ကမ်းမရှိတော့တဲ့ လှေလုပ်သားတွေရဲ့ဘဝ

လှေလုပ်သားများမှာ စစ်တွေမြို့ရဲ့ မြို့မဈေးကြီးအနီး ကုလားတန်မြစ်ကမ်းဘေးတွင် လှေရပ်နားရန် ဆူးကျောက်ကို ချသူချ၊ ကုန်ပစ္စည်းများကို အတင်အချလုပ်သူကလုပ်နှင့် သူတို့၏တစ်နေ့တာအလုပ်ကို နေပူကြဲကြဲမှာ အားစိုက်လုပ်ဆောင်နေကြသည်။

05 Mar 2018

စစ်တွေမြို့ မိဇံရပ်ကွက်အနီး ကုလားတန်မြစ်ကို မြေကွက်သစ်ဖော်ထုတ်လိုက်တာကြောင့် စစ်တွေမြို့ကို အမှီပြုပြီး လုပ်ကိုင်နေကြတဲ့ လက်ခတ်လှေလုပ်သားတွေအတွက် လှေရပ်နားဖို့ ဆိပ်ကမ်းဟာ ပျောက်ခြင်းမလှပျောက်သွားပါတော့တယ်။

 

မတ်လ ၅ ရက်နေ့၊ ၂၀၁၈ ခုနှစ်။   ။    လှေလုပ်သားများမှာ စစ်တွေမြို့ရဲ့ မြို့မဈေးကြီးအနီး ကုလားတန်မြစ်ကမ်းဘေးတွင် လှေရပ်နားရန် ဆူးကျောက်ကို ချသူချ၊ ကုန်ပစ္စည်းများကို အတင်အချလုပ်သူကလုပ်နှင့် သူတို့၏တစ်နေ့တာအလုပ်ကို နေပူကြဲကြဲမှာ အားစိုက်လုပ်ဆောင်နေကြသည်။

လှေလုပ်သားအချို့မှာ နီးစပ်ရာကျေးရွာများမှ ပါဆင်ဂျာစက်လှေများဖြင့် ဈေးရောင်းဈေးဝယ်လာရောက်သူနှင့် ခရီးသည်များကို လှေငယ်လေးများဖြင့် ပို့ဆောင်လျက် ဆိပ်ကမ်းနှင့် လိုင်းဆွဲစက်လှေများကြားတွင် ကူးလူး သွားလာလျက်ရှိကြသည်။

လှေလုပ်သားတို့ပိုင်ဆိုင်သည့် လှေငယ်လေးများကို ကူးတို့လှေ (ဒေသအခေါ်)သဗ္ဗာန်ဟုခေါ်ဆိုကြပြီး လှေ၏ ပဲ့ပိုင်းနေရာတွင် လှေလှော်ခတ်ရန် လှော်တက်နှစ်ချောင်းကို ကြက်ခြေခတ်သဏ္ဍာန်တူတပ်ဆင်ကာ လှေသားက လက်နှစ်ဖက်ကိုအသုံးပြုပြီး မတ်တပ်ရပ်လှော်ခတ်ရသည့် ကူးတို့လှေမျိုးဖြစ်သည်။

လက်နှစ်ဖက်ကိုအသုံးပြုခြင်းကြောင့် လက်ခတ်လှေဟုခေါ်ဆိုကြသော်လည်း လွန်ခဲ့သောသုံးနှစ်ခန့်အချိန်မှစပြီး စက်ငယ်များကိုအသုံးပြုကာ စက်တပ်လှေအဖြစ် အသွင်ကူးပြောင်းလာခဲ့ကြသည်။

လက်ရှိအခြေအနေတွင် လှေလုပ်သားများ ကျက်စားရှင်သန်မှုပြုနေတဲ့နေရာကို မြေဖို့မြေယာဖော်ထုတ်မှု စီမံကိန်းကြီးက နေရာယူတံဆိပ်ကပ်ခံလိုက်ရတော့သည်။

စစ်တွေမြို့အရှေ့ဖက် ကုလားတန်မြစ်ကမ်းဘေးရှိ ဒီရေရောက်မြေဧက ၉၀ အား Waterfront Project စီမံကိန်းအဖြစ် ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် BXT Internation ကုမ္ပဏီတို့ အကျိုးတူပူးပေါင်းလုပ်ဆောင် နေခြင်းဖြစ်သည်။

အဆိုပါစီမံကိန်းတွင် စုပေါင်းအိမ်ယာ၊ ကွန်ဒို၊ ပို့ဆောင်ရေးဝန်ဆောင်မှုများ၊ ကုန်သွယ်မှုစီးပွားရေးဇုန်၊ ငါးလုပ်ငန်းစက်ရုံများ၊ အပန်းဖြေနေရာများပါဝင်မည်ဖြစ်ပြီး စီမံကိန်းမြေ ၁ စတုရန်းပေအား ကျပ်နှစ်သောင်းဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်းလည်း သိရပါတယ်။

