နိုင်ငံတကာ၏ လျစ်လျူရှုခံနေရသော ကူရာမဲ့အကြမ်းဖက်ခံများ

 “ မောင်တောနဲ့ပတ်သက်ပြီး ဘင်္ဂါလီတွေရဲ့ အသံတွေပဲ မြန်မာနိုင်ငံရော ကမ္ဘာကိုပါ ပျံ့နှံ့နေတယ်။ ကျွန် တော်တို့အသံတွေက ပျောက်နေတယ်။ ကျွန်တော်တို့ပြောချင်ပေမယ့် ပြောခွင့်မရဘူး။ နိုင်ငံတကာရော၊ မီဒီယာသမားအများစုရော ကျွန်တော်တို့ဆီကို မလာဘူး။ သတင်းမမေးဘူး ” ဟု ဦးဘော်လော်ရာမ်က ပြောသည်။

By မောင်ကံ 14 May 2018

DMG / မောင်ကံ ရေးသားသည်။

အမိုးနှင့်အကာ တာပေါ်လင် စအစိမ်းရောင်၊ အခင်းပျဉ်နှင့် သံဖြိန်များဖြင့် တည်ဆောက်ထားသော မိသားစု နှစ်ဆယ်ခန့်ဆန့်မည့် တန်လျားအထဲတွင် အသက်လေးဆယ်ကျော်ခန့် ရှိပြီဖြစ်သည့် ဦးကရီရှားနားသည် အနီး ရှိဆူညံနေသော ကလေးငယ်တစ်ချို့ကို အော်ငေါက်ပြီး အေးအေးချမ်းချမ်းနေဖို့ ပြောသည်။

“ အပေါ်ကပူ၊ ဘေးကပူနဲ့ နားပူတာက အပူပေါ်အပူဆင့်နေတယ် ” ဟု ဝမ်းနည်းသံ၊ ဒေါသသံများဖြင့် အော်ပြောလိုက်သည်။ ဦးကရီးရှားနားသည် ဟိန္ဒူဘာသာဝင်တစ်ဦးဖြစ်ပြီး လက်ရှိတွင် မောင်တောမြို့၊ မြို့မကညင်တန်းရှိ ဟိန္ဒူဒုက္ခသည်များ နေထိုင်သောတန်းလျားတွင် နေထိုင်လျှက်ရှိသော မိသားစုဝင်ထဲမှ တစ်ဦးဖြစ်သည်။

ဦးကရီရှားနားတွင် ဇနီးသည်နှင့် သားသမီးလေးဦးရှိပြီး မောင်တောအကြမ်းဖက်မှု မဖြစ်ပွားမီက မောင်တောမြို့ မြို့မအရှေ့ရပ်ကွက်တွင် နေထိုင်ခဲ့သူဖြစ်ပြီး အကြမ်းဖက်မှုဖြစ်ပွားပြီးနောက် နေအိမ်များကို အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးခဲ့သဖြင့် စစ်တွေမြို့သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသူ ဖြစ်သည်။

သူတို့မိသားစုသည် စစ်တွေ မြို့ ဓညဝတီအားကစားကွင်းရှိ ကယ်ဆယ်ရေးစခန်းတွင် သုံးလခန့်နေထိုင်ခဲ့ကြပြီး စစ်တွေမြို့ရှိ ကယ်ဆယ်ရေးစ ခန်းများပိတ်သိမ်း၍ နေရပ်စွန့်ခွာဒုက္ခ သည်များကို မောင်တောမြို့သို့ ပြောင်းရွှေ့ခဲ့သဖြင့် လက်ရှိနေထိုင်ရာ မောင်တောမြို့ မြို့မကညင်တန်းရှိ တန်းလျားထဲသို့ ရောက်ရှိလာခြင်းဖြစ်သည်။

မောင်တောမြို့၊ မြို့မကညင်တန်းရှိ တန်လျားတွင် ဦးကရီရှားနားအ ပါအဝင် ဟိန္ဒူဘာသာဝင် လူဦးရေငါးရာကျော် နေထိုင်လျက်ရှိပြီး ယခုဆိုလျှင် ပြင်းထန်လှသည့်အပူဒဏ်ကို နေ့ ရောညပါခံစားရင်း နေထိုင်လျက်ရှိသည်မှာ သုံးလခန့်ပင်ရှိပြီဟု ဦးကရီရှားနား က ပြောသည်။

စစ်တွေမြို့ရှိ ဒုက္ခသည်စခန်း မှ မောင်တောမြို့ရှိ တန်းလျားသို့ ပြောင်းရွှေ့ရေးဆောင်ရွက်စဉ်က စားဝတ်နေရေး၊ ကျန်းမာရေးနှင့် ပညာရေး စသည်တို့ကို အားလုံးအဆင်ပြေအောင် စီစဉ်ပေးမည်ဟု သက်ဆိုင်ရာတာဝန် ရှိသူများက ပြောကြားခဲ့သော်လည်း လက်ရှိမှာ တလွဲစီဖြစ်နေသည်ဟု ၎င်းကဆိုသည်။

