ဒေါင်မာတင် (၁၆၀၆-၁၆၄၃)

ဤစာတမ်း၏ ရည်ရွယ်ချက်မှာ ဒေါင်မာတင်ဟူသည် မည်သူလဲ၊ ရခိုင်လူမျိုးဖြစ်ပါလျက်နှင့် အဘယ့်ကြောင့် ပေါ်တူဂီနာမည် ခံယူရသလဲ၊ ပေါ်တူဂီပြည်သို့ မည်သည့်အတွက်ကြောင့် ရောက်သွားသလဲ စသည်တို့ကို ရှင်းလင်းရန်ဖြစ်ပါသည်။  ဒေါင်မာတင်၏ ဘဝဇာတ်ကြောင်းမှာ အလွန်ပင် ထူးခြားဆန်းကြယ်သလောက် ကြည်နူးဆွတ်ပျံ့ဖွယ်ရာလည်း ဖြစ်ပါသည်။

By ဝေသာ 13 Jul 2018

DMG / DNJ

ဝေသာ ဘာသာပြန်ဆိုသည်။

ဤစာတမ်း၏ ရည်ရွယ်ချက်မှာ ဒေါင်မာတင်ဟူသည်  ဇာသူလဲ၊ ရခိုင်လူမျိုးဖြစ်ပါလျက်နှင့် ဇာကြောင့် ပေါ်တူဂီနာမည် ခံယူရသည်လဲ၊ ပေါ်တူဂီပြည်သို့ ဇာကြောင့် ရောက်လာလတ်သည်လဲ ဆိုသည်ရို့ကို ယှင်းလင်းရန်ဖြစ်ပါသည်။ ဒေါင်မာတင်၏ ဇာတ်ကြောင်းမှာ ကောင်းကောင်းပင် ထူးခြားဆန်းကြယ်သလောက် ကြည်နူးဆွတ်ပျံ့ဖွယ်ရာလည်း ဖြစ်ပါသည်။ ယေဒေါင်လေ ၁၇ ရာစု အစပိုင်းကာလ ဘင်္ဂလားပင်လယ်ကွေ့၌ ဖြစ်ပေါ်တည်ဟိနီခသော နိုင်ငံရေးအခြေအနေကို အကျဉ်းမျှ မပြဆိုပဲနှင့် ဤဇာတ်လမ်းကို ရွီးသားပါက စာဖတ်သူရို့ တစ်ခုပိုင်လည်း နားလည်သဘော ပေါက်နိုင်ကတ်လိမ့်မည် မဟုတ်ပါ။

အဆက်မပြတ် ဖြစ်ပေါ်နီသော မင်းပြောင်းမင်းလွဲ ကိစ္စရပ်များ .....

ခရစ်ယန်ဘုန်းတော်ကြီးများ ……သူကောင်းမျိုးရိုးများ

ပင်လယ်ဓားမရများ ….

အခါအားလျော်စွာ ပေါ်ထွက်လာတတ်သော ရခိုင်လူမျိုးရို့က ဤမှာ …..

မဂိုလူမျိုးရို့က ထိုမှာ …. ပေါ်တူဂီရို့က နီရာအနှံအပြား …..

မြင်ကွင်းတခုလုံးသည် ရုပ်ရှင်ပြကွက်ဆန်ဆန် ယှုပ်ထွီးပွေလီလျက် ဟီနီပါလိမ့်မည်။ ဤသိုယှုပ်ထွီးမှု မဖြစ်စီရန်အတွက် ကျွနု်ပ်သည် ဒေါင်မာတင်၏ စွန့်စားခန်းဇာတ်လမ်းများကို သမိုင်းဆိုင်ရာ လေ့လာမှုရှု့ဒေါင့်ကနီပနာ တတ်စွမ်းသမျှ စကားပလ္လင်ခံ နိဒါန်းပျိုးရပါလိမ့်မည်။ စာရှုသူရို့လည်း သည်းခံခွင့်လွှတ်ကတ်ပါကုန်။

ဤသို့သော ရည်ရွယ်ချက်ဖြင့် ကျွနု်ပ်သည် အေဒီ ၁၆၁၀ ခုနှစ်ကို ရွီးချယ်ထားပါသည်။ ကျွနု်ပ်၏ ရခိုင်သမိုင်းဆိုင်ရာ လေ့လာချက်စာတမ်းတိအား ဖတ်ရှုဖူးကတ်သူတိကတော့ ဤနှစ်ကာလသည် ရခိုင်အင်ပါယာကြီး၏ ဘုန်းမီးနီလ အထွန်းပဆုံးအချိန်ဖြစ်ခကြောင်း သတိပြုမိကတ်ပါလိမ့်မည်။  ဘုရင်မင်းရာဇာကြီး၏ ပိုင်နက်သည် ဂင်္ဂါမြစ်ဝှမ်းအရှိဘက် အစွန်းကပင် ဧရာဝတီမြစ်ဝကျွန်းပေါ်အထိ ကျယ်ပြန့်ပါသည်။ ဘုရင့်ကျေးကျွန်တိ အဖြစ်လည်းကောင်း၊ ဘုရင်၏ဘုန်းရိပ်ကို ခိုလှုံ၍လည်းကောင်း၊ ပေါ်တူဂီလူမျိုးအုပ်စုများ နီထိုင်လျက် ဟိနီကတ်ပါသည်။ အုပ်စုတစ်ခုကတော့ ပေါ်တူဂီကြေးစားစစ်သားများ၊ ဘုရင်မင်းရာဇာကြီး၏ ကြည့်တပ်၊ ရီတပ်ရို့တွင် အမြောက်ပစ်သမားများ၊ အင်ဂျင်နီယာများအဖြစ် အမှုတော်ထမ်းဆောင်နီသူတိ ဖြစ်ကတ်ပါသည်။ နောက်အုပ်စု တစ်ခုကတော့ ကုန်သည်တိဖြစ်ကတ်ပါသည်။ သူရို့ကိုတော့ စစ်တကောင်းမြို့တော်အနားက “ ဒီယင်ဂါးတွင် ရပ်ရွာတည်ဆောက် နီထိုင်ခွင့်ပီးထားပါသည်။ ဤသို့ခွင့်ပြုထားခြင်းမှာ စစ်တကောင်း နယ်စပ်ဒေသသို့ မဂိုရို့၏ရန်မှ ကာကွယ်ရာတွင် ပါဝင်ကူညီနိုင်ကတ် အောင်ဖြစ်ပါသည်။ ”

