နိမ့်ကျနေတဲ့ မြိုလူမျိုးတွေရဲ့ဘဝ

“ကျန်းမာရေးနဲ့ပတ်သက်လို့ ကျွန်တော်တို့မှာ တအားဝေးလွန်းတဲ့အတွက် ကျွန်တော်တို့မှာ ရောဂါဖြစ်တယ်ဆိုရင် ဆေးလုံး၊ ဆေးပြားလေးတစ်ပြားတောင် မသောက်ခဲ့ဘဲ သေဆုံးခဲ့ရတာတွေရှိတယ်။ မိုးတွင်းဆိုရင် ကလေးတွေဟာလည်း ချောင်းရေပေါက်ရင် ကျောင်းသွားလို့မရဘူး။ ကျောင်းပြန်လို့လည်းမရဘူး။ အဲဒီမှာ ထမင်း၊ ဟင်းမစားရဘဲ အိမ်မပြန်နိုင်တဲ့ အခြေအနေတွေရှိပါတယ်။" လို့ မြိုတိုင်းရင်းသား ဦးမောင်မြကပြောပါတယ်။

By စိမ်းကိုကို 12 May 2018

ရိုးရာတူရိယာများနှင့်တွေ့ရသည့် မြိုတိုင်းရင်းသားများ။ ဓာတ်ပုံ - စိမ်းကိုကို

စိမ်းကိုကို ရေးသားသည်။

ရခိုင်တိုင်းရင်းသားမျိုးနွယ်တွေဖြစ်တဲ့ မြိုတိုင်းရင်းသားတွေဟာ ဝေးလံခေါင်ဖျားတဲ့ တောင်ပေါ်ဒေသတွေမှာ နေထိုင်ကြတာကြောင့် ပညာရေးနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေဟာ အလွန်တရာနိမ့်ကျနေပြီး ဆင်းရဲမွဲတေမှု ပြင်ပဗဟုသုတတွေဟာလည်း နိမ့်ကျနေသလို အကြမ်းဖက်သမားတွေရဲ့ သတ်ဖြတ်တာကိုလည်း မကြာခဏဆိုသလို ခံနေကြရပါတယ်။

မြိုလူမျိုးတွေကို မိမိတို့ရဲ့ဘာသာစကား နဲ့ “မာရစာ”လို့ ခေါ်ဆိုကြပြီးတော့ ရခိုင်သမိုင်း ဖြစ်စဉ်တွေထဲမှာ ရှေးအကျဆုံး လူမျိုးစုတစ်ခုဖြစ် နေထိုင်လာခဲ့ကြတာဖြစ်သလို လက်ရှိအချိန်မှာ ရခိုင်ပြည်နယ်အတွင်းမှာ လူဦးရေ သောင်းဂဏန်းသာသာ ကျန်ရှိတော့တယ်လို့ သိရပါတယ်။ မြိုတိုင်းရင်းသားတွေဟာ ရခိုင်ပြည်နယ်နဲ့ စစ်တကောင်းတောင်တန်းဒေသတွေမှာ အများဆုံးနေထိုင်ကြတဲ့ လူမျိုးတစ်မျိုးဖြစ်ပြီး တစ်ခြားတိုင်းရင်းသားတွေလို သီးခြားဘာသာစကား၊ သီးခြားစာပေ၊ သီးခြားရိုးရာ ၊ ဂီတတွေကိုလည်း ပိုင်ဆိုင်ထားကြပါတယ်။ ဒါ့အပြင် ဘင်္ဂလားဒေရှ့်နိုင်ငံဖက်မှာ နေထိုင်ကြတဲ့ မြိုနဲ့ တခြားတိုင်းရင်းတစ်ချို့မှာ အဲဒီဖက်က အခြေအနေတွေကြောင့် မောင်တောဒေသဖက်ကို ခိုလှုံလာကြတာတွေလည်း ရှိနေပါတယ်။

