ကျည်မိုးရွာသွန်းခဲ့သော အကျည်းတန်နေ့ကို ဖြတ်သန်းခြင်း

တပ်မတော်က ပစ်ခတ်ချိန်တွင် ရီရီစိုးတို့ မိသားစုသည် တကွဲတပြားစီ ဖြစ်သွားကြသည်။ အစ်မဖြစ်သူက တစ်ခြားအိမ်ပေါ်သို့ တက်ပြေးသွားပြီး၊ မိဘဖြစ်သူများက သူ့အိမ်အနီးရှိ အိမ်နီနားချင်းအိမ်သို့ တက်ပြေးသွားကြသည်။ ရီရီစိုးကတော့ မိမိနေအိမ်သို့ တက်ပြေးသွားသည်။ ပစ်ခတ်နေသည့်အချိန်တွင် မိခင်ဖြစ်သူက  သူ့သမီးငယ်ကို လှမ်းကြည့်သည်။ ယင်းသို့ လှမ်းကြည့်ချိန်တွင် သွေးများစီးကျလာသည်ကို မြင်သောကြောင့် အိမ်ပေါ်သို့ အမြန်ပြေးတက်သွားပြီး ကြည့်လိုက်ချိန်တွင် သူ့သမီးသေဆုံးနေသည်ကို မြင်တွေ့လိုက်ရသည်။ 

06 Mar 2019

(မရီရီစိုး၏ ရုပ်အလောင်းဘေးတွင် ထိုင်နေသော မိခင်ဒေါ်ဝေနုဖြူကို တွေ့ရစဉ်။)

Written by - ခိုင်ရိုးလ / DMG 

ရွာအနီးက ပေါက်ကွဲသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသဖြင့်  ရွာအလယ်ရှိ ပျဉ်ထောင်၊ သွပ်မိုးအိမ်ကို တပ်မတော်က ဝိုင်းထားလိုက်ပြီး သေနတ်ဖြင့်ပစ်ခတ်ကြသည်။ သေနတ်သံများကြောင့် ယင်းအိမ်က မိသားစုဝင်များမှာ  တခြားအိမ်တစ်အိမ်သို့ ထွက်ပြေးသွားကြသည်။ မကြာမီမှာ အိမ်အောက်သို့ အရည်များ တစက်စက် စီးကျလာသည်။

သို့သော် ဒေါ်ဝေနုဖြူမှာ မည်သည့်အရည်များ စီးကျလာသည်ကို မသိသေးပေ။ သေနတ်ပစ်ခတ်သံများကြောင့် ကြောက်လန့်ပြီး သူ့သမီး ရီရီစိုး သေးထွက်ကျသဖြင့် အိမ်အောက်သို့ စီးကျလာသည်ဟုသာ ထင်ခဲ့မိသည်။ သို့သော် သူ့သမီးကို စိတ်မချသဖြင့် အိမ်ပေါ်သို့ တက်ကြည့်ချိန်တွင် “ခေါင်းမှာ ကျည်ဆန်ထိမှန်ပြီး သေနေတာကို တွေ့လိုက်ရတယ်” ဟု ဆိုသည်။

ဖေဖော်ဝါရီလ ၁၉ ရက်နေ့၊ နံနက် ၁၀ နာရီကျော် အချိန်က အင်အား (၅၀)ခန့်ရှိသော တပ်မတော် စစ်ကြောင်းတစ်ခုသည် အိမ်ထောင်စုစာရင်းနှင့် လူဦးရေစာရင်း စစ်ဆေးရန်အတွက် နော်ဝေကျေးရွာမှ မင်းဖူးကျေးရွာသို့ လာကြသည်။ တပ်မတော် စစ်ကြောင်းနှင့်အတူ နော်ဝေကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ရဲတပ်ဖွဲ့ဝင်နှစ်ဦးလည်း လိုက်ပါလာကြသည်။ နော်ဝေအုပ်ချုပ်ရေးမှူးနှင့် ဗိုလ်မှူး၊ ဗျူဟာမှူးများ မင်းဖူးကျေးရွာသို့ အရောက်မှာ ရွာအနီးတွင် ဗုံးပေါက်ကွဲခဲ့သည်။