ဘင်္ဂလားနယ်သို့ မဂိုရို့သိမ်းပိုက်ခကတ်သည်မှာ  ၁၆၁၀ ခုနှစ်ကပင် ဖြစ်ပါသည်။ ဤသို့ သိမ်းပိုက်လိုက်သောအခါ သူရို့၏ ပိုင်နက်နယ်ပယ်နှင့် စစ်တကောင်းရို့ တက်တက်ကပ်လားခပါသည်။ မင်းရာဇာကြီးအနေဖြင့်လည်း မဂိုရို့အား သတိထားလျက် မျက်တောင်မခပ် စောင့်ကြည့်နီရပါသည်။ ပေါ်တူဂီရို့သည် မဂိုရို့လက်အောက်၌လည်း နီထိုင်လျက်ဟိကတ်ပြီ၊ “ဟူးဂလိမြစ်”တွင် ကုန်သွယ်ရေးစခန်းတစ်ခု တည်ထောင်ထားကတ်ပါသည်။ ရခိုင်ပြည်ဟိကြေးစားစစ်သည်များ၊ ဒီယင်ဂါနှင့် ဟူးဂလိမှ ကုန်သည်များ စသည့် ပေါ်တူဂီအုပ်စုရို့အပြင် စစ်တကောင်းဖြစ်နှင့် မိုင်(၃၀) လောက်ဝီးကွာသည့် “ဆင်းဒဝမ်ကျွန်း” တွင်လည်း ပင်လယ်ကွေ့ဒေသပေါ်တူဂီတိ ဟိပါသည်။ အဂုသမိုင်းစဉ်တွင် ဆင်းဒဝစ်ကျွန်းသည် အရေးပါသည့် အခန်းကဏ္ဍဟိနီသောကြောင့် အသေးစိတ်ဖော်ပြဖို့ လိုပါသည်။

ဆင်းဒဝစ်ကျွန်းကို အုပ်စိုးနေသောမင်းမှာ ထင်ရှားကျော်ကြားသော ပင်လယ်ဓားမရကြီး ဂွန်ဇာလပ်တိဘော  ဖြစ်ပါသည်။ ဤပုဂ္ဂိုလ်သည် ၁၆၀၅ ခုနှစ်က စစ်သားဘဝဖြင့် အရှေ့ဘက်ပိုင်း ဒေသတိသို့ ခရီးထွက်လာလတ်သူဖြစ်သည်။ ၁၆၀၇ ခုနှစ်သို့ ရောက်သောအခါ ဖေသာငွေကြေးသင့်အောင်လောက် စုဆောင်းရဟိလာသဖြင့် သင်္ဘောတစ်စင်း ဝယ်ယူနိုင်ခပါသည်။ သင်္ဘောတွင် ဆားတိတင်ဆောင်လျက် ဒီယင်းဂါသို့ ခရီးထွက်လာလတ်သည်။ ကံဆိုးချင်လာသည့်အခါ ဘုရင်မင်းရာဇာကြီးက ပေါ်တူဂီတိအား သစ္စာဖောက်ဖျက်မှုတချို့အတွက် အပြစ်ဒဏ်ပေးသည့်ရက်မှာပင် တိဘောခမာ ဒီယင်းဂါးဆိပ်ကမ်းသို့ ဆိုက်ကပ်မိသည်နှင့် ထက်စိဖြစ်နီသည်။ သင်္ဘောကို အသိမ်းခံလိုက်ရလီရာ တိဘောမှာ နှစ်နှစ်တာကာလအတွင်း စုဆောင်ထားခသမျှ တက်တက်ပြောင်လားခရလီပါသည်။ စီးပွားရေးအရ ဖွဲနန့်ကျင်ကိုင်လားခရသော တိဘောသည် အနီအနားက ဘဝတူမွဲပြာကျတိအား စုရုံးသိမ်းသွင်းလျက် ရခိုင်ကမ်းရိုးတန်းတလျှောက် တိုက်ခိုက်လုယက်သည့် ဓားမရဘဝကို ခံယူပစ်လိုက်လေသည်။ ၁၆၀၉ ခုနှစ် ရောက်သောအခါ တိဘော၌ လက်နက်အပြည့်အစုံကို တပ်ဆင်ထားသော သင်္ဘောအစင်း (၄၀)နှင့် တပ်သားအင်းအား (၄၀၀) အထိ အင်းအားတောင့်တင်းလာလတ်သည်။ ဤအင်အားဖြင့် ထိုစဉ်က မဂိုရို့၏ သစ္စာခံတဦးပိုင်ဆိုင်သော ဆင်းဒဝစ်ကျွန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး ကိုယ့်ဖာသာကိုယ်၊ ဘုရင်တိဘောအဖြစ် ကြေငြာခပါသည်။ ဆင်းဒဝစ်သည် ဟိန္ဒူလူမျိုးတိနီထိုင်ရာ ကြွယ်ဝချမ်းသာသော ကျွန်းဖြစ်သည်။ မဂ္ဂနာမြစ်ဝတွင် တည်ဟိနီသောကြောင့် တိဘောသည် စခန်းတိဖွင့်လှစ်တည်ထောင်လျက် ကုန်သည်သင်္ဘောများဘားက အခွန်ငွေတိကောက်ခံသည်။ စားသာနိုင်မည့် အခြေအနေကြုံလျင် အနီးဝန်းကျင်မြစ်တိအတွင်း ဓားမရလည်း ထွက်တိုက်လိုက်ပြန်ပါသည်။ ဤနည်းဖြင့် ကျိကျိတက်အောင် ချမ်းသာကြွယ်ဝလာလီရာ အဂုဤစာတမ်း၌ လေ့လာနီသော ၁၆၁၀ ပြည့်တွင် တိဘော၌ ပေါ်တူဂီလူမျိုးတပ်သား (၁၀၀၀) နှင့် အမြောက်တင်သင်္ဘောအစင်း (၁၀၀) ပိုင်ဆိုင်ထားပြီး ဖြစ်နိုင်ပါသည်။ တိဘောသည် ဆင်းဒဝစ်၏ အချုပ်အချာအာဏာကို အမှန်ပင်ပိုင်စိုးသည်။ ဂိုအာဘုရင်ခံကလည်း တိဘောအား တစုံတရာ ထိန်ချုပ်ဖို့မကြိုးစား၊ ထိန်းချုပ်လိုစိတ်လည်းမဟိဖြစ်နီသည်။ ဤသို့ဟိနီစဉ် ၁၆၁၀ ခုနှစ် နယ်စပ်အရေးအခင်းတစ်ခုကြောင့် မဂိုရို့နှင့် ထိပ်တိုက်တွေ့နေရသော မင်းရာဇာကြီးက မိမိရို့၏ ရီတပ်နှစ်ခုကို ပူးပေါင်းလိုက်ကတ်မေဟု ကမ်းလှမ်းလိုက်လီသောအခါ တိဘောမှာ ပင်လယ်ကွေ့ဒေသတွင် အထူးထင်ရှား အရေးပါသူတစ်ယောက် နိချင်းညဉ့်ချင်း ဖြစ်လာလတ်သည်။ ရခိုင်ရီတပ်ကို ကိုင်တွယ်ကွပ်ကဲခွင့်ရလိုက်သည်နှင့် တိဘော၏ စရိုက်အမှန် ပေါ်ထွက်လာလျက် နောက်ဆုံးအခိုက်အတန့်ချေတွင် ဘက်ပြောင်းလာခပါလီ၏။