စီမံကိန်းကို ၂၀၁၆ ခုနှစ် မတ်လအတွင်း စတင်အကောင်အထည်ဖော်လုပ်ဆောင်ခဲ့ကြပြီး ထိုအချိန်က ဒေသခံ ပြည်သူများမှ ကန့်ကွက်မှုရှိခဲ့သော်လည်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှညှိနှိုင်းမှုများကြောင့် ပြေလည်မှုရရှိ ခဲ့သည်ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံက ပြောသည်။

“ဒေသခံတွေက စစ်တွေမြို့လည်ချောင်းကို မပိတ်ဖို့ပြောတော့ Open System နဲ့ လုပ်ခဲ့ပါတယ်။ ဒါက မြို့နယ်လူထုရဲ့ဆန္ဒကို လိုက်လျောတဲ့အနေနဲ့ပါ။ တကယ်တန်းကျတော့ ဖွံ့ဖြိုးတဲ့ ဒေသတွေမှာ အနံ့အသက် မထွက်ရအောင်နဲ့ မြောင်းတွေကိုလုပ်တာပေါ့။ သို့သော်ဒေသခံတွေအနေနဲ့ ရာသီဥတု ဖောက်ပြန်တဲ့အခါမှာ လောင်းလှေတွေဝင်လို့ရအောင် Open System နဲ့ လုပ်ပေးပါဆိုလို့ လုပ်ဆောင်ခဲ့ပါတယ် ” ဟု ပြောသည်။

အဆိုပါ မြို့လည်ချောင်းအား ပိုက်လုံးကြီးများချမည်ကိစ္စကို ၂၀၁၆ ခုနှစ်က ရပ်ကွက်နေပြည်သူများ၊  ၎င်းနေရာတွင်လုပ်ကိုင်နေသည့် ပုစွန်လုပ်ငန်းရှင်များ၊ မြို့မိ၊ မြို့ဖများနှင့် လွှတ်တော်ကိုယ်စားလှယ်တို့မှ ကန့်ကွက်ခဲ့သည့်အတွက် ပိုက်ကို မချဖြစ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

“ချောင်းကတိမ်သွားတာတော့ အမှန်ပဲ၊ ဘာလို့လည်းဆိုတော့ သူတို့သဲဖို့ကြတော့ သဲတွေက ဒီချောင်းတွင်းကို ကျပြီးတော့ အရင်တုန်းကထက်တိမ်သွားတယ်။ အရင်တုန်းကဆိုရင် တော်ရုံရေတက်တာနဲ့ ဒီမှာစက်လှေ တွေက ဝင်ထွက်လို့ရတယ်။ အခုတော်ရုံတန်ရုံ ရေတက်တာနဲ့မရဘူး။ ရေတော်တော်ကြီးမှ။ အခုရေသေ ရက်တွေဆိုရင် လှေတွေကဝင်လို့မရတော့ဘူး။ မုန်းတိုင်းခိုမယ့်ကိစ္စကျတော့ ချောင်းရိုးက နည်းနည်း ကျဉ်းသွားတယ်။ ချောင်းနံဘေးတွေမှာ ဘောင်တွေလုပ်လိုက်တော့။ အရင်တုန်းကဆိုရင် နည်းနည်းကျယ်တယ်” ဟု ယင်းနေရာတွင် ကုန်ရောင်းကုန်ဝယ်လုပ်ကိုင်နေသူ ဦးစောလှက ပြောသည်။

စစ်တွေမြို့လည်ချောင်းချောင်းမှာ လေပြင်းမုန်တိုင်းတိုက်ခတ်သည်အချိန်များတွင် လှေလုပ်သားများနှင့် ကျေးရွာမှလာရောက်ကြသည့် ပါဆင်ဂျာစက်လှေများ မုန်တိုင်းခိုလှုံနေသည့် ချောင်းလည်းဖြစ်သည်။

“ ဒီချောင်းမှာ လှေသမားတွေက ချောင်းနံဘေးမှာပဲ လာကပ်ရတဲ့ အခါကျတော့ ဒီနားကိုအိမ်ယာရောက်နေလို့ ရှိရင် လှေတွေကပ်ရတာအဆင်မပြေဘူး။ ဒီလမ်းမှာစက်လှေတစ်စီး လောက်ပဲကပ်လို့ရမယ်။ လိုချင်တာက ဒီချောင်းကမ်းနားတစ်လျှောက်မှာ လမ်းလေးတစ်လမ်းလောက် လိုချင်တယ်။ စက်လှေသမားတွေကပ်လို့ အဆင်ပြေအောင်၊ ဒီမှာလုပ်နေတဲ့ သဗ္ဗာန်သမားတွေ၊ လက်လုပ်လက်စားတွေပေါ့ အဆင်ပြေအောင် အဲ့လိုမျိုး လမ်းလေးတစ်လမ်းပေးခဲ့ရင်တော့ ဘယ်နေရာမဆို ကပ်လို့အဆင်ပြေမယ်” ဟု ကုန်ရောင်းကုန်ဝယ် လုပ်ကိုင်နေသူ ဦးစောလှက ဆိုသည်။

