ပဲလှော်ကြား ဆားညှပ်နေရသည့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ

ရခိုင်တွင် တကျော့ပြန်တိုက်ပွဲကာလအတွင်း စစ်ကောင်စီက ရခိုင်ပြည်သူ ၃၂၄ ဦးကို ဖမ်းဆီးခဲ့ပြီး ယင်းအထဲမှ ၈၅ ဦးကို ပြန်လွှတ်ပေးခဲ့ကာ ကျန် ၂၃၉ ဦးကို ဖမ်းဆီးထားဆဲဖြစ်သည်ဟု ရက္ခိုင့်တပ်တော်(AA)က နိုဝင်ဘာလ ၂၈ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုထားသည်။ ယင်းအထဲတွင် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာတာဝန်ခံများလည်းပါဝင်သည်။

By Admin 21 Dec 2022

ပဲလှော်ကြား ဆားညှပ်နေရသည့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ

DMG ၊ ဒီဇင်ဘာ ၂၁

(ဆောင်းပါး)

ကိုကျော်ကျော်ဦးသည် နိုင်ငံသားမိဘနှစ်ပါးမှ မွေးဖွားလာသူဖြစ်ပြီး အသက်(၁၈)နှစ်ပြည့်ပြီးသူလည်းဖြစ်သည်။ သို့သော် နိုင်ငံသားစိစစ်ရေးကဒ်ပြား(မှတ်ပုံတင်)ပြုလုပ်ရန် ၎င်းတွင် အခက်အခဲရှိနေသည်။ ထိုအခက်အခဲမှာ ကျေးရွာအုပ်ချုပ်ရေးမှူး ထောက်ခံစာ မရရှိနိုင်ခြင်းဖြစ်သည်။

ရခိုင်ပြည်၊ ပုဏ္ဏားကွန်းမြို့နယ်၊ ပဲစိနန်းကျေးရွာတွင်နေထိုင်သည့် ကိုကျော်ကျော်ဦးသည် ပထမဆုံးအကြိမ် မှတ်ပုံတင်ကိုင်ဆောင်ရမည့် အခွင့်အရေးနှင့်လွဲခဲ့ရကာ ဘဝတက်လမ်းအတွက် ပြည်ပနိုင်ငံသို့ အလုပ်သွားလုပ်ရန်မှာလည်း မှတ်ပုံတင်မရှိသဖြင့် လက်လျော့ခဲ့ရသည်။

ပဲစိနန်းကျေးရွာရှိ အုပ်ချုပ်ရေးမှူးမှာ တာဝန်မှနုတ်ထွက်သွားပြီးနောက် ယင်းနေရာတွင် အုပ်ချုပ်ရေးမှူးအသစ် အစားမထိုးနိုင်သေးသဖြင့် မှတ်ပုံတင်ပြုလုပ်ရာတွင်လိုအပ်သည့် ကျေးရွာအုပ်ချုပ်ရေးမှူး ထောက်ခံစာရရှိရန် ကိုကျော်ကျော်ဦးအတွက် ခက်ခဲနေခြင်းဖြစ်သည်။

“မြို့နယ်ထွေအုပ်ကလည်း ကျေးရွာအုပ်ချုပ်ရေးမှူးထောက်ခံစာမပါရင် ဘာမှမလုပ်ပေးဘူးလို့ပြောတယ်။ ကျေးရွာအုပ်ချုပ်ရေးမှူးက နုတ်ထွက်သွားတဲ့အတွက်ပါဆိုရင်လည်း မရဘူးလို့ပြောတယ်။ ထောက်ခံစာမပါရင် တစ်ခုမှလုပ်လို့မရဘူး။ အိမ်ထောင်စုလည်း လုပ်လို့မရဘူး။ မှတ်ပုံတင်လည်း လုပ်လို့မရဘူးလို့ပြောတယ်’’ဟု မောင်ကျော်ကျော်ဦးက သူတွေ့ကြုံနေရပုံကိုရှင်းပြသည်။