“အဲဒီအချိန်မှာ စစ်ကြောင်းက သွားနေတုန်းလို့ ပြောလို့ရတာပေါ့။ စစ်ကြောင်းက ဗျူဟာမှူးတို့၊ ဗိုလ်ကြီးတို့ကတော့ အုပ်ချုပ်ရေးမှူးအိမ်ကို ရောက်နေပြီ။ ကျန်တဲ့ ရဲဘော်တွေကတော့ နော်ဝေက လာတုန်းက မဆုံးသေးဘူး။ နော်ဝေထွက်ဝမှာလည်း ရှိသေးတယ်။ တစ်လမ်းလုံးရှိသေးတယ်” ဟု နော်ဝေကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်ညွန့်ချေက ပြောသည်။

ယင်းသို့ ဗုံးပေါက်ကွဲမှု ဖြစ်ပေါ်သဖြင့် တပ်မတော်သားများသည် ရွာထဲသို့ သေနတ်များဖြင့် စတင်ပစ်ကြသည်။

“သူတို့(တပ်မတော်)က ပေါက်ကွဲသံကြားတာနဲ့ ရွာကို တဟုန်ထိုးဝင်ပြီးတော့ အကြမ်းဖက်သလိုမျိုး ရွာတစ်ခုလုံးကို ဖြိုပြီးတော့ ပစ်လိုက်တာ” ဟု ဦးအောင်ညွန့်ချေက မင်းဖူးကျေးရွာကို လက်ညှိုးထိုးပြရင်း ပြောသည်။

ယင်းသို့ ပစ်ခတ်ခဲ့မှုအတွင်း ဒေါ်ဝေနုဖြူ၏ သမီး အသက်(၁၉)နှစ် အရွယ် မရီရီစိုးမှာ ဦးခေါင်းကို ကျည်ဆန်ထိမှန်ပြီး ပါးပြင်ကို ပေါက်ထွက်သွားကာ သေဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု ဒေါ်ဝေနုဖြူက ဆိုသည်။

တပ်မတော်က ပစ်ခတ်ချိန်တွင် ရီရီစိုးတို့ မိသားစုသည် တကွဲတပြားစီ ဖြစ်သွားကြသည်။ အစ်မဖြစ်သူက တစ်ခြားအိမ်ပေါ်သို့ တက်ပြေးသွားပြီး၊ မိဘဖြစ်သူများက သူ့အိမ်အနီးရှိ အိမ်နီနားချင်းအိမ်သို့ တက်ပြေးသွားကြသည်။ ရီရီစိုးကတော့ မိမိနေအိမ်သို့ တက်ပြေးသွားသည်။ ပစ်ခတ်နေသည့်အချိန်တွင် မိခင်ဖြစ်သူက  သူ့သမီးငယ်ကို လှမ်းကြည့်သည်။ ယင်းသို့ လှမ်းကြည့်ချိန်တွင် သွေးများစီးကျလာသည်ကို မြင်သောကြောင့် အိမ်ပေါ်သို့ အမြန်ပြေးတက်သွားပြီး ကြည့်လိုက်ချိန်တွင် သူ့သမီးသေဆုံးနေသည်ကို မြင်တွေ့လိုက်ရသည်။ 

“သူတို့(တပ်မတော်)က အိမ် မှာရောက်နေချိန် သမီးက ကြောက်ပြီး အပေါ်ကိုတက်သွားတယ်။ အဲဒီအခါ သူတို့ဝိုင်းပြီး အကုန်လုံးပစ်ကြတယ်” ဟု ဒေါ်ဝေနုဖြူက ပြောသည်။

မရီရီစိုး သေဆုံးရခြင်းမှာ တပ်မတော်က ပစ်ခတ်မှုကြောင့် သေဆုံးသွားခြင်းဖြစ်ပြီး ဗုံးပေါက်ကွဲသံကြားချိန်တွင် ဝိုင်းပစ်ကြခြင်းဟု ဖခင်ဖြစ်သူ ဦးမောင်ထွန်းလှက ဆိုသည်။