စစ်တွေမြို့ မြစ်ကမ်းတစ်လျှောက် ဧက ၉၀ ခန့်ရှိသည့် မြေဖို့မြေယာဖော်ထုတ်ရေးစီမံကိန်းသည် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းမှအထောက်အကူပြုမည်ဖြစ်ကြောင်းနှင့် စီမံကိန်းတွင် စင်္ကာပူ နိုင်ငံမှ မြေဖို့ခြင်းနည်းပညာကို အသုံးပြုထားပြီး ကွန်ကရစ်ရေတားနံရံထည့်သွင်း တည်ဆောက်ထားသည့် အတွက် မြေသားခိုင်မှာမှုရှိမည်ဖြစ်ကာ မြေကွက်ဂရန်များကို ရခိုင်ပြည်နယ်အစိုးရမှ ထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။

BXT ကုမ္ပဏီဥက္ကဋ္ဌ Mr. Steve Park ကတော့ “စစ်တွေမြို့ ကမ်းနားမြို့သစ်စီမံကိန်းဟာဆိုရင် ကျနော့်စိတ်ကူး စိတ်သန့်အမှန်နဲ့ ဆောင်ရွက်လိုတဲ့စီမံကိန်းတစ်ခုပဲဖြစ်ပါတယ်။ ရခိုင်ပြည်နယ်နဲ့ စစ်တွေမြို့ကို ဘက်ပေါင်းစုံက ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် ဒေသအတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ များစွာဝင်ရောက်လာဖို့ လိုပါတယ်။ ဒီအချက်ကိုပဲ ကျနော်တို့ BXT က ပြုလုပ်အကောင်အထည်ဖော်ဆောင်ရွက်နေတာ ဖြစ်ပါတယ် ” ဟု ပြောသည်။

ယခုကဲ့သို့ စီမံကိန်းဖော်ဆောင်ပြီးချိန်တွင် ဒေသတွင်းဖွံ့ဖြိုးမှုများ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက် လာမည်ဟုဆိုသော်ငြားလည်း စီမံကိန်းစတင်လုပ်ဆောင်သည့်အချိန်မှစတင်ကာ ကမ်းကိုအမှီပြုပြီး လုပ်ကိုင် နေကြသည့် လက်ခတ်လှေသမားများမှာ အခက်အခဲကြုံတွေ့လာရကြောင်း ပြောဆိုကြသည်။

လှေသမားများ၏ဒုက္ခမှာ မြစ်ကမ်းတစ်လျှောက်မြေဖို့လိုက်ခြင်းကြောင့် ကမ်းနှင့်ဝေးကွာသွားပြီး ကုန်တင်ကုန်ချ အဆင်မပြေခြင်း၊ လှေဆိုက်ကပ်မည့်နေရာ အဆင်မပြေခြင်းများကို ကြုံတွေ့လာရကြောင်း သိရသည်။

လက်ခတ်လှေလုပ်သား ဦးလှကျော်က “အခုကမ်းရိုးတန်း ဒီတစ်စိတ်ကို အစိုးရကရောင်းစားတဲ့အတွက် ဟိုမြစ်ကမ်းနားကသဲတွေကိုဖော်ပြီးတော့ ဒီမှာဖို့တယ်။ အရင်ဆိုရင်လှေတွေက ဟိုးထိပ်ကိုထိရောက်တယ်။ အခုဆိုရင်ဆိပ်နဲ့မနီးတော့ဘူး ကျွန်တော်တို့။ သဲဖို့လိုက်တဲ့အခါ ဒုက္ခတွေတအားရောက်ခဲ့တယ်။ ပစ္စည်းတွေ ဆိုရင်လည်း ကျွန်တော်တို့ပိုင်ရှင်တွေနဲ့ အဆင်မပြေဘူး။ လုပ်ရတဲ့လူတွေနဲ့အဆင်မပြေဘူး။ တအားကိုကြာတာ ပစ္စည်းတွေက” ဟု ပြောသည်။

ပစ္စည်းများကို ပါဆင်ဂျာစက်လှေများမှတစ်ဆင့် ကူးတို့လှေပေါ်တင်ပြီး ယင်းကူးတို့လှေတစ်ဆင့် ကုန်းပေါ်တွင် စုပုံထားပြီးမှသာ ပစ္စည်းဂိုဒေါင်သို့ရောက်သည့်အထိ သုံးကြိမ်သုံးခါ ပြောင်းရွှေ့နေရခြင်းကြောင့် ယခင်ကဲ့သို့ အလုပ်မပြီးနိုင်တော့ကြောင်း ၎င်းကဆိုသည်။