ဒီဇင်ဘာလ ၁၄ ရက်နေ့က ကိုကျော်ကျော်ဦးမှာ မှတ်ပုံတင်ပြုလုပ်ရန် ပုဏ္ဏားကျွန်းမြို့နယ်၊ အုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက်ခဲ့သော်လည်း ကျေးရွာအုပ်ချုပ်ရေးမှူးထောက်ခံစာ မပါသည့်အတွက် မှတ်ပုံတင်ပြုလုပ်၍မရဘဲ လှည့်ပြန်ခဲ့ရသည်။

ထိုသို့သော အခက်အခဲကို ကိုကျော်ကျော်ဦး တစ်ဦးတည်း ကြုံတွေ့နေရခြင်းတော့ မဟုတ်ပေ။ ရခိုင်ပြည်အတွင်းက ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ မောင်တောမြို့နယ်တို့မှ ကျေးရွာပေါင်း(၁၀၀)ခန့်မှ ရပ်/ကျေးအုပ်ချုပ်ရေးမှူး နုတ်ထွက်သွားသဖြင့် ဒေသခံများမှာ ကျေးရွာအုပ်ချုပ်ရေးမှူး ထောက်ခံစာရရှိရန် ခက်ခဲလျက်ရှိနေသည်။

*ရပ်/ကျေးအုပ်ချုပ်ရေးမှူးများကို နုတ်ထွက်စေသည့် အကြောင်းရင်း

ရခိုင်ပြည်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တကျော့ပြန်စစ်ရေး ပြင်းထန်ခဲ့ချိန်က စစ်ကောင်စီဘက်မှ ဒေသခံများကိုသာမက ကျေးရွာအုပ်ချုပ်ရေးပိုင်းတွင် တာဝန်ထမ်းဆောင်နေသူများကိုလည်း ဖမ်းဆီးတရားစွဲဆိုခြင်းများ ရှိခဲ့သည်။

စက်တင်ဘာလ ၃ ရက်နေ့က ဘူးသီးတောင်တပ်ရင်း(၂၃၄)စစ်ဗျူဟာ တာဝန်ရှိသူတို့က အစည်းအဝေးခေါ်သဖြင့် သွားရောက်ခဲ့သည့် အနီးအနားကျေးရွာများမှ ကျေးရွာအုပ်ချုပ်ရေးမှူး ၁၂ ဦးကို တစ်ညတာ ထိန်းသိမ်းကာ စက်တင်ဘာလ ၄ ရက်နေ့တွင် အများစုကို ပြန်လွှတ်ခဲ့သည်။

သို့သော် မီးကျောင်းဈေးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအာမီဟူဆောင်း(၆၀)နှစ်၊ တပ်မင်းချောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်လှ(၆၆ နှစ်)တို့ကို ဆက်လက်ဖမ်းဆီးကာ မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ- ၁၇(၁)ဖြင့် အမှုဖွင့် တရားစွဲဆိုခဲ့သည်။

အောက်တိုဘာလ ၁၄ ရက်နေ့ကလည်း မင်းပြားမြို့၊ ဥက္ကာပျံရပ်ကွက်အုပ်ချုပ်‌‌ရေးမှူး ဦးအောင်ကျော်လှ (ခ) နီတောင်းချေကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ဆေးစရာရှိသည်ဟုဆိုကာ ခေါ်ဆောင်သွားပြီးနောက် နှစ်လကျော်အကြာတွင် ရက္ခိုင့်တပ်တော်(AA)နှင့် ပတ်သက်ဆက်နွယ်သည်ဟုဆိုကာ မတရားအသင်း ဆက်သွယ်မှုဥပဒေပုဒ်မ- ၁၇(၁)(၂)ဖြင့် စစ်ကောင်စီမှ တရားစွဲဆိုခဲ့သည်။