“ မောင်တောမှာ မင်းတို့ဘာမှ အခက်အခဲမရှိဘူး။ နေရာလည်းအဆင် ပြေအောင်ပေးမယ်။ ကျန်းမာရေးရော၊ လုံခြုံရေးရော၊ ကျောင်းရော၊ နောက် ကျန်းမာရေးရော အကုန်လုံးအဆင်ပြေအောင် လုပ်ပေးမယ်လို့ ကျွန်တော်တို့ကို ပြောခဲ့တယ်။ အခုအချိန်မှာ ကျွန်တော်တို့ ဘာမှမရဘူး ” ဟု ပြောသည်။

မောင်တောမြို့၊ မြို့မကညင် တန်းရှိ ဟိန္ဒူဘာသာဝင်များသည် စားသောက်ရေးအပြင် သောက်သုံးရေနှင့် အိမ်သာအခက်အခဲများကို ကြုံတွေ့နေရပြီး ထမင်းချက်ရန် ထင်းကိုပင် မိမိကိုယ်တိုင် ရှာဖွေနေရသည်ဟု ဟိန္ဒူမိသားစုဝင်များက ပြောသည်။

မောင်တောဒေသတွင် အကြမ်းဖက်မှုဖြစ်ပွားပြီးနောက် ဟိန္ဒူဘာသာဝင်များအပြင် ဒေသခံတိုင်းရင်းသားအများစုနှင့် ဘင်္ဂါလီများသည်လည်း ဒုက္ခသည်ဘဝကို ရောက်ရှိခဲ့ကြသည်။ အိမ်ခြေအားလုံး မီးရှို့ဖျက်ဆီးခံခဲ့ရသည့် တိုင်းရင်းသားကျေးရွာများကို အစိုးရက ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသော်လည်း ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးတိမ်း ရှောင်သွားသည့် ဘင်္ဂါလီများ ပြန်လည်လက်ခံရေးနှင့် နေရာချထားရေးကိုသာ ဦးစားပေးဆောင်ရွက်ပေးနေသည်ကို တွေ့ရသည်။

သို့သော် ဒုက္ခရောက်နေသူများအတွက် အခက်အခဲများက များစွာရှိနေဆဲဖြစ်သည်။ ယင်းသို့ ဒုက္ခရောက်နေသူများထဲတွင် ဘင်္ဂါလီများကိုမူ မောင်တောသို့လာသမျှ နိုင်ငံတကာအသိုင်းအဝိုင်းက အလေးထားဂရုစိုက်နေ ပြီး တိုင်းရင်းသားနှင့် ဟိန္ဒူဘာသာဝင်များမှာ နိုင်ငံတကာ၏ လျစ်လျူရှုမှုကို ခံနေရသည်ဟု  တိုင်းရင်းသားဒုက္ခသည်များနှင့် ဟိန္ဒူဘာသာဝင်ဒုက္ခသည်များက ပြောသည်။

“ မောင်တောမှာ အကြမ်းဖက်ခံရတာက တိုင်းရင်းသားတွေနဲ့ ဟိန္ဒူဘာသာဝင်တွေပါ။ အခုတော့ ပြောင်း ပြန်ဖြစ်နေတယ်။ အကြမ်းဖက်ခံရသူတွေကို လူတွေကဂရုမစိုက်ဘဲ အကြမ်းဖက်တွေနဲ့ ပူးပေါင်းမှုအများဆုံးဖြစ်ခဲ့တဲ့ ဘင်္ဂါလီတွေကိုပဲ အရေးစိုက်နေတယ်။ သူတို့ရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ ပြောနေတယ်။ မောင်တောကိုရောက်လာတဲ့ နိုင်ငံတကာအသိုင်းဝိုင်းအားလုံးရော၊ ကမ္ဘာကရော အကြမ်းဖက်အားပေးသလို ဖြစ်နေတယ်။ ဒါ ကျွန်တော်တို့ လူ့အခွင့်အရေး ချိုးဖောက်ခံရတာဖြစ်တယ် ” ဟု မြို့မကညင်တန်းရှိ တန်းလျားမှ ဦးဘော်လော်ရာမ် က ပြောသည်။

