ကျွန်တော်နှင့်လွှတ်တော် (၁)

လွှတ်တော်ထဲတွင် ကျွန်တော်တို့ အသိအမြင်သည် ဒီမိုကရေစီနည်းအရရှုံးသည်။ အသိအမှတ်ပြုခြင်း မခံရ။ အမုန်းတရားနှင့် အစွန်းရောက် အမျိုးသားရေးဝါဒီများပမာ ပုံဖော်ကြသည်။ ခွဲခြားဆက်ဆံခံရသည်။ မြန်မာ့နိုင်ငံရေးယဉ်ကျေးမှု အစဉ်အလာအတိုင်း တပ်မတော်နှင့် တံဆိပ်ကပ်ပေးသည်။

By မောင်ခိုင်အောင် (စစ်တွေ) 09 Apr 2018

မောင်ခိုင်အောင် (စစ်တွေ) ရေးသားသည်။

နေပြည်တော်မှာ လွှတ်တော်များ  ပြန်လည်အသက်ဝင်လာခဲ့ပြီ။ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်၏ ဆဋ္ဌမပုံမှန်အစည်းအဝေးများကို  အောက်တိုဘာ ၁၇ ရက်နေ့ စတင်ခဲ့ သည်။ ဆောင်းဦးရောက်ခဲ့သော်လည်း ဆောင်းရိပ်ဆောင်းငွေ့များ ပီပီပြင်ပြင် မတွေ့ရသေး။ မိုးရိပ်လေရိပ်သန်းသော နေ့ရက်များပင် ရှိခဲ့သေးသည်။ နေပြည်တော်မှ မိုင်ထောင်ချီဝေးသော အရပ်များတွင်ကား မြန်မာနိုင်ငံသို့ ဦးတည်သော မုန်တိုင်းများ အစပျိုးနေသည်။ ဒီမိုကရေစီနှင့် အခွင့်အရေးကို မြတ်နိုးသူများကိုယ်တိုင် ဒီဇိုင်းဆင်ထားသော လူလုပ်မုန်တိုင်းအတုများ ဖြစ်နေသည်။ စစ်အာဏာစနစ်၏ အ မှောင်ဆုံးညများကို လွန်မြောက်ပါပြီ။ ဒီမိုကရေစီ လင်းအာရုဏ်မှုံပျပျတွင် တိုင်းရင်းသားပြည်သူတို့သည် ပြင်းထန်သော စိန်ခေါ်မှုများ ကြမ်းတမ်းသော အခက်အခဲများကို ရင်ဆိုင်ကာ ဖက်ဒရယ်ခရီးသစ်ကို စတင်ခဲ့ကြသည်။ ခြေလမ်းစရုံရှိသေး နက်ရှိုင်းသောချောက်ကမ္ဘားတစ်ခုကို တွေ့ရပေပြီ။ မိတ်ဆွေဟု ထင်မှတ်မှုများက ဖန်တီးလာသော ချောက်ကမ္ဘားကြီးသာဖြစ်သည်။

နိုင်ငံရေးတွင် ထာဝရမိတ်ဆွေ မရှိချေ။ မနေ့ကမိတ်ဆွေသည် ယနေ့ ရန်သူ ဖြစ်တတ်ပါသည်။ အကျိုးစီးပွားသည်သာ ထာဝရဖြစ်သည်။ အမျိုးသားနိုင်ငံတစ်ခု၏ အကျိုးစီးပွားသည်သာ ထာဝရဖြစ်သည်။ အမျိုးသားနိုင်ငံတစ်ခု၏ အကျိုးစီးပွားသည် အမျိုးသားလူမှုရေးနှင့် အချုပ်အခြာအာဏာ မဟုတ်ပါလော။

ပြည်သူလွှတ်တော် ပုံမှန်အစည်းအဝေးကျင်းပသော အောက်တို ဘာ ၁၇ ရက်နေ့တွင် ဥက္ကဋ္ဌက အဖွင့်မိန့်ခွန်းပြောကြားရာ၌ လက်ရှိအချိန်သည် မိမိတို့တိုင်းရင်းသားများအကြား၊ ပါတီများအကြား မယုံကြည်မူများနှင့် သံသယများကိုဖယ်ရှားပြီး ပြည်ထာင်စုစိတ်ဓာတ်ကို မွေးမြူကြရန် တိုက်တွန်းခဲ့သည်။ နိုင်ငံတော်၏ မည်သည့်နေရာဒေသတွင်မဆို အခက်အခဲ အကျပ်အတည်း ဘေးအန္တရာယ်များနှင့် ကြုံလာပါက ပြည်ထောင်စုအရေးဟု ခံယူကြ ပြီး ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားခဲ့သည်။

