- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
ကမန်တွေကို တိုင်းရင်းသားလို့ အသိအမှတ်မပြုတော့ဘူးလား
ကမန်လူမျိုးတွေဟာလည်း တိုင်းရင်းသား မျိုးနွယ်စုဝင်တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ဘယ်လိုနေရာမှာမဆို လွတ်လပ်စွာ အခြေစိုက်နေနိုင်ပါ တယ်။ အစ္စလာမ်ဘာသာကို ကိုးကွယ်တဲ့အချက်ကိုကြည့်ပြီးတော့ သူတို့လည်း ဘင်္ဂါလီတွေပဲလို့ မှတ်ယူနေရင် တိုင်းရင်းသားအချင်းချင်း ခွဲခြားရာရောက်ပါလိမ့်မယ်။ ကမန်လူမျိုးတွေဟာ တိုင်းရင်းသား (၁၃၅) မျိုးမှာ တစ်မျိုးအပါအဝင်ဖြစ်တဲ့အတွက် သူတို့ဟာ ဘယ်နေ ရာ၊ ဘယ်အရပ်မဆို လွတ်လပ်စွာသွား လာခွင့်ရှိသလို ဘယ်နေရာမှာမဆို အခြေစိုက်နေထိုင်ခွင့်လည်း ရှိပါတယ်။
22 Mar 2018
ဖဒူထွန်းအောင် ရေးသားသည်။
ကမန်တိုင်းရင်းသားတွေဟာ တိုင်းရင်းသား(၁၃၅)မျိုးထဲမှာ တစ်မျိုးအပါအဝင်ဖြစ်ပါတယ်။ ကမန်မျိုးနွယ်စုတွေဟာ ရခိုင်ဘုရင့်တပ်မတော် “ လေးသည်တော်တပ် ” ကို အစွဲပြုရာမှ ပေါ်ပေါက်လာတဲ့ ဘုရင့်တပ်မတော်ရဲ့ အမည်နာမကို အကြောင်းပြုတဲ့ လူမျိုးစုတစ်စုဖြစ်ပါတယ်။ ရခိုင်မျိုးနွယ်စုဝင် (၇) မျိုးရှိတဲ့အနက် ကမန်လူမျိုးဟာလည်း တစ်မျိုးအပါအဝင်ပါပဲ။
ရခိုင်ပြည်နယ်အတွင်းမှာ နေထိုင်တဲ့ ကမန်တွေဟာ အစ္စလာမ်ဘာသာကို ကိုးကွယ်ကြပါတယ်။ သူတို့ဟာ ရခိုင်ဘာသာစကားကို ပြောပါတယ်။ ကမန်တွေဟာ ရခိုင်လူမျိုးတွေနဲ့ ရိုးရာယဉ်ကျေးမှု၊ ဝတ်စားဆင်ယင်ထုံးဖွဲ့ပုံ၊ စကားအပြောအဆို တူညီကြပါတယ်။ ရခိုင်လူမျိုးတွေလိုပဲ သင်္ကြန်ပွဲတော်၊ သီတင်းကျွတ်ပွဲတော်တွေကို ပါဝင်ဆင်နွဲှကြပါတယ်။
၂၀၁၂ ခုနှစ်အတွင်း ရခိုင်ပြည်နယ်မှာဖြစ်ပွားတဲ့ ပဋိပက္ခကြောင့် ရမ်းဗြဲမြို့နယ်မှာရှိတဲ့ ကမန်လူမျိုးတွေရဲ့ နေအိမ်တွေဟာ မီးရှို့ဖျက်ဆီးခံလိုက်ရပါတယ်။ ဒါကြောင့် သူတို့ဟာ ဒုက္ခသည်စခန်းမှာ ၅ နှစ် နေထိုင်ခဲ့ကြရပါတယ်။ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်ရဲ့ အကြံပြုချက်အရ ဒုက္ခသည်စခန်းကို ၂၀၁၇ ခုနှစ်က ပိတ်သိမ်းခဲ့ပါတယ်။
ဒုက္ခသည်စခန်း ပိတ်သိမ်းပြီးနောက် ကမန်လူမျိုးတွေဟာ ရမ်းဗြဲမြို့နယ်မှာ အိမ်ဆောက်ဖို့ တောင်းဆိုခဲ့ပေမယ့် နောက်ပိုင်းမှာ တစ်ချို့ရခိုင်အဖွဲ့အစည်းတွေနဲ့ ပဋိပက္ခထပ်ဖြစ်လာရင် မကောင်းဘူးဆိုပြီး အစိုးရကို ပြောခဲ့ပါ တယ်။ ဒါကြောင့် ဒုက္ခသည်စခန်းက ကမန်လူမျိုးအိမ်ထောင်စု ၅၅ စုကို အစိုးရက ရန်ကုန်မြို့၊ ထောက်ကြန့်မြို့ နယ်အတွင်းသို့ ပြောင်းရွှေ့ပေးခဲ့တာ ဖြစ်တယ်လို့ ကမန်တိုင်းရင်းသား လူမှုကွန်ရက်ဥက္ကဋ္ဌ ဦးထွန်းငွေက ပြောပါ တယ်။
