မငြိမ်းချမ်းသော အကျိုးအမြတ်ကို ဘယ်သူတွေခံစားနေရသလဲ

မာဂရက်သက်ချာရေးခဲ့သော လေရူးသုန်သုန် (The Gone Wind) စာအုပ်ထဲမှ ဇာတ်ကောင်တစ်ဦးဖြစ်သော ရက်ဘတ်တလာ ပြောခဲ့သောစကားကို အမှတ်ရမိသည်။

“တိုင်းပြည်ပျက်တဲ့ အချိန်နဲ့ တိုင်းပြည်တည်ဆောက်ဆဲ ကာလတွေဟာ စီးပွားရေးလုပ်လို့ အကောင်းဆုံးပဲ” ဆိုသော စကား။

By ကျော်လင်း (ရောင်စုံ) 08 May 2017

(၂၀၁၂ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ဘင်္ဂလီ-ရခိုင် ပဋိပက္ခဖြစ်ပွားချိန်၌ မောင်တောမြို့နယ်မှ အရေးအခင်းမြင်ကွင်းတစ်ခု။ ဓါတ်ပုံ - ကိုအောင်)

 မေလ ၉ ရက်၊ ၂၀၁၇ ခုနှစ်၊ ရခိုင် (DMG) ။   ။   မာဂရက်မစ်ရှယ်ရေးခဲ့သော လေရူးသုန်သုန် (Gone With The Wind) စာအုပ်ထဲမှ ဇာတ်ကောင်တစ်ဦးဖြစ်သော ရက်ဘတ်တလာ ပြောခဲ့သောစကားကို အမှတ်ရမိသည်။

“တိုင်းပြည်ပျက်တဲ့ အချိန်နဲ့ တိုင်းပြည်တည်ဆောက်ဆဲ ကာလတွေဟာ စီးပွားရေးလုပ်လို့ အကောင်းဆုံးပဲ” ဆိုသော စကား။

လက်ရှိ ရခိုင်ပြည်၏ အနေအထားကို ၂၀၁၂ နှောင်းပိုင်းကာလမှ လေ့လာသုံးသပ်ကြည့်လျှင် ရက်ဘတ်တလာ၏ စကားနှင့် ထပ်တူကျနေသည်များကို တွေ့လာရသည်။ အမျိုးသားရေး နယ်လွန်စိတ်များကို အခြေခံကာ ဖြစ်ပွါးခဲ့သော ပဋိပက္ခများသည် ရခိုင်လူမှုဘဝများကို များစွာအကျိုးယုတ်စေခဲ့သည်။ သို့ရာတွင် အဆိုပါ ပြဿနာဖြစ်မှုသည်ပင် အမျိုးသားရေး တပ်လှန့်မှုများဖြစ်သည်ဟု ယူဆသူများလည်းရှိသည်။ လက်တွေ့တွင် ပဋိပက္ခအကျိုးဆက်များကို ခံစားနေရသည်မှာ ယခုထိ အကင်းမသေသေး။ ယင်းအခြေအနေများကို ထပ်ပြီး ထိန်းထားလိုသူများလည်း အုပ်စုနှစ်ခုစလုံးတွင် ရှိလာသည်ကိုတွေ့ရသည်။ ရခိုင်လူမျိုးထဲမှ လွှတ်တော်ကိုယ်စားလှယ် တချို့တောင်မှ နှစ်ဘက် လူ့အဖွဲ့အစည်းဆိုသော စကားကို ငြင်းပယ်နေကြဆဲ။ အသိအမှတ်ပြုမှု အားနည်းဆဲ။ မူဆလင် အုပ်စုဘက်တွင်လည်း  ပဋိပက္ခဖြစ်ပွါးလျှင် မိမိတို့ ရည်မှန်းထားသော နိုင်ငံသစ် ထူထောင်းရေးကို အထောက်အကူဖြစ်စေသော လှုံ့ဆော်မှုများ/ အကြမ်းဖက်မှုများကို နိုင်ငံရေးအမြတ်လို့ ဦးတည်လာသည့် အင်အားစုများရှိလာသည်ကို တွေ့ရသည်။

အကြမ်းဖက်မှုမှသည် ဒုက္ခသည်စခန်းများသို့

၂၀၁၂ မေလ (၂၈) ရက်နေ့တွင် ရခိုင်ပြည်နယ် ရမ်းဗြဲမြို့မှ အမျိုးသမီးငယ်တစ်ဦး အကြမ်းဖက်ခံရခြင်းမှ အစပြု၍ ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တောတို့တွင် ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့သည်။ ယင်းမှတဆင့် စစ်တွေ၊ မြောက်ဦး၊ ကျောက်တော်၊ တောင်ကုတ်၊ မြေပုံ၊ ကျောက်ဖြူ အစရှိသည့် မြို့များတွင် ရခိုင်လူမျိုးများနှင့် မူဆလင်လူမျိုးများ (ဒေသအခေါ် ဘင်္ဂလီ) တို့၏ ပဋိပက္ခများ ဆက်တိုက်ဖြစ်ပွားခဲ့သည်။ ပါတီစုံ ဒီမိုကရေစီစနစ်နှင့် ရွေးကောက်ခံကာ အစိုးရဖြစ်လာသော USDP ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ အစိုးရသက်တမ်းကာလ သမ္မတဦးသိန်းစိန် လက်ထက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဦးသိန်းစိန်အစိုးရမှ ဦးဆောင်၍ မူဆလင်များအား ဒုက္ခသည်စခန်းများ ဖွင့်လှစ်ကာ မြို့ပြင်များတွင် နေထိုင်စေခဲ့သည်။