ရခိုင်အကျပ်အတည်းကို ရည်ညွှန်းသည်ဟု နားလည်ယူဆရသည်။ ဥက္ကဋ္ဌ၏ သဘောအတိုင်းဆိုလျင် ပါတီများအကြား မယုံကြည်မူများ၊ သံသယများရှိနေခဲ့ပြီး  ပြည်ထောင်စုစိတ်ဓာတ် ခမ်းခြောက်နေသည်ဟု ဆိုလိုရာရောက်သွားသည်။ ပြည်သူလွှတ်တော်၏ ပဉ္စမပုံမှန်အစည်းအဝေးများသည် သြဂုတ် (၃၁) ရက်နေ့တွင် ရပ်နားခဲ့သည်။ ထိုနေ့မတိုင်မီ လွှတ်တော်အတွင်းနှင့် နိုင်ငံတော်အတွင်း ထူးခြားသောဖြစ်ရပ်များ ပေါ်ထွက်လာခဲ့သည်။  ဒေသတွင်း အစွန်းရောက်အကြမ်းဖက်အဖွဲ့များ မရှိပါကြောင်း လက်ခံထားသော လွှတ်တော်နှင့် လွှတ်တော်အမတ်အများစု၏ သဘောထားသည် လုံးဝမှားယွင်းကြောင်း၊ လက်ရှိပကတိ မြေပြင်အခြေအနေကို နားမလည်ကြောင်း သမိုင်းသက်သေပြသွားခဲ့သည်။ နောက်ဆက်တွဲဖြစ်ပေါ်လာသော ရိုက်ခတ်မှုသည်ကား နိုင်ငံခေါင်းဆောင်ပိုင်များ မျှော်လင့်လိမ့်မည်မဟုတ်သော ထွန်းသစ်စ ဒီမိုကရေစီနိုင်ငံအပေါ် ပြစ်တင်မှုများ၊ စွဲချက်များ၊ ခြိမ်းခြောက်မှုများ၊ ဒီမိုကရက်တစ်မိတ်ဆွေစိတ် ခေါင်းပါးမှုများ နှင့် ငြိုးသူရန်ဘက်ပမာ ဆက်ဆံမူများပင်ဖြစ်သည်။  ကုလသမဂ္ဂနှင့် အမေရိက၏ အနောက်ကမ္ဘာသည် ကျွန်တော်တို့နိုင်ငံ ခေါင်းဆောင်များအား စစ်တရားခံများပမာ ဆက်ဆံလာပါတော့သည်။

သြဂုတ်လ(၃၁)ရက်နေ့ လွှတ်တော်ပြန်စသော အောက်တိုဘာ (၁၇) ရက်ကာလသည် ခေတ်တခေတ်၏ တိုတောင်းသောကာလ တစ်ခုမျှသာဖြစ် သည်။ ထိုကာလအတွင်း မောင်တော၊ ဘူးသီးတောင်ဒေသသည် မီးလောင်မြေဖြစ်သွားသည်။ ဟိန္ဒူမိသားစုများ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရသည်။ ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများ  သတ်ဖြတ်ခံရသည်။ ရခိုင်မိသားစုများသည် နေရပ်စွန်ခွာထွက်ပြေးကြသည်။ မူဆလင်အကြောက်လွန်ရောဂါ (Islamphobia) ရသွားကြသည်။ မူဆလင်ရွာများ လောင်မီးကျလျက် လူဦးရေ (၅) သိန်းကျော် တဖက်နိုင်ငံသို့  ရောက်သွားသည်။ ထိုနိုင်ငံရှိ ဒုက္ခသည်စခန်းများ၌ နေထိုင်နေရသည်။ နိုင်ငံတကာမီဒီယာများကြီးများက မြန်မာအစိုးရနှင့်တပ်မတော်ကို ရက်ရက်စက်စက် တိုက်ခိုက်သည်။ တချို့တွေက သွေးခွဲပြီးတိုက်သည်။ ဂုဏ်သိက္ခာရှိသော ပညာရေးအင်စတီကျုရှင်များပင်လျှင် စကော်လာမဆန်နိုင်တော့။ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာအဖွဲ့၊ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့များက ပြောစရာမလို၊ နဂိုကတည်းက မောင်းခလုပ် အသင့်ပြင်ပြီးသား။ ပညာရှင်ဆန် လူသားဆန်သော WHO အဖွဲ့ပင်လျှင် မြန်မာနိုင်ငံသို့မကပ်၊ ဘင်္ဂလားဒေ့ရှ်အတွက် စိုးရိမ်သောကကြီးနေသည်။ စကန်ဒေးနေဗီးယန်း နိုင်ငံများကလည်း မြန်မာတို့ကို စာနာနားလည်မှု ပြတ်သားစွာမရှိ။ မိတ်ဆွေများ လုံးပါးပါးခဲ့ပါပြီလား။ ကျွန်တော်တို့ ဘာများမှားခဲ့ကြပါသလဲ။

အလွယ်တကူ ကျော်လွှားနိုင်မည်ဟု နိုင်ငံတာဝန်ရှိသူများ ယူဆနေကြပါသလား။ ဆုတောင်းပွဲများဖြင့် အောင်မြင်ကျော်လွှားနိုင်မည်လား။ ခေတ်သစ်သူဌေးသူကြွယ်တို့၏ ဒါနများဖြင့် ငြိမ်းချမ်းရေးရောင်ခြည်သန်း လာနိုင်မည်လား။ စီးပွားရေးပိတ်ဆို့မှုတွေ လာမည်လား။ စီးပွားရေး ဦးမော့လာနိုင်ဦးမလား။ ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်ကိုပါ ထိခိုက်လာနိုင်မည်လား။ မြောက်ပိုင်းဘက်တွင် စစ်ရှိန်တိုးလာနိုင်မည်လား။ လားပေါင်းများစွာ မေးခွန်ပေါင်းများစွာကို ကျွန်တော်တို့ ရင်ဆိုင်နေရပြီ။

ဆယ်စုနှစ် အနည်းငယ်နှင့် မြန်မာ့ရွှေခေတ်ရောက်မည်ဆိုသော ယုံကြည်မှုက ေ၀ဝါးလာနေပြီ။

ကျွန်တော်တို့၏လွှတ်တော်က အဘယ်တာဝန်ကို ယူရမည်နည်း။ ပြည်သူ့ကိုယ်စားလှယ်များသည် လက်ရှိနိုင်ငံတော် ကြုံတွေ့နေရသော အခက်အခဲများ၊ စိန်ခေါ်မှုများကို နှလုံးအိမ်ထဲ၊ ဦးခေါင်းထဲ လေးလေးနက်နက် ထားရှိပါသလားဆိုသည်မှာလည်း မဟာမေးခွန်းတစ်ခုပင်။