ရခိုင်ပြည်နယ်ထဲမှာတော့ မြိုတိုင်းရင်းသားတွေဟာ ကျောက်တော်မြို့နယ်၊ ယိုးချောင်းဒေသနဲ့ ပုဏ္ဏားကျွန်းမြို့နယ်၊ စမ်းပတီးချောင်း ဒေသတွေအပြင် ဘူးသီးတောင်နဲ့ မောင်တောဒေသတွေမှာ အဓိကနေထိုင်ကြတာဖြစ်ပြီးတော့ တောင်ယာနဲ့ စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြပါတယ်။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုတွေ၊ ပညာရေး၊ ကျန်းမာရေးပိုင်းတွေ နိမ့်ကျတာရှိသလို မကြာခဏဆိုသလို အကြမ်းဖက်သတ်ဖြတ်တာတွေ ခံနေရတာနဲ့ပတ်သက်ပြီး ကျောက်တော်မြို့နယ် လေကွီးကျေးရွာက မြို့တိုင်းရင်းသားတစ်ဦးက အခုလိုပြောပါတယ်။

“ဘူးသီးတောင်၊ မောင်တောမှာရှိတဲ့ ကျွန်တော်တို့ မြိုတိုင်းရင်းသားတွေဟာ တစ်ရက်မှာ တစ်ယောက်၊ နှစ်ရက်မှာ တစ်ယောက်ဆိုသလို သတ်ဖြတ်ခံနေရတယ်။ ဒီလိုသတ်ဖြတ်ခံနေရတာဟာ ကျွန်တော်တို့ လူမျိုးတစ်ခုလုံး ပျောက်သွားနိုင်တယ်။ ဒါကြောင့် လုံခြုံတဲ့နေရာတွေမှာ ထားဖို့လိုအပ်တယ်။ " လို့ ဦးမောင်သန်းကပြောပါတယ်။

ကျောက်တော်မြို့နယ် ယိုးချောင်းမြစ်ရိုးတစ်လျောက်မှာ မြို၊ ခမီ၊ ရခိုင်စတဲ့တိုင်းရင်းသားကျေးရွာ ၃၀ ကျော်ခန့်ရှိပြီးတော့ ဝေးလံခေါင်ဖျားတဲ့ တောင်ပေါ်ဒေသဖြစ်သလို ရေလမ်းတစ်ခုတည်းကိုသာ အဓိက ဆက်သွယ်ရေးလမ်းအဖြစ် အသုံးပြုနေရပြီး ကျန်းမာရေး၊ ပညာရေး စတာတွေမှာ အခက်အခဲများစွာရှိနေကြပါတယ်။

မိုးရာသီဆိုရင် စက်တပ်လှေငယ်တွေနဲ့ ကျောင်းသွားတက်ရတဲ့ ကလေးတွေအတွက် အသက်အန္တရာယ်မှာ အထူးစိုးရိမ်စရာအခြေအနေရှိပြီး ချောင်းရေပေါက်တဲ့ အချိန်တွေမှာတော့ မိမိတို့ရဲ့ ရပ်ရွာတွေကို ပြန်လာလို့မရတော့တဲ့ အခြေအနေတွေရှိတဲ့အတွက် ဒေသတွင်းမှာ စာသင်ကျောင်းတွေကို အဆင့်မြှင့်တင်ပေးဖို့နဲ့ မိမိတို့ရဲ့ ရပ်ရွာတွေမှာ စာသင်ကြားနိုင်ဖို့ လိုလားနေကြပါတယ်။ ဒါ့အပြင် ဆေးပေးခန်းတွေဟာလည်း အနီးအနားကျေးရွာတွေမှာ မရှိတဲ့အတွက် ကျန်းမာရေးစောင့်ရှောက်မှု အပိုင်းတွေမှာပါ များစွာခက်ခဲနေပြီး သေဆုံးနှုန်းတွေ မြင့်တက်နေတယ်လို့လည်း ဆိုပါတယ်။

“ကျန်းမာရေးနဲ့ပတ်သက်လို့ ကျွန်တော်တို့မှာ တအားဝေးလွန်းတဲ့အတွက် ကျွန်တော်တို့မှာ ရောဂါဖြစ်တယ်ဆိုရင် ဆေးလုံး၊ ဆေးပြားလေးတစ်ပြားတောင် မသောက်ခဲ့ဘဲ သေဆုံးခဲ့ရတာတွေရှိတယ်။ မိုးတွင်းဆိုရင် ကလေးတွေဟာလည်း ချောင်းရေပေါက်ရင် ကျောင်းသွားလို့မရဘူး။ ကျောင်းပြန်လို့လည်းမရဘူး။ အဲဒီမှာ ထမင်း၊ ဟင်းမစားရဘဲ အိမ်မပြန်နိုင်တဲ့ အခြေအနေတွေရှိပါတယ်။" လို့ မြိုတိုင်းရင်းသား ဦးမောင်မြကပြောပါတယ်။