ရခိုင်ဒေသခံများမှလည်း နေရာဒေသအလျောက် တစ်ဖက်နှင့်တစ်ဖက် လူမှုရေး၊ စီးပွားရေး ကိစ္စရပ်များကို မဆက်သွယ်ဘဲ ဖြတ်တောက်ခြင်း၊ Block ချထားခြင်းမျိုးကို ပြုလုပ်ခဲ့ကြသည်။ မြို့မိမြို့ဖများ၊ လွှတ်တော်ကိုယ်စားလှယ်တချို့တို့မှ မူဆလင် ( ဒေသအခေါ် ဘင်္ဂလီ)တို့နှင့် လူမှုရေး၊ စီးပွါးရေးတို့တွင် ဘယ်အရာမှ အတူယှဉ်တွဲလုပ်ကိုင်၍ မရဟု မီဒီယာများတွင်လည်းကောင်း၊ နိုင်ငံတကာ အဖွဲ့အစည်းများတွင် လည်းကောင်း ဖြေကြားကြသည်။ လက်တွေ့တွင် ပြောကြားထားသည့်အတိုင်း ရှိနေကြသည်တော့ မဟုတ်ပေ။

ယင်းနဲ့ ပတ်သက်၍ မြောက်ဦး မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစောမှ “ရခိုင်လူမျိုးတွေက ကိုယ့်ဟာကိုယ် Block လုပ်ထားတယ်လို့ ထင်နေတာပါ။ တကယ်တမ်းကျလို့ရှိရင် မှောင်ခိုလမ်းကြောင်းနဲ့ လုပ်နေကြတာပဲ။ စစ်တွေကို သဲချောင်း (ဒုက္ခသည်စခန်း) က ပစ္စည်းတွေ ဝင်ချင်သလို ဝင်တယ်၊ ထွက်ချင်သလို ထွက်တယ်။ ထိုနည်း၎င်း စစ်တွေက ပစ္စည်းတွေဟာလည်း သဲချောင်း (ဒုက္ခသည်စခန်း) ကို ဝင်ချင်သလို ဝင်တယ်၊ ထွက်ချင်သလို ထွက်နေကြတယ်။ သို့သော် လူတွေကတော Block ချထားတယ်လို့ ထင်တယ်။ ထိုနည်း၎င်း ဘူးသီးတောင်-မောင်တောကို မူဆလင်တွေနဲ့ ကုန်မကူရဘူးလို့ ပြောကြတယ်။ စစ်တွေမြို့က သင်္ဘောကြီး/ သင်္ဘောငယ်တွေနဲ့ သွားနေကြတယ်။ ရန်ကုန်ကထွက်တဲ့ ပစ္စည်းတွေကိုလည်း Block လုပ်လို့မရဘူး။ သွားနေကြတာပဲ။ သို့သော် ရခိုင်တွေက Block လုပ်ထားတယ်လို့ ပြောနေကြတယ်။ ဒါဟာ ရှေ့နောက်မညီဘူး။ Trend မရှိဘူးလေ။ မဆက်ဆံရင် လုံးဝမဆက်ဆံနဲ့ အဲ့သလိုမျိုးလည်းမဟုတ်ဘူး။ ဒီလို မငြိမ်းမချမ်း ရှေ့နောက်မညီ ပရမ်းပတာဖြစ်လေ ရခိုင်လူ့အဖွဲအစည်း နစ်နာလေ။ အခုစီးပွားရေး၊ လူမှုရေး ဘက်ပေါင်းစုံမှ ကျဆင်းလာကြတယ်။ ကိုယ်ကျင့်တရားက အစပေါ့။ အားလုံး တချို့ကတော့ ဒီလိုပေါက်ကွဲမှုတစ်ခုဖြစ်ရင် အမြတ်ထုတ်လို့ရမယ်လို့ ထင်နေကြတယ်။ ဥပမာ ဆိုပါစို့ တချို့က ပြောကြတယ်ပေါ့ ANP နိုင်တာဟာ မူဆလင် (ဒေသအခေါ် ဘင်္ဂလီ) ကိစ္စကြောင့် နိုင်တယ်။ ANP ကို မူဆလင်တွေ ကယ်ခဲ့တယ်ဆိုပြီး ဒါကို ဟုတ်တယ်လို့ အရသာခံနေတဲ့ ANP ခေါင်းဆောင်တွေလည်းရှိတယ်။ မိမိရဲ့ နိုင်ငံရေးမူဝါဒကို အခြေခံကိုင်စွဲပြီး လူထုကို လမ်းညွှန်တယ်၊ လမ်းကြောင်းချပေးဖို့ သွားတာမျိုးမဟုတ်ဘဲ ပြဿနာဖြစ်ရင် မီးရှုးမီးပန်းလွှတ်မယ်၊ နိုင်ငံရေး အမြတ်ထုတ်မယ်၊ မိမိကိုယ်ကို သူရဲကောင်းဖြစ်အောင်လုပ်မယ်။ ပါတီ Identity ကို တပ်ဖို့ ဒီလိုလူမျိုးတွေ ကိုယ်တိုင်က နိုင်ငံရေးပါတီထဲမှာ ရှိနေတယ်။ ဒါကို ရခိုင်သားတွေ သတိထားကိုထားရမယ်။ ” ဆိုပြီး ၎င်း၏အမြင်ကို ပြောကြားထားသည်။