လွှတ်တော်အဖွင့်၌ ပြောကြားသော ဥက္ကဋ္ဌမိန့်ခွန်း၏ အတိမ်အနက်နှင့်ဂယက်သည် လွှတ်တော်ထဲတွင် ထင်ထင်ပေါ်ပေါ်မရှိချေ။ မိမိတို့ခေါင်းဆောင်၊ မိမိတို့အစိုးရ၊ မိမိတို့၏ နိုင်ငံအပေါ် ခြိမ်းခြောက်စော်ကားထိုးနှက် နေမှုအပေါ် လွှတ်တော်ကိုယ်စားလှယ်များ ထိထိခိုက်ခိုက်ပင် ခံစားမိပါလေစဟု တွေးစရာဖြစ်နေသည်။ ရခိုင်လူမျိုးတွေ၊ တိုင်းရင်းသားမျိုးနွယ်စုတွေ မည်သို့ခံစားနေရသလဲ။ မည်သို့နေထိုင် လှုပ်ရှားနေကြပါစ။ မီးလောင်မြေ မောင်တောဒေသမှာ တရားဥပဒေစိုး မိုးမှုရှိပြီလား။ ထွက်ပြေးသွားသည့် ဘင်္ဂလီများ ပြန်ဝင်လာလျှင် ဒေသခံရခိုင်များနှင့် အဆင်ပြေပါ့မလား။ နှစနိုင်ငံကော အဆင့်ပြေပါ့မလား။ မိမိတို့နှင့်မဆိုင်၊ သိစရာမလို၊ သိအောင်လည်း ကြိုးစားစရာမရှိသော အများစုသည် ရခိုင်အမျိုးသားပါတီမှ သြဂုတ်လ(၁၈)ရက်နေ့တွင် တင်သွင်းသောအဆိုကို ညီညီညာညာ ဆန့်ကျင်ခဲ့ကြလေသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသ မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များတွင်  ဖြစ်ပေါ်လျက်ရှိသော ဘင်္ဂလီအစွန်းရောက်အဖွဲ့အစည်းများ၏ ရာဇဝတ်မှုကျူးလွန်နေခြင်းသည် နိုင်ငံတော်လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး၊ နယ်မြေတည်တံ့ခိုင်မြဲရေးနှင့် အသက်အိုးအိမ်လုံခြုံရေးတို့ကို များစွာထိပါးနှောင့်ယှက်လာသည်ဖြစ်၍ ဒေသအတွင်း ပိုမိုကောင်းမွန်သည့် အုပ်ချုပ်ရေး၊ လုံခြုံရေးအစီအမံများ အမြန်ဆုံးအကောင်အထည်ဖော်ရန် တိုက်တွန်းကြောင်းအဆိုကို ရသေ့တောင်မြို့နယ် ပြည်သူ့ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ဇွန်လ ၃၀ ရက်နေ့တွင် သက်ဆိုင်ရာသို့ ပို့ပေးခဲ့သည်။ သြဂုတ်လ ၁၈ ရက်တွင် ကိုယ်စားလှယ် ၂၄ ဦးမှ စတင်ဆွေးနွေးပြီး သြဂုတ်လ ၂၄ ရက်နေ့တွင် မဲခွဲဆုံးဖြတ်ခဲ့သည်။ ကန့်ကွက်(၂၃၂)၊ ထောက်ခံ(၁၅၀)၊ ကြားနေ (၆)မဲဖြင့် ရှုံးနိမ့်ခဲ့သည်။ ထိုနေ့တွင် ကိုဖီအာနန် အစီရင်ခံစာထွက်သည်။ နောက်နေ့ နံနက်(၁)နာရီတွင် ဒေါ်ခင်စောေ၀ ညွှန်းဆိုသော ဘင်္ဂလီအကြမ်းဖက်များသည် မောင်တောခရိုင်ရှိ လုံခြုံရေးစခန်း(၃၀)ကို လူသူအင်အားများစွာဖြင့် စီးနင်းတိုက်ခိုက်လေတော့သည်။

သြဂုတ်လ ၂၅ ရက်နေ့သည် သောကြာနေ့၊ မူဆလင်တို့ ဝတ်ပြုဆုတောင်းနေ့ဖြစ်သည်။ ကျွန်တော်တို့ လွှတ်တော်ထဲရောက်လာသောခါ ကန့်ကွက်ရှင်ကိုယ်စားလှယ်များ၏ မျက်နှာများတွင် စိုးရိမ်စိတ်ဝမ်းနည်းစိတ်များ မတွေ့မြင်ရ။ သတင်းမေးဖော်မရ စိတ်ဝင်စားပုံ မရကြချေ။ အံသြနေမိသည်။ ကျွန်တော်တို့က  ညနှစ်ချက်တီးကျော် ကျော်လောက်ကတည်းက ဖုန်းဆက်တိုက်လာသည်။ တစ်ညလုံး စိတ်လှုပ်ရှား ရင်မောနေခဲ့ရသည်။ 

