လို့လည်း ဆုံးဖြတ်ထားပါတယ်။
“သေဆုံးတဲ့အချိန်ထိလုပ်သွားမယ်။ ဘဝမှာ ချမ်းသာသွားခဲ့ရင်လည်း (သုဘရာဇာအလုပ်ကို) သေဆုံးတဲ့ အချိန်ထိလုပ်သွားမယ်”

မီးသဂြိုဟ်စက်ရဲ့ မီးခိုးတိုင်ထိပ်ကနေ မီးခိုးငွေ့တွေတလိပ်လိပ်ထွက်နေတဲ့အချိန်မှာ သုဘရာဇာ ဦးကေတု တစ်ယောက် သံတုတ်ရှည်တစ်ချောင်းကိုကိုင်ပြီး မီးသဂြိုဟ်တဲ့နေရာမှာ အလုပ်များနေပါတော့တယ်။

မင်းထွန်းရေးသားသည်။