“ကျနော့်သမီးလေးကို တပ်မတော်က ပစ်တာပါ။ ဘယ်လိုပစ်တာလဲဆိုရင် ကျွန်တော်တို့နေအိမ်ကို လေးဘက်စလုံးက ဝိုင်းထားကြတယ်။ အဲဒီအချိန်မှာ ဟိုက ဗုံးပေါက်ကွဲသံကြားတော့ သူတို့က ဝိုင်းပစ်ကြတယ်” ဟု မရီရီစိုး၏ ဖခင် ဦးမောင်ထွန်းလှက ပြောသည်။

သေနတ်ပစ်ခတ်မှုကြောင့် အိမ်ပေါ်သို့ တက်ပြေးသွားသည့် မရီရီစိုး၏အစ်မ မဦးလှနုအပါအဝင် တခြားသူများကိုလည်း တပ်မတော်သားများက အိမ်အောက်သို့ ဆင်းခိုင်းသည်။ မဆင်းလျှင် အကုန်လုံးပစ်သတ်မည်ဟု ခြိမ်းခြောက်သောကြောင့် ကြောက်လန့်၍ ဆင်းကြရသည်။

“ကျွန်မကို မပစ်ပါနဲ့။ ကျွန်မမှာ ကလေးနဲ့ပါလို့ ငိုပြီးတော့ ပြောတယ်။ သူတို့က မငိုနဲ့လို့ ပြောပါတယ်။ မသတ်ဘူးလို့ ပြောတယ်။ နောက် သူတို့ခေါ်သွားပြီးတော့ ကျွန်မတို့ကို နေပူထဲမှာ ထိုင်ခိုင်းထားပါတယ်။ ကလေးကလည်း ငိုလွန်းအားကြီးလို့ အသက်ရှူကျပ်နေတယ်။ အဲဒီအချိန်မှာ ကျွန်မက ဆရာ ကလေးက အသက်ရှူကျပ်နေပြီ ကျွန်မကို နေရိပ်ထဲနေခွင့်ပြုပါလို့ သွားပြောတယ်။ အဲဒီအချိန်ကျမှ မိန်းကလေးတွေအားလုံးကို နေရိပ်မှာနေခိုင်းတယ်” ဟု မဦးလှနုက ပြောသည်။

သို့သော် အမျိုးသားများကိုတော့ ခေါင်းငုံ့ခိုင်းထားပြီး ခေါင်းဖော်သူများကို သေနတ်ဒင်များဖြင့် ထုကြသည်။ မဦးလှနုသည် သူ့ညီမလေးနှင့် သူ့မိခင်ကို သတိရသဖြင့် အဒေါ်ဖြစ်သူကို မေးမြန်းရာတွင် သူ့ဘေးနားက တစ်ယောက်က သူ့အမေ အိမ်မှာငိုနေသည်ဟု ပြောသည်။

“အဲဒီအချိန်မှာ အမေရောက်လာတယ်။ အမေ ညီမလေး ပါမလာဘူးလား မေးတော့ ညီမလေးသေပြီတဲ့။ ဘာလို့သေတာလဲဆိုတော့ မျက်နှာမှာ ကျည်ထိလို့ သေတာတဲ့။ ကျွန်မတို့လည်း ငိုကြတယ်။ ကျွန်မ သွားကြည့်မယ်လုပ်တော့ ဘယ်မှမသွားနဲ့ သွားရင် ပစ်သတ်မယ်လို့ပြောတယ်။ အဲတော့ ကျွန်မတို့ ငိုကြတာပေါ့။ ငိုတော့လည်း မငိုနဲ့ ငိုရင်ပစ်သတ်မယ်လို့ပြောတယ်” ဟု ဦးလှနုက ဆက်လက်ဆိုသည်။

(ကျည်ဆံထိမှန်ပြီး သေဆုံးသွားသည့် မရီရီစိုးအလောင်းကို ရသေ့တောင်ဆေးရုံသို့ သယ်ဆောင်စဉ်။)

ယင်းနေ့တွင် တပ်မတော်စစ်ကြောင်းက လုံခြုံရေးဆောင်ရွက်ရာတွင် ရက္ခိုင့်တပ်မတော်(AA) က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ရွာထဲသို့ ဝင်ပြေးသွားသဖြင့် အပြန်အလှန်ပစ်ခတ်မှုများ ရှိခဲ့သည်။ မရီရီစိုး သေဆုံးရခြင်းမှာလည်း တပ်မတော်၏ ပစ်ခတ်မှုကြောင့် သေဆုံးရခြင်းမဟုတ်ဘဲ AA အဖွဲ့၏ ပစ်ခတ်မှုကြောင့် သေဆုံးရခြင်းဖြစ်သည်ဟု ယူဆကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