လွှွှတ်တော်ထဲမှာ ကျွန်တော်တို့ ဘာလုပ်သင့်ပါသလဲ။ အရေးပေါ်အဆို ထပ်တင်ရမလား။ ဒေါ်ခင်စောေ၀ အဆိုတင်စဉ်က ကန့်ကွက်ဆွေးနွေးရုံမက အဆိုမတင်သင့်ကြောင်း ဆွေးနွေးသူအမျိုးသမီးပင် ရှိလိုက်သေး သည်။ ရခိုင်တွေစာမတတ်၊ ပညာမတတ်၍ ပြဿနာများ ကြီးလာသည်ဟု ဆွေးနွေးသည်။ ရခိုင်ကိုယ်စားပြု အမတ်ပင်ရှိသည်။ ရခိုင်တို့၏ သမိုင်း၊ လူမှုစီးပွားဘဝ၊ နိုင်ငံရေးဘဝများကို နားမလည်၊ နားလည်ရန်လည်း မကြိုးစားဘဲ ပါတီကြီးစိတ်ဓာတ်၊ လူအုပ်စုစိတ်ဓာတ်ဖြင့် လက်ရှိအစိုးရကို တံတိုင်းကာပြီး ဆွေးနွေးကြခြင်းသည် ပြည်သ့ူလွှတ်တော်အမတ်တို့၏ ပြည်ထောင်စုအပေါ် သစ္စာရှိသော လုပ်ရပ်ပါလော။ လွှတ်တော်ဥက္ကဋ္ဌပြောသော ပြည်ထောင်စုစိတ်ဓါတ်နှင့် ထို(၂၃၂)ဦး သူတို့၏ လုပ်ရပ်ကို မည်သို့ မှတ်ကျောက်တင်ရပါအံ့နည်း။

နိုင်ငံတော်စစ်သမိုင်းတွင် တခါမျှမရှိဖူးသော လုံခြုံရေးစခန်း(၃၀)ကို အချိန်ကိုက်တိုက်ခိုက်သည့် အကြမ်းဖက်စစ်ဆင်ရေးလုပ်ရပ်သည် အမှန်တကယ်ပေါ်ထွက်လာသည်။ လွှတ်တော်ကား အိပ်မောကျနေခဲ့ပေသည်တကား၊ တရေးနိုးလာသော်လည်း ရွာမီးလောင်နေသည်ကို မသိသောသူပမာ။ ထိုနေ့မှစကာ နှစ်လအတွင်း မြန်မာနိုင်ငံ၏နိုင်ငံရေးပုံရိပ်လွှာသည် နိုင်ငံတကာတွင် လုံးဝပြောင်းလဲသွားခဲ့ပါပြီ။ ပြည်တွင်းငြိမ်းချမ်းရေးနှင့် စီးပွားရေးတုံ့ဆိုင်းမှု ပြဿနာကြီးများ ကြုံတွေ့နေရသော ဒီမိုကရေစီနိုင်ငံနုနုအတွက် နှစ်ပူပေါ်သုံးပူဆင့်ခဲ့ရပါပြီ။ 

ဒေါ်ခင်စောဝေ၏ အဆိုအပေါ် လွှတ်တော်ထဲ၌ ဆွေးနွေးမူများ မရသေးခင်ကာလအတွင်း သြဂုတ်လ ၉  ရက်နေ့တွင် ရခိုင်အမျိုးသားလွှတ်တော်အမတ် ဦးခင်မောင်လတ်မှ သီးခြားအဆိုတစ်ခု တင်သွင်းခဲ့သည်။

မောင်တောင်၊ ဘူးသီးတောင်နှင့် ရသေတောင်မြို့နယ်များတွင် လှုပ်ရှားနေသော အကြမ်းဖက်အဖွဲ့ဝင်များကို ဖော်ထုတ်ပြီး အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေအရ အရေးယူပေးရန်နှင့် ၎င်းတို့၏ ခြိမ်းခြောက်မှုကြောင့် လောလောဆယ် နေရပ်စွန့်ခွာထွက်ပြေးလာကြသော တိုင်းရင်းသားကျေးရွာများ ဆက်လက်ရပ်တည်နိုင်ရေးအတွက် အရေးတယူ ဆောင်ရွက်ပေးပါရန်ဖြစ်သည်။ လွှတ်တော်တွင် ၂၁ ရက်နေ့ စတင်ဆွေးနွေးခဲ့သည်။ အဆိုနှစ်ရပ်မှာ အနှစ်သာရ မကွဲပြားချေ ။လွှတ်တော်နှစ်ရပ်တွင် ပြိုင်တူဆွေးနွေးခဲ့ကြသည်။

ပြည်သူ့လွှတ်တော်၌ အောက်တိုဘာ ၂၄ ရက်၌ မဲခွဲဆုံးဖြတ်ရာတွင် ဒေါ်ခင်စောဝေ၏အဆို ရှုံးနိမ့်ခဲ့ပြီး ၂၅ ရက်နေ့တွင်  အကြမ်းဖက်တိုက်ခိုက်မှုကြီး ဖြစ်ပေါ်လာသည်။ ၅ ရက်အကြာ သြဂုတ်လ ၃၀ ရက်နေ့တွင် အမျိုးသားလွှတ်တော်၌ မဲခွဲဆုံးဖြတ်ရာတွင်ကား ထောက်ခံသူ (၁၈၇) မဲ ကြားနေမဲ (၁) နှင့် ကန့်ကွက်သူမရှိ အတည်ပြုခဲ့သည်။