ပဋိပက္ခဖြစ်ပွားခဲ့သော နယ်မြေများတွင် အမျိုးသားရေးဝါဒီများက တစ်ဘက်၊ ငြိမ်းချမ်းရေး လိုလားသူများက တစ်ဘက်၊ အကျိုးစီးပွား လိုလားသူများက တစ်ဘက် ပြင်းထန်သော သဘောထားကွဲလွဲမှုများ ရှိနေကြသည်။ အမျိုးသားရေးဝါဒီဟန်ဆောင်ကာ အကျိုးစီးပွားအတွက် ဆက်နွယ်သူများလည်း ရှိလာသည်။ လူ့အဖွဲ့အစည်းနှစ်ခု အတူတကွနေထိုင်ရေးအား အပြင်းအထန် ကန့်ကွက်သူများမှာ ၎င်းတို့ဖြစ်နေကြသည်။ ဘူးသီးတောင်နဲ့ မောင်တောလမ်းခရီးသည် ကားဖြင့်သွားလျှင် တစ်နာရီသာသာ ကွာဝေးသည်။ သို့ရာတွင် ၂၀၁၂ အရေးအခင်းအပြီးတွင် စစ်ဆေးရေးဂိတ်များ အများအပြား ပေါ်ပေါက်လာပြီး မောင်တောမှ ဘူးသီးတောင်သို့ ခရီးသွားသည့် မူဆလင်များအား အထပ်ထပ်အခါခါ စစ်ဆေးမှုများ ပြုလုပ်ကြသည်။ လက်တွေ့တွင် နယ်စပ်မှ ခိုးဝင်လာသူများအား နယ်စပ်တွင် တင်းကျပ်စွာ တားမြစ်ခြင်းမရှိဘဲ လာဘ်ငွေယူကာ ခိုးသွင်း/ခိုးထုတ်မှုများလည်း ပြုလုပ်နေကြသည်။

အမှန်တကယ်အားဖြင့် ဘူးသီးတောင်-မောင်တောတွင် နေထိုင်သော မူဆလင်များသာ ခရီးသွားသည့်အခါ လိုအပ်သည်ထက် စစ်ဆေးခံနေကြရသည်။ ယင်းကဲ့သို့ ဖြစ်ရပ်များက အစိုးရ၏ Rule of Law ကို မေးခွန်းထုတ်စရာဖြစ်လာသည်။ အစိုးရအနေဖြင့် နယ်စပ်ခိုးဝင်မှု ပြဿနာများကို တင်းကျပ်စွာ ဆောင်ရွက်ရမယ့်အစား စစ်တွေ-ရန်ကုန်လမ်းကို Block ချထားသည်။ မူဆလင် (ဒေသအခေါ် ဘင်္ဂလီ) တစ်ဦးအတွက် တစ်ဘက်နိုင်ငံ နယ်စပ်မှ ခိုးဝင်မှုတွင် လာဘ်ပေး လာဘ်ယူဖြင့် ရှောင်ရှားနိုင်သည်။ သို့ရာတွင် ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မြောက်ဦးတို့မှ မူဆလင်တစ်ဦးဦးက ရန်ကုန်သို့သွားလျှင် ကြီးစွာသော ပြစ်မှုများကို ခံစားကြရသည်။ ယင်းကဲ့သို့ ရှေ့နောက်မညီမျှသော ဥပဒေများဖြင့် မူဆလင် (ဒေသအခေါ် ဘင်္ဂလီ)တို့အား ဖိနှိပ်ထားခြင်း၊ ပြည်မဘက်သို့ သွားရန် တားဆီးထားခြင်းများသည် ရခိုင်လူမှုဘဝကို ပို၍အကျဉ်းတန်လာစေသည်။

“ ဘူးသီးတောင်၊ မောင်တောကို သွားမယ်ဆိုရင် စစ်ဆေးတာတို့ အများရှိခဲ့ပါတယ်။ စစ်အစိုးရခေတ်မှာဘဲ ခိုးဝင်ဘင်္ဂလီတွေ ရှိခဲ့တယ်ဆိုတာကို ငြင်းလို့ရတဲ့ ကိစ္စလည်းမဟုတ်ဘူး။ ဒါကြောင့် ပုံစံနှစ်မျိုးနဲ့ပေါ့။ တိုင်းရင်သားတွေကိုကျတော့ တစ်ဖက်မှာချန်ထားသလို ဖြစ်နေပြီးတော့ အဲ့ဒီခေတ်က တရားဥပဒေစိုးမိုးရေးဆိုတာထက် (ဝန်ထမ်း) အချို့ တာဝန်ရှိသူတွေက သူသဘောနဲ့သူ လုပ်ခဲ့တာတွေလည်းရှိခဲ့ပါတယ်။ သူတို့အကျိုးစီးပွားအတွက် လုပ်ထားပါတယ်။ နောက်တခုက ရဲရဲဝံ့ဝံ့ပြောရရင် နိုင်ငံသားမြေပိုင်ရမယ်လို့ ကျတော်တို့ ပြောကြတယ်။ ခု ၂၀၁၂ မြေယာဥပဒေလည်း နိုင်ငံသားကိုမှ လယ်လုပ်ခွင့်ပေးရမယ်လို့ ပြောတယ်။ ဒါပေမယ့် ဘူးသီးတောင်-မောင်တောမှာတော့ နိုင်ငံသားမှန်းမသိဘူး၊ နိုင်ငံသားသားမဟုန်မှန်းလည်း မသိဘူး၊ မြေယာပိုင်ဆိုင်သူတွေ အများကြီးရှိနေတယ်ဆိုတာ အခုထိ ထိရောက်တဲ့ တားဆီးမှုတွေ မလုပ်သေးဘူး။ ဒါကို တရားဥပါဒေ စိုးမိုးမှုရှိတဲ့ နယ်မြေတစ်ခုဆိုပြီး ပြောနိုင်ပါ့မလား။ အစိုးရရဲ့အဏာ မသက်ရောက်တဲ့နေရာတစ်ခုလို့တောင် ပြောလို့ရပါတယ်။ ” ဟု အထက်တန်းရှေ့နေ  ဦးမျိုးမြတ်ဟိန်း (ခ) ငြိမ်းချမ်းက ပြောသည်။