မင်းရာဇာကြီး၏ ကြည်းတပ်မတော်အား ကျုံးသွင်းလျက် မဂိုတပ်တိက ချေးမှုန်းဖျက်ဆီးပစ်နိုင်အောင် အကွက်ဆင် ဖန်တီးပီးခသည်။ သူကိုယ်တိုင်ကတော့ ရခိုင်စစ်သင်္ဘောတိကို အပိုင်သိမ်းပစ်လိုက်သည်။ ဤမျှမက အခြေအနေများ ထိန်းမနိုင်သိမ်းမရ ပွက်ပွက်ဆူနီစဉ် ရခိုင်ကမ်းခြီတလျောက်တွင် တိုက်ခိုက်ညှင်းပန်းမှုများ ပြုလုပ်ပြန်သည်။ မင်းရာဇာကြီးမှာ မြောက်ဦးမြို့တော်သို့ ပြန်လာလတ်ရသည်။ ဂွန်ဇာလပ်တိဘောသည် ကောက်ကျစ်မှုများသော လူယုတ်မာတဦးဖြစ်သည်။ ကြောင်သူတော်ဖြစ်သည်ဟု မင်းရာဇာကြီးက မှတ်ယူလိုက်သည်ဟုဆိုလျှင် ကျွနု်ပ်ရို့အနေဖြင့်  ကိုယ်ချင်းစာစိတ်ဖြင့်  သဘောပေါက်နိုင်ကတ်ပါလိမ့်မည်။

ဤသည်ရို့မှာ ၁၆၁၀ ခုနှစ်အတွင်း ပင်လယ်ကွေ့ဒေသ၌ ဖြစ်ပေါ်လျှက်ဟိနီသော နိုင်ငံရေးအခြေအနေ အကျဉ်းဖြစ်ပါသည်။ ဤမျှဆိုလျက် စာရှုသူရို့၏ စိတ်မျက်စိ၌ ယှင်းလင်းကြည်လင်လား နိုင်လောက်ဗျယ် ဖြစ်ပါသည်။ ကျွနု်ပ်၏ ဇာတ်လမ်းကို ရှိသို့ဆက်ကတ်ပါမည်။

၁၆၁၀ ပြည့်နှစ်တွင် မင်းရာဇာကြီးသည် သားတော်အငယ် မင်းမာန်ကြီးအား စစ်တကောင်းမြို့စားအဖြစ် ခန့်အပ်သနားတော်မူပါသည်။ ရခိုင်ဘုရင်တပါး၏ သားတော် (သို့) ညီတော်တဦးဦးအား ဤသို့ ပီးသနားတော်မူခြင်းသည် သာမန်ကိစ္စရပ်တစ်ခုရာ ဖြစ်ပါသည်။ မင်းရာဇာကြီးအနီဖြင့် မင်းမာန်ကြီးအား ရွီးချယ်ခန့်အပ်မှုမှာလည်း ကောင်းကောင်းကြီး ထူးခြားနေသည်တော့ မဟုတ်ပါ။ တခုတော့ဟိပါ၏။ နန်းလျာဖြစ်သော နောင်တော် မင်းခမောင်းနှင့် မင်းမာန်ကြီးရို့ မသင့်မြတ်ကတ်ပါ။ မင်းခမောင်းသည် အရိုင်းစိတ်ဟိသော မင်းသားဖြစ်ပါသည်။ တနီရာ၌ ကျွနု်ပ်တင်ပြဖူးသည်အတိုင်း မင်းခမောင်းသည် စာဆိုတော် ဥက္ကာပျံနှင့် ပူးပေါင်းလျက် ခမည်းတော် မင်းကြီးအားလုပ်ကြံရန် သုံးကြိမ်တိုင်တိုင် ကြိုးပမ်းခဲ့ဖူးပါသည်။ မိသားစုသံယောဇဉ် လျော့နည်းအားကြီးသော နောင်တော် မင်းခမောင်းရာ နန်းရလာလတ်လျှင် သူမုန်းတီးသောမိမိအား အပြတ်ယှင်းလင်းလာလိမ့်မည်ဟု မင်းမာန်ကြီး တွက်ဆမိပါသည်။ ဤတွက်ဆချက်သည် ရာခိုင်နှုန်းသင့်အောင် မှန်နိုင်ပါသည်။ ယုတ်စွအဆုံး မိမိအားမြို့စားအဖြစ်မှ ရုတ်သိမ်းပစ်နိုင်သည်ဟု မင်းမာန်ကြီးယူဆသည်။ ဤယူဆချက်ကို လက်ကိုင်ပြုလျက် မင်းမာန်ကြီးသည် မဟာမိတ်တစ်ဦးကို ရှာဖွီပါသည်။ မလွဲသာမယှောင်သာ အရေးကြုံလာသောအခါ ဤမဟာမိတ်သည် မိမိဘက်က ရပ်တည်လျက် အားဖြည့်ကူညီနိုင်သူ ဖြစ်ရပေမည်။ နောင်တော် မင်းခမောင်း၏ရန်မှ မိမိအား ကယ်တင်ပေးနိုင်သည်သာမက မိမိအား နောင်တော်၏ နီရာသို့ရောက်အောင် ပိုဆောင်ပေးနိုင်သူလည်း ဖြစ်ရမည်။ ဤလိုအပ်ချက်တိက ဖြည့်စွမ်းကူညီနိုင်မည်သူ တဦးတည်းရာဟိသည်။ ဂျွန်ဇာလယ်တိဘော ပင်တည်း။