ပြည်သူ့လွှတ်တော်တွင် ပြတ်ပြတ်သားသားမရှိခဲ့သော ပြည်ထဲရေးဝန်ကြီးဌာနသည်လည်း အမျိုးသားလွှတ်တော်တွင် ပြတ်သားသွားခဲ့ပါသည်။ ဗမာဒီမိုကရက်များက ဝန်ကြီးဌာန(၃)ခုကို သီးခြားကြည့်မြင်သည်။ နိုင်ငံရေးလေ့လာသူများ၊ နိုင်ငံခြားမီဒီယာများက အစိုးရကြီးထဲမှ အစိုးရငယ်ဟု ပြောကြသည်။ ပြည်ထဲရေးဝန်ကြီးဌာနသည် အမျိုးသားလုံခြုံရေးပြဿနာအတွက် ခိုင်မာသောအချက်အလက်များ၊ သတင်းများ ရရှိပြီးဖြစ်ပါလိမ့်မည်။ သို့သော် အမျိုးသားလုံခြုံရေးကို နားမလည်၊ ထည့်သွင်းစဉ်းစားနိုင်စွမ်း မရှိသော ဒီမိုကရက်အမတ်များနှင့် ပြည်သူ့လွှတ်တော်တွင် လိုက်လျောညီထွေ ရပ်တည်သွားခဲ့သည်။ ပြည်သူ့လွှတ်တော်ထဲတွင် ပြဿနာကို မီးမွှေးသူများမှာ ရခိုင်အမျိုးသားပါတီမှ ကိုယ် စားလှယ်များဟု ဝေဖန်မှုများ လွှတ်တော်ထဲ၊ လွှတ်တော်ပြင်ပတွင် ရှိနေဆဲပင်ဖြစ်သည်။ ရခိုင်ပြဿနာအတွက် စိုးရိမ်သောကများနေသော ရခိုင်ကိုယ်စားလှယ်တို့သည် တပ်မတော်ထိပ်တန်း ခေါင်းဆောင်များနှင့် တွေဆုံခွင့်တောင်းရာ သြဂုတ်လ ၉ ရက်နေ့တွင်  ကာကွယ်ရေးဦးစီးချုပ်နှင့် တွေ့ဆုံဆွေးနွေးခွင့်ဘ ရခဲ့သည်မဟုတ်ပါလော။

ပြည်သူ့လွှတ်တော်ထဲ၌ ရခိုင်ကိုယ်စားလှယ်များ တင်သွင်းသည့်အဆိုများ ပယ်ချခံရခြင်းသည် ထူးခြား ချက်တရပ်ဖြစ်နေသည်။

အောက်တိုဘာ ၉ ရက် ၂၀၁၆ ခုတွင် မောင်တောမြို့နယ်အတွင်းရှိ အမှတ်(၁) နယ်ခြားစောင့်ရဲကွပ်ကဲမှု ဌာန၊ ကျီးကန်းပြင်၊ ကိုးတန်ကောက်ရဲစခန်းနှင့် ငါးခူရနယ်မြေရုံးများကို ဘင်္ဂါလီအကြမ်းဖက်ဝါဒီများ ဝင်ရောက်တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင်(၉)ဦး ကျဆုံးပြီး လက်နက်မျိုးစုံ (၄၉)လက်၊ ကျည်မျိုးစုံ (၆၆၂၄)တောင့်၊ လှံစွပ် (၄၇)၊ ကျည်အိတ် (၁၆၄)ဆုံးရုံးခဲ့ရသည်။ နယ်မြေရှင်းလင်းရေးတွင်  တပ်မတော်သား(၅)ဦး ထပ်မံအသက်ပေးခဲ့ရသည်။

ထိုကိစ္စနှင့်ပတ်သက်ပြီး  ကျောက်ဖြူမြို့နယ် ပြည်သ့ူလွှတ်တော်ကိုယ်စားလှယ် ဦးဘရှိန်မှ လွှတ်တော်ဥက္ကဋ္ဌထံသို့ အရေးတကြီးအဆို တင်သွင်းခဲ့ပါသည်။ အမျိုးသားလုံခြုံရေး နှင့်အချုပ်အခြာအာဏာကို ခြိမ်းခြောက်နေသည့်အတွက် အကြမ်းဖက်လုပ်ရပ်များ ချုပ်ငြိမ်းသည်ထိ အမြစ်ပြတ် ချေမှုန်းနိုင်ရေးအတွက် လိုအပ်သောအစီအမံများ ချမှတ်ပေးပါရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းခြင်းဖြစ်သည်။

လွှတ်တော်တွင်း ဆွေးနွေးခွင့်မရဘဲ ပယ်ချခံရသည်။ ကျွန်တော်တို့ ပြည်ထောင်စုစိတ်ဓာတ်ပြည့်ဝစွာ တာဝန် ကျေပွန်ခဲ့ပါသည်။ အဘယ့်ကြောင့် ပယ်ချပါသနည်း။ နားမလည်နိုင်ခဲ့ပါ။

ယနေ့ကာလတွင် နိုင်ငံသားဥပဒေသည် ဆွေးနွေးသုံးသပ်စရာ နယ်ပယ်တစ်ခုဖြစ်နေပါသည်။ အငြင်းပွားဖွယ်ရာ ကိုဖီအာနန် အစီရင်ခံစာတွင်လည်း ၁၉၈၂ ဥပဒေကို ပြန်လည်သုံးသပ်ရန် အကြုံပြုချက်ပါဝင်သည်။ လက်ရှိအတည်ပြုထားသော ဥပဒေဖြစ်သော်လည်း ဘူးသီးတောင်၊ မောင်တောကဲ့သို့ အာဏာသက်ရောက်မှု မရှိသော နယ်မြေများရှိနေသည်။ ဒေသခံနှင့်ခိုးဝင်များ ရောထွေးနေကြသည်။ ဥပဒေ၏ဆုံးဖြတ်မှုကို မနာခံလိုသော လူအုပ်စုကြီးရှိနေသည်။ တနည်းပြောရလျှင် တရားဥပဒေစိုးမိုးမှု လျော့ရဲနေသည်။