“တပ်မတော်စစ်ကြောင်းက ပုံမှန်လုံခြုံရေးဆောင်ရွက်တယ်။ ရွာအဝင်တံတားမှာ မိုင်းဆွဲတိုက်ခိုက်ခံရတယ်။ မိုင်းဆွဲတဲ့လူတွေက ရွာထဲကို ဝင်ပြေးတယ်။ ရွာထဲကနေပြန်ပစ်တယ်။ ကျွန်တော်တို့ဆီကလည်း ပြန်ပစ်ရတယ်။ အဓိကတော့ အဲဒီမှာ တိုက်ပွဲဖြစ်တယ်။ AA အဖွဲ့က အရပ်ဝတ်တွေ ရွာထဲကိုဝင်ပြေးပြီး ရွာထဲကနေ ပြန်ပစ်တယ်။ (ရီရီစိုး) သေဆုံးသွားတာက တိုက်ပွဲကြားမှာ သေဆုံးသွားတာပေါ့။ ရွာထဲနေ AA အဖွဲ့က ပစ်တယ်။ AA အဖွဲ့ပစ်တဲ့အတွက် ထိမှန်ခဲ့တယ်လို့ ကျွန်တော်တို့က ယူဆတယ်” ဟု၎င်းက ပြောသည်။

သို့သော် မရီရီစိုးသေဆုံးသွားရခြင်းမှာ မိမိတို့ လက်ချက်ကြောင့် မဟုတ်ဘဲ တပ်မတော်ပစ်ခတ်မှုကြောင့် သေဆုံးသွားရခြင်းဖြစ်ကြောင်း ရက္ခိုင့်တပ်မတော် (AA) ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက တုန့်ပြန်ပြောသည်။

“မရီရီစိုးသေဆုံးမှုဟာ ဗမာစစ်တပ် (တပ်မတော်)က စစ်ရာဇဝတ်မှု ကျူးလွန်ထားတာကို ဖုံးကွယ်ထားချင်လို့ မျက်စိမှတ်ပြီး ငြင်းတဲ့သဘောပါ” ဟု ခိုင်သုခက ဆိုသည်။

ယင်းအပြင် မင်းဖူးရွာထဲတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်တို့ကြား အပြန်အလှန်ပစ်ခတ်မှု မရှိခဲ့ဟု ခိုင်သုခက ထပ်မံပြောသည်။

“ရွာထဲမှာ တိုက်ပွဲဖြစ်ခဲ့တာမဟုတ်။ မင်းဖူးရွာနဲ့ နော်ဝေရွာကြားမှာ ဖြစ်တာပါ။ စစ်တပ်လမ်းကြောင်းကို ကျနော်တို့ဘက်က ကြားဖြတ်တိုက်ခိုက်ခဲ့တာတော့ ရှိတယ်။ အဲဒီမှာ ရွာထဲမှာရှိနေတဲ့ စစ်သားတွေက ရွာထဲကို ဖြိုခွင်းပစ်ခတ်ခဲ့တာပါ” ဟု ခိုင်သုခက ဆိုသည်။

မင်းဖူးရွာထဲတွင် နှစ်ဘက်တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဟု ပြောဆိုမှုကို ရွာသားများက လက်ခံကြသည်။

“တပ်မတော်က ပစ်တာကိုတော့ ကျနော်ကြားပါတယ်။ ကျနော်တို့ရွာအတွင်းက ပစ်တာပါ။ ပစ်တာကတော့ ဘယ်ကိုလဲဆိုတော့ တောင်ကိုလည်းပစ်တယ်၊ မြောက်ကိုလည်းပစ်တယ်။ စစ်တပ်က တစ်ရွာလုံးမှာ ဝပ်နေတာကိုး။ ဟိုဘက်မှာလည်း သူတို့ ပစ်လို့ ပေါက်ပြဲသွားတာတွေရှိတယ်” ဟု  မင်းဖူးကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှစောထွန်းက ဆိုသည်။