စစ်တွေမြို့မဈေးကြီးတွင် ဈေးရောင်းဈေးဝယ်ရန်အတွက် ပေါက်တော၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ စသည့် မြို့နယ်များရှိ ကျေးရွာအများစုမှ လာရောက်ကြကြောင်းသိရသည်။

ပြည်နယ်ဝန်ကြီး ဦးအောင်ကျော်ဇံက “BXT ကုမ္ပဏီရဲ့ သဲသယ်ယူမှုနဲ့ပတ်သက်လို့ ဘယ်အကွက်က သဲတွေကိုသယ်။ ဘယ်အကွက်ကိုက သဲမယူရဘူးဆိုပြီးတော့ သတ်မှတ်ပေးထားခဲ့ပါတယ်။ သတ်မှတ် ပေးထားတဲ့နေရာမှာပဲ သူတို့သယ်ခဲ့ပါတယ်။ အဲဒီသယ်တဲ့အတွက်ကြောင့်လည်းပဲ ကျွန်တော်တို့ ပြည်နယ် သဘာဝပတ်ဝန်းကျင်ရဲ့ မြစ်ချောင်းဖွံ့ဖြိုးရေးဦးစီးဌာနက နေပြီးတော့ အရာရှိတွေနဲ့ သူတို့သယ်မဲ့နေရာတွေကို ကြပ်မတ်ပြီးတော့ လုပ်ဆောင်ခဲ့ရတဲ့ အပိုင်းတွေရှိပါတယ်” ဟု ပြောသည်။

အဆိုပါစီမံကိန်းအား ပြည်နယ်အစိုးရနှင့် BXT International ကုမ္ပဏီတို့ အကျိုးတူပူးပေါင်းလုပ်ဆောင်သည် ဆိုသော်လည်း ဧက ၁၀၀ ကျော်အား မြေဖို့မြေယာဖော်ထုတ်ရာတွင် BXT ကုမ္ပဏီမှ ၉၂ ဧကကို ဒေါ်လာ ၉ သန်းကျော် အသုံးပြုဖော်ဆောင်ခြင်းဖြစ်သည့်အတွက်ကြောင့် ကုမ္ပဏီမှ ၇၀ ရာခိုင်နှုန်းနှင့် အစိုးရမှ ၃၀ ရာခိုင်နှုန်း ရရှိမည်ဖြစ်သည်။

လက်ရှိ စစ်တွေမြို့အရှေ့ဘက်ကမ်း ဖြေဖို့မြေယာဖော်ထုတ်မှုသည် မြို့လယ်ချောင်းဧရိယာမှ ဈေးကြီး ဖောင်တော်အထိ မြစ်ကမ်းဘေးတစ်လျှောက်ကို မြေဖို့ခြင်းလုပ်ငန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

ယခုမြေယာဖော်ထုတ်မှုစီမံကိန်းနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှလည်း မြေစီမံခန့်ခွဲမှုကော်မတီ တစ်ရပ်ကို ကော်မတီဝင်(၇)ဦးပါဝင်သည့်အဖွဲ့ဖြင့် ၂၀၁၇ အောက်တိုဘာလ ၂၈ ရက် နေ့စွဲဖြင့် ဖွဲ့စည်း တာဝန် ပေးအပ်ထားပြီဖြစ်ကြောင်း သိရသည်။

ပြည်နယ်ဝန်ကြီး ဦးအောင်ကျော်ဇံက “အများပြည်သူ သဘောတူညီချက်၊ အကောင်အထည်ဖော်တဲ့နေရာမှာ ၅၀ ရာခိုင်နှုန်းပြီးစီး သွားပါပြီ။ လုပ်ငန်းအရှိန်အဟုန်ရနေပြီဖြစ်တဲ့အတွက် ကျန်တဲ့လုပ်ငန်းတွေကိုလည်းပဲ ဆက်လုပ်ဖို့ အစီအစဉ် ရှိပါတယ်။ မြစ်ကမ်းဘက်ကို မြေတွေမကျွံကျအောင်နဲ့ ခံနိုင်ရည်ရှိအောင် လုပ်ဆောင်ထားပါတယ်။ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းကလည်း ထောက်ခံချက်ရပြီးတော့ ဆောင်ရွက်ထားတာဖြစ်ပါတယ်။ ဒီမှာ ဆောက်တဲ့အဆောက်အဦးတွေကို ခိုင်ခံ့မှုရှိအောင် ဆောက်လုပ်သွားနိုင်မှာဖြစ်ပါတယ်”  ဟု ပြောသည်။