တစ်ဖက်ပိတ် နည်းလမ်းများဖြင့် ဖြေရှင်းလာခဲ့သည့် အကျိုးဆက်မှာ ဒုက္ခသည်စခန်းများ ပေါများလာကြခြင်းသာဖြစ်သည်။

လက်ရှိတွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် နယ်စပ်ရေးရာဝန်ကြီး ဦးထိန်လင်း၏ ပြောကြားချက်အရ ဘင်္ဂလီဒုက္ခသည်စခန်း (၄၃) ခုရှိပြီး ဒုက္ခသည်ဦးရေ ၁၃၈၀၀၀ ဦး ရှိနေသည်ဟု သိရသည်။ ရခိုင့်လူအဖွဲ့အစည်း၏ မျက်ကွယ်တွင် ရှိနေခြင်းသည်ပင် ရခိုင်လူမျိုးတို့အတွက် စိုးရိမ်မှုရေချိန်ကို မြှင့်တက်စေသည်။

“ကျနော်ကတော့ ဖြစ်နိုင်ခြေရှိတဲ့ မှုဆလင်တွေကို အတူနေခွင့်ပေးစေချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ပေးလည်းပေးသင့်တယ်။ ဒီလိုပေးမှပဲ ကျနော်တို့ ရှေ့ဆက်ပြီးရှင်သန်နိုင်မယ်။ ဒီလိုမဟုတ်ဘူး။ မူဆလင်ဆိုရင် အားလုံးလိုက်ထုတ်မယ်။ မူဆလင်ဟူသမျှ Against ပဲ လုပ်နေမယ်ဆိုရင် တိုက်ခိုက်နေမယ်ဆိုရင် နောက်တစ်ခါ UN အပါအဝင် အဖွဲ့အစည်းတွေကို ဆန္ဒပြနေတာတွေဟာ အဖြေမဟုတ်ဘူးလို့ ကျနော်ကတော့ ယုံကြည်တယ်။ တစ်ဖက်မှာလည်း မူဆလင်အုပ်စုဖက်မှာလည်းပဲ အစွန်းရောက်နေတာတွေရှိတယ်။ ဒါပယ်မယ့် အားလုံးလို့တော့ ပြောလိုက်ရင် အဆင်ပြေမှာမဟုတ်ဘူး။ ရခိုင်ဖြစ်ချင်တဲ့ မူဆလင်တွေလည်းအများကြီးပဲ သူတို့တွေကို ကျနော်က ရခိုင်တွေအနေနဲ့ လက်တွဲယူသွားရမယ်လို့ မြင်ပါတယ်။

သူတို့တွေဟာ နှစ်ပေါင်းများစွာ ကတည်းက ဒီမြေမှာနေလာတယ်။ ဘိုးစဉ်ဘောင်ဆက်နေလာတယ်။ သူတို့ဟာလည်းပဲ ရခိုင်သားတွေနဲ့ တသားတည်းကျအောင် နေလာခဲ့တာ အများကြီးပါ။ ဒီလူတွေကိုလည်းပဲ အခုကိစ္စမှာ ရှင်းထုတ်ပစ်မယ်ဆိုရင် အဆင်မပြေဘူး။ နောက်တစ်ခုက အခုဖြစ်နေတာဟာ ဘာသာရေးဖြစ်နေတာလည်း မဟုတ်ဘူး။ လူမျိုးရေးဖြစ်နေတာလို့လည်း မဟုတ်ဘူး။ တနည်းအားဖြင့် ပြောရရင် ဒီနေ့ ရခိုင်ပြည်မှာဖြစ်နေတဲ့ကိစ္စဟာ ကျနော်တို့ရဲ့ နယ်မြေ အချုပ်အချာအာဏာကို လိုချင်တဲ့ မတော်လောဘတက်နေတဲ့ အုပ်စုတစ်ခုရှိနေတယ်။ သူတို့ကိုတော့ ကျနော်တို့ ပြတ်ပြတ်သားသားဖြစ်အောင် လုပ်ရမယ်။ ဒီဟာကို မူဆလင်တွေအားလုံးလို့ ပြောလိုက်လို့ အဆင်ပြေမှာမဟုတ်ဘူး။ ” ဟု ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ၏ ဦးဆောင်ကော်မတီဝင် ဦးမျိုးကျော်က ပြောသည်။