ကျန်းမာရေးနဲ့ ပတ်သက်ရင် အနီးဆုံးဆေးပေးခန်းရှိတဲ့ ကန်စောက်ကျေးရွာကို စက်တပ်လှေတွေနဲ့ သွားရပြီး ၂ နာရီနဲ့ သုံးနာရီကြားသွားရကာ မိုးတွင်းဆိုရင် သွားလာရေးလုံး၀ အဆင်မပြေဘူးလို့လည်း သိရပါတယ်။

အမျိုးသမီးတွေအများစုဟာလည်း ကျောင်းပညာရေးနဲ့ ပြင်ပဗဟုသုတွေ မရှိတာတွေကြောင့် မြိုတိုင်းရင်းသူတွေရဲ့ အခန်းကဏ္ဍဟာလည်း ပျောက်ဆုံးနေပါတယ်။ မိမိတို့ရဲ့ လင်ယောင်္ကျား တွေနဲ့အတူ တောင်ယာလုပ်ငန်းတွေ ဝမ်းရေးအတွက် လုပ်ကိုင်စားသောက်ရတဲ့ အလုပ်တွေထဲမှာ ကူညီလုပ်ကိုင်ကြရင်းသာ အချိန်တွေကုန်ဆုံးနေတာလည်းဖြစ်ပါတယ်။ ဆင်းရဲမွဲတွေမှု၊ ပညာရေးနိမ့်ကျမှုတွေနဲ့ အသိပညာအားနည်းမှုတွေ ရှိနေကြပြီး တောင်ယာတွေသွားရင်း၊ ဟင်းရှာသွားကြရင်းကနေ သတ်ဖြတ်ခံရတာတွေရှိပါတယ်။ မောင်တောမြို့နယ်အတွင်း အကြမ်းဖက် သတ်ဖြတ်ခံရတဲ့အထဲမှာ အမျိုးသမီးအများစုပါဝင်ပါတယ်။

“အမျိုးသမီးတွေအပိုင်းမှာလည်း အားနည်းချက်တွေအများရှိနေတယ်။ ပညာရေးလက်လှမ်းမမီတဲ့အတွက် ပြင်ပဗဟုသုတွေဟာလည်း အရမ်းအားနည်းတယ်။ တစ်ဖက်မှာလည်း ဆက် သွယ်ရေးတွေဖြစ်တဲ့ ဖုန်းလိုင်းတွေ မရှိတာတွေ၊ ကျေးရွာတွေကလည်း ဆင်းရဲပြီး ဝေးလံတဲ့အတွက် အမျိုးသမီးတွေရဲ့ဘဝဟာ လုံးဝကိုနိမ့်ကျနေပြီးတော့ အားနည်းချက်တွေအများရှိနေပါတယ်။" လို့လည်း ကျောက်တော်မြို့နယ်၊ ခမောင်းကျေးရွာက မြိုတိုင်းရင်းသူ ဒေါ်မလှဦးက ဆိုပါတယ်။

ကျောက်တော်မြို့နယ် လေကွီးကျေးရွာမှ မြိုမိသားစုတစ်စု။ ဓာတ်ပုံ - စိမ်းကိုကို

ဝေးလံခေါင်ဖျားတဲ့ တောင်ပေါ်ဒေသတွေမှာ နေထိုင်ကြတဲ့ မြိုတိုင်းရင်းသားတွေရဲ့ဘဝဟာ ဆက်သွယ်ရေးဖုန်း လိုင်းတွေမရှိတာတွေ၊ လမ်းပန်းဆက် သွယ်ရေးအခက်အခဲတွေကြောင့် တိုက် ပွဲတွေဖြစ်ပွားတာတွေ၊ အကြမ်းဖက်မှုတွေနဲ့ ကြုံတွေရတဲ့ခါတွေနဲ့ တချို့သော ကိစ္စတွေမှာ လုံးဝဆက်သွယ်ဖို့ အဆင်မပြေတဲ့တွက် နတ်ပြည်နဲ့ လူ့ပြည်တွေလို ကွာခြားနေသေးတယ်လို့လည်း မြိုတိုင် ရင်းသားတွေက ဆိုပါတယ်။