မင်းမာန်ကြီးသည်  တိဘောထံသို့ သံစီလွတ်လျက် နှစ်ဦးနှစ်ဖက် မဟာမိတ်စာချုပ် ချုပ်ဆိုကတ်ရန် အကြုံပြုသည်။ ဤသို့ကမ်းလှမ်းလာခြင်းသည် ဆင်းဒဝစ်းမင်းသားအဖို့ကတော့ အပူတပြင်းလိုအပ်မူကို ဖြည့်စွမ်းပေးပီးလာမည့် မုတ်ဆိတ်မွီှးတွင် ကပ်စွဲလာသော ပျားအုံပင်ဖြစ်သည်။ ရခိုင်ရီတပ်ကို အပိုင်စီးလိုက်ခြင်း၊ ရခိုင်ကမ်းရိုးတန်းတလျှောက် လုယက်သတ်ဖြတ်ခြင်းရို့ကို ကျူးလွန်ပြီးနောက်တွင် တိဘောမှာ မြောက်ဦးမြို့တော်တခွင်၌ အပုပ်နံတထောင်းထောင်းလှိုင်နီသော ပုဂ္ဂိုလ်ကျော်ကြီး ဖြစ်နီခပါသည်။ မင်းမာန်ကြီးနှင့် လက်တွဲလိုက်ခြင်းဖြင့် တိဘောအဖို့ ရန်သူဘက်မှ အမာခံမိတ်ဆွေတစ်ဦး သူ့လူကိုယ်ဘက်သားတစ်ဦး ရဟိလိုက်ခြင်းဖြစ်သည်။ သူစိုးတထိတ်ထိတ်ဖြင့် လိပ်ပြာလန့်နီရသော ရခိုင်သားရို့၏ လက်တုန့်ပြန်မှုအန္တရာယ်မှ ကာကွယ်ပီးနိုင်မည့် ဒိုင်လွှားတချပ် ပိုင်ဆိုင်လိုက်ခြင်းလည်း ဖြစ်သည်။ သူ့အတွက် အကျိုးအမြတ်ကောင်းသည် တိုက်ခိုက်လုယူမှုများ ချောမွိပြေပြစ်အောင် ဖန်တီးပေးမည့် နတ်ကောင်းနတ်မြတ်တပါးကို ဖူးတွိလိုက်ရခြင်းဟုလည်း ဆိုနိုင်ပြန်သည်။ မင်းမာန်ကြီး၏ ကမ်းလှမ်းချက်ကို တိဘော မဆိုင်းမတွ လက်ခံလိုက်သည်။ မင်းမာန်ကြီး၏ သမီးတော်နှင့် တိဘော၏ သားရို့အား လက်ထပ်ထိမ်းမြားပီးခြင်းဖြင့် ဤမဟာမိတ်ပြုမှုကို ပိုမိုခိုင်မာစီအံဟုလည်း နှစ်ဦးသားသဘောတူ ညီလိုက်ကတ်ပါသည်။

(ဒုတိယပိုင်း)

မင်းမာန်ကြီးတွင် သမီးတော်နှစ်ပါးနှင့် သားတော်တစ်ပါး ထွန်းကားပါသည်။ ဤ ၁၆ ခုနှစ်တွင် သားတော်(၄)နှစ်ပြည့်သည်။ နောင်တွင် “ဒေါင်မာတင်” ဟူ၍ ကျော်ကြားလာပြီး ဥရောပသို့ ခရီးပေါက်မည့်ပုဂ္ဂိုလ်မှာ ဤသားတော်ချေဖြစ်သည်။ သို့သော် ဇာတ်လမ်းဇာတ်ကွက်တိကို ခုန်ကျော်လျက် ကြိုတင်ပြောပြထားဖို့တော့ မသင့်ပါ။ အဂုပြောနီဆိုနီသည့်အချိန်တွင် ကျွနု်ပ်ရို့ တွိကြုံနီရစွာမှာ နှမတော်၏ မင်္ဂလာကိစ္စရာ ဖြစ်နီပါသည်။ တိဘော၏သားနှင့် ထိမ်းမြားခလျှင် မင်းသမီးသည် ကက်သလစ်ဘာသာသို့ ကူးပြောင်းဖို့ကိုပါ သဘောတူရပါသည်။ တိဘောသည် မိမိကိုယ်၌က လူယုတ်မာတစ်ဦးဖြစ်နီကေလည်း ဘာသာရေးပြဌာန်းချက်အတိုင်း လိုက်နာလုပ်ဆောင်ဖို့အတွက်ကိုတော့ အထူးဂရုစိုက်ပါသည်။ ဤအရေးကိစ္စတွင် လီတလုံးမိုးတလုံး ပြောတတ်ဆိုတတ်သော ဓားမရဗိုလ်ကြီး က အပယ်ငရဲသို့ ကျရောက်ဖို့ကန်နီသော ကလိန့်မေချေတစ်ဦးအား ကယ်မဆယ်ယူလိုက်နိုင်သည့် ဘုရားသခင်၏ ဘက်တော်သားပါတကားဟု မိမိကိုယ်ကိုရှုမြင်လျက် ပစ်ပစ်နစ်နစ် ကျေနပ်နှစ်သိမ့်လာသည်ဟူသော မန်နရိတ်၏ ရွီးသားဖော်ပြချက်ကို ဤနီရာ၌  ကိုးကားတင်ပြပါရစီ။