သို့သော် မြေဖို့မြေယာဖော်ထုတ်မှုမှ ရရှိလာသည့်မြေကွက်များကို BXT ကုမ္ပဏီမှ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၆ ရက်နှင့် ၇ ရက်နေ့များတွင် ရန်ကုန်မြို့နှင့် စစ်တွေမြို့တို့၌ မြေယာပြပွဲများပြုလုပ်ပြီး ဝယ်ယူမည့်သူများကို ရောင်းချခဲ့ရာ မြေကွက် ၂၀၀ ခန့်အထိကို ရောင်းချခဲ့ရကြောင်း သိရသည်။

အဆိုပါ မြေကွက်သစ်များကို ဝယ်ယူသူများအနေဖြင့် မြေကွက်ဝယ်ယူသည့်နေ့တွင် BXT ကုမ္ပဏီနှင့် iMyanmar House ကုမ္ပဏီသို့ ငွေကျပ်ဆယ်သိန်းကို ပေးသွင်းခဲ့ကြသည်ဟု ဆိုသည်။

၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့တွင် မြေကွက်တန်ဖိုး၏ ၃၀ ရာခိုင်နှုန်းကို ထပ်မံပေးသွင်းရန် ကုမ္ပဏီ ဘက်မှ တောင်းခံလာသည့်အတွက် ယခုစီမံကိန်းအား ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် စီစဉ်ဆောင်ရွက် နေခြင်း ရှိ၊မရှိကိုသိလိုကြောင်းကို မြေကွက်သစ်ဝယ်ယူများမှ အစိုးရထံစာတင်အကြောင်းကြားခဲ့ကြသည်။

BXT ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် မြေယာဝယ်ယူသူများအပေါ် နစ်နာမှုမရှိစေရန် တိကျသေချာသော မြေယာ ပိုင်ဆိုင်မှုများရရှိစေရန်အတွက် ရောင်းသူ/ဝယ်သူနှစ်ဦးနှစ်ဖက် ပြေလည်မှုရရှိစေရန် ညှိနှိုင်းဆောင်ရွက် ပေးစေလိုကြောင်းကို မြေကွက်ဝယ်ယူသူများမှ ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့တွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုထံ စာတင်ပြခဲ့ကြသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးဦးအောင်ကျော်ဇံက “ဒီမှာဆောက်မယ့် အဆောက်အဦးတွေကို ခိုင်ခံမှုတွေအပြည့်အဝနဲ့ ဆောက်လုပ်သွားနိုင်မှာဖြစ်ပါတယ်။ လမ်းတွေ၊ လျှပ်စစ်တွေ၊ ရေနှုတ်မြောင်းတွေ ကိုလည်း စနစ်တကျဖော်ဆောင်သွားမယ်။ ဖော်ဆောင်ထားတဲ့ မြေကွက်တွေကို အစိုးရနဲ့ BXT တို့ ပူးပေါင်း ပြီးတော့ ရောင်းချသွားပါမယ်။ ရောင်းချတဲ့နေရာမှာလည်းပဲ စနစ်တကျဖြစ်အောင် ရောင်းချသွားမယ်။ ဘာလို့လည်းဆိုတော့ လုပ်ငန်းလုပ်တဲ့အခါ စနစ်တကျမရှိခြင်း အားဖြင့် ဟိုတုန်းကဆိုရင် သမားရိုးကျ နည်းတွေနဲ့ အဆင့်မရှိတဲ့ မြို့ပြတွေဖြစ်လာမှာကို စိုးရိမ်တယ်။ ဒါကြောင့်လည်းပဲ Plan နဲ့ စနစ်တကျ ဖော်ဆောင်သွားဖို့ အစီအစဉ်တွေကိုလည်းပဲ ရခိုင်ပြည်နယ်အစိုးရနဲ့ BXT တို့ ညှိနှိုင်းလုပ်ဆောင်သွားမှာ ဖြစ်ပါတယ် ” ဟု ပြောဆို ထားသည်။

ယခုရောင်းချသည့်မြေကွက်အပေါ်တွင် ယုံကြည်မှုအပြည့်အဝဖြင့် ဝယ်ယူခဲ့သော်လည်း ဝယ်ယူပြီးသည့် အခါတွင် ဖော်ဆောင်ထားသည့်မြေကွက် Plan များမှာ ပြောဆိုထားသည့် City Plan Project နှင့်အညီ ဖော်ဆောင်ထားခြင်းမရှိသည်ကိုတွေ့ရကြောင်း မြေကွက်ဝယ်ယူထားသူ ဦးအောင်စိုးက ဆိုသည်။