ဦးမျိုးကျော်ကဲ့သို့ လူ့အဖွဲ့အစည်းနှစ်ခုအား အဆင်ပြေစေချင်သည့် ရည်ရွယ်ချက်ရှိသူများလည်း ဘင်္ဂလီလူမှု အသိုင်းအဝိုင်းတွင် လည်းကောင်း၊ ရခိုင်အသိုင်းအဝိုင်းတွင်လည်း ရှိနေကြသည်။ တချို့ကလည်း ဘင်္ဂလီအားလုံးသည် ခိုးဝင်များဟု စွပ်စွဲကာ မည်သည့်ကာလမှ အတူတကွ ယှဉ်တွဲနေထိုင်လို့မရဟု ပြင်းပြင်းထန်ထန် တုန့်ပြန်ကန့်ကွက်သူများရှိသည်။ ၁၉၈၂ ဥပဒေအား တိတိကျကျ အကောင်အထည် ဖော်ဆောင်စေချင်ကြသော်လည်း လက်တွေ့တွင် ဘင်္ဂလီများ၏ နိုင်ငံသားဖြစ်ခွင့်ကို အသိအမှတ်မပြုလိုသူများကိုလည်း တွေ့ရသည်။ အစိုးရ၏ လူဝင်မှုကြီးကြပ်ရေးနှင့် ပတ်သတ်၍ လုပ်ထုံးလုပ်နည်းများမှာလည်း နည်းလမ်းမကျဟု လွှတ်တော်ကိုယ်စားလှယ် တစ်ချို့မှ သုံးသပ်မှုများလည်းရှိသည်။

ရခိုင်များက လူဆလင်များကို မေတ္တာဂရုဏာထားပြီး နှစ်ပေါင်းများစွာ ရခိုင်မြေမှာ နေထိုင်လုပ်ကိုင်စားသောက်ခွင့် ပေးထားခဲ့ကြောင်း၊ သို့သော် မူဆလင်များက မေတ္တာဂရုဏာများကို ဖောက်ဖျက်ပြီး အကြမ်းဖက်ရန်ရှာခဲ့ကြောင်း၊ ယင်းအတွက်ကြောင့် မူဆလင်များနှင့် အတူတူနေထိုင်ဖို့ဆိုသည်မှာ လောလောစဉ် မဖြစ်နိုင်သေးကြောင်း စစ်တွေမြို့မှ ရွှေစေတီဆရာတော်က မေလ ၈ ရက်နေ့က ကော်ဖီအာနန်အဖွဲ့နှင့်တွေ့ဆုံစဉ် DVB သတင်းဌာနကို ပြောကြားခဲ့ခြင်းဖြစ်သည်။

ရခိုင်လူငယ် စာရေးဆရာ ဝေဟင်အောင်က “ အစိုးရက ဒီပြဿနာကို ဖြေရှင်းပေးတာ မဟုတ်သေးဘူး။ ထိန်းထားတဲ့ အဆင့်ပဲရှိသေးတယ်။ ဦးသိန်းစိန် အစိုးရလက်ထက် ကတည်းက ဒေါ်အောင်ဆန်းစုကြည် လက်ထက်အထိ ဒီပြဿနာနဲ့ ပက်သတ်လို့ ဖြေရှင်းတဲ့အဆင့်ကို မရောက်သေးဘူး။ သူတို့က ဒီပြဿနာကို ဖြေရှင်းဖို့အတွက် ကြိုးစားနေတဲ့ အဆင့်ပဲရှိသေးတယ်။ ဒီလိုဆိုတော့ ဒီဒုက္ခသည်စခန်းတွေကို တစ်သက်လုံးအတွက် ရေရှည်ထားဖို့ လုံးဝမဖြစ်နိုင်ဘူး။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ၁၉၈၂ ဥပဒေကို မကိုင်ချင်တဲ့ သဘောထားရှိတယ်။ ၈၂ နိုင်ငံသားဥပဒေနဲ့ ကိုင်လိုက်ရင် နိုင်ငံတကာ ဖိအားကြားမှာ ရောက်နေတဲ့အခါ သူလက်မတင်ရဲတဲ့ အနေအထားမှာ ရှိနေတယ်။ သူက ဟိုဘက်ရှောင်၊ ဒီဘက်ရှောင် ရှောင်နေတယ်။ အမှန်တကယ်အားဖြင့် ဒီပြဿနာကို ရှင်းဖို့အတွက် ဥပဒေစိုးမိုးရေးအရ ဒီပြဿနာကို ရှင်းလင်းနိုင်တဲ့ အနေအထားမှာရှိနေတယ်။ အနှေးနဲ့အမြန် ရှင်းကိုရှင်းရမယ်။ ” ဟု သူ၏ သဘောထားကို ပြောကြားသည်။