တပ်မတော်က ပစ်ခတ်မှုပြုလုပ်ပြီးနောက် ရွာထဲက နေအိမ်အချို့ကို ဝင်ရောက်စစ်ဆေးခဲ့သည်။ ကျေးရွာသားများကိုလည်း ရွာအပြင်ဘက် စာသင်ကျောင်းအနီးသို့ ခေါ်ထုတ်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရီရီစိုးဖခင် ဦးမောင်ထွန်းလှနှင့် ကျေးရွာသားများကို ကြိုးဖြင့်ချည်နှောင်၍ ရက္ခိုင့်တပ်မတော်နှင့် ပတ်သက်မှု ရှိ၊ မရှိ စစ်ဆေးမှု ပြုလုပ်ခဲ့သည်ဟု အမည်မဖော်လိုသူ တစ်ဦးက ပြောသည်။

“ပထမ ကျနော်တို့ကို ခေါ်တဲ့အခါ သေနတ်ဒင်နဲ့ထုတယ်။ ဒါပေမဲ့ အထိနည်းတော့ သိပ်မနာဘူးပေါ့။ ခြေထောက်တွေနဲ့လည်း ကန်ပါတယ်။ ပြီးရင် လက်သီးနဲ့ထိုးတယ်။ ကျနော့်ရဲ့ မေးစေ့မှာတောင် သူတို့ကန်သွားတာ နည်းနည်းလောက် နာသွားတယ်။ ကျေးရွာအုပ်ချုပ်ရေးမှူးကို ဆိုရင်လည်း ဒီလိုပဲ၊ ချည်ထားတဲ့ကြိုးကို ဖြေပြီးတော့ ရိုက်တယ်” ဟု အဆိုပါ မဖော်မလိုသူက ပြောသည်။ (သူ့၏ အသက်လုံခြုံရေးအတွက် စိုးရိမ်မှုရှိသဖြင့် အမည်မဖော်ပြရန် တောင်းဆိုသဖြင့် အမည်မဖော်ပြခြင်းဖြစ်သည်။)

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး တပ်မတော်၏ တုန့်ပြန်မှုကို ရရှိရန်အတွက် ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဖုန်းကိုင်ဖြေဆိုခြင်း မရှိပေ။

ယင်းသို့ ဖမ်းဆီးချုပ်နှောင်ခံရသူများကို ညနေ ၅ နာရီခွဲခန့်တွင် ပြန်လွှတ်ပေးခဲ့သည်။ သို့သော် ဦးသန်းဖေနှင့် ဦးဝေစိုးထွန်းတို့ နှစ်ယောက်ကို မလွှတ်ပေးဘဲ စေတီပြင်ရဲစခန်းတွင် စစ်ဆေးနေသည်ဟု ရွာသားများက ပြောကြသည်။

ယင်းကိစ္စကို အတည်ပြုနိုင်ရန်အတွက် စေတီပြင်ရဲစခန်းသို့ ဆက်သွယ်ရန်ကြိုးစားခဲ့သော်လည်း အောင်မြင်မှု မရှိခဲ့ပေ။ သို့သော် ဖမ်းဆီးခံရသူထဲမှ တစ်ဦးကို မိုင်းဆွဲတိုက်ခိုက်သည့် လူအဖြစ် သံသယရှိကာ စေတီပြင်ရဲစခန်းတွင်  ဖမ်းဆီးထားသည်ဟု ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ကျင်းပသည့် တပ်မတော် သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။ သို့သော် ယင်းနှစ်ယောက်အနက် မည်သူ ဖြစ်ကြောင်းကို ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

ကျည်ဆန်ထိမှန်၍ သေဆုံးသွားသည့် မရီရီစိုးအတွက် တပ်မတော်က မိသားစုကို ငွေတစ်သိန်းကျပ် တစ်ကြိမ်နှင့် သုံးသောင်းကျပ်တစ်ကြိမ် လာရောက်ပေးအပ်ခဲ့သည်။ မိသားစုဝင်များက မယူချင်ကြသော်လည်း ကြောက်လှန့်သောကြောင့် ယူလိုက်ကြရသည်ဟု ရီရီစိုး၏ အဒေါ်ဖြစ်သူ ဒေါ်နုသိန်းယဉ်က  ပြောသည်။

