ခေါက်ရိုးကျိုးနေသော အမူအကျင့်များ

နဝတ၊ နအဖ ခေတ်ကတည်းက လူကြီးလမ်းကြောင်းဆိုလျှင် ကျောင်းနေအရွယ်ကလေးများကို လမ်းဘေး တဖက်တချက်စီတွင် လက်အုပ်ချီ်၍ တန်းစီစောင့်ဆိုင်းသော အကျင့်တစ်ခုမှာ ယနေ့တိုင် မြင်တွေ့နေရဆဲဖြစ် သည်။ ဌာနဆိုင်ရာလူကြီးများ တက်ရောက်လေ့ရှိသည် အလှူငွေပေးအပ်ပွဲ အခမ်းအနားများတွင် တစ်ရှူးဘူးခွံ များကို အလှဆင်စက္ကူဖြင့်ပတ်ကာ ကိန်းဂဏန်းများရေးထား၍ အလှူငွေပေးအပ်ပုံများမှာလည်း ယခုတိုင် အ သုံးပြုနေဆဲ အမူအကျင့်ပင်ဖြစ်သည်။ လမ်းတံတားဖွင့်ပွဲများကို ငွေကြေးအများအပြား အကုန်အကျခံ၍  ကြီး ကျယ်ခမ်းနားစွာ ကျင်းပနေကြမြဲဖြစ်သည်။ ဝန်ကြီးများကလည်း ဖဲကြိုးဖြတ်လျက် ပြုံးပျော်နေကြဆဲပင် ဖြစ် သည်။ ယင်းတို့မှာ ပြည့်သူ့အခွန်ငွေများကို အလဟသ သုံးဖြုန်းနေကြခြင်းသာဖြစ်သည်။ ယခင် ဆယ်စုနှစ် တစ်ခုကျော် ကာလကဆိုပါလျှင် ဆောက်လုပ်ကုန်ကျစရိတ်ထက် ဖွင့်ပွဲကုန်ကျစရိတ်က ပို၍ကုန်ကျသော သာဓကများ ရှိခဲ့လေသည်။

By ရမ္မာကျော်စော 25 Sep 2018

                                 

ရမ္မာကျော်စော

တစ်ခါတရံတွင် လူတို့သည် လိုရာပန်းတိုင်သို့ အားစိုက်ကူးခတ်၍ မသွားဘဲ ရေစီးအတိုင်းလိုက်ပါမျှောကာ ရေ သာခိုသော အမူအကျင့်များဖြင့် ရှင်သန်နေထိုင်တတ်ကြသည်။ လူ့အဖွဲ့အစည်းတစ်ခုတွင် နေသားကျပြီးဖြစ်နေ သော မကောင်းသည့် အကျင်စရိုက်တို့သည် မသိစိတ်တွင် ဆက်လက်ရှင်သန်နေသည်များကိုလည်း တွေ့မြင် နိုင်ပေသည်။ အကြောင်းရင်းကို စူးစမ်းလေ့လာလိုစိတ်မရှိဘဲ လူအများလက်ခံထားကြသည့်အတိုင်း မျက်စိစုံ မှိတ်၍လက်ခံလိုက်ကြပေသည်။ အာဏာရှင်စနစ်အောက်မှာ ရာစုနှစ်တဝက်ကျော် နေထိုင်လာခဲ့ကြသော မြန် မာ့လူ့အဖွဲ့အစည်းတွင် ထိုအာဏာရှင်စနစ်၏ စရိုက် လက္ခဏာတို့သည် ဒီမိုကရေစီဟု ကြွေးကြော်နေသော မျက်မှောက်ခေတ်တွင်လည်း မြင်တွေ့နေရဆဲဖြစ်သည်။

တကယ်တမ်းတွင် မြန်မာ့လူ့အဖွဲ့အစည်းတစ်ခုလုံးသည် ၁၉၄၈ မှ ၁၉၅၈ အထိတစ်ကြိမ်၊ ၁၉၆၀ မှ ၁၉၆၂ အထိ တစ်ကြိမ်နှင့် ၂၀၁၁ မှ လက်ရှိအချိန်အထိ ကာလအပိုင်းအခြားများ၌သာ နိုင်ငံရေးလွတ်လပ်မှု အရသာကို အနည်းငယ် မြည်းစမ်းခွင့် ရရှိခဲ့ကြခြင်းဖြစ်သည်။ ယင်းမတိုင်မီ ပဒေသရာဇ်ခေတ်၊ နယ်ချဲ့ကိုလိုနီခေတ်နှင့် စစ် အာဏာရှင်ခေတ်တို့တွင်သာ လုံးထွေး၍ ရှင်သန်လာခဲ့ကြရာ ယင်းတို့၏ အမူအကျင့်များသည် လူများ၏ မသိ စိတ်တွင်သော်လည်းကောင်း၊ တချို့က သိလျက်နှင့်သော်လည်းကောင်း လက်ခံထားခဲ့ကြပေသည်။ ထို့ကြောင့် ပင်လျှင် ယနေ့ ဒီမိုကရေစီစနစ်ဖြင့် မောင်းနှင်နေသည်ဆိုသော အခြေအနေတစ်ခုတွင် အာဏာရှင်ဆန်သော အပြုအမူများကို မြင်တွေ့နေရခြင်းဖြစ်သည်။