ဤကိစ္စကို အကျယ်ချဲ့ပြောမနီချင်ပါဗျာယ်။ တိဘောသည် စစ်တကောင်းသို့ တမန်အဖြစ်ဖြင့် “စန်တာမော်နီကာ”မှ ဆရာဘုန်းတော်ကြီး “ဖာသာရာဖေးလ်” အား ရွီးချယ်ခန့်အပ်လိုက်သည် ဆိုစွာလောက်ဖြင့် လုံလောက်နီပါဗျာယ်။ ဤဆရာတော်ကြီးကိုယ်တိုင် မင်းသမီးချေအား ကက်သလစ်ဘာသာသို့ သွတ်သွင်းပီးပြီးနောက် ဆင်းဒဝစ်သို့ ခေါ်ဆောင်ယူခရမည်ဖြစ်သည်။ ဖာသာရာဖေးလ်သည် ရခိုင်စကားကို ချက်ချက်ချာချာ ပြောဖို့တတ်သည်။ တောင်သူလယ်သမားတိကလည်း ဖာသာရာဖေးလ်အား သူတော်စင်တစ်ပါးအဖြစ် မှတ်ယူလေးစားကြည်ညိုကတ်ပါသည်။ ရွာတစ်ရွာသို့ရောက်လျှင် ဖာသာရာဖေးလ်သည် သူ့လက်ကိုနမ်းရှုတ်ခြင်းဖြင့် အရိုအသေပြုလာကတ်သော အချေသူငယ်များ၏ နဖူးပြင်၌ “အနီရောင်ကားတိုင်ပုံ” တစ်ပုံစီ ရွီးဆွဲပီးလိုက်လေ့ဟိပါသည်။ ဆရာတော်၏ကားတိုင်ပုံကို မိဘတိက မြင့်မြတ်သော အမှတ်အသားအဖြစ် မှတ်ယူလျက် သူ့အလိုလို မှိန်ပြယ်လားသည်အထိ ဖျက်မပစ်ဘဲ ထားတတ်ကတ်ပါသည်။ ဆင်းဒဝစ်ကျွန်း၏ဘုရင် ပင်လယ်ဓားမရဘုရင်ကြီးက သူ၏အနာဂတ်နိုင်ငံရေးယန္တရားကြီး  အားကောင်းလာရေးအတွက် အသုံးချစီလွှတ်လိုက်သော ဆရာတော်ကြီး၏ ချစ်ကောင်းထမန်း ရုပ်ပုံလွှာဖြစ်ပါသည်။

အဂုပိုင် အရေးတကြီးတာဝန်ဖြင့် လားရလာရသည့် ပေါ်တူဂီသံတမန်တစ်ဦးအနေဖြင့် ဇာသို့နီထိုင်ပြုမူပြောဆိုသင့်သည် ဟူ၍ မိမိကြိုတင်စိတ်ကူးထားသည့်အတိုင်း လိုက်နာရန် ဆရာတော်ကြီးအား နားချပြောဆိုရာတွင် ဂွန်ဇာလက်သည် အကြီးအကျယ်အခက်အခဲ ကြုံရပါသည်။ ဖာသာရာဖေးလ်သည် အမှန်ပင်လေးစား ကြည်ညိုထိုက်သော ပုဂ္ဂိုလ်တစ်ဦးဖြစ်ကြောင်း ဤအချက်က ထောက်ခံအတည်ပြုနီပါသည်။ စစ်တကောင်းမြို့တော်တွင်းသို့ ဝင်ရောက် လာသောအခါ မထင်ရှားသောအသွင်ဖြင့် ဆင်းရဲသူဆင်းရဲသားများ၊ အချေသူငယ်များနှင့် ရောနှောလျက် ခြီကျင်လျှောက်၍လားရခြင်းကို ဆရာတော်ကြီးက ပို၍နှစ်ခြိုက်ပါသည်။ ဤအပြုအမူမှာ တိဘော၏ “မင်္ဂလာအခမ်းအနားဆိုင်ရာ သံတမန်တစ်ဦး၏ ဝင်ရောက်ခြင်း”အယူအဆနှင့် မကိုက်ညီပါ။ စစ်တကောင်းမြစ်အတွင်းသို့ ဆရာတော်ကြီး စီးနင်းလိုက်ပါလာသော ဂျွတ်လှီကြီးဝင် ရောက်လားခသောအခါ တင်းခွန်များက တလူလူလွင့်လျက် တူရိယာငါးပါး အစုံအလင်တီးမှုတ်လျက် ဟိန်စီရမည်ဟု စီခိုင်းချက်ကို ဖာသာရာဖေးလ်က ယတိပြတ်ပယ်ချလိုက်သည်။ ထိုအခါ ဓားမရဘုရင်ကြီးက ပရိယာယ်တစ်မျိုးဆင်ပြန်သည်။