“ကျမတို့မှာ ဟိုအဖွဲ့၊ ဒီအဖွဲ့တွေနဲ့ ဆက်သွယ်မှု မရှိပါ။ ရပ်ကွက်ထဲက လူတိုင်းကို မေးကြည့်လည်းရပါတယ်။ တကယ်တမ်းလည်း AA နဲ့ အဆက်အသွယ်မရှိပါ”ဟု ဦးအောင်ကျော်လှ၏ မိသားစုဝင်တစ်ဦးကပြောသည်။

ယခု ၂၀၂၂ ခုနှစ် ဇူလိုင်လအတွင်းမှ စတင်ကာ နိုဝင်ဘာလအထိ ငါးလအတွင်း ဖမ်းဆီးခံခဲ့ရသည့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာတာဝန်ခံ ၁၀ ထက်မနည်း ရှိခဲ့သည်။ ယင်းအထဲတွင် မောင်တောမြို့နယ်မှ ၃ ဦး၊ ဘူးသီးတောင်မြို့နယ်မှ ၃ ဦး၊ မင်းပြားမြို့နယ်မှ ၁ ဦး၊ ကျောက်ဖြူမြို့နယ်မှ ၄ ဦးတို့ဖြစ်ကြသည်။

ဖမ်းဆီးခံရသည့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးအချို့မှာ မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ-၁၇(၁)ဖြင့် တရားစွဲခံကာ ယခုအချိန်ထိ မိသားစုများနှင့် အဆက်အသွယ်မရသေးသည့် အုပ်ချုပ်ရေးမှူးများလည်း ရှိနေသည်။

ရပ်/ကျေးအုပ်ချုပ်ရေးမှူးများမှာ လုံခြုံမှုမရှိသလို ခံစားနေရသည်ဟု ဘူးသီးတောင်မြို့နယ်မှ လုံခြုံရေးအရ အမည်မဖော်လိုသည့် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။

“ကျနော်တို့ အုပ်ချုပ်ရေးမှူးတွေဆိုတာက သူတို့အစည်းအဝေးခေါ်ရင် သွားရတယ်။ ကျေးရွာအုပ်ချုပ်ရေးမှူးသာ လုပ်နေရတာ တစ်ခုခုဖြစ်ရင် ကျနော်တို့ဘက်က တာဝန်ယူမယ့်သူ မရှိဘူး”ဟု ၎င်းကဆိုသည်။

ရခိုင်တွင် တကျော့ပြန်တိုက်ပွဲကာလအတွင်း စစ်ကောင်စီက ရခိုင်ပြည်သူ ၃၂၄ ဦးကို ဖမ်းဆီးခဲ့ပြီး ယင်းအထဲမှ ၈၅ ဦးကို ပြန်လွှတ်ပေးခဲ့ကာ ကျန် ၂၃၉ ဦးကို ဖမ်းဆီးထားဆဲဖြစ်သည်ဟု ရက္ခိုင့်တပ်တော်(AA)က နိုဝင်ဘာလ ၂၈ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုထားသည်။ ယင်းအထဲတွင် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာတာဝန်ခံများလည်းပါဝင်သည်။

စစ်ကောင်စီသည် စစ်ရေးတင်းမာသည့်ဒေသများမှ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများကို သံသယထားကာ ဖမ်းဆီးတရားစွဲဆိုနေခြင်းကြောင့် အုပ်ချုပ်ရေးပိုင်းတွင် ဆက်လက်တာဝန်ထမ်းဆောင်ရန် စိုးရိမ်စရာ ဖြစ်နေသည်ဟု ရပ်/ကျေးအုပ်ချုပ်ရေးမှူးများက ယူဆကြသည်။