၂၀၁၆ ခု မေလ ၁၆ ရက်နေ့မှာ ဒေါ်ခင်စောဝေ၏ ၁၉၈၂ နိုင်ငံ သားဥပဒေနှင့်ပတ်သက်သော အဆိုတစ်ခုကို လွှတ်တော်တွင် တင်သွင်းခဲ့သည်။ နိုင်ငံတစ်ဝှမ်း၌ ဤဥပဒေနှင့်အညီ ထိရောက်စွာဆောင်ရွက်ပေးနိုင်ပါရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းခြင်းဖြစ်သည်။

ကျွန်တော်တို့က အမျိုးသားလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒီမိုကရေစီနိုင်ငံတော် တောင့်တင်းခိုင်မာရေးကို အခြေခံလျက် ဆွေးနွေးသည်။ မည်သည့်လူမျိုးဘာသာ အဖွဲ့ အစည်းကိုမှ အမုန်းမထားဘဲ  ကျွန်တော်တို့ ဆွေးနွေးခဲ့သည်။ ကန့်ကွက်မဲ (၂၂၈)၊ ကြားနေမဲ (၇)၊ ထောက်ခံမဲ (၁၅၄) ဖြစ်ခဲ့သည်။ 

ယခုအခါ တဘက်နိုင်ငံသို့ ထွက်ပြေးမှုများကို ၁၉၉၃ MOU အရ လက်ခံမည်။ ထိုသူများကို နိုင်ငံသားဖြစ်မှု စိစစ်ရေးဖြစ်စဉ်တွင် မည်သည့်ဥပဒေကို ကိုင်စွဲပါမည်နည်း။ ဒေါ်ခင်စောဝေ၏အဆိုကို ဆန့်ကျင်ကန်ကွက်ခဲ့ကြသော (၂၂၈) ဦးသော ကိုယ်စားလှယ်ကြီးများသည် ပြန်လည်ဝင်ရောက်လာမည့်သူများအတွက် အဘယ်ဥပဒေကိုသုံးမည်လို့ စဉ်းစားထားကြပါသလဲဟု မေးစရာဖြစ်လာပါပြီ။ ထိုပုဂ္ဂိုလ်များသည် တည်ဆဲ ၁၉၈၂  ဥပဒေကို လက်မခံပြင်ဆင်လိုသူများ ဖြစ်ပါသလားဟု မေးခွန်ထုတ်ရပေလိမ့်မည်။ မိမိကိုယ်ပိုင်အယူအဆကို ရိုးသားပွင့်လင်းစွာပြောရဲခြင်းသည် ဒီမိုကရေစီကို တန်ဖိုးထားခြင်းတစ်မျိုး မဟုတ်ပါလား။

၂၀၁၆ သြဂုတ်လ ၂၄ ရက်နေ့တွင် နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနမှ ကော်မရှင်တစ်ရပ်ကို ဖွဲ့စည်းရာတွင် နိုင်ငံခြားသား(၃)ဦး ပါဝင်နေသည်။ ထိုကိစ္စနှင့် ပတ်သက်ပြီး ပေါက်တောမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ဇံမှ လွှတ်တော်သို့ အဆိုတစ်ရပ် တင်သွင်းခဲ့သည်။ ကော်မရှင်တွင် နိုင်ငံခြားသား (၃)ဦးပါဝင်နေခြင်းသည် မိမိနိုင်ငံ၏ ပြည်တွင်းရေးကို နိုင်ငံတကာပြဿနာအဖြစ် ဖန်တီးရာရောက်စေသဖြင့် အဆိုပါကော်မရှင်ကို ပြည်တွင်းမှ တတ်သိပညာရှင်များဖြင့်သာ ဖွဲ့စည်းသင့်ကြောင်း နိုင်ငံတော်အစိုးရအား တိုက်တွန်းခြင်းဖြစ်သည်။