အဖော်တစ်ဦးနှင့်အတူ သာမန်လောင်းချေတစ်စင်းဖြင့် ဆင်ဒဝစ်မှ ဖာသာရာဖေးလ် ခရီးစတင်လိုက်သည်။ ဆရာတော်ကြီး ထွက်ခွာလားသည်နှင့် တိဘောသည် မိမိပိုင်အကောင်းဆုံး ဂျွတ်လှီဆယ်စင်းကို ပန်းထိုးနီကာရွက်ဖျင်များ ဆင်ယင်စီလျက် ဂီတပညာသျှင်များ၊ ဝတ်ကောင်းစားလှ ဝတ်ဆင်ထားသည့် သူကောင်းမျိုးများ တင်ဆောင်ကာ တခြားလမ်းကြောင်းတစ်ခုဖြင့် ရွက်လွှင့်လားစီရာ စစ်တကောင်းမြစ်သို့ ဆရာတော်ကြီးထက် အလျင်ဦးစွာ ရောက်လားခကတ်ပါသည်။ ဆိပ်ကမ်းနှင့် ဆိတ်ကေလောက်လှမ်းသောနီရာ၌ ကျောက်ချရပ်နားယင်းနန့် ဆရာတော်ကြီးကြွအလာကို စောင့်ဆိုင်း နီကတ်သည်။ ထော၊ ဆရာတော်ကြီးစီးနင်းလာသော လောင်းချေဝင်လာလတ်ပျာယ်ဖြစ်သည်။ ဂျွတ်လှီအုပ်စုမှ ကပ္ပတိန်သည် လောင်းချေထက်သို့တက်လျက် ဂွန်ဇာလက်ဘားက သဝဏ်ကို ဆရာတော်ကြီးလက်သို့ ဆက်ကပ်လိုက်သည်။ ဆရာတော်ကြီးအား စစ်တကောင်းမြို့ထဲသို့ အခမ်းအနားဖြင့် တင့်တယ်ဝင့်ကြွားစွာ ဝင်ရောက်ပါရန် ပန်ကြားထားသော သဝဏ်ပေတည်း။ ဖာသာရာဖေးလ်က ငြင်းပယ်ဖို့ပျင်လိုက်သည်။ ယင်းအချိန်တွင် ဆိပ်ကမ်းထက်၌ စစ်တကောင်းမြို့မှ မှူးကြီးမတ်ရာများ၊ အမျိုးကောင်းသား၊ အမျိုးကောင်းသမီးများ အုပ်အုပ်ကျွက်ကျွက် ရောက်ဟိနီကတ်ဖျာယ်ဖြစ်သည်။ တီးဝိုင်းမှလည်း တူရိယာသံစုံတီးမှုတ်မှု စတင်နီဗျာယ်ဖြစ်သည်။ အမြောက်တပ်မှလည်း ဂုဏ်ပြုအမြောက်တိ တထိန်းထိန်း ပစ်ဖောက်ပြီးခဗျာယ်ဖြစ်သည်။ မင်းပရိသတ်၏နောက်တန်းဟိ ဧရာမလူအုပ်ကြီးကလည်း ဆရာတော်ကြီး ဇာကြောင့်ဆိပ်ကမ်းသို့ အတက် ကြံ့ကြာနီရရေလဲ၊ ပေါ်တူဂီသင်္ဘောတိ ဇာကြောင့်ဆိပ်ကမ်းသို့ ကပ်မလာကတ်စွာလဲ စသည်ဖြင့် ရောင်းရောင်းသတ်လျက် ဖြစ်နီကတ်ပျာယ်ဖြစ်သည်။

ဤအနီအထားသို့ ရောက်ပြီးခါမှ လက်ဦးကစိတ်ကူးထားသည်အတိုင်း လောင်းချေထက်ကနီပနာ တိုက်ရိုက်တက်ရောက်လားမည်ဆိုပါက ပရိသတ်ရို့ကဲ့ရဲ့သြင်္ဂီုလ်ဖွယ် ဖြစ်လားပေလိမ့်မည်။ မိမိ၏ ဂုဏ်သိက္ခာလည်း ညိုးနွမ်းလီဖို့ဗျာယ်ဖြစ်သည်ဟု ဆရာတော်ကြီးဆင်ခြင်မိပါသည်။ ထို့ကြောင့် ဆရာတော်သည် ကပ္ပတိန်၏ ဂျွတ်လှီကြီးထက်သို့ တက်ရောက်လိုက်ပါလားခပါသည်။ ဂျွတ်လှီထက်သို့ ဆရာတော်ကြီးတက်ရောက်ခြင်းသည် ကျောက်ဆူးနှုတ်ရန် အချက်ပြလိုက်ခြင်းပင် ဖြစ်ပေသည်။ ကျန်သောလောင်းလှီကြီးတိလည်း ဆိပ်ကမ်းသို့ အသာအသာ ချဉ်းကပ်လာလတ်ပျာယ်ဖြစ်သည်။ လှီသားတိက တက်တိကိုစည်းချက်ညီညီ အားသွန်ခွန်စိုက် ညီတူလှော်ခတ်လျက်...။ တီးဝိုင်းမှလည်း ပေါ်တူဂီစစ်ချီတေးတိကို စိတ် ဓာတ်တက်ကြွဖွယ်ရာ တီးမှုတ်လျက်...။ စစ်သားတိက ကုန်းပတ်ထက်တွင် ဂုဏ်ပြုအနီအထားဖြင့် တောင့်တင်းကြံ့ခိုင်စွာရပ်လျက်...။

စင်တာမောနီကာမှ ဆရာတော်ကြီး ကမ်းထက်သို့တက်ရောက်ကြွချီတော်မူဗျာယ်...။

စောင့်လင့်နီကတ်သော အမျိုးကောင်းသားတိက ဆရာတော်ကြီးအား ခမ်းနားကြီးကျယ်စွာ ကြိုဆိုကတ်သည်။ မြို့တော်ရာဇဝတ်တရားသူကြီးက လှူဖွယ်ဝတ္တုတိကို ဆက်ကပ်သည်။ ထို့နောက် လမ်းမကြီးထက်သို့ စည်ကားသိုက်မြိုက်စွာဖြင့် ပင့်ခေါ်လာလတ်ကတ်သည်။ မင်းလမ်းမတွင် ဆင်ယဉ်တစ်ဆယ့်တစ်ကောင် အသင့်စောင့်ဆိုင်းလျက်ဟိနီပါသည်။ ရွှေရောင်တဝင်းဝင်းဖြင့် ကကြိုးတိဆင်ထားသော ဆင်ကြီးမှာ ဆရာတော်ကြီး စီးနင်းတော်မူရန်ဖြစ်သည်။ တရားသူကြီးက ဆရာတော်အား ဦးဆောင်ခေါ်ယူလာခဲ့ပြီး ဤဆင်ကြီးသည် မြို့စားကြီးထံမှ ပီးပို့လှူဒါန်းထားခြင်းဖြစ်ပါကြောင်း လျှောက်ထားပါသည်။ တပြိုင်တည်းတွင် ဆရာတော်ကြီးထံ ထီးတစ်ဆောင်ဆက်ကပ်ပြီး ဆင်ကို ဒူးထောက်ပီးစီရန် အမိန့်ပီးလိုက်သည်။