ဦးဘော်လော်ရာမ် တို့နေထိုင်သည့် မြို့မကညင်တန်း တန်းလျားအပေါ်မှ ရဟတ်ယာဉ်ပျံသန်းသံများ နေ့တိုင်းကြားနေရပြီး ၎င်းတို့အတွက် မျှော်လင့်ချက်တစ်စုံတစ်ရာ ဖြစ်လာမည်လားဟု မျှော်နေခဲ့သော်လည်း ယင်းတို့၏ မျှော်လင့်ချက်များက ရဟတ်ယာဉ်ပျံသန်းသံ ပျောက်ကွယ်ခြင်းနှင့်အတူ အမြဲတမ်း ပျောက်ကွယ်နေရကြောင်း ဆိုသည်။

“ မောင်တောနဲ့ပတ်သက်ပြီး ဘင်္ဂါလီတွေရဲ့ အသံတွေပဲ မြန်မာနိုင်ငံရော ကမ္ဘာကိုပါ ပျံ့နှံ့နေတယ်။ ကျွန် တော်တို့အသံတွေက ပျောက်နေတယ်။ ကျွန်တော်တို့ပြောချင်ပေမယ့် ပြောခွင့်မရဘူး။ နိုင်ငံတကာရော၊ မီဒီယာသမားအများစုရော ကျွန်တော်တို့ဆီကို မလာဘူး။ သတင်းမမေးဘူး ” ဟု ဦးဘော်လော်ရာမ်က ပြောသည်။

တိုင်းရင်းသားဒုက္ခသည်များနှင့် ဟိန္ဒူဘာသာဝင်များပြောသကဲ့သို့ မောင်တောဒေသသို့ ရောက်ရှိလေ့လာ နေကြသည့် နိုင်ငံပေါင်းစုံမှ သံတမန်များ၊ သံအရာရှိများ၊ စစ်သံမှူးများနှင့် နိုင်ငံတကာမီဒီယာများသည် ဘင်္ဂါလီ ပြန်လည်လက်ခံရေး လုပ်ငန်းများတည်ရှိရာ တောင်ပြိုလက်ဝဲမြို့၊ ငါးခူရနှင့် ကြားစခန်းအဖြစ်ထားရှိမည့် လှဖိုးခေါင်ကျေးရွာများသို့သာ သွားရောက်လေ့လာနေကြသည်။

တိုင်းရင်းသားကျေးရွာတစ်ချို့ကို အဖြစ်သဘော ဝင်ရောက်တွေ့ဆုံမှု တချို့တော့ရှိသည်။ သို့သော် နိုင်ငံတကာမီဒီယာများတွင် တက်လာသည့် သတင်း၊ ဆောင်းပါး၊ အကြောင်းရာများပါဝင်သည့် အသံအများစုသည် ဘင်္ဂါလီများ၏အသံ ဖြစ်နေသည်။

အမှန်ဆိုလျှင် ဘင်္ဂါလီအသံ၊ တိုင်းရင်းသားအသံနှင့် ဟိန္ဒူဘာသာဝင်များ၏ အသံများကိုလည်း ဘက်မျှအောင် တင်ပြပေးသင့်သည်ဟု ဟိန္ဒူလူမှုကူညီရေး အဖွဲ့ခေါင်းဆောင် ဦးနီမောလ်က ပြောသည်။

“ အင်းဒင်မှာ အကြမ်းဖက်ဘင်္ဂါလီဆယ်ယောက် အသတ်ခံရတဲ့ ကိစ္စက ဟိုးဟိုးကျော်သွားတယ်။ ခမောင်းဆိပ်မြို့က ရာနဲ့ချီတဲ့ဟိန္ဒူတွေ အသတ်ခံရတဲ့အသံက ပျောက်နေတယ်။ ဘင်္ဂါလီတွေရဲ့အသံကိုပဲဖော်ပြပြီး ကျွန်တော်တို့ရဲ့အသံကို မဖော်ပြတဲ့အတွက် ဖြစ်တယ်။ ဒါလည်း ကျွန်တော်တို့ရဲ့ အခွင့်အရေး ချိုးဖောက်ခံရတာပဲ ” ဟု ဦးနီမောလ် က ဆိုသည်။

 

(ဘင်္ဂါလီအကြမ်းဖက်သမားများ သတ်ဖြတ်မြုပ်နှံထားခဲ့သော ဟိန္ဒူဘာသာဝင်ရုပ်အလောင်းများအား တွေ့ရစဉ်။ ဓာတ်ပုံ - DMG)