သြဂုတ်လ ၃၀ ရက်နေ့တွင် လွှတ်တော်တွင်း ပြင်းပြင်းထန်ထန် ဆွေးနွေးကြသည်။ နိုင်ငံတော်အတိုင် ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေ၏ တာဝန်လုပ်ပိုင်ခွင့်ရပိုင်ခွင့်များထဲတွင် ကော်မရှင်ဖွဲ့စည်းပိုင်ခွင့်ကို တိတိကျကျဖော် ပြထားခြင်း မရှိပါချေ။ အငြင်းပွားစရာဖြစ်သည်။ ကျွန်တော်တို့က ပြည်တွင်းပြဿနာများကို ပြည်တွင်းပညာရှင်များ၊ ပြည်သူများနှင့် ကျောချင်းကပ်ကာ ပြတ်ပြတ်သားသား ရင်ဆိုင်လိုသည်။ နိုင်ငံခြားသားများလက်ထဲ ထိုးမအပ်လိုပေ။ မဲခွဲရာတွင်ကား ထောက်ခံမဲ (၁၄၈)၊ ကြားနေမဲ (၁)၊ ကန့်ကွက် (၂၅၉) မဲနှင့် ကိုဖီအာနယ်ကော်မရှင်သည် တရားဝင်ဖြစ်သွားသည်။ ရခိုင်ပြည်နယ်လွှတ်တော်တွင်ကား ကိုဖီအာနန်ကော်မရှင်ကို လက်မခံနိုင်ကြောင်း အတည်ပြုခဲ့သည်။ ယခုကား ကိုဖီအာနန်ကော်မရှင်၏ အစီရင်ခံစာ ထွက်ပေါ်လာခဲ့ပေပြီ။ အစိုးရအနေနှင့် အကောင်အထည်ဖော်ရန် ပြင်ဆင်နေပြီဟု သိရှိရသည်။ ၁၉၈၂ ဥပဒေကဲ့သို့ အငြင်းပွားဖွယ်ရာ အကြံပေးချက်များ ပါဝင်နေပြီး အကောင်အထည် အပြည့်အဝဖော်ရန်ကိစ္စသည် ကြီးမားသောစိန်ခေါ်မှုကို တရားဝင် လက်ခံလိုက်ခြင်းပင် ဖြစ်ပေလိမ့်မည်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်၏ ပဉ္စမပုံမှန်အစည်းအဝေး  နောက်ဆုံးနေ့ရက်များမှ ကျွန်တော်တို့ အဆိုရှုံးနိမ့်ခြင်းသည် လွှတ်တော်၏ထူးခြားဖြစ်စဉ်တစ်ခုဟု ဆိုနိုင်သည်။ လွှတ်တော်ထဲမှ ဗမာဒီမိုကရက်များ မသိသော၊ နားလည်နိုင်ခြေမရှိသော၊  ရခိုင်ပြည်သူများ စိုးရိမ်ထိတ်လန့်နေသော နှင်းဖုံးမီးတောင်ကြီးသည် အဆိုရှုံးနိမ့်ပြီး နောက်တနေ့တွင် ပေါက်ကွဲသွားခဲ့လေသည်။ ပြည်ထောင်စု၏ အစိတ်အပိုင်းတခုဖြစ်နေသော ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီအကြမ်းဖက်ဝါဒသည် နိုင်ငံတကာနှင့် ချိတ်ဆက်ကာ အမြစ်စတွယ်နေပြီဖြစ်ကြောင်း သက်သေပြခဲ့ပါလေပြီ။

“ တရုပ်ဖြူကျူးကျော်သူတွေကို တိုက်ထုတ်ဖို့ ၁၉၅၀ ကစတဲ့ စစ်ဆင်ရေးတွေဟာ ၁၉၆၁ ခုနှစ်ရောက်မှ ရန်ကြီးအောင်စစ်ဆင်ရေးမှာပဲ အပြတ်ချေမှုန်းနိုင်ခဲ့ပါတယ်။ အခုကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုကြီးဟာ အဲဒီထက် အများကြီး ပိုမိုကြီးကျယ်ပါတယ်။ ဘင်္ဂါလီအကြမ်းဖက်ဝါဒီတွေရဲ့ နယ်လုမြေလု အချုပ်ခြာအာဏာသစ်ထောင်မယ့် မဟာစီမံကိန်းပါပဲ။ အာရပ်ပုံပြင်ထဲကလို ကုလားအုပ်ကြီးဟာ တဲရှင်ကိုနှင်ထုတ်ပြီးတော့ တဲကိုအပိုင် စီမံကိန်းဖြစ်တဲ့အတွက် အချုပ်အခြာအာဏာနဲ့ ပတ်သက်နေပါတယ်။ ”

“ မူလက ဒီလူတွေဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရားဝင်ထူထောင်နိုင်ဖို့အတွက်  တိုင်းရင်းသားတစ်ခုအဖြစ် အသိအမှတ်ပြုခံရဖို့အတွက် လူအခွင့်အရေးအရေခြုံပြီးတော့ ပြည်တွင်းမှာ လှုပ်ရှားခဲ့ကြပါတယ်။ ”

“ UN အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ အနောက်ကမ္ဘာကို သူတို့အပေါ်နားလည်အောင် အယုံသွင်းနိုင်ခဲ့ပါတယ်။ ကျောထောက်နောက်ခံ OIC အဖွဲ့ကြီးရဲ့ ဓနအင်အားကိုသုံးပြီး နိုင်ငံတကာမီဒီယာကြီးတွေကို သူတို့လက်ကိုင်တုတ် လုပ်ခဲ့ပါတယ်။ ဝမ်းနည်းဖို့ကောင်းတာက ဒီမိုကရေစီရဲ့ဖခင်ကြီး အိမ်ဖြူတော်ဟာ  ကျွန် တော်တို့ မြန်မာပြည်သူတွေထက် အဲဒီလူတွေကို ပိုပြီးအလေးသာခဲ့ပါတယ်။ ”

“  ဒီနေ့အစိုးရသစ်လက်ထက်မှာ အဲဒီလူတွေဟာ ဇာတ်ရှိန်ပိုမြင့်လာပြီးတော့ အခုတော့ အကြမ်းဖက်ဝါဒပုံစံနဲ့ ပြောင်းသွားခဲ့ပါပြီ။ ရခိုင်အရေးဟာ တိုင်းရင်းသားတွေရဲ့ ဘဝလုံခြုံရေးပြဿနာ၊ တရားဥပဒေစိုးမိုးရေး ပြဿနာကို ကျော်လွန်ပြီးတော့ အမျိုးသားလုံခြုံရေးပြဿနာ အချုပ်အခြာအာဏာပြဿနာ ဖြစ်ပေါ်လာပါပြီ။ “”