ဆိပ်ကမ်းသို့အတက်၌ ကြုံခရသောလူအုပ်ကြီးဖြင့် ကြိုဆိုမှုသည်ပင်လျှင် ဆရာတော်ကြီးအဖို့ ကောင်းကောင်းကြီး ပင်ပန်းငြီးငွေ့ဖွယ်ရာဖြစ်ခဗျာယ်။ လူအုပ်ကြီးအတွင်း ဖြတ်လျှောက်ယင်းနန့် တစ်ဦးစီတစ်ဦးစီ အပြန်အလှန် အလျဉ်မပြတ် နှုတ်ဆက်သမှုပြုခရဗျာယ်။ ဆရာတော်ကြီး စိတ်ရှည်ရှည်ထားလျက် သည်းခံခပါသည်။ အဂု ဒူးထောက်ရိုညွတ်လျက်ဟိနီသော ဤဆင်၊ ရွှေရောင်ဝင်းလက်နီသော ကကြိုးပုခက်များ၊ ဤပကာသနရို့သည်ကား ဆရာတော်ကြီး၏ သည်းခံနိုင်စွမ်းအတိုင်းအတာကို လွန်ကျူးကျော်တက်လားခကတ်ပျာယ် ဖြစ်သည်။ ဆင်ထက်သို့ တက်ရောက်သီတင်းသုံးပါရန် ဆရာတော်ကြီးအား ဇာသို့မျှနားချဖျောင်းဖျ၍ ရနိုင်တော့မည်မဟုတ်ပေ။ တရားသူကြီးမင်းအား ကျေးဇူးတင်စကား အထပ်ထပ်ပြောကြားယင်း ဤသတ္တဝါကြီးအထက်မှနီ၍ မြို့တော်ကိုဖြတ်သန်းလျက် ဟိတ်ဟန်ထုတ်လိုစိတ်မဟိကြောင်း ဆရာတော်ကြီးက ခိုင်ခိုင်မာမာ ကျန်းကျန်းနောင်းနောင်း ငြင်းဆိုလိုက်ပါသည်။ ထို့နောက် အတူပါလာသူ အဖော်ကိုခေါ်ယူလျက် ခြီကျင်ရာလျှင် ကြွတော်မူပါသည်။ ဆင်တစ်ကောင်စီကို စီးလျက်လိုက်ပါရန် စောင့်နီကတ်သော ကပ္ပတိန်ဆယ်ဦးရို့မှာလည်း ဇာလုပ်ရမှန်းမသိ ယောင်တိယောင်တောင် ဖြစ်လားကြကတ်ရပါသည်။ တရားသူကြီးခမာ မျက်လုံးမျက်ဆံပြူးလျက် အလန့်တကြားဖြစ်လားရသည်။ သို့သော်လည်း မတတ်နိုင်ပါ။ ဆရာတော်ကြီး၏ နောက်မှ အားလုံး ခြီကျင်သာလျှင် လိုက်ပါခကတ်ရပြီး နန်းတော်သို့တရောက် လမ်းလျှောက်လာကတ်ရသည်။ ဇာသို့ပင်ဖြစ်စီ ဆင်ပုခက်ထက်၌ ဝင့်ထယ်နီသောအသွင်ထက် သလုံးမြင်းခေါင်းအားဖြင့် ခြီကျင်ကြွချီလာသော ဆရာတော်ကြီး၏အသွင်က ပြည်သူလူထု၏မျက်စိတွင် ကြည်ညိုဖွယ်ရာ တင့်တယ်နီပါလီ၏။ ဤအသွင်မျိုးသည် အရှိတိုင်းသားရို့၏အမြင်၌ မြင့်မြတ်သော ပုဂ္ဂိုလ်တစ်ဦးကျင့်သုံးအပ်သည့် အပြုအမူပင်ဖြစ်လီသည်တကား။

မြို့စားကြီးသည် တတိယမြောက် နန်းမြို့ရိုးတန်းခါးပေါက်အထိ လာရောက်လျက် ဆရာတော်ကြီးအား သူတော်စင်ရို့အပေါ် ပြုမူမြဲထုံးစံအတိုင်း ကြိုဆိုဧည့်ခံပါသည်။

နန်းတော်တွင်းသို့ရောက်လျှင် ဖာသာရာဖေးလ်အား မြို့စား၏သားသမီးသုံးယောက်နှင့် တွိဆုံပီးပါသည်။ အကြီးဆုံးအချေမှာ ဆရာတော်ကြီး ခေါ်ဆောင်ယူလားရမည့် မင်းသမီးချေပင်ဖြစ်သည်။ အငယ်ဆုံးအချေမှာ ဖော်ပြထားခပြီးသည့်အတိုင်း (၄)နှစ်သားအရွယ် မင်းသားချေဖြစ်သည်။ မြို့စား၏အရိုက်အရာကို ဆက်ခံရဖို့သူ၊ ဘုရင်မင်းရာဇာကြီး၏ မြီးတော်၊ အဂုစာတမ်းအတွက်  ပင်မဇာတ်ဆောင် (ဒေါင်မာတင်ဖြစ်လာမည့်သူ) ဖြစ်သည်။

ခရစ်ယာန်ဘာသာသို့ ကူးပြောင်းလိုခြင်းသည် မိမိဆန္ဒအလျောက် ဟုတ်၊ မဟုတ် ဖာသာရာဖေးလ်က မင်းသမီးချေအား မီးမြန်းသည်။ မင်းသမီးက မိမိအနေဖြင့် ကတ်သလစ်ဘာသာအယူဝါဒကို ပထမဦးစွာ ချရားစိတွင်းကျ သိဟိနားလည်လိုပါသည်။ ဆရာတော်ကြီးဟောကြားသည့် တရားတော်ကို နာယူမှတ်သားလိုပါသည်ဟု တည်တည်ငြိမ်ငြိမ် ပြန်လည်လျှောက်ထားလိုက်သည်။