မောင်တောမြို့နယ် နယ်မြေ ၂၊ ရဲဘော်ကျကျေးရွာမှ ဟိန္ဒိူဘာသာ ဝင် ၉၃ ဦးအား ARSA အစွန်းရောက် အကြမ်းဖက်သမားများမှ သတ်ဖြတ်ခဲ့မှုဖြစ်စဉ်နှင့်ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဟိန္ဒူဘာသာရေးခေါင်းဆောင် ဦးနီမောလ်နှင့်အတူ ဟိန္ဒူဘာသာဝင် ၅ ဦးတို့က စက်တင်ဘာ ၂၄ ရက်က သွားရောက်ရှာဖွေခဲ့ရာ ရဲဘော်ကျကျေးရွာ၏ အနောက်မြောက်ဖက် မီတာ ၁၅၀၀ ခန့်အကွာတွင် မြေကျင်း ၂ ကျင်း၌ မြှုပ်နှံထားသည့် ရုပ်အလောင်း ၂၈ လောင်းကို တူးဖော်တွေ့ရှိခဲ့သည်။

ယင်းနောက် စက်တင်ဘာ ၂၅ ရက်နေ့တွင် ကျန်ရှိနေသည့် ဟိန္ဒူဘာသာဝင်ရုပ်အလောင်းများကို ဆက် လက်ရှာဖွေရာ ပထမနေ့က တွေ့ရှိခဲ့သည့်နေရာ၏ အရှေ့ဖက် မီတာ၂၀၀ အကွာတွင် မြေကျင်း ၂ ကျင်း၌ မြှုပ်နှံထားသည့် ရုပ်အလောင်း ၁၇ လောင်း ကို ထပ်မံတူးဖော်တွေ့ရှိခဲ့သည်။

ယင်းသို့ တူးဖော်တွေ့ရှိခဲ့သည့် ရုပ်အလောင်းများကို မိသားစုဝင်များက အတည်ပြုပေးနိုင်ခဲ့သည်။ သို့သော် ယင်းဖြစ်စဉ်မှာ လူအများကြား၌ တဖြည်းဖြည်းပျောက်ကွယ်လာခဲ့သည်။

ယင်းအပြင် နိုင်ငံတကာအသိုင်းအဝိုင်းများသည် မောင်တောဒေသတွင် တည်ငြိမ်အေးချမ်းစွာ နေထိုင်လျှက်ရှိသော ဘင်္ဂါလီများကိုလည်း လျစ်လျူရှုထားပြီး ၎င်းဘင်္ဂါလီများနှင့် တွေ့ဆုံမေးမြန်းခြင်း၊ ယင်းတို့၏အသံများကို နိုင်ငံတကာက သိရှိအောင် ဆောင်ရွက်ပေးခြင်းများ မရှိ ဖြစ်နေသည်။

၎င်းလုပ်ရပ်များသည် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးထက် အမုန်းတရားပြန့်ပွားကာ ပြဿနာဆက် လက်ကြီးထွားစေရန် ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်နေခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်များက တစ်ညီတစ်ညွတ်တည်း ပြောသည်။

ရွာလုံးကျွတ်နီးပါး အသတ်ခံခဲ့ရသည့် ရဲဘော်ကျကျေးရွာအနီး ခမောင်းဆိပ်မြို့မှ ဟိန္ဒူဘာသာဝင်များသည် မြို့မကညင်တန်းရှိ တန်းလျားတွင် တခြားမိသားစုဝင်များနှင့် အတူနေထိုင်နေရသော်လည်း စားသောက်ရေးသည် မြို့ပေါ်ရပ်ကွက်တွင် နေထိုင်ခဲ့သူများလောက် အဆင်မပြေဟု ဆိုသည်။

“ မြို့ပေါ်ရပ်ကွက်လူတွေက စားရေးသောက်ရေး အခက်အခဲဖြစ်ရင် အပြင်ထွက်ပြီးတော့ အလုပ်လုပ်လို့ အ ဆင်ပြေကြတယ်။ ကျွန်မတို့ကျတော့ နယ်ဝေးကဖြစ်တာကြောင့် မြို့မှာ အပြငထွက်ပြီး အလုပ်လုပ်ဖို့လည်း မလွယ်ဘူး။ အဲဒါကြောင့် ကျွန်မတို့ဘဝက ကူရာမဲ့ ဖြစ်နေပါတယ် ” ဟု ဟိန္ဒူအမျိုးသမီးငယ်တစ်ဦးက ပြောသည်။

များမကြာမီအချိန်တွင် မိုးတွင်းကာလသို့ ရောက်ရှိတော့မည်ဖြစ်သဖြင့် ပွင့်လင်းရာသီလောက် အလုပ်အကိုင် အဆင်မပြေသည့် မိုးတွင်းကာလတွင် မည်သို့ စားသောက်နေထိုင်ရမည်ကို မတွေးရဲတော့ဟု ဦးကရီရှားနားက စိတ်ပျက်လက်ပျက် ပြောသည်။

 

(၂၀၁၈ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင်ထွက်ရှိသော  Development News Journal ၏ အမှတ် (၈၄) တွင် ဖော်ပြခဲ့သည့် ဆောင်းပါးဖြစ်သည်။)