“ တရုပ်ဖြူကျုးကျော်စစ်ကို တိုက်ဖို့ (၁၀) နှစ်ကြာခဲ့ပါတယ်။ အခုစစ်ပွဲဟာ နိုင်ငံရေး၊ ဘာသာရေး၊ စစ်ရေး၊ နယ်မြေချဲ့ထွင်ရေးနဲ့ သမိုင်းလိမ်တွေ အားလုံးရှုပ်ထွေးနေပါတယ်။ ”

သြဂုတ် ၂၅ တိုက်ခိုက်မှု မဖြစ် မှီ ၂၄ ရက်နေ့တွင် ကျွန်တော် လွှတ်တော်အတွင်း ဆွေးနွေးချက်ထဲမှ တစိတ်တပိုင်းဖြစ်ပါသည်။ ကျွန်တော်က (၁) အကြမ်းဖက်ဝါဒီများကို စစ်ရေးအရ ပြတ်ပြတ်သားသား ချေမှုန်းရန်၊  (၂) သံခင်းတမန်ခင်း ပြတ်ပြတ်သား သားတ့ုံပြန်ရန်၊ လွှတ်တော်၏ နိုင်ငံတကာ ဆက်ဆံရေးကော်မတီ ရှေ့တန်းထွက် တာဝန်ယူရန်နှင့် (၃) ပြန်ကြားရေးဝန်ကြီးဌာနအနေနှင့် တိကျသော နိုင်ငံရေးမူကိုကိုင်စွဲပြီး မီဒီယာပါဝါကို မြှင့်တင်ရန် အကြုံပြုဆွေးနွေးခဲ့သည်။

“ နိဂုံးချုပ်အနေနဲ့ ကျွန်တော်တို့ ပြည်သူတွေရဲ့ အစစ်အမှန်ဆန္ဒဖြစ်တဲ့ ပြည်တွင်းစစ်မှ ပြည်တွင်းငြိမ်းချမ်းရေးဆီသို့ လမ်းကြောင်းကို ပင်လုံညီလာခံများမှတဆင့် အကောင်အထည်ဖော်ရင်း  အချုပ်အခြာအာဏာကို စိန်ခေါ်နေတဲ့ တိုင်းရင်းသားမဟုတ်တဲ့ နိုင်ငံတကာနဲ့ ဆက်စပ်နေတဲ့ ဘင်္ဂါလီအကြမ်းဖက်ဝါဒအန္တရာယ်ကို အားလုံးညီညီညွတ်ညွတ် ရင်ဆိုင်ချေမှုန်းဖို့ လိုနေပြီဆိုတာ အသိပေး ပြောကြားလိုပါတယ်။ ”

လွှတ်တော်ထဲတွင် ကျွန်တော်တို့ အသိအမြင်သည် ဒီမိုကရေစီနည်းအရရှုံးသည်။ အသိအမှတ်ပြုခြင်း မခံရ။ အမုန်းတရားနှင့် အစွန်းရောက် အမျိုးသားရေးဝါဒီများပမာ ပုံဖော်ကြသည်။ ခွဲခြားဆက်ဆံခံရသည်။ မြန်မာ့နိုင်ငံ ရေးယဉ်ကျေးမှု အစဉ်အလာအတိုင်း တပ်မတော်နှင့် တံဆိပ်ကပ်ပေးသည်။ ယနေ့အစိုးရသစ်၏ လမ်းညွှန်မူဝါဒ တွင် အမျိုးသားပြန်လည်သင့်မြတ်ရေးသည် မဏ္ဍိုင်တစ်ရပ်ဖြစ်သည်။ လွှတ်တော်ထဲတွင် ထိုနိုင်ငံရေးအငွေ့အသက် ကို ကျွန်တော်တို့ မခံစားရပါချေ။

ဆဋ္ဌမပုံမှန် အစည်းအဝေး၏ အဖွင့်မိန့်ခွန်းတွင်ပါရှိသော တိုင်းရင်းသားအကြား၊ ပါတီများအကြား သံသယများကိုဖယ်ရှားပြီး ပြည်ထောင်စု စိတ်ဓာတ်မွေးမြူရန်ဆိုသော အချက်သည်ငြင်းစရာ မရှိပါချေ။  ပြောနေကျ ကြားနေကျစကား ဖြစ်သောကြောင့် ရင်ထဲမှ ဘဝအတွေ့အကြုံမှလာသည်လော၊ အခမ်းအနားဆန်ဆန်လော ဆိုသည်ကို လက်တွေ့လုပ်ရပ်များကသာ ဆုံးဖြတ်ပေလိမ့်မည်။

ပြည်ထောင်စုစိတ်ဓာတ်ဆိုသည်မှာ မြန်မာနိုင်ငံရေးအတွက် ဖန်တရာတေနေသော ကလိရှေးဝေါဟာရ တစ်ခုဖြစ်နေပြီး အသစ်မွေးဖွားလာသော လွှတ်တော်များထဲတွင်လည်း ထိုနည်း၎င်းပါတကား ....။ ဤသို့ ကောက်ချက်ဝါကျသည် သမိုင်းစာ မျက်နှာသို့ မရောက်ပါစေကြောင်း ရိုးသားပွင့်လင်းစွာ ဆန္ဒပြုလိုက်ပါသည်။

မောင်ခိုင်အောင်(စစ်တွေ)

(၄ နိုဝင်ဘာ ၂၀၁၇)  

(၂၀၁၈ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင်ထွက်ရှိသော  Development News Journal ၏ အမှတ် (၈၄) တွင် ဖော်ပြခဲ့သည့် ဆောင်းပါးဖြစ်သည်။)