ရခိုင်အဖွဲ့အစည်းနဲ့ အုပ်ချုပ်သူ ဗမာလူ့အဖွဲ့အစည်းချဉ်းကပ်ပုံက တူညီမှုမရှိသည်ကိုတွေ့ရပြီး ချဉ်းကပ်ပုံ (၃) မျိုးရှိသည်ကို တွေ့ရသည်။ ဗမာဖက်က ဘာသာရေးနှင့် ချဉ်းကပ်လာကြသည်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အစိုးရအဖွဲ့မှ လူမျိုးရေးပြဿနာအဖြစ် ချဉ်းကပ်လာကြသည်။ သို့သော် ရခိုင်လူမျိုးဘက်က  ဘာသာရေးနဲ့လည်း သက်ဆိုင်မှုမရှိ၊ နိုင်ငံရေးနဲ့လည်း သက်ဆိုင်မှုမရှိဘဲ လူဝင်မှုကြီးကြပ်ရေး ပြဿနာအဖြစ် ရှုမြင်ကြသည်။ လူဝင်မှုကြီးကြပ်ရေးနဲ့သာ ရှင်းလိုက်လျှင် ဖြေရှင်းပြီးသွားမည်ဟု ရခိုင်ကရှင်းရှင်းလင်းလင်း မြင်သည်။ အစိုးရက ယင်းကဲ့သို့ မဖြေရှင်းဘဲ ဝေ့လည်ကြောင်ပတ် လုပ်နေသည့်အတွက် ရခိုင်လူမျိုးများအနေဖြင့် သတိထားသင့်ကြောင်းလည်း သူ၏အမြင်ကို ပြောဆိုခဲ့သည်။

ပဋိပက္ခမှသည် နိုင်ငံရေးအမြတ်သို့

ပဋိပက္ခဖြစ်ပွားပြီးသည့်နောက် ဆုံးရှုံးနစ်နာမှုများရှိခဲ့သော်လည်း ယင်းအခြေအနေများပေါ် နိုင်ငံရေးအရ အမြတ်ထုတ်သူများလည်း ရှိလာခဲ့သည်။ ရခိုင်လူမှုအဖွဲ့အစည်းထဲတွင် နှစ်ပေါင်းများစွာ ဖိနှိပ်ခံလာရမှုများသည် စစ်အာဏာရှင် စနစ်ကြောင့်ဖြစ်သည်။ သို့ရာတွင် နိုင်ငံရေးခေါင်းဆောင်အချို့နှင့် CSO တချို့တို့က မှန်ကန်သော သဘောတရားများကို ချပြခဲ့ခြင်းမရှိခဲ့။

ပဋိပက္ခကြောင့် ဖြစ်ပွားလာသော အကျိုးဆက်များအား ကောင်းမွန်သော ထိန်းကျောင်းမှုများကို မပြုလုပ်နိုင်ဘဲ မိမိသဘောအတိုင်း လုပ်ဆောင်နေကြသည်ကိုတွေ့ရသည်။ ယင်းနဲ့ပတ်သက်၍ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးလှစောမှ 

“ Nationalism နဲ့ Social media ပေါင်းလိုက်တဲ့အခါ ရခိုင်လူအဖွဲ့အစည်းမှာ ပရမ်းပတာဖြစ်နေတယ်။ ဒါဟာ ရေရှည်မှာ မကောင်းဘူး။ ဒါကိုထိန်းချုပ်နိုင်ဖို့ မှုဝါဒတစ်ခုအနေနဲ့ ချမှတ်ပေးနိုင်တဲ့ စာပေအဖွဲ့အစည်း၊ နိုင်ငံရေးအဖွဲ့အစည်း ဆိုတာမျိုးလည်း မရှိဘူး။  သြဇာကြီးမားတဲ့ နိုင်ငံရေး ခေါင်းဆောင်ဆိုတာလည်းမရှိဘူး။ ဥပမာဆိုပါစို့ မူဆလင်ကိစ္စနဲ့ Social media ထက်မှာတက်ပြီး ပြောချင်တာပြောကြတယ်။ လုပ်ချင်တာကိုလုပ်ကြတယ်။ ” ဟု ၎င်း၏ အမြင်ကိုပြောကြားခဲ့သည်။

၂၀၁၂ အရေးအခင်းနောက်ပိုင်း ရခိုင်ပြည်ထဲတွင် ပဋိပက္ခအခြေခံ၍ မီဒီယာများအပေါ် ဘွင်းဘွင်းရှင်းရှင်း ပြောတတ်သူများ၊ အမျိုးသားရေး စိတ်အားထက်သန်အောင် လှုံ့ဆော်သောသူများ၊ တစ်ဖက်နှင့်တစ်ဖက် ပြစ်တင်မှုများကို အားပေးအားမြောက်ပြုသူများ၊ ပရဟိတအဖွဲ့များ ဆန္ဒပြခေါင်းဆောင်များ အသီးသီးပေါ်ထွက်လာသည်။ ဒီမိုကရေစီစနစ်၏ အနှစ်သာရသည် မိမိမကြိုက်သော လူပုဂ္ဂိုလ်အဖွဲ့အစည်းများအား ယုတ်မာရိုင်းစိုင်းစွာ ဆဲဆိုခြိမ်းခြောက်မှုမှာ လမ်းဆုံးနေကြသည်။ ကောင်းမွန်သော ရည်ရွယ်ချက်ဖြင့် ကူညီပေးသူများ အနှစ်သာရရှိရှိဖြင့် အမျိုးသားရေး လမ်းကြောင်းပေါ် လျှောက်လှမ်းနေသူများမှာ ပဋိပက္ခအခြေအနေအပေါ်တွင် အမြတ်ထုတ်တက်သူများကဲ့သို့ ခရီးမတွင်တော့ပေ။ ယင်းကဲ့သို့ အခြေနေများမှ ပဋိပက္ခကို အခြေခံ၍ နိုင်ငံရေးအမြတ်ထုတ်မှုများ ရှိလာသည်ဟု ယူဆဖွယ်ရှိသည်။