ဦးအောင်စိုးက “စစ်တွေမြို့သားတွေရဲ့ ယုံကြည်ချက်က ဒီမြို့ဟာ နိုင်ငံခြားကဖော်ဆောင်တဲ့ မြို့ပြ Plan ဖြစ်တဲ့ အတွက် ကျွန်တော်တို့က ဒီမြို့ပြ Plan ဟာ နိုင်ငံတကာစံနဲ့ညီနိုင်အောင်အတွက်ကို ဖြစ်စေချင်ပါတယ်။ သူတို့ လုပ်တဲ့ အထပ် ၅၅ ထပ်       ဆောက်နိုင်တဲ့နည်းပညာနဲ့ ဖို့ထားတဲ့မြေတွေလို့ ပြောပါတယ်။ တကယ်တန်း မေးကြည့်တဲ့အခါကျတော့ ဒီမြေမှာဆောက်နိုင်တဲ့အဆောက်အအုံဟာ ၄ ထပ်လောက်ပဲရှိပြီးတော့ အဲဒီ ၄ ထပ် အဆောက်အအုံကိုတောင်မှ ပိုင်ရိုက်ပြီးတော့ဆောက်ရမယ်လို့ သူတို့ကပြောပါတယ်။ အဲဒါဆိုရင် သူတို့ ပြောထားတဲ့ စင်္ကာပူနည်းပညာနဲ့လုပ်ထားတဲ့၊ ဖြေဖို့ထားတဲ့ အခြေအနေက တကယ်တန်း လက်တွေ့ကျတော့ ကိုက်ညီမှုမရှိတာတွေ တွေ့ရပါတယ်။” ဟု ပြောသည်။

စစ်တွေမြို့တွင် လေမုန်တိုင်းပြင်းထန်သည့်အတွက် မိုင် ၁၂၀ အထိတိုက်ခတ်လာပါက ခံနိုင်မှုရှိ၊ မရှိကို မေးမြန်းခဲ့ပေမယ့် လေမုန်းတိုင်းအတွက်မပြောပဲ ၄ မီတာခန့် ဒီရေတက်သည်ကို ခံနိုင်သည်ဟုသာ ကုမ္ပဏီဘက်မှ ပြောဆိုခဲ့ကြောင်း ၎င်းကဆိုသည်။

“တကယ်တန်းအစိုးရဆီကို လွဲပေးတဲ့အခါ အဲ့လောက်ထိခံနိုင်မှုရှိတဲ့ အာမခံချက်တွေကို ရယူနိုင်ဖို့အတွက်ကို တောင်းဆိုမှုတွေ ပြုလုပ်ချင်တာဖြစ်ပါတယ်” ဟုလည်း မြေကွက်ဝယ်ယူထားသူ ဦးအောင်စိုးက ပြောသည်။

ယင်းသို့ မြေကွက်ရောင်းချနေမှုများကို ဥပဒေ၊လုပ်ထုံးလုပ်နည်းနှင့်အညီဆောင်ရွက်သွားရန်ဆိုပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ BXT ကုမ္ပဏီ၏အကြီးအကဲ Mr.Seokhwan Park ထံ ဖေဖေါ်ဝါရီလလ ၁၄ ရက် နေ့စွဲဖြင့် အကြောင်းကြားစာတစ်စောင် ပေးပို့ခဲ့ကြောင်းသိရသည်။

အဆိုပါအကြောင်းကြားစာတွင် ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်ညီညွတ်စေရေးအတွက်ဆိုကာ ပြည်နယ်အစိုးရ အဖွဲ့၏ ခွင့်ပြုချက်ရရှိမှသာ မြေယာရောင်းချခြင်းအားဆောင်ရွက်ရန်နှင့် ယခုရောင်းချရန်စီစဉ် ဆောင်ရွက် နေမှုအား လုံးဝရပ်ဆိုင်းထားရန် အကြောင်းကြားခြင်းဖြစ်ကြောင်းပါရှိသည်။

ထိုသို့ ကုမ္ပဏီမှမြေကွက်ရောင်းချနေမှုကို မြေယာကော်မတီမှ ဥပဒေနှင့်အညီဟန့်တားခြင်းဖြစ်ကြောင်း ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးဝန်ကြီး ဦးကျော်လွင်က ဆိုသည်။

ဝန်ကြီးဦးကျော်လွင်က “သူတို့က လုပ်ထုံးလုပ်နည်းကိုနားမလည်လို့ လက်လွန်သွားတယ်။ ဒါကြောင့် အစိုးရအဖွဲ့က ဟန့်တားထားတာဖြစ်တယ်။ ဝယ်ယူသူတွေကလည်း အစိုးရနဲ့သဘောတူပြီးတော့ ဝယ်တာ မဟုတ်ဘူး။ BxT ကုမ္ပဏီကရောင်းတဲ့ဟာကို သူတို့တွေက ဝင်ချင်လို့ဝယ်ကြတယ်။ ဒီမြေတွေကို ကုမ္ပဏီက ရောင်းပိုင်ခွင့်လည်းမရှိဘူး။ မြေယာဖော်ထုတ်ပြီးလို့ရှိရင် အစိုးရကို အပ်ရမှာ။ MoU စာချုပ်ကို သူတို့က နားလည် သဘောပေါက်မှုလွဲပြီးတော့ သူတို့ဘက်ကလက်လွန်သွားလို့ အစိုးရဘက်က ဒါကိုလုံးဝမလုပ်ဖို့ ဟန့်တား ထားရတယ်” ဟု ပြောသည်။