“အဲဒီငွေကို ဥက္ကဋ္ဌ (ကျေးရွာအုပ်ချုပ်ရေးမှူး)နဲ့ ဆယ်အိမ်ခေါင်းကို ခေါ်ပြီးတော့ လက်မှတ်ထိုးပါတယ်။ ထိုးပြီးရင် ဗိုလ်ဆီက ကျွန်မအစ်မကို ပိုက်ဆံတစ်သိန်း ပေးပါတယ်။ ကျွန်မ အစ်မက မယူပါဘူး။ သမီးတစ်ယောက်တောင် ဆုံးသွားပြီ ဆိုပြီးတော့ ပြန်ပေးပါတယ်။ ဘုန်းကြီးကျောင်းမှာပဲ လှူလိုက်ဆိုတော့ ကျွန်မတို့က ကြောက်ပြီး ယူလိုက်ရပါတယ်” ဟု ၎င်းက ဆိုသည်။ ငွေသုံးသောင်းကျပ်ကိုလည်း တပ်မ တော်သားတစ်ယောက်က အလားတူ လာရောက်ပေးခဲ့ခြင်းဖြစ်သည်။

(မရီရီစိုး မသေဆုံးမီက ရိုက်ကူးခဲ့သော ဓာတ်ပုံဖြစ်သည်။)

မင်းဖူးရွာတွင် ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်သည် ရွာသားများအတွက် စိုးရိမ်စရာတစ်ခု ဖြစ်ခဲ့သည်။ ယင်းနေ့က ဒေါ်သိန်းယဉ်စိန်လည်း ကျောင်းဆရာ၊ ဆရာမများအတွက် ထမင်းချက်နေသည်။ တပ်မတော်က ပစ်ခတ်ချိန်တွင် မည်သည့်ပစ္စည်းကိုမျှ ယူဆောင်ချိန်မရဘဲ ကန်ဘောင်အနီးသွားသို့ သွားခဲ့ရသည်။  တပ်မတော်သားများသည် သူအပါအဝင် ရွာသားများကို ရွာအဝင်လမ်း ရေကန်အနီးတွင် စုထားကာ နေအိမ်များကို ဝင်ရောက်ရှာဖွေခဲ့ပြီး ရွှေငွေများကို ယူဆောင်သွားသည်ဟု ရွှေတစ်ကျပ်သားကျော် ပါသွားသူ ဒေါ်သိန်းယဉ်စိန်က ပြောသည်။

“လက်ကောက် လေးကွင်း၊ လက်စွပ်နှစ်ကွင်းကို ဆန်ပုတ်ထဲ ထည့်ထားတာပါ။ ကျွန်မက ကျောင်းဆရာမတွေ စားဖို့ နေအိမ်မှာ ထမင်းချက်နေပါတယ်။ အဲဒီမှာ သူတို့ (တပ်မတော်)က ဝင်လာပြီးပစ်ခတ်တော့ ဘာမှလည်း ယူဖို့မရလိုက်ပါ။ ထမင်းချက်နေရာကနေ လိုက်ပါသွားခဲ့ရပါတယ်။ ညနေ ၅ နာရီကျော် သူတို့လွှတ်လိုက်တော့ အိမ်မှာ ဒီအတိုင်း ပြန့်ကြဲပြီး ကျန်လိုက်ပါတယ်” ဟု ၎င်းက ဆိုသည်။

ဆုံးရှုံးသွားသော ပစ္စည်းများ၏ တန်ဖိုးမှာ ကာလပေါက်ဈေး ၁၀ သိန်းကျော်ရှိကာ ယင်းအပြင် ၎င်းအိမ်ပေါ်မှ ဓားတစ်လက်၊ အင်ဗာတာကြိုးတို့ကိုလည်း တပ်မတော်က ယူဆောင်သွားသည်ဟု ၎င်းက ဆက်လက်ပြော သည်။