မငြိမ်မသက်ဖြစ်မှုများကို အခြေခံကာ အကျိုးစီးပွားရှာသူများရှိသကဲ့သို့ ငြိမ်းချမ်းရေးကို လိုလားသူများလည်း ရှိလာကြသည်။ တက်ကြွလှုပ်ရှားသူများ၊ အမျိုးသားရေးဝါဒီများထဲမှ တစ်ဖက်ပိတ်သွားလိုသူများ ရှိသကဲ့သို့ နယ်မြေအေးချမ်းမှုကို လိုလားသူများလည်း ရှိလာကြသည်။

“မငြိမ်မသက်ဖြစ်ရင် ကိုယ်ကျိုးရှာဖို့ဟာကို ကျနော်တို့မလိုလားပါဘူး။ ငြိမ်းချမ်းရေးကိုပဲ လိုလားပါတယ်။ ကျနော်ကတော့ မြို့တွင်းမှာနေပါတယ်။ အောင်မင်္ဂလာရပ်ကွက်ထဲမှာနေတာပါ။ ၂၀၁၂ အရေးအခင်းပြီးကတည်းက ကျနော်တို့ (၃)ရက်ကွက်မှာ လူဦးရေ (၄၂၀၀) ရှိတယ်။ ကျနော်တို့က တည်ငြိမ်အေးချမ်းရေးကိုပဲ လိုလားပါတယ်။ အယင်နေခဲ့သလို နှစ်ဖက်စလုံး ပူးတွဲပြီးနေချင်တဲ့စိတ်ဆန္ဒရှိပါတယ်။ ကျနော်တို့က မြို့တွင်းမှာနေတယ်ဆိုတော့ ကျနော်ကိုယ်တိုင်လဲ Personal အရ ဗုဒ္ဓဘာသာဝင်တွေနဲ့ လုပ်စားလာတာပါ။ ကျနေ့ာ်အိမ်ဆောက်တာလည်း ဗုဒ္ဓဘာသာဝင်တွေကျေးဇူး၊ ကျနေ့ာ်သမီး မင်္ဂလာဆောင်တာလည်း ဗုဒ္ဓဘာသာဝင်တွေ ကျေးဇူးတရားတွေ အများကြီးရှိပါတယ်။ ကျနော်ကတော့ မငြိမ်သက်တာကို လုံးဝမလိုလားပါဘူး။ အယင်လိုပူးတွဲပြီး လူမျိုး (၂) မျိုး အတူတူ နေချင်တဲ့ စိတ်ဆန္ဒရာနှုန်းပြည့် ရှိပါတယ်။ ကျနော်က ၁၉၈၂ ဥပဒေအရ ကျနော်ကိုယ်တိုင် အစစ်ခံပြီး နိုင်ငံသားကဒ်ရလာတာပါ။ ကျနော့် သားသမီးတွေလည်း ရထားပါတယ်။ ” ဟု စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်လူကြီး  ဦးရွှေလှ (မူဆလင်ဘာသာဝင်) မှ သူ၏အမြင်ကို ပြောကြားထားသည်။

ပြည်တွင်း အမြတ်ထုတ်သူများမှသည် ပြည်ပအမြတ်ထုတ်သူများ

၂၀၁၆ အောက်တိုဘာ (၉) ရက်က ဖြစ်ပွားခဲ့သော ရခိုင်ပြည် နယ်စပ်ဂိတ်ရှိ နယ်ခြားစောင့်တပ်ဖွဲ့ဖြစ်သော ကျီးကန်းပြင်ဌာနချုပ်အား ဘင်္ဂလီတချို့က အကြမ်းဖက်တိုက်ခိုက်ခဲ့သည်။ ယင်းဖြစ်ရပ်များအပြီး ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူအခွင့်ရေးကိုယ်စားလှယ် ယန်ဟီးလီမှ ငါးကြိမ်မြောက်ခရီးစဉ်အဖြစ် ဇန်နဝါရီ (၉) ရက်နေ့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့သည်။ ၁၂ ရက်ကြာ ခရီးစဉ်အတွင်း ရခိုင်၊ ကချင်၊ မွန်၊ ရန်ကုန်နှင့် နေပြည်တော်သို့ သွားရောက်လေ့လာခဲ့ပြီး ဇန်နဝါရီ (၂၀) ရက်နေ့တွင် ရန်ကုန်မြို့ ချက်ထရီယင်ဟိုတယ်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါသည်။ ယင်းရှင်းလင်းပွဲတွင် ဘူးသီးတောင်ထောင်၊ စစ်တွေထောင်၊ အင်းစိန်ထောင်များသို့ လွတ်လပ်စွာ သွားရောက်လေ့လာခွင့် ရရှိခဲ့သည်ဟု ပြောကြားခဲ့သည်။ သို့ရာတွင် မတ်လ (၁၃)ရက်နေ့က ဂျီနီဗာမြို့တွင် ကျင်းပသော (၃၄) ကြိမ်မြောက် ကုလသမဂ္ဂ လ့ူအခွင့်ရေးကောင်စီ အစည်အဝေးတွင် မြန်မာနိုင်ငံသားများသည် ဘင်္ဂလီများအား ၎င်းတို့၏ ပိုင်နက်ထဲမှ နှင်ထုတ်ရန် ကြိုးပမ်းနိုင်ဖွယ်ရှိကြောင်းနှင့် မြန်မာနိုင်ငံတွင် လူနည်းစုမွတ်ဆလင်များအပေါ် မတရားဖိနှိပ်မှူများကို စုံစမ်းစစ်ဆေးရန် အမြန်ဆုံး စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖြစ်သည့် commission of Inquiry (COI) ဖွဲ့စည်းပေးရန် ယန်ဟီးလီကပြောကြားခဲ့သည်။ ယင်းကဲ့သို့ ပြောဆိုမှုများသည် ရည်ရွယ်ချက်ရှိရှိဖြင့် တစ်ဖက်သက် စွပ်စွဲချက်များသာဖြစ်ပြီး အတည်မပြုနိုင်သည့် ပြောဆိုချက်များသာဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးထင်လင်းမှ တုန့်ပြန်ပြောကြားကာ ပယ်ချခဲ့သည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသည့် တင်းမာသည့်အနေအထားများနှင့် ပတ်သက်၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ ဖော်ပြမည့် အဆိုပြုချက်ကို တရုတ်နဲ့ ရုရှားနိုင်ငံတို့က မတ်လ (၁၇) ရက်နေ့တွင် ကန့်ကွက်တားဆီးခဲ့ကြောင်း AFP သတင်းတွင် ဖေါ်ပြခဲ့သည်။ ယင်းကဲ့သို့ အခြေနေများသည် ရခိုင်ပြည်တွင် ဖြစ်ပွားနေသော ပဋိပက္ခကိုအခြေခံ၍ နိုင်ငံရေးအရသော်လည်းကောင်း စီးပွာရေးအကျိုးအမြတ်အရ သော်လည်းကောင်း ကစားလိုသောသူများ ရှိနေသည်ကို တွေ့ရသည်။