နိုင်ငံ့ဝန်ထမ်းများကလည်း ဖြဲခြောက်မြဲ ပြည်သူလူထုကလည်း ကြောက်ရွံ့မြဲပင်ဖြစ်သည်။ ပွင့်လင်းမြင်သာမှု မရှိသော အစိုးရဌာနများကို ပြည်သူကမဝေဖန်ရဲ၊ မထောက်ပြရဲကြပေ။ ဝေဖန်ထောက်ပြသူများကိုလည်း ဥပဒေ ပုဒ်မအမျိုးမျိုးနှင့် တရားစွဲဆိုနေကြမြဲ လုပ်နေကြသည်။ ယုံကြည်မှုတည်ဆောက်သည်ဟု ဆိုရာတွင် တိုင်းရင်း သားလက်နက်ကိုင်များနှင့်သာမကဘဲ ပြည်သူလူထုနှင့်ပါ ယုံကြည်မှုတည်ဆောက်ရမည်ဖြစ်သည်။ ဒီမိုကရေစီ သဘောတရားအရ ပြည်သူသည်သာ အရှင်သခင်မည်၏။ ပြည်သူကပေးသော အာဏာဖြင့် ပြည်သူကို အုပ်ချုပ်သည့်အခါ လိုက်လျောညီထွေဖြစ်ရန်လိုအပ်ပေသည်။

တာဝန်ရှိလူကြီးမင်းဆိုသူများ၏ ကြွားဝါမှုများမှာလည်း အာဏာရှင်တို့က ပြည်သူကို ထပ်တလဲလဲ လိမ်လည်ခဲ့ ကြသော စကားလုံးများအတိုင်းပင် ဖြစ်နေသည်မှာ ရွံ့ရှာဖွယ်ကောင်းလှပေသည်။ အလုပ်ကို လက်တွေ့ကျကျ မသုံးသပ်ဘဲ လေတစ်လုံးမိုးတစ်လုံးပြောကြသည်မှာ အာဏာရှင်များသာဖြစ်သည်။ ကိုယ့်လုပ်ဆောင်ချက်ကို ပြောသည့်အခါ တစ်စိတ်ကို တစ်အိတ်လုပ်ပြီး သူများလုပ်ဆောင်ချက်များကိုပြောသောအခါ လိပ်ကို ကြမ်းပိုး ဖြစ်အောင် လုပ်လိုက်ကြလျှင် နိုင်ငံရေးယဉ်ကျေးမှုကို ခုတုံးလုပ်ပြီး ကိုယ်ရည်သွေးသူများအဖြစ် သတ်မှတ်ရ ပေလိမ့်မည်။

နဝတ၊ နအဖ ခေတ်ကတည်းက လူကြီးလမ်းကြောင်းဆိုလျှင် ကျောင်းနေအရွယ်ကလေးများကို လမ်းဘေး တဖက်တချက်စီတွင် လက်အုပ်ချီ်၍ တန်းစီစောင့်ဆိုင်းသော အကျင့်တစ်ခုမှာ ယနေ့တိုင် မြင်တွေ့နေရဆဲဖြစ် သည်။ ဌာနဆိုင်ရာလူကြီးများ တက်ရောက်လေ့ရှိသည် အလှူငွေပေးအပ်ပွဲ အခမ်းအနားများတွင် တစ်ရှူးဘူးခွံ များကို အလှဆင်စက္ကူဖြင့်ပတ်ကာ ကိန်းဂဏန်းများရေးထား၍ အလှူငွေပေးအပ်ပုံများမှာလည်း ယခုတိုင် အ သုံးပြုနေဆဲ အမူအကျင့်ပင်ဖြစ်သည်။ လမ်းတံတားဖွင့်ပွဲများကို ငွေကြေးအများအပြား အကုန်အကျခံ၍  ကြီး ကျယ်ခမ်းနားစွာ ကျင်းပနေကြမြဲဖြစ်သည်။ ဝန်ကြီးများကလည်း ဖဲကြိုးဖြတ်လျက် ပြုံးပျော်နေကြဆဲပင် ဖြစ် သည်။ ယင်းတို့မှာ ပြည့်သူ့အခွန်ငွေများကို အလဟသ သုံးဖြုန်းနေကြခြင်းသာဖြစ်သည်။ ယခင် ဆယ်စုနှစ် တစ်ခုကျော် ကာလကဆိုပါလျှင် ဆောက်လုပ်ကုန်ကျစရိတ်ထက် ဖွင့်ပွဲကုန်ကျစရိတ်က ပို၍ကုန်ကျသော သာဓကများ ရှိခဲ့လေသည်။