စစ်တွေမြို့ မိဇံရပ်ကွက်အနီး ကုလားတန်မြစ်ကို မြေကွက်သစ်ဖော်ထုတ်လိုက်တာကြောင့် စစ်တွေမြို့ကို အမှီပြုပြီး လုပ်ကိုင်နေကြတဲ့ လက်ခတ်လှေလုပ်သားတွေအတွက် လှေရပ်နားဖို့ ဆိပ်ကမ်းဟာ ပျောက်ခြင်းမလှပျောက်သွားပါတော့တယ်။

 

ယင်းကဲ့သို့ အစိုးရမှဟန့်တားထားမှုအား ကုမ္ပဏီမှလိုက်နာမှုမရှိပါက မူလက သဘောတူလက်မှတ် ရေးထိုး ထားသည့် MOU အတိုင်း ဆက်လုပ်သွားမည်ဖြစ်ကြောင်းလည်း ဆိုသည်။

အဆိုပါမြေကွက်သစ်အား ဝယ်ယူထားသည့် ဒေါက်တာမောင်မောင်သန်းကလည်း ယခုမြေကွက်ကို ဝယ်ယူ လိုက်ရသည်မှာ တန်ဖိုးနည်းမြေကွက် မဟုတ်ပဲ တန်ဖိုးကြီးမြေကွက်သာဖြစ်နေသည်ဟု ပြောသည်။

“အခုနိုင်ငံတော်အစိုးရသည် ပြည်သူတွေကိုလုပ်နေတာ တန်ဖိုးနည်းအိမ်ယာစီမံကိန်းတွေ၊ တန်ဖိုးမျှတွေ၊ တန်ဖိုးသင့်တွေ။ ဘာလို့လည်းဆိုတော့ လူတိုင်းနေနိုင်ဖို့အတွက်လုပ်တာ။ အခု BXT နဲ့ အစိုးရလုပ်တဲ့ စီမံကိန်းသည် တန်ဖိုးနည်းထဲမှာပါတယ်လို့ ကျွန်တော်မယူဆပါဘူး။

ကျွန်တော်ဝယ်ထားတဲ့ဈေးက အနည်းဆုံး ဈေးနဲ့ဝယ်ထားတာပါ။ ပေ ၄၀ ၊ ၆၀ အကွက်ကို သိန်း ၆၀၀ ပါ။ ဒီငွေဆိုတာ တော်တော်လေးစုယူရတဲ့ အနေ အထားပေါ့နော်။ ဒီမြေကို ဘာလို့ဝယ်သလဲဆိုရင် ရခိုင်မှာ နေချင်လို့ပါ။ ရခိုင်လူမျိုးဖြစ်တယ်၊ ဒေသကိုချစ်တယ်။ ရခိုင်ရဲ့ သဘာဝအခြေအနေကို သဘောကျတယ်။ ဒီဟာသည် BXT က ၇၀ ရာခိုင်နှုန်း၊ အစိုးရက ၃၀ ရာခိုင်နှုန်းဆိုပေမယ့် လုပ်ပိုင်ခွင်သည် အစိုးရပဲ။ ကျွန်တော် တို့သည် အစိုးရကိုပဲယုံတယ်။ အဲဒါကြောင့် အစိုးရရော၊ BXT ရော ရိုးသားမှုရှိဖို့လိုမယ်လို့ ယူဆပါတယ်” ဟု ဒေါက်တာမောင်မောင်သန်းက ပြောသည်။

ယခုမြေကွက်သစ်ဖော်ထုတ်မှုစီမံကိန်းတွင် ဒုက္ခအထွေထွေကို ကြိုတင်တွေးဆပူပန်နေသူတို့မှာ ကူးတို့လှေ လုပ်သားများဖြစ်ပြီး ထိုသို့တွေးပူကြသည်မှာ အခြားမြို့နယ်များမှ စစ်တွေမြို့မဈေးကြီးသို့ ဈေးရောင်းဈေးဝယ် လာကြသည့် ကျေးရွာများမှ ပါဆင်ဂျာစက်လှေတွေလည်း အပါအဝင်ဖြစ်သည်။