ထို့ကြောင့် စစ်ကောင်စီအနေဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူးများကို သံသယထားကာ ဖမ်းဆီးမှုများဆက်ရှိနေလျှင် ကျေးရွာအုပ်ချုပ်ရေးမှူးများ အစုလိုက်အပြုံလိုက် နုတ်ထွက်မှုဖြစ်ပေါ်လာနိုင်သည်ဟု မောင်တောမြောက်ပိုင်းမှ အမည်မဖော်လိုသည့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးတစ်ဦးကပြောသည်။

“တစ်ခုခုဖြစ်လာရင် ကျနော်တို့ အုပ်ချုပ်ရေးမှူးတွေကို ပစ်မှတ်ထားပြီး အပြစ်မရှိအပြစ်ရှာ သံသယ ဝင်နေမယ်ဆိုရင် အုပ်ချုပ်ရေးမှူးတိုင်းက နုတ်ထွက်မယ်ဆိုတဲ့စိတ်ဓာတ်ကတော့ အားလုံးမှာ ရှိနေကြပါပြီ”ဟု ၎င်းကပြောသည်။

ဒေသဖွံ့ဖြိုးရေး၊ ကျေးရွာသာယာရေးတို့ကို အဓိကလုပ်ကိုင်နေကြသည့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများကို ဖမ်းဆီးတရားစွဲဆိုခံနေရခြင်းမှာ မဖြစ်သင့်သည့်ကိစ္စဟုလည်း ကျေးရွာအုပ်ချု့်ရေးမှူးများက ဖွင့်ဟကြသည်။

*အစုလိုက်အပြုံလိုက် နုတ်ထွက်ခြင်း

စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့မှ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများကို ခေါ်ယူစစ်ဆေးခြင်း၊ သတိပေးခြင်း၊ ဖိအားပေးခြင်းများရှိနေသည့်အတွက် နှစ်ဘက်စလုံးနှင့် အဆင်ပြေအောင် ဆက်ဆံနေရပြီး ပြဿနာတစ်ခုခုဖြစ်လာပါက အာမခံချက်တစုံတရာမရှိဟု ရပ်/ကျေးအုပ်ချုပ်ရေးမှူးများက ဆိုကြသည်။

ယင်းအခြေအနေများကြောင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများမှာ တာဝန်ထမ်းဆောင်ခြင်းမှ နုတ်ထွက်ရန် ဆုံးဖြတ်လာကြခြင်းဖြစ်သည်ဟု ဘူးသီးတောင်မြို့နယ်မှ အမည်မဖော်လိုသည့် ကျေးရွာအုပ်ချုပ်မှူးတစ်ဦးက ပြောသည်။

“အုပ်ချုပ်မှူးတွေက ကြားညှပ်နေတယ်။ ဟိုဖက်က(စစ်တပ်)က ခေါ်ရင်လည်း သွားရတယ်။ နောက်ပြီးတော့ ဒီဖက် (AA)ကခေါ်ရင်လည်း သွားရတယ်။ တစ်ခုခုဆိုရင် အုပ်ချုပ်ရေးမှူးတွေကိုပဲ အရေးယူတယ်”ဟု ၎င်းကဆိုသည်။

မောင်တောမြို့နယ်တွင် ရပ်/ကျေးအုပ်ချုပ်ရေးမှူးနှစ်ဦးနှင့် ကျေးရွာတာဝန်ခံတစ်ဦးကို စစ်ကောင်စီမှ ဖမ်းဆီးပြီးနောက်တွင် မောင်တောမြို့နယ် မင်းခမောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်ညွန့်နှင့် တမန်းသားကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သိန်းညွန့်တို့မှာ သြဂုတ်လ ၂ ရက်နေ့ နှင့် ၅ ရက်နေ့တို့တွင် နုတ်ထွက်စာတင်ခဲ့ကြသည်။