အလားတူ ကျေးရွာအတွင်းရှိ စားသောက်ကုန်ရောင်းချသည့် ဆိုင်တစ်ဆိုင်မှလည်း ငွေကျပ် (၇)သောင်းနှင့် ဘီယာဗူးအချို့၊ မုန့်အချို့ (တန်ဖိုး ကျပ်ငါးသိန်း)ခန့်တို့ကိုလည်း တပ်မတော်က ယူဆောင်သွားသည်ဟု ကာယကံ ရှင်မိသားစုဝင်များက ပြောသည်။

မင်းဖူးကျေးရွာတွင် လုံခြုံရေးအရ စစ်ဆေးမှုများသာရှိပြီး ရွှေငွေပစ္စည်းများကို တပ်မတော်က ယူဆောင်သွားခြင်းမရှိဟု တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ငြင်းဆိုသည်။

“ရွှေငွေ ယူဆောင်သွားတာကတော့ မရှိပါဘူး။ အဲဒါကိုတော့ အာမခံလို့ရပါတယ်။ ရွာထဲကို လုံခြုံရေးအရ စစ်ဆေးတယ်ဆိုလည်း ရဲတပ်ဖွဲ့နဲ့ စစ်ဆေးတာတို့ရှိတယ်။ ဟိုဘက်မှာ အရင်တစ်ခါ သမီးလှကျေးရွာမှာလည်း အထောက်ထားနဲ့ ပြန်ပေးခဲ့တယ်။ ဓာတ်ပုံမှတ်တမ်းတွေနဲ့ ရွာလူကြီးတွေနဲ့ လက်မှတ်ထိုးပြီး ပြန်ပေးခဲ့တယ်” ဟု ၎င်းကပြောသည်။

ဗိုလ်မှူးချုပ် ဇော်မင်းထွန်း ညွှန်းဆိုသည့် သမီးလှကျေးရွာအနီးတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (AA) တို့ ဇန်နဝါရီလ ၂၆ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့သည်။ ယင်းတိုက်ပွဲကြောင့် အသက် (၇) နှစ်အရွယ် မောင်နိုင်စိုးမှာ ကျည်ဆန်ထိမှန်၍ ဒဏ်ရာရရှိသွားသည်။ သူသည် စစ်တွေဆေးရုံကြီးတွင် ဆေးကုနေစဉ် မသက်သာ၍ ရန်ကုန်သို့ ဆက်လက်ပို့ဆောင်စဉ် လမ်းတွင်သေဆုံးသွားခဲ့သည်။ သူသည် တပ်မတော်က ပစ်ခတ်စဉ်အတွင်း ဒဏ်ရာရရှိသွားခြင်းဟု မိသားစုဝင်များက ပြောကြသည်။ သို့သော် တပ်မတော်က လူ့အခွင့်အရေးချိုးဖောက်မှုများ မရှိခဲ့ကြောင်း တုန့်ပြန်သည်။

မင်းဖူးရွာတွင် ရီရီစိုး သေဆုံးခဲ့ရသည့်အပြင် အသက်(၄) နှစ်အရွယ် မဧပြီစိုးမှာလည်း ဦးခေါင်းမှာ ကျည်ဆံထိမှန်သွားသဖြင့် နှာခေါင်းက သွေးထွက်သောကြောင့် စစ်တွေပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူခဲ့ရသည်။ ယင်းအပြင် အသက်(၄၀)နီးပါးခန့်ရှိသည့် အမျိုးသမီးတစ်ဦးမှာလည်း ကျည်ခွံများကို နင်းမိ၍ ခြေတွင် ဒဏ်ရာရရှိသွားသည်။

ယခုလို ဖြစ်စဉ်များအတွင်း အပြစ်မဲ့ပြည်သူများ သေဆုံးသွားရခြင်းအပေါ် ဝမ်းနည်းရပြီး တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (AA) အနေဖြင့် နိုင်ငံရေးစကာဝိုင်းတွင် အမြန်ဆုံး ဆွေးနွေးကြရန် ရသေ့တောင်မြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက တိုက်တွန်းသည်။