“ကျွန်တော်တို့ နစ်နာကြေးလည်းမလိုဘူး။ ကျွန်တော်တို့ လုပ်စားလာတဲ့နေရာကို သူတို့တွေပိတ်သွားလို့ ကျွန်တော်တို့ဘာတစ်ခုမှလည်း အကျိုးမရှိဘူး သူတို့လုပ်သွားတာ။ ဒီလှေတွေနဲ့လုပ်စားလာတာ တစ်ယောက်တည်း မဟုတ်ဘူးနော်။ ကူးတို့လှေတွေ၊ စက်လှေတွေဆိုရင်လည်း အများကြီးပဲ။ အခုဒုက္ခက တစ်အားကိုရောက်တာ။ တွန်းလှဲတွေနဲ့ဆွဲရတာမလွယ်ဘူး” ဟု ကူးတို့လှေလုပ်သား ဦးလှကျော်က ပြောသည်။

စစ်တွေဆိပ်ကမ်းမှာ ကုန်တင်ကုန်ချလှေခတ်သူ ဦးနီလှမောင်က “ကမ်းရိုးတန်းတစ်လျှောက်ကို သူတို့က မြေဖို့တာ။ မြေဖို့တဲ့အချိန် ကျွန်တော်တို့ကလမ်းတောင်းတယ်ပေါ့၊ ဝန်ကြီးချုပ် ဦးညီပုရော၊ စည်ပင်ရော။ ဒီနေ့ဒီအချိန်ထိ ကျွန်တော် တို့ကို လမ်းလည်းမပေးသေးဘူး၊ ကျွန်တော်တို့လုပ်စားတဲ့နေရာမှာ လှေတွေ ကပ်မယ့်နေရာလည်း မရှိသေးဘူး။ လောလောဆယ် ယာယီတစ်ခုလုပ်ပေးထားတာပဲရှိတယ်။ အဲဒါနဲ့လည်း ကျွန်တော်တို့က အဆင်မပြေဘူး ” ဟု ပြောသည်။

အဆိုပါလှေများမှာ စီမံကိန်းမြေဖို့ခြင်းကြောင့် ကမ်းနဲ့ဝေးကွာသွားခြင်း၊ လှေဆိုက်ကပ်မည့်နေရာ အဆင်မပြေ တော့ခြင်း၊ လေပြင်းမုန်တိုင်းဝင်ရောက်လာပါက ခိုလှုံနိုင်မည့်နေရာမရှိခြင်းတို့ကို တွေးပူနေကြသည်။

အဆိုပါ စစ်တွေဈေးဆိပ်ကမ်းအားအမှီပြုပြီး လုပ်ကိုင်နေကြသည့် လက်ခတ်လှေအစီးရေ ၁၉၀ ကျော်ရှိပြီး လှေလုပ်သားပေါင်း ၄၀၀ ကျော်မှာ ကုန်တင်ကုန်ချ၊ ခရီးသည်ပို့ဆောင်ခြင်းလုပ်ငန်းတို့ဖြင့် အသက်မွေး ဝမ်းကျောင်းပြုနေခြင်းဖြစ်ကြောင်း သိရသည်။

“မိုးတွင်းဆိုရင် ကျွန်တော်တို့တအားကိုဒုက္ခရောက်ပြီ။ မိုးကြီးရင် အောက်ရေဆွဲမယ်။ ဒီနေရာက ရေနက် ဖြစ်သွားပြီ။ သူတို့သဲတွေက ဖြစ်ထဲကစုတ်တာ။ ပြီးတော့ အခုကရေလယ်ကိုရောက်သွားပြီ၊ လှေတွေက ကျိုးပဲ့ပြီးတော့ ဒီနေရာမှာမကပ်နိုင်တော့ဘူး။ အဲဒီချိန်မှာ လိုင်းတွေ၊လေတွေကြီးရင် ကျောက်ကြိုးတွေ ပြတ်ပြီးတော့ ဒုက္ခတအားရောက်မှာ။ လှေတွေလည်းပြိုမယ်၊ ဘုတ်တွေကခရီးသည် တွေလည်း ဒုက္ခရောက်မယ်။ ကျွန်တော်တို့ လှေသားတွေလည်းဒုက္ခရောက်မယ်” ဟု ကူးတို့လှေလုပ်သား ဦးလှကျော်က ဆိုသည်။

ယခုကဲ့သို့ လှေလုပ်သားတို့၏ အဆင်မပြေမှုအခက်အခဲများကို တာဝန်ရှိသူများမှ အဆင်ပြေချောမွေ့စေရန် လုပ်ဆောင်ပေးမှုရှိခဲ့မည်ဆိုခဲ့လျင်လည်း ကမ်းမရှိတော့သည့် လှေလုပ်သားတို့၏ ဘဝဖြင့်သာ ရှိခဲ့ပေတော့မည်။

(၂၀၁၈ ခုနှစ်၊ မတ်လ ၁ ရက်နေ့တွင်ထွက်ရှိသော  Development News Journal ၏ အမှတ် (၈၂) တွင် ဖော်ပြခဲ့သည့် ဆောင်းပါးဖြစ်သည်။)