မတ်လ ၅ ရက်နေ့က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမတ်ဦးမောင်မြင့်က ကမန်လူမျိုးတွေကို ရန်ကုန်မှာပြောင်းရွှေ့နေထိုင်ခွင့်ပြုထားတာနဲ့ပတ်သတ်ပြီး ပြန်လည်သုံး သပ်ပေးဖို့ ပြည်သူ့လွှတ်တော်ကို အဆိုတစ်ခု တင်သွင်းလိုက်ပါတယ်။
ဦးမောင်မြင့် တင်ပြတာမှာတော့ ကိုဖီအာနန်ကော်မရှင်ရဲ့ အကြံပြုချက်မှာ ဒုက္ခသည်စခန်းရှိ နေထိုင်သူတွေကို မိမိတို့ရဲ့မူလဒေသတွေကို ပြန်ပို့ရမယ်လို့ ရှင်းလင်းစွာပါရှိပေမယ့် ရန်ကုန်သို့ ပို့ရမယ်လို့ မပါကြောင်း ပြောပါတယ်။ ဒါ့အပြင် ဒီလိုမူလနေရာကို ပြန်ပို့မယ့်အစား ရန်ကုန်သို့ ပို့လိုက်တာဟာ ရည်ရွယ်ချက်ရှိရှိ လွဲမှားဆောင်ရွက်နေတာမှာ ထင်ရှားတယ်လို့ လွှတ်တော်ကို ပြောပါတယ်။
“ ဒီဖြစ်စဉ်ကိုသာ ကျွန်တော် တို့က ငြိမ်ခံနေမယ်ဆိုရင် ဒါက Precedent ဖြစ်သွားပြီး နောက်ထပ် ပြောင်း ရွှေ့ဖို့အတွက် IDP စခန်းတွေမှာ ဘင်္ဂါလီ ၁၂၀,၀၀၀ ဟာ တန်းစီအသင့်စောင့်ဆိုင်းနေပါတယ်။ အစိုးရစီစဉ်ပေးတဲ့ ဘင်္ဂါလီကလည်းဝင်၊ တရားမဝင် ခိုးဝင တဲ့ ဘင်္ဂါလီကလည်း ဝင်နေတာကို လက်ပိုက်ကြည့်နေမယ်ဆိုရင်တော့ ရန် ကုန်တစ်မြို့လုံး မကြာခင်မှာ ဘင်္ဂါလီ တွေချည်း ဖြစ်မှာမလွဲပါပဲခင်ဗျား ” လို့ ဦးမောင်မြင့်က လွှတ်တော်သို့ပြောကြား ခဲ့ပါတယ်။
ရခိုင်ပြည်နယ်မှာဖြစ်တဲ့ ကင်ဆာဆဲလ်ကို ရခိုင်မှာပဲ ကုတာကောင်းတယ်လို့ပြောပြီး ကင်ဆာဆဲလ်တွေကို ရန်ကုန်ပို့မယ်ဆိုရင် တစ်ပြည်လုံး ပြန့်သွားမှာဖြစ်တယ်လို့ သူကတင်ပြခဲ့ပါ တယ်။
ဒါပေမယ့် ကမန်တွေဟာ အစ္စလာမ်ဘာသာကိုးကွယ်ပေမယ့် ဘင်္ဂါလီလူမျိုးမဟုတ်ပါဘူး။ တိုင်းရင်းသား (၁၃၅) မျိုးထဲမှာပါဝင်တဲ့ တိုင်းရင်းသားလူမျိုးတစ်ခုဖြစ်ပါတယ်။
“ ကမန်တွေကို တခြားတိုင်းရင်းသားတွေ အထင်အမြင်လွဲတာ မခံချင်ဘူး။ သူက အထင်အမြင် လွဲသွားအောင် လုပ်လိုက်တာ။ တခြားဘင်္ဂါလီတွေနဲ့ ရောနှောပြီးလာမှာလား၊ ဘာလားဆိုပြီး ပြောလိုက်တဲ့အပေါ်မှာတော့ ကန့်ကွက်ပါတယ်။ ကမန်ကို သူတို့ (ဘင်္ဂါလီတွေ)နဲ့ နှိုင်းပြီးမပြောပါနဲ့ ” လို့ ကမန်တိုင်းရင်းသားလူမှုကွန်ရက် ဥက္ကဋ္ဌ ဦးထွန်းငွေက ပြောပါတယ်။
လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့် တင်သွင်းတဲ့အခါ ကျောက်ဖြူ၊ ပေါက်တောနဲ့ ရမ်းဗြဲမြို့နယ်က ဒုက္ခသည်စခန်း (၃) ခုက အိမ်ထောင်စု (၅၅) စုကို ရန်ကုန်သို့ ပြောင်းရွှေ့ပေး လိုက်တယ်ဆိုတာ မှားယွင်းတဲ့အချက်ပါ။ ရမ်းဗြဲမြို့နယ်က ကမန်အိမ်ထောင် စု (၅၅) စုကိုပဲ ပြောင်းရွှေ့ပေးလိုက်တာဖြစ်တယ်လို့ ဦးထွန်းငွေက ဆိုပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအရ အခန်း (၈) ပုဒ်မ ၃၅၅ မှာ နိုင်ငံသားတိုင်းဟာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း မည်သည့်အရပ်ဒေသမှာမဆို ဥပဒေနဲ့အညီ အခြေစိုက်နေထိုင်ခွင့်ရှိတယ်လို့ ပြဌာန်းထားပါတယ်။
ရန်ကုန်ကိုရောက်နေတဲ့ ကမန်လူမျိုးတွေအနေနဲ့က တကယ်လို့ အဲဒီအဆိုအောင်မြင်ခဲ့ရင်တော့ မူလနေရာမှာ အိမ်ဆောက်ပေးရမှာဖြစ်ပြီး ၎င်းတို့နေရပ်ပြန်မှာဖြစ်တယ်လို့ ဆိုပါတယ်။
“ သွားမယ်ဆိုတာ အာမခံပါတယ်။ ဒါပေမယ့် မှတ်ပုံတင်လည်းရှိတယ်။ သန်းခေါင်စာရင်းလည်းရှိတဲ့ သူတွေဖြစ်တဲ့အတွက်ကြောင့် ရန်ကုန်မှာပညာသင်ဖို့၊ အလုပ်အကိုင်လုပ်ဖို့ သွားလို့လာလို့ရတယ်လို့ အစိုးရက တာဝန်ယူလက်မှတ်ထိုးပေးရင်တော့ သွားမှာပါ။ မဟုတ်ရင်တော့ သူတို့တာဝန်ပဲ။ ပြဿနာတစ်စုံတစ်ရာ ဖြစ်လို့ရှိရင်တော့ သူတို့တာဝန်ပဲဖြစ်တယ် ” ဟု ဦး ထွန်းငွေက ဆိုပါတယ်။
ဒီအဆိုကို လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမောင်သင်းက ထောက်ခံခဲ့ပြီး လွှတ်တော်မှာ ဆက်လက်ဆွေးနွေးဖို့ သင့်၊ မသင့်လွှတ်တော်ရဲ့ သဘောထားခံယူတဲ့အခါမှာ ကန့်ကွက်သူမရှိတာကြောင့် ဆွေးနွေးဖို့ သဘောတူခဲ့ပါတယ်။
ကမန်လူမျိုးတွေဟာလည်း တိုင်းရင်းသား မျိုးနွယ်စုဝင်တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ဘယ်လိုနေရာမှာမဆို လွတ်လပ်စွာ အခြေစိုက်နေနိုင်ပါ တယ်။ အစ္စလာမ်ဘာသာကို ကိုးကွယ်တဲ့အချက်ကိုကြည့်ပြီးတော့ သူတို့လည်း ဘင်္ဂါလီတွေပဲလို့ မှတ်ယူနေရင် တိုင်းရင်းသားအချင်းချင်း ခွဲခြားရာရောက်ပါလိမ့်မယ်။ ကမန်လူမျိုးတွေဟာ တိုင်းရင်းသား (၁၃၅) မျိုးမှာ တစ်မျိုးအပါအဝင်ဖြစ်တဲ့အတွက် သူတို့ဟာ ဘယ်နေရာ၊ ဘယ်အရပ်မဆို လွတ်လပ်စွာသွားလာခွင့်ရှိသလို ဘယ်နေရာမှာမဆို အခြေစိုက်နေထိုင်ခွင့်လည်း ရှိပါတယ်။
(၂၀၁၈ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့တွင်ထွက်ရှိသော Development News Journal ၏ အမှတ် (၈၃) တွင် ဖော်ပြခဲ့သည့် ဆောင်းပါးဖြစ်သည်။)