ပြောင်းလဲလာသော နိုင်ငံရေးယဉ်ကျေးမှုနောက်သို့ အစိုးရကိုယ်တိုင်က အမီမလိုက်နိုင်ပေ။ ဦးသိန်းစိန်အစိုးရ အစပျိုးခဲ့သော အပြောင်းအလဲကို NLD က ဆက်ပြီး တိုးတက်အောင်မလုပ်နိုင်သေးရုံသာမက တချို့ ကဏ္ဍများ တွင် ဆုတ်ယုတ်၍ပင်သွားပေသည်။ မူပြောင်းရုံနှင့် မအောင်မြင်သလို လူပြောင်းရုံမျှဖြင့်လည်း မအောင်မြင်နိုင် ပေ။ မူရောလူပါ ပြောင်းပြီး နည်းဗျူဟာတို့ပါ ပြောင်းလဲနိုင်မှ ခေါက်ရိုးကျိုးနေသော အကျင့်စရိုက်များကို တိုက် ဖျက်နိုင်မည်ဖြစ်သည်။ မျောက်လေးကောင်နှင့် ငှက်ပျိုးတခိုင် ဥပမာသည် လက်ရှိမြန်မာ့ လူအဖွဲ့အစည်းနှင့် သဏ္ဍာန်တူနေသည်ကို တွေ့ရပေသည်။

တစ်ခါက လူတစ်စုသည် မျောက်တို့၏ အမူအကျင့်များကို ပြောင်းလဲ၍ရမည်လား ဆိုသည်ကို စမ်းသပ်ခဲ့ကြ သည်။ တနည်းအားဖြင့် မျောက်တို့၏ အမူအကျင့်များသည် လူတို့နှင့် အဘယ်မျှ နီးစပ်ကြသနည်းဆိုသည်ကို သုတေသန ပြုလုပ်ကြခြင်းလည်းဖြစ်သည်။ ပထမဦးစွာ အချုပ်ခန်းကဲ့သို့ အခန်းတစ်ခုတွင်းသို့ မျောက်လေး ကောင်ကို ထည့်သွင်းလိုက်ကြသည်။ သူတို့၏ အပေါ်တွင်လည်း ငှက်ပျောသီးခိုင်ကြီး တစ်ခိုင်ကိုပါ ချိတ်ဆွဲ ထားလေသည်။ အခန်းအပြင်ဘက်တွင် လူတစ်ယောက်က မီးသတ်ပိုက်ကိုကိုင်ကာ စောင့်နေလေသည်။ ငှက်ပျောသီးခိုင်ကို မြင်လိုက်သည်နှင့် မျောက်တစ်အုပ်သည် သူ့ထက်ငါ အလုအယက်ချိတ်၍တက်ကြသည်။

အပြင်ဘက်ရှိ အစောင့်ကလည်း ငှက်ပျောသီးခိုင်ကို အလုအယက်တက်နေကြသော မျောက်အုပ်ကို မီးသတ် ပိုက်ဖြင့် တရစပ် ထိုးလေသည်။ ရေပိုက်နှင့် ထိုးသည့်ဒဏ်ကြောင့် မျောက်တို့သည် ကြောက်လန့်ကာ အောက် သို့ ပြန်ဆင်းသွားကြပေသည်။ ခဏအကြာတွင် မျောက်များက တဖန် ပြန်၍တက်ကြပြန်သည်။ လူကလည်း မီးသတ်ပိုက်နှင့် ထိုးပြန်သည်။ သည်လိုနှင့် မျောက်ကတက်လိုက် လူကထိုးလိုက်ဖြင့် မျောက်တို့သည် ကြောက် လန့်သွားကြပြီး ငှက်ပျောသီးကို တက်မယူဝံ့ကြတော့ပေ။ မျောက်လေးကောင်သည် ငှက်ပျောသီး ရလိုခြင်း၏ အန္တရာယ်ကြီးမားပုံကို သိရှိ သွားကြပေသည်။