တကျော့ပြန်တိုက်ပွဲမရပ်မီ နိုင်ဝင်ဘာလအတွင်းကလည်း ပုဏ္ဏားကျွန်းမြို့နယ်မှ ရပ်/ကျေးအုပ်ချုပ်ရေးမှူး စုစုပေါင်း ၇၀ ကျော်မှာ ကျန်းမာရေးနှင့် စီးပွားရေးကိစ္စ အကြောင်းပြကာ နုတ်ထွက်စာတင်ခဲ့ကြသည်။ စင်စစ်မှာမူ စစ်ရေးပဋိပက္ခအကြား နှစ်ဖက်လက်နက်ကိုင်အန္တရာယ်ကို စိုးရိမ်သည့်အတွက် နှုတ်ထွက်ရခြင်းဖြစ်သည်ဟု ရပ်/ကျေးအုပ်ချုပ်ရေးမှူးများက ဖွင့်ဟကြသည်။

နိုဝင်ဘာလ ၁၁ ရက်နေ့က စစ်ကောင်စီတပ်၏ စစ်ကြောင်းဝင်ရောက်ခဲ့သည့် ပုဏ္ဏားကျွန်းမြို့နယ် ဆင်အင်းကြီးကျေးရွာတွင် ဒေသခံ ၁၁ ဦးမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရသည်။ ယင်းဖြစ်စဉ်တွင်လည်း ရပ်/ကျေးအုပ်ချုပ်ရေးမှူးများမှာ ကျေးရွာသားများကို အကာအကွယ်မပေးနိုင်ခဲ့သဖြင့် နုတ်ထွက်ရခြင်း ဖြစ်သည်ဟု ပုဏ္ဏားကျွန်းမြို့နယ်မှ လုံခြုံရေးအရ အမည်မဖော်လိုသည့် အုပ်ချုပ်ရေးမှူးတစ်ဦးကပြောသည်။

“စစ်ကောင်စီဘက်လည်း ရွာထဲကိုဝင်လာမယ်ဆိုရင် အုပ်ချုပ်ရေးမှူးတွေ ဘာမှမသိရဘူး။ သူတို့ဝင်ချင်ရင် ဝင်မယ်။ ထွက်ချင်ရင်ထွက်မယ်။ ပြောရမယ်ဆိုရင် ကျေးရွာတွေမှာလည်း လုံခြုံရေးကင်းမဲ့သွားပြီ။ အုပ်ချုပ်ရေးမှူးတစ်ယောက်အနေနဲ့ ဘာမှမလုပ်ပေး၊ မတားဆီးနိုင်တော့ဘူး။ AA ဘက်ကဆိုရင်လည်း စစ်ကောင်စီကလူ(အုပ်ချုပ်ရေးမှူး) အဲလိုမျိုး အမြင်မကြည်တာတွေရှိတယ်။ ကျနော်တို့တွေက ကြားညှပ်နေတယ်”ဟု ၎င်းကဆိုသည်။

ပုဏ္ဏားကျွန်းမြို့နယ်အတွင်းမှ နုတ်ထွက်စာတင်ခဲ့ကြသည့် ရပ်/ကျေးအုပ်ချုပ်ရေးမှူး ၇၀ ကျော်ကို မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ အစည်းအဝေးရှိသည်ဟုဆိုကာ ဒီဇင်ဘာလ ၄ ရက်နေ့တွင် ဆင့်ခေါ်ခဲ့သော်လည်း လုံခြုံရေးစိုးရိမ်ရသည်ဟုဆိုကာ တစ်ဦးမှ သွားရောက်ခဲ့ခြင်း မရှိပေ။

တကျော့ပြန်တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့သည့် စစ်ကောင်စီနှင့် AA တို့သည် ယခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့တွင် အလွတ်သဘောတူညီချက်ဖြင့် အပစ်ခတ်ရပ်စဲခဲ့ကြသော်လည်း ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ နုတ်ထွက်ခြင်းမှာ ရပ်တန့်သွားခြင်းမရှိဘဲ ဆက်လက်ရှိလာနေသည်။