မြို့စားကြီးက မိန်းမစိုးမောလိတ်အကြီးအမှူးအား ဆင့်ခေါ်လျက် ဆရာတော်ကြီးအား အချိန်မရွီး သမီးတော်၏အဆောင်သို့ ဝင်ထွက်ခွင့်ပြုရန်မိန့်မှာသည်။ “ဤလှိုက်လှဲပျူငှာသော ခွင့်ပြုချက်နှင့် အကူအညီရို့အတွက် ကျေးဇူးတင်ကြောင်း ဆရာတော်ကြီးက မိန့်ကြားသည်”ဟု မန်နရိတ်က မှတ်တမ်းပြုထားပါသည်။ မင်းသမီးချေအား ကတ်သလစ်အယူဝါဒရေးရာရို့ကို ယှင်းလင်းဟော ကြားပြသပီးသည်။ မင်းသမီးသိလိုသမျှ မီးခွန်းအထွေထွေကို မညီးမညူ အပင်ပန်းခံ၊ စိတ်ရှည်လက်ရှည် ဖြေကြားပီးသည်။ တရားတော်၌ မင်းသမီးချေ သက်ဝင်ယုံကြည်လတ်ပျာယ်ဟု ဆရာတော်ကြီး သိဟိလာသည်။ “ဗတ္တိဇံ”မခံယူသူဟူသမျှ အပယ်သို့ကျရောက်လတ္တံ့ဟု ဖြည့်စွက်ဟောကြားလိုက်သည်။ ဤစကားတစ်ခွန်းသည် မင်းသမီးချေအား အကြီးအကျယ် ထိန့်လန့်လားစီသည်။ မင်းသမီးချေခမာ မျက်ရည်အသွယ်သွယ်ဖြင့် အဂုချိန်းချင်းမှာပင် ဗတ္တိဇံကိုပီးသနားရန် လျှောက်ထားလာပါသည်။

ဆင်းဒဝစ်သို့ ရောက်သောအခါမှရာ ဗတ္တိဇံပီးမည်ဖြစ်ကြောင်း ဆရာတော်ကြီးက အီးဆီးညင်သာစွာ မိန့်ဆိုသည်။ သို့သော် ငရဲမီးလျှံရို့ အဂုလက်ငင်း ရောက်ဟိလာတော့မည်ကဲ့သို့ ထိတ်လန့်ကြောက်ရွံ့လျက် မင်းသမီးငယ်က “လမ်းခရီးတစ်ဝက်တစ်ပျက်မှာ တပည့်တော်မ မပြောကောင်းမဆိုကောင်း သီကျလားခကေ ဇာပိုင်လုပ်ပိုင်ဖို့လဲ အသျှင်ဘုရား” ဟုဆိုလျက် အစီအပါးတစ်ဦးအား ရီတစည်အဂုယူလာခိုင်းပြီး ဗတ္တိဇံပီးရန် အဓမ္မပူဆာပါတော့သည်။

နောက်ရက်အင်တန်ကြာလာသောအခါ ဖာသာရာဖေးလ်သည် မင်းသမီးငယ်အား ဆင်းဒဝစ်သို့ ခေါ်ယူလာလတ်သည်။ ရောက်လျှင် လက်ထပ်မင်္ဂလာပွဲသဘင်ကြီးကျယ်ခန်းနားစွာ ဆင်ယင်ကျင်းပပါသည်။ စစ်တကောင်းစားမင်းမာန်ကြီးနှင့် ဆင်းဒဝစ်ကျွန်း၏ဘုရင် ဂွန်ဇာလက်တိဘောရို့နှစ်ဦးအကြားဟိသော မဟာမိတ်အဖြစ်ကို ဤထိမ်းမြားမင်္ဂလာဖြင့် အခိုင်အမာ ပြုလိုက်ကတ်လီသတည်း။ မင်းမာန်ကြီးအနီဖြင့် နောင်တော်မင်းခမောင်းအား ထီးမွီနန်းမွီမှ ဖယ်ရှားမပစ်နိုင်သည် ရှိစေဦးတော့၊ ယုတ်စွအဆုံး မိမိ၏ အန္တရာယ်ကိုတော့ခါ ခုခံကာကွယ်နိုင်စွမ်း ရှိခဲ့လေပြီဟု စိတ်ချနိုင်ခဲ့ပါပြီ။ တိဘောအနီဖြင့်လည်း ဂုဏ်လည်းရှိ၊ သြဇာလည်းတက်ရုံမက မဂ္ဂနာမြစ်အတွင်းသို့ ဝင်လာသမျှသင်္ဘောတို့အား အခွန်ကောက်မှုကို တိုးမြှင့်လုပ်ဆောင်နိုင်ခဲ့ပါပြီ။ မင်းမာန်ကြီးကရာ ကူညီမည်ဆိုလျှင် စည်းစိမ်ဥစ္စာများ တိုးတက်ရရှိလျက် လှပသောအနာဂတ်ကို စိတ်ကူးယဉ်နိုင်ခဲ့ပြီ ဖြစ်ပါသတည်း။

အမ်၊ အက်(စ်)။ ကောလစ်

 (စံရွှေဘု ပူးတွဲပါဝင်ရေးသားသည်)

ရည်ညွှန်း-

              “Dom Martin 1606-1643 ”

              (The First Burman to Visit Europe)

               (JBRS VOL. 16, Part , 1, 1926)

(တတိယပိုင်းနှင့် စတုတ္ထပိုင်းတို့အား စောင့်မျှော်ဖတ်ရှု အားပေးကြပါရန်)

(ဤဆောင်းပါးကို ၂၀၁၈ ခုနှစ်၊ ဇွန် (၁) ရက်နေ့ နှင့် ဇူလိုင်(၁) ရက်နေ့ထုတ် Development News Journal တွင် ဖတ်ရှုနိုင်သည်။)