နောက်တစ်ရက်တွင် ရှိနှင့်ပြီးသား မျောက်လေးကောင်ထဲက တစ်ကောင်ကို အပြင်က တစ်ကောင်နှင့်အစားထိုး လဲလှယ်လိုက် ကြသည်။ အသစ်ဝင်လာသောမျောက်က ငှက်ပျောသီးကို မြင်သည်နှင့် အပေါ်သို့တက်ရန် ကြိုး စားလေသည်။ သို့သော် သူသည် အပေါ်သို့ တက်ခွင့်မရရှာပေ။ ရေပိုက်ဖြင့် အထိုးခံရဖူးထားသော သုံးကောင် က ဝိုင်း၍ဆွဲချကြသည်။ သို့နှင့် ထိုမျောက်သည် မည်သည့်အကြောင်းကြောင့်မှန်း မသိရဘဲ ငှက်ပျောသီးသည် အန္တရာယ်ရှိသည်ဟု မှတ်ယူသွားလေသည်။

ထိုသို့ဖြင့် အခန်းထဲကမျောက်များကို အခြားတစ်ကောင်ချင်းစီဖြင့် လဲလှယ်သွားကြရာ ရေပိုက်ဖြင့် အထိုးခံရဖူး သော မျောက်များသည် အပြင်ဘက်သို့ ရောက်သွားကြပြီး တစ်ခါမှ အထိုးမခံဖူးသော မျောက်သုံးကောင်သာ ကျန်ရှိခဲ့တော့သည်။ နောက်ဆုံး အသစ်ဝင်လာသောမျောက်တစ် ကောင်သည် ငှက်ပျောသီးကိုမြင်သည်နှင့် အပေါ်သို့တက်လေသည်။ သည်တစ်ကြိမ်တွင်လည်း ကျန်သုံး ကောင်က သူ့ကို ဝိုင်း၍ဆွဲချကြလေသည်။ မည် သည့် အကြောင်းကြောင့်ဟု မသိကြသော်လည်း သူတို့အလှည့်များတွင် ကြောက်အားတကြီး ဆွဲချခံထားရ သောကြောင့် အသစ်ရောက်လာသော အကောင်တိုင်းကို စီနီယာ အကောင်များက ဆွဲချနေကြခြင်းဖြစ်သည်။

လက်ရှိ မြန်မာ့လူ့အဖွဲ့အစည်းတွင်လည်း မည်သည့်အကြောင်းကြောင့် ကြောက်မှန်းမသိဘဲ ကြောက်နေကြရ သည်။ အစဉ်အဆက် အကြာက်တရားဖြင့် နေထိုင်လာကြသည်မှာ ယနေ့ထိတိုင်ပင် ဖြစ်သည်။စစ်အာဏာရှင် ခေတ်က နိုင်ငံ့ဝန်းထမ်းဆိုလျှင် သူများထက် ခေါင်းတစ်လုံးပိုမြင့်သည်ဟု မြင်နေကြသည်။ ဝန်ထမ်းဆိုလျှင် အာဏာရှိသည်၊ သာမန်လူများကို အော်ဟောက်၊ ငေါက်ငန်း၍ရသည်ဟု ခံယူထားခဲ့ကြသည်။ ယခုအချိန်ထိ လည်း ထိုအတိုင်းပင် ခံယူနေကြဆဲဖြစ်သည်။

နိုင်ငံရေးပါတီများကို ကြည့်လိုက်လျှင်လည်း ဒီမိုကရေစီ အမည်သာပါသည်၊ လုပ်ဆောင်ပုံများမှာ အာဏာရှင် ဆန်နေကြသည်။ နိုင်ငံရေးတွင် အဝေဖန်ခံနိုင်ရပေမည်။ အဝေဖန်ခံရတိုင်း အရေးယူနေလျှင် စစ်အာဏာရှင်တို့ လုပ်ဆောင်ခဲ့သည့် အတိုင်းပင် ဖြစ်နေပေလိမ့်မည်။ အစပြုခဲ့ပြီးသော နိုင်ငံရေးပြောင်းလဲမှုရေချိန်ကို ပို၍မြှင့် တင်နိုင်ရန် မလုပ်ဆောင်နိုင်သမျှ ခေါက်ရိုးကျိုးနေသော အမူအကျင့်တို့ကသာ ကြီးစိုးနေကြဦးပေလိမ့်မည်။ ထိုအကြောင်းအရာတို့ကို မသိကျိုးကျွံပြု၍ မနေသင့်ကြတော့ပေ။ သက်ဆိုင်ရာ နယ်ပယ်အသီးသီးက ပုဂ္ဂိုလ် များအနေဖြင့် ပြုပြင်ပြောင်းလဲစရာရှိသည်များကို အချိန်မီလုပ်ဆောင်ကြရန် အထူးလိုအပ်နေပေသည်။