လက်နက်ကိုင်နှစ်ဖွဲ့ကြားတွင် အုပ်ချုပ်ရေးတာဝန်များကို ထမ်းဆောင်ရာ၌ အခက်အခဲများ ကြုံတွေ့နေရသည်ဟုဆိုကာ ရသေ့တောင်မြို့နယ်တောင်ပိုင်း ကူတောင်နယ်မြေအတွင်းတွင်ရှိသည့် ကျေးရွာအုပ်ချုပ်ရေးမှူး(၁၉)ဦးမှာ ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် နုတ်ထွက်စာတင်ခဲ့ကြသည်။

“ရွာသားတွေက ကျနော်တို့ကို စစ်ကောင်စီကခန့်ထားတဲ့ အုပ်ချုပ်ရေးမှူးတွေဖြစ်တာမို့ မကြိုက်မနှစ်သက်တဲ့ ပုံတွေ့ရတယ်။ နောက် အခုလို စစ်ကောင်စီနဲ့ AA တို့ တိုက်ပွဲဖြစ်နေတဲ့ကာလမျိုးမှာ လုပ်ရကိုင်ရ တာဝန်ထမ်းဆောင်ရတာတွေ အခက်အခဲရှိလာတဲ့အတွက် ကိုယ့်သဘောနဲ့ကိုယ်နုတ်ထွက်ကြတာပါ”ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ရသေ့တောင်မြို့နယ်မှ ရပ်/ကျေးအုပ်ချုပ်ရေးမှူးတစ်ဦးကပြောသည်။

ယင်းအပြင် ပုဏ္ဏားကျွန်းမြို့နယ်တွင်လည်း ယခင်က နုတ်ထွက်ထားသည့် ရပ်/ကျေးအုပ်ချုပ်ရေးမှူး ၇၀ ကျော်ရှိခဲ့ရာမှ လက်ရှိတွင် နုတ်ထွက်ထားသည့် အုပ်ချုပ်ရေးမှူး ၉၀ နီးပါးအထိ ရှိလာသည်ဟု စုံစမ်းသိရှိရသည်။

ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ နုတ်ထွက်လာသည့်ကိစ္စနှင့်ပတ်သက်ပြီး ရက္ခိုင့်တပ်တော်(ULA/AA)၏ ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခနှင့် စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်ထွန်းတို့ကို အဆက်အသွယ်မရသေး၍ ၎င်းတို့၏သဘောထားအမြင်များကို တင်ပြနိုင်ခြင်းမရှိသေးပေ။

စစ်ကောင်စီသည် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများကို ဖမ်းဆီး၊ တရားစွဲဆိုမှူးများအပါအဝင် ULA/AA နှင့် မပတ်သက်ရန် ခြိမ်းခြောက်ပြောဆိုမှုများကြောင့် လက်ရှိတွင် အုပ်ချုပ်ရေးမှူးများ နုတ်ထွက်လာကြခြင်း ဖြစ်သည်ဟု ရခိုင့်ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက သုံးသပ်သည်။

“အုပ်ချုပ်ရေးမှူးတွေက နှစ်ဖက်ကြားညှပ်တာမှန်တယ်။ အဲဒါကြောင့် နှစ်ဖက်ကြားမှာနေတက်အောင်လည်း ကြိုးစားတက်ဖို့လိုတယ်။ စစ်ကောင်စီကလည်း ငါတို့မှလွဲပြီး ULA /AA နဲ့ မဆက်ဆံရ။ ULA /AA နဲ့ပေါင်းရင် တရားစွဲမယ်။ အရေးယူမယ်ဆိုတာကလည်း မဖြစ်သင့်တဲ့ကိစ္စဖြစ်တယ်။ (အုပ်ချုပ်ရေးမှူးတွေက)ULA/AA နဲ့ ဆက်ဆံရတာလည်း လိုအပ်လို့ဆက်ဆံရတာဖြစ်တယ်။ အဲဒါကိုသွားပြီး အပြစ်ရှာတယ်ဆိုတာက မသင့်ဘူး”ဟု ၎င်းကပြောသည်။