ယိုးချောင်းမြစ်ရိုးတစ်လျှောက်ဟာဆိုရင် ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်က ရခိုင်တပ်မတော်နဲ့ မြန်မာတပ်မတော်တို့ကြား တိုက်ပွဲတွေဖြစ်ပွားပြီး စစ်ဘေးကြောင့် မြိုအပါအဝင် တစ်ခြားတိုင်းရင်းသားတချို့မှာ စစ်ဘေးရှောင်ခဲ့ရပါတယ်။ အဲဒီလိုအခြေနေတွေမှာတောင် စားဝတ်နေရေး အခက်အခဲတွေနဲ့ပတ်သက်ပြီး အာဏာပိုင်တွေနဲ့ လူမှုအဖွဲ့အစည်းတွေဆီကို အကူညီတောင်းခံဖို့ ဖုန်းလိုင်းမရှိတဲ့အတွက် ဒုက္ခတွေ အများကြီးရောက်ခဲ့ရတယ်လို့ ဆိုပါတယ်။

လက်ရှိ ယိုးချောင်းမြစ်ရိုးတစ်လျှောက်က ဖုန်းလိုင်းတွေအခြေအနေတွေနဲ့ ဆက်သွယ်ကြရတဲ့ အခြေနေတွေကိုလည်း မြိုတိုင်းရင်းသားတစ်ဦးက အခုလိုပြောပါတယ်။

 “ ကျွန်တော်တို့မှာ ကားလမ်းကိုထားလိုက်ပါ။ ဖုန်းလိုင်းတော့လိုချင်တယ်။ လူတွေကဖုန်းတွေ အကုန်လုံးရှိကြတယ်။ ဖုန်းလိုင်းကအဆင်မပြေဘူး။ ဆိုတော့ ကျွန်တော်တို့မှာ ခြေကျင်ပဲ လျှောက်နေရတယ်။ တစ်ခုခု လိုအပ်ချက်တွေရှိရင်လဲ ခြေကျင်ပဲလျှောက်ရတယ်။ အဲဒါကြောင့် ကျွန်တော်တို့ရဲ့ဘဝဟာ တစ်ခြားသူတွေနဲ့ နတ်ပြည်နဲ့ လူ့ပြည်လို ကွားခြားပါတယ်။ ဖုန်းပြောချင်ရင် ဟိုးတောင်ပေါ်တက်ရတယ်။ မိနစ် ၂၀ လောက်တက်ရတယ်။ ဖုန်းပြောလို့ရအောင်တော့ ကျွန်တော်တို့ကို လုပ်ပေးကြဖို့ တောင်းဆိုချင်ပါတယ်။” လို့  မြိုတိုင်းရင်းသားတစ်ဦးဖြစ်တဲ့ ကိုကံကောင်းကပြောပါတယ်။

အဲဒီလို လမ်းပန်းဆက်သွယ်ရေးအခက်အခဲတွေ၊ ပညာရေး၊ ကျန်းမာရေးနဲ့ လူမှုစီးပွားရေးတွေ ခက်ခဲမှုပေါင်းများစွာနဲ့ ရင်ဆိုင်နေကြရတဲ့အထဲ မြိုမဟုတ်ပဲ မြိုအမည်ခံကာ အခွင့်ကောင်းယူနေတဲ့ လူတချို့ကြောင့်လည်း မြိုလူမျိုးအစစ်တွေမှာ များစွာစိတ်မကောင်း ဖြစ်နေရတယ်လို့ ဆိုပါတယ်။

အထူးသဖြင့်တော့ ခမီတိုင်းရင်းသားတချို့ဟာ မြိုအမည်ခံပြီး ခမီကျေးရွာမှာ မြိုစာပေကိုသင်ကြားတာတွေ၊ မိမိတို့မှာလည်း မြိုတွေဖြစ်တယ်လို့ ခံယူကြတာတွေ၊ မြိုမဟုတ်ဘဲ မြိုလို့ အမည်ခံသူတွေကြောင့် မြိုတိုင်းရင်းသား အစစ်အမှန်တွေဟာ မိမိတို့ရဲ့ လူမျိုးတွေပျောက်ကွယ်သွားမှာကို အထူးစိုးရိမ်နေကြပါတယ်။