နိုင်ငံရေးစနစ်ကြီးတခုလုံး ပြောင်းလဲတိုးတက်ဖို့ဆိုပါလျှင် ပြည်သူ့အခွန်စားဝန်ထမ်းများ၊ နိုင်ငံရေးပါတီများ၊ ဒေသန္တရအုပ်ချုပ်ရေးယန္တယားများ၊ ဥပဒေပြုရေးနယ်ပယ်က လူပုဂ္ဂိုလ်များနှင့် ပြည်သူတစ်ဦးချင်းစီတို့သည် ယခင်ရှိနှင့်ပြီးသား ခေါက်ရိုးကျိုးအယူအဆများကို ဖယ်ရှားပစ်ရပေလိမ့်မည်။ ပြည်သူ့ဝန်ထမ်းများအနေဖြင့် မိမိ ပိုင်ဆိုင်ထားသောအရာသည် အာဏာလား၊ လုပ်ပိုင်ခွင့်လား ဆိုသည်ကို ကွဲပြားခြားနားစွာ သိရန်လိုအပ်သည်။ ဥပဒေပြုရေးမှာ အားနည်းလျှင်လည်း တရားစီရင်ရေးမှာ မထိရောက်နိုင်ပေ။ ဥပဒေတစ်ခု အတည်ပြုလိုက်ပြီး လျှင် ထိုဥပဒေကို လိုက်ပါအကောင်အထည်ဖော်ရမည့် လူများကတလွဲလုပ်ကြသောအခါ ၎င်းဥပဒေမှာ လုပ်စားစရာ ခွင်တစ်ခုသာ ဖြစ်သွားပေလိမ့်မည်။

ဥပမာ- လက်ရှိမြန်မာနိုင်ငံတွင် အများဆုံးဖြစ်နေသည့် မူးယစ်ဆေးဝါးအမှုများကို ပြစ်ဒဏ်ချမှတ်မှု အပိုင်းဖြစ် သည်။ ထောင်ဒဏ် ၅နှစ်မှ ၁၀ နှစ်အထိချမှတ်နိုင်သည့် ပုဒ်မတစ်ခုဆိုပါစို့။ လာဘ်မပေးလျှင် ၁၀ နှစ်အထိချပြီး လာဘ်ပေးလျှင် မယုတ်မလွန် ၆ နှစ်လောက်သာ ပြစ်ဒဏ်ချမှတ်သည်ကို မြင်တွေ့နေရသည်မှာ ယနေ့ တရား စီရင်ရေးသည် ခေါက်ရိုးကျိုးအကျင့်များကို ဆက်လက်သုံးစွဲနေဆဲ ဆိုသည်ကို သက်သေပြနေခြင်းပင်ဖြစ်သည်။ တခြားကဏ္ဍများတွင်လည်း ထိုနည်း၎င်းသာ မြင်တွေ့နေရသည်မှာ မြန်မာ့လူ့အဖွဲ့အစည်းတွင် အာဏာရှင်စနစ် အကြွင်းအကျန်များကို မဖယ်ရှားနိုင်သေးကြောင်း ထင်ရှားနေပေသည်။

အကြောက်တရားဖြင့် ခြောက်လှန့်အုပ်ချုပ်မှုသည် ကျဆုံးခြင်းဆီသို့သာ ဦးတည်သွားပါလိမ့်မည်။ ပြည်သူတစ် ဦးချင်းစီကလည်း အရှိကို အရှိအတိုင်း၊ အမြင်ကို အမြင်အတိုင်း ဝေဖန်ထောက်ပြရဲရပေမည်။ သို့မှသာ ယနေ့ မြန်မာ့လူ့အဖွဲ့အစည်းအတွင်းက ခေါက်ရိုးကျိုးနေသော အမူအကျင့်များကို ဖယ်ရှားသုတ်သင်နိုင်ကြမည် ဖြစ်ပေသည်။

                                                                                      ရမ္မာကျော်စော