စစ်ကောင်စီလက်အောက်တွင် အမှုထမ်းနေသည့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ နုတ်ထွက်လာခြင်းသည် စစ်ကောင်စီ၏ အုပ်ချုပ်ရေးနှင့် တရားဥပဒေစိုးမိုးရေး ပျက်ပြားလာခြင်းဖြစ်သည်ဟုလည်း ဦးဖေသန်းက ရှုမြင်သည်။

လက်ရှိတွင် စစ်ကောင်စီအနေဖြင့် အုပ်ချုပ်ရေးမှူးများ၏ လုံခြုံရေးအပြင် ကျေးရွာ၏လုံခြုံရေးကို အာမခံချက် အပြည့်အဝပေးပြီးမှသာလျှင် နုတ်ထွက်စာတင်ထားသည့် အုပ်ချုပ်ရေးမှူးများနှင့်ဆွေးနွေးပြီး ပြန်လည်ခန့်အပ် သင့်သည်ဟုလည်း ဦးဖေသန်းကထောက်ပြသည်။

“စစ်ကောင်စီအနေနဲ့ ကြားထဲမှာလုပ်ကိုင်နေရတဲ့ အုပ်ချုပ်ရေးမှူးတွေရဲ့ အကျပ်အတည်းတွေကို နားလည်ဖို့ လိုအပ်တယ်။ ULA/AA နဲ့ ပူးပေါင်းရဲပူးပေါင်းကြည့်၊ ဆက်သွယ်ရဲရင် ဆက်သွယ်ကြည့်ဆိုတဲ့သဘောနဲ့ ခြိမ်းခြောက်တာတို့၊ တရားစွဲတာတို့ လုပ်လို့မရဘူး။ အဲဒီနေရာတွေက စစ်ကောင်စီထိန်းချုပ်မှုသက်ရောက်တဲ့နေရာတွေလည်း မဟုတ်ဘူး။ စစ်ကောင်စီအနေနဲ့ ဒီလိုကိစ္စတွေကို စည်းရုံးရေးနည်းနဲ့ပဲ အဓိက ဖြေရှင်းသင့်တယ်လို့မြင်တယ်”ဟု ၎င်းကဆိုသည်။

လက်ရှိတွင် နုတ်ထွက်စာတင်ထားကြသည့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးတို့အား နုတ်ထွက်ခွင့်ပြု/မပြုကို မသိရသေးပေ။ သို့သော် အုပ်ချုပ်ရေးမှူးတို့မှာ ကျေးရွာများတွင် တာဝန်ထမ်းဆောင်ခြင်း မရှိတော့ပေ။ ယင်းအပြင် နုတ်ထွက်သွားသည့် အုပ်ချုပ်ရေးမှူး လစ်လပ်နေရာတွင် အစားထိုးခန့်အပ်ကာ တာဝန်ထမ်းဆောင် နေသူများလည်း မရှိသေးပေ။

*အုပ်ချုပ်ရေးမှူးမရှိသည့် ကျေးရွာများမှ ဒေသခံတို့ နစ်နာနေရ

ရွာသားများ၏ ဆန္ဒမဲဖြင့် ရွေးချယ်ခန့်အပ်ထားသည့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများသည် ဒေသဖွံ့ဖြိုးရေးအပြင် ကျေးရွာအတွင်း အမှုအခင်းကိစ္စရပ်များကို လိုက်လံဖြေရှင်းဆောင်ရွက်နေကြသူများ ဖြစ်ကြသည်။ ထို့ကြောင့် ကျေးရွာတစ်ရွာတွင် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ မရှိပါက ကျေးရွာ၏ ဒေသဖွံ့ဖြိုးရေး အားနည်းလာနိုင်သလို ကျေးရွာ၏ တရားဥပဒေစိုးမိုးရေးနှင့် အုပ်ချုပ်ရေးအပိုင်းများတွင်လည်း နစ်နာမှုများရှိလာသည်။