မြိုနဲ့ ခမီတိုင်းရင်းသားတွေဟာ ရခိုင်တိုင်းရင်းသားတွေထဲက သီးခြားတိုင်းရင်းသားတွေဖြစ်ပြီး ရိုးရာ၊ ယဉ်ကျေးမှု၊ ဂီတနဲ့ ဘာသာစကားတွေမှာလည်း တူညီမှုလုံးဝမရှိသလို အခုလိုမြိုအမည်ခံနေကြတာဟာ မြိုတိုင်းရင်းသားတွေကို လူမျိုးတုန်းသွားအောင်လုပ်နေကြတာဖြစ်တယ်လို့ မြိုစာပေနှင့်ယဉ်ကျေးမှု ဥက္ကဋ္ဌ ဦးဇနီဖြူကပြောပါတယ်။

 “ရှင်းရှင်းပြောရင်တော့ ကျွန်တော်တို့ မြိုလူမျိုးကို လူမျိုးတုန်း၊ ဝါးမျိုးဖို့ကြိုးစားပြီးတော့ မြိုတွေရဲ့ အခွင့်အရေးကို ဆွဲစီးဖို့ ကြိုးစားနေကြတာဖြစ်တယ်။ ကျွန်တော်တိုနဲ့ ဘာမှမဆိုင်ပါဘူး။ သူတို့က ခမီစကား ပြောပြီးတော့ မြိုခံတာပါ။ ကျွန်တော်တို့က တောင်တောတွေထဲမှာ နေရတာဖြစ်တဲ့အတွက် အတွေးအခေါ်တွေ နောက်ကျပြီးတော့ အစစအရာရာနောက်ကျပြီးတော့မှ သူတို့က မြိုအဖြစ်လုပ်လာကြတာ။”  လို့ သူက ဆိုပါတယ်။

အခုလိုမျိုး ခမီတိုင်းရင်းသားတချို့က မြိုအမည်ခံယူလာကြတာတွေ၊ မကြာခဏဆိုသလို ဘူးသီးတောင်၊ မောင်တောဒေသမှာ မြိုတိုင်းရင်းသားတွေ သတ်ဖြတ်ခံနေရတာတွေဟာ မြိုလူမျိုးတစ်ခုလုံး ပျောက်ကွယ်သွားနိုင်တဲ့အတွက် စိုးရိမ်ရတဲ့အခြေအနေမှာရှိတယ်လို့လည်း ဦးဇနီဖြူကပြောပါတယ်။ အဲဒီလို မြိုအမည်ခံပြီး အခွင့်အရေးယူကာ လုပ်ကိုင်နေကြတဲ့သူတွေကိုလည်း စုံစမ်းဖော်ထုတ်ပြီး မြိုနှင့်ခမီတွေသီးခြား လူမျိုးများဖြစ်ကြောင်းကို ခွဲခြားပေးဖို့ကိုလည်း မြိုတိုင်းရင်းသားအများစုက လိုလားနေကြပါတယ်။

ခမီတိုင်းရင်းသားတချို့မှာ ဘာသာရေးအထောက်ပံ့တွေရယူကာ ခမီကျေးရွာကိုကွင်းဆင်းပြီး မြိုစာပေသင်ကြားပေးတာတွေ၊ မိမိတို့ဟာ မြိုလူမျိုးဖြစ်ကြောင်း ပြောဆိုတာတွေနဲ့ပတ်သက်ပြီး ခမီစာပေနှင့် ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌ ဦးလေကျော်အောင်က လုံးဝလက်မခံသလို ခွင့်လည်းခွင့်လွှတ်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

" မြိုနဲ့ ခမီဟာ ဓလေ့ထုံးစံ၊ ဘာသာစကား ခြားနေတာပဲ၊ စာပေမှာလဲခြားတယ်။ မြိုမှာလဲ မြိုစာပေ ခမီမှာလဲ ခမီစာပေသီးခြားရှိနေတာပဲ ဒီအထဲမှာမှ ခမီတိုင်းရင်းတစ်ချို့က ဘာသာရေးအဖွဲ့တွေရဲ့ အထောက်အပံ့နဲ့ ခမီကျေးရွာတွေမှာ မင်းတို့လဲ မြိုပါပဲဆိုပြီး မြိုစာပေတွေသင်ကြားနေတယ်။ ဒါကိုတော့ လုံးဝခွင့်လွှတ်နိုင်စရာတော့မရှိဘူး။ " လို့ ဦးလေကျော်အောင်က ဆိုပါတယ်။