“အခုလိုဖြစ်စဉ်တွေမှာ အပြစ်မဲ့ပြည်သူတွေ ကြားက ဓားစာခံအဖြစ် သေနေရတာကို စိတ်မကောင်းပါဘူး။ ဒါကြောင့် ဆက်ပြီး မဖြစ်စေချင်ပါ။ နှစ်ဦးနှစ်ဘက်စလုံး နိုင်ငံရေးစကားဝိုင်း ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ ဆွေးနွေးပေးစေချင်ပါတယ်” ဟု ဒေါ်ခင်စောဝေက အကြံပြုသည်။

(ကျေးရွာအတွင်းတွင် မပေါက်ကွဲဘဲ ကျန်ရှိခဲ့သော လက်နက်ကြီးကျည်ဆံများ ရှိနေသည်။)

မင်းဖူးကျေးရွာအတွင်းရှိ နေအိမ်တစ်ချို့တွင် ကျည်ပေါက်ရာများ၊ ကျည်ခွံများကို တွေ့ရပြီး ရွာ၏ အနောက်ဘက်နှင့် မြောက်ဘက်တွင် လက်နက်ကြီးကျည်ဆံ RPG နှစ်လုံးမှာလည်း လယ်ကွင်းပြင်တွင် မပေါက်ကွဲဘဲ ယင်းအတိုင်း တည်ရှိနေသည်။ ယင်းအပြင် ရွာဝင်လမ်းခွဆုံတွင်လည်း ဗုံးကျည်ဆန်တစ်ခု ရှိနေသေးသဖြင့် ပေါက်ကွဲသွားမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။ ထို့ကြောင့် တပ်မတော်က လာရောက် ရှင်းလင်းစေလိုကြောင်း ရွာသားများက ပြောကြသည်။

မရီရီစိုး၏ ရုပ်အလောင်းကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ညနေ ၂ နာရီခန့်က ကျေးရွာသုဿာန်၌ သင်္ဂြိုဟ်ခဲ့သည်။ ဒေသခံံများ၊ လူမှုအဖွဲ့အစည်းများ၊ လွှတ်တော်အမတ်များ အပါအဝင် လူပေါင်းထောင်ချီ လိုက်ပါပို့ဆောင်ခဲ့ကြသည်။

“ကျွန်မတို့ ဒီဗမာတပ်တွေကို မကျေနပ်ဘူး။ ညီမလေးတစ်ယောက် ဒီလိုအဖြစ်ဆိုးနဲ့ ကြုံရတာကို ကျွန်မ မကြည့်ရက်ဘူး။ ဝမ်းလည်းနည်းတယ်၊ အားလည်းငယ်တယ်။ တစ်သက်မှာမှ ဒီညီအစ်မနှစ်ယောက်ပဲ ရှိတာပါ။ ဒီ ဗမာတပ်ကို ကျွန်မ ဘယ်လိုနည်းနဲ့မှ မကျေနပ်ဘူး” ဟု သေဆုံးသူ မရီရီစိုး၏အစ်မ မဦးလှနုက ပါးပြင်ပေါ်က မျက်ရည်များကို သုတ်ရင်း ပြောသည်။

မင်းဖူးရွာဒေသခံများမှာ ယင်းနေ့က အဖြစ်အပျက်ကို ပြန်စဉ်းစားတိုင်း စိတ်ထိခိုက်ကြသည်။ ကြောက်လန့်မှု၊ စိုးရိမ်မှုများရှိသည်။ မရီရီစိုး သေဆုံးမှုမှာ တပ်မတော်၏ လက်ချက်ဟု မိသားစုဝင်များက ယုံကြည်နေကြပြီး အမှန်တရား ပေါ်ပေါက်ရန်အတွက် ဖခင်ဖြစ်သူ ဦးမောင်ထွန်းလှက မျှော်လင့်ထားသည်။

“သမီးဆုံးသွားလို့ တပ်မတော်ကို မကျေနပ်ဘူး။ အမှန်တရားကိုပဲ လိုချင်ပါတယ်။ တရားဥပဒေအတိုင်း စီစဉ်ပေးချင်ပါတယ်။”

၂၀၁၉ ခုနှစ်၊ မတ်လ ၁ ရက်နေ့ထုတ် Development News Journal အမှတ် ၁၀၄ တွင် ဖော်ပြခဲ့သော ဆောင်းပါးဖြစ်သည်။

ဗီဒီယိုများ