လက်ရှိ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနုတ်ထွက်သွားသည့် ကျေးရွာများတွင် ရက္ခိုင့်အမျိုးသားအဖွဲ့အချုပ်(ULA)မှ ဒေသတွင်း တရားစီရင်ရေး၊ အုပ်ချုပ်ရေးပိုင်းများကို တာဝန်ယူဆောင်ရွက်နေသည်ဟု စုံစမ်းသိရှိရသည်။

သို့သော် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာများနှင့် ချိတ်ဆက်ပြီးလုပ်ကိုင်ရသည့် ကျေးရွာဖွံ့ဖြိုးရေး အပါအဝင် လမ်းတံတား၊ စာသင်ကျောင်း၊ ဆေးခန်း အစရှိသည့်လိုအပ်ချက်များကို အုပ်ချုပ်ရေးမှူးမရှိသဖြင့် တင်ပြ၍မရဘဲ ဖြစ်နေကြသည်။

ယင်းအပြင် အိမ်ထောင်စုစာရင်း၊ နိုင်ငံသားစိစစ်ရေးကဒ်ပြား(မှတ်ပုံတင်) စသည့်ကိစ္စရပ်များကို လုပ်ကိုင်ရန်အတွက် ထောက်ခံစာယူ၍မရသည့် အခက်အခဲများနှင့် ကြုံတွေ့နေရသည်ဟု ကျေးရွာသားများက ဆိုကြသည်။

“မှတ်ပုံတင်သွားလုပ်တော့ မြို့နယ်ထွေအုပ်ရုံးက ကျေးရွာ အုပ်ချုပ်ရေးမှူးထောက်ခံစာ မပါရင် မှတ်ပုံတင် လုပ်လို့မရဘူးလို့ပြောတယ်။ မှတ်ပုံတင်မရှိတော့ မလေးရှားကိုသွားဖို့အဆင်မပြေတော့ဘူး။ လေယာဉ်လက်မှတ် ခံထားတာလည်း ဆုံးတယ်။ ဗီဇာလုပ်ထားတာလည်း အလာဟသဖြစ်ကုန်တယ်”ဟု မလေးရှားနိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်ရန် စီစဉ်ထားသည့် ပုဏ္ဏားကျွန်းမြို့နယ်မှ ဒေသခံတစ်ဦးကပြောသည်။

မည်သို့ပင်ဆိုစေကာမူ ကျေးရွာအုပ်ချုပ်ရေးမှူး ထောက်ခံစာမရှိသဖြင့် နိုင်ငံသားစိစစ်ရေးကဒ်ပြား(မှတ်ပုံတင်) ပြုလုပ်၍ မရဘဲဖြစ်နေခြင်းသည် အဖမ်းအဆီး၊ အစစ်အဆေးများပြားနေသည့် ရခိုင်ဒေသတွင် နေထိုင်သွားလာရေးအတွက်ပင် မလွယ်ကူနိုင်ကြောင်း ပုဏ္ဏားကျွန်းမြို့နယ်မှ အသက်(၁၈)နှစ်အရွယ် ကိုကျော်ကျော်ဦးက ဖွင့်ဟပြောဆိုသည်။

“ကျနော်တို့ မလေးရှားကိုမသွားနိုင်ရင်တောင်မှ မှတ်ပုံတင်တစ်ခုရှိနေဖို့ လိုပါတယ်။ ရွာကထွက်ရင် မှတ်ပုံတင်လိုနေပြီ။ အစစ်အဆေးတွေက သိပ်များတာကို။ အဲဒါကလည်း စိုးရိမ်စရာတစ်ခုဖြစ်နေတယ်။ ကျနော်တို့ကတော့ မှတ်ပုံတင်လုပ်လို့ရစေချင်တယ်”ဟု ပြောသည်။

မင်းထွန်း - ရေးသည်။

ဗီဒီယိုများ