မြိုတိုင်းရင်းသားတွေနဲ့ ခမီတိုင်းရင်းသားတွေကို ထင်ယောင်ထင်မှား ဖြစ်စေခဲ့တာကတော့ ၈၈ အရေးအခင်းနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးအခြေအနေတွေ၊ ဘာသာရေးအဖွဲ့အစည်းတချို့ရဲ့ အကူညီတွေနဲ့ ဒေသတွင်းက အခွင့်အရေးကို အသုံးချလိုတဲ့ လူတချို့ကြောင့် ဖြစ်ခဲ့ရတာလို့ သူကဆိုပါတယ်။ အဲဒီနောက်မှာတော့ မြို(ခေါ်)ခမီပါတီ ဆိုပြီး ပေါ်ပေါက်လာရာကနေ မြိုနဲ့ခမီကို ထင်ယောင်ထင်မှားဖြစ်စေပြီးတော့ ခမီတိုင်းရင်းသားတချို့က မြိုလို့ခံယူလာကြတာပါ။

အဲဒီလို အခြေတွေကြောင့် မြိုနဲ့ခမီကြားထဲမှ တိုင်းရင်းသားအချင်းချင်း လူမျိုးတစ်မျိုးက လူမျိုးတစ်မျိုးကို အမည်ခံလာကြတာဟာ မူရင်းတိုင်းရင်းလူမျိုးတွေရဲ့ ဓလေ့စရိုက်လက္ခာတွေ ပျောက် ကွယ်သွားနိုင်ပြီး နောက်ဆုံး လူမျိုးတစ်ခုလုံး ပျောက်ကွယ်သွားနိုင်တဲ့ အခြေအနေတွေမှာ ရှိနေတယ်လို့လည်း မြိုတိုင်းရင်းသားတွေက ပြောဆိုကြပါတယ်။

အခုလို မြိုနှင့်ခမီကို ထင်ယောင်ထင်မှားဖြစ်စေပြီးတော့ မြိုအမည်ခံနေကြတဲ့အပေါ်မှာလည်း သက်ဆိုင်ရာ အစိုးရနဲ့ သမိုင်းပညာရှင်တွေအနေနဲ့ ဒါကို ခွဲခြားပေးဖို့ကိုလည်း မြိုတိုင်းရင်းသားတွေက လိုလားနေကြပါတယ်။

မြိုတိုင်းရင်းသားတွေဟာ ဆင်းရဲမွဲတေမှု၊ ပညာရေး၊ ကျန်းမာရေး နိမ့်ကျမှုတွေကြောင့် သူတို့ရဲ့ စားဝတ်နေရေးအတွက်သာ အဓိကထား ရုန်းကန်လှုပ်ရှားနေကြရပြီး တောင်ပေါ်ဒေသတွေမှာသာ အနေများတာကြောင့် ပြင်ပနဲ့ အဆက်အသွယ်မရှိကြသလို ဖြစ်နေကြပါတယ်။ အကြမ်းဖက်မှုတွေကြောင့် မကြာခဏသေဆုံးနေရသလို၊ စစ်ပွဲတွေကြားမှာလဲ မကြာခဏဆိုသလို ထွက်ပြေးတိမ်းရှောင်နေရပြီး မြိုအမည်ခံပြီးတော့ ထိုးဖောက်လာတွေရှိနေတဲ့အတွက် မြိုတိုင်းရင်းသားတွေဟာ ထိန်းသိမ်းကာကွယ်ရမယ့် လူသားမျိုးနွယ်စုတွေအဖြစ် သတ်မှတ်ရတော့မယ့် အခြေအနေလည်းဖြစ်ပါတယ်။  

(ယခုဆောင်းပါးကို ၂၀၁၈ ခုနှစ်၊ မေလ ၁ ရက်နေ့ထုတ် Development News Journal အမှတ် - ၈၅ တွင်လည်း ဖတ်ရှုနိုင်သည်။)