NLD စိုးရအပေါ်တွင် အနောက်နိုင်ငံများ၏ မျှော်လင့်ချက်မှာလည်း ပိုများခဲ့ပုံပေါ်သည်။ NLD အစိုးရ၏ ထိပ်ပိုင်း ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် (နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်) သည် အတိုက်အခံကာလ တစ်လျှောက်လုံးတွင် အနောက်အုပ်စုများ၏ ပါဝင်အားဖြည့်မှုနှင့် မကင်းခဲ့ချေ။ တကယ်တမ်းသူမ အစိုးရဖြစ်လာသော်လည်း ၂၀၀၈ ဖွဲ့စည်းပုံကိုလည်းကောင်း၊ ဘင်္ဂလီပြဿနာကိုလည်းကောင်း မဖြေရှင်းနိုင်သေးသည်ကို တွေ့ရသည်။ ရခိုင်ပြည်အတွင်းမှ  မူဆလင် (ဘင်္ဂလီ) ထိုသူများ၏ မျှော်မှန်းချက်မှာလည်း သူမလက်ထက်တွင် အရာမထင်သည်ကို သိရှိလာကြသည်။ ပထမသက်တမ်းတွင် သမ္မတဦးသိန်းစိန်မှ မြန်မာနိုင်ငံတွင် တိုင်းရင်းသား (၁၃၅) မျိုးရှိသည့်အထဲမှ ရိုဟင်ဂျာမရှိဟုလည်းကောင်း လက်ရှိ ကာကွယ်ရေးဦးစီးချုပ်မှလည်း ရိုဟင်ဂျာမရှိဟုလည်းကောင်း ငြင်းပယ်ထားရာ ဒုတိယသက်တမ်းတွင် အစိုးရဖြစ်လာသော NLD အတွက် တစ်မျိုးတစ်ဖုံဆန်းသစ်၍ မရနိုင်တော့ပေ။

ကုလသမဂ္ဂမှ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ် ယန်ဟီးလီမှ ရိုဟင်ဂျာဆိုသော အသုံးအနှုန်းကို သုံးစွဲခဲ့သောကြောင့် အမျိူးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့မှ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်သူ ဆရာတော် ဦးဝီရသူမှ ပြည်တန်ဆာမဆိုသော စကားဖြင့် ပြန်လှန်တုန့်ပြန်ခဲ့မှုသည် ကုလသမဂ္ဂအဖွဲ့နှင့် မူဆလင်အသိုင်းအဝိုင်းအား အားပြင်းစွာ ရိုက်ခတ်စေခဲ့သည်။ ဆရာတော်အား ထိရောက်စွာ အရေးယူပေးရန်အတွက် ကုလမှ မြန်မာအစိုးရအား ဖိအားပေးခဲ့မှုများလည်းရှိခဲ့သည်။ တချို့ကလည်း ပြသနာများဖြစ်ပွားစေမှုမှာ မဘသအဖွဲ့ကဲ့သို့ မျိုးချစ်ဝါဒီများကြောင့် ဖြစ်သည်ဟု သုံးသပ်မှုများလည်းရှိသည်။ တစ်ဖက်တွင်လည်း ယင်းကဲ့သို့ မငြိမ်မသက်မှုကို အကြောင်းပြကာ မြန်မာနိုင်ငံအပေါ် နိုင်ငံရေးအမြတ်ထုတ်လိုသူများလည်း ပြည်တွင်း၊ ပြည်ပတွင် ရှိနေကြသည်ဟု ဝေဖန်မှုများလည်း ရှိသည်။

ယင်းသို့ဆိုလျှင် ရခိုင်ပြည် မငြိမ်းချမ်းသော အခြေအနေအား အကျိုးအမြတ်ခံစားနေရသူများမှာ ပြည်တွင်းရော  ပြည်ပမှ အမြတ်ထုတ်သူများလည်း ပါဝင်နေသည်ဟု သုံးသပ်မိသည်။

- ကျော်လင်း (ရောင်စုံ)