ပန်းပွင့်များစွာတို့၏ နားခိုရာ

    အပေါက်ဝ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာတွင် ပထမဦးစားပေးအဖြစ် မိဘမဲ့၊ ဒုတိယဦးစားပေးမှာ မိမဲ့(သို့) ဘမဲ့နှင့် နောက်ဆုံး မိဘများစုံလင်စွာရှိသော်လည်း ဆင်းရဲနွမ်းပါးသော မိသားစုများမှ ကလေးငယ်များကို ဦးစားပေးထားရှိကာ ၁၉၈၆ ခုနှစ် စတင်ထူထောင်သည့်အချိန်တွင် ကျောင်းသား ၁၅ ဦးဖြင့် စတင်ထူထောင်ခဲ့ ပြီး ဆရာတော်မှာလည်း သင်္ကန်း(၃)စုံထက် အပိုမရှိသလို၊ ကျောင်းသားများစားသောက်ရေးအတွက် ဝါဆို အလှူငွေများပင် အသုံးပြုခဲ့ရပြီး၊ စပါးများရိတ်သိမ်းချိန်၌ တလင်းများသို့သွားရောက်ကာ စပါးအလှူခံခြင်းများ ကိုပါ ပြုလုပ်ခဲ့ရ သည်ဟု သိရသည်။

By ဂစ္ဆပနှင်းဆီ 29 Oct 2018

           

 ဂစ္ဆပနှင်းဆီ

 ရန်ကုန်-စစ်တွေကားလမ်းမကြီးသည် မြွေကြီးတစ်ကောင်ကဲ့သို့ မြေပြင်ပေါ်၌ ဝပ်စင်းနေပြီး ၎င်း၏အပေါ်၌ ခုတ်မောင်းသွားလာနေကြသော ကားကြီး၊ ကားငယ်များနှင့် မော်တော်ဆိုင်ကယ်များမှာ ဒေသ၏လက်ရှိ အနေအထားကို ပြ၍နေသည်။

စစ်တွေမြို့မှနေ ကျောက်တော်မြို့သို့သွားလျှင် ကန်စောက်တောင် အမြင့်ပေ ၄၀၀ ကို ကျော်ပြီးသည်နှင့် ပထမဆုံး ဖြတ်သန်းရသောကျေးရွာမှာ အပေါက်ဝကျေးရွာပင်ဖြစ်သည်။ အပေါက်ဝကျေးရွာသည် တိုက်နယ်ဆေးရုံ၊ ရဲစခန်း၊ အထက်တန်းကျောင်းအပြင် ရပ်ကွက် (၅) ခုဖြင့်ဖွဲ့စည်းထားသော ကျေးရွာကြီး တစ်ရွာဖြစ်သည်။ အိမ်ခြေ ၁၀၀၀ ကျော်ရှိပြီး ယခင်က ရန်ကုန်-စစ်တွေကားလမ်း မပေါက်မီက ဤကျေးရွာ စစ်တွေမြို့မှ သင်္ဘော၊ ဘုတ်များဖြင့် သွားလာခဲ့ကြရသည်။ အပေါက်ဝကျေးရွာသည် ကျေးရွာတစ်ရွာသာ ဆိုသော်လည်း စိတ်ဝင်စားဖွယ်ကောင်းလှသည့် အကြောင်းအရာတစ်ခုတော့ရှိသည်။

ဒေသတွင်းမှာ လူငယ်၊ လူရွယ်ကလေးများကို ပညာသင်ကြားနိုင်ရန်ဖွဲ့စည်းတည်ထောင်ထားသည့် လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာတစ်ခုရှိနေသည်။ အဆိုပါ ပရဟိတဂေဟာကို အပေါက်ဝကျေးရွာ၊ ချောင်းဝရပ်ကွက်ရှိ ကျောင်းထိုင်ဆရာတော်ဖြစ်ခဲ့သော ဆရာတော်ဦးခန္တီက ဦးစီးပြီး ၁၉၆၈ ခုနှစ်၊ ဧပြီလက စတင်ထူထောင်ခဲ့သည်ဟု သိရသည်။

လက်ရှိအချိန်တွင် လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာတွင် ရောက်ရှိပညာသင်ယူနေကြသော ကလေးငယ် ၁၂၀ ခန့်ရှိကာ မြို၊ သက်၊ ခမီ၊ ဒိုင်းနက်၊ ရခိုင် စသော ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ ပေါက်တော၊ ပလက်ဝ မြို့နယ်များမှ ကလေးငယ်များပါဝင်သည်။ ၁၉၈၆ ခုနှစ်က ယင်းကျေးရွာ၏အခြေအနေနှင့် လက်ရှိယင်းကျေးရွာ ၏ အခြေအနေကို စာရေးသူသုံးသပ်ရသော် ဆရာတော်၏အမြော်အမြင်ကြီးမှုကို လေးစားမိသည်။ဖွံံ့ဖြိုးမှုနိမ့်ကျ သောကျေးလက်မှ ဆရာတော်တစ်ပါး၏ ဒေသတွင်းက ကလေးငယ်များအပေါ်ထားရှိသောစေတနာ၊ ပညာရေး အပေါ် တွက်ဆတတ်သော အတွေးအခေါ်များကို မလေးစားပဲ မနေနိုင်ဖြစ်ခဲ့ရသည်။

အပေါက်ဝ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာတွင် ပထမဦးစားပေးအဖြစ် မိဘမဲ့၊ ဒုတိယဦးစားပေးမှာ မိမဲ့(သို့) ဘမဲ့နှင့် နောက်ဆုံး မိဘများစုံလင်စွာရှိသော်လည်း ဆင်းရဲနွမ်းပါးသောမိသားစုများမှ ကလေးငယ်များကို ဦးစားပေးထားရှိကာ ၁၉၈၆ ခုနှစ် စတင်ထူထောင်သည့်အချိန်တွင် ကျောင်းသား ၁၅ ဦးဖြင့် စတင်ထူထောင်ခဲ့ ပြီး ဆရာတော်မှာလည်း သင်္ကန်း(၃)စုံထက် အပိုမရှိသလို၊ ကျောင်းသားများစားသောက်ရေးအတွက် ဝါဆို အလှူငွေများပင် အသုံးပြုခဲ့ရပြီး၊ စပါးများရိတ်သိမ်းချိန်၌ တလင်းများသို့သွားရောက်ကာ စပါးအလှူခံခြင်းများ ကိုပါ ပြုလုပ်ခဲ့ရသည်ဟုသိရသည်။

လက်ရှိအချိန်တွင် ဂေဟာထူထောင်စဉ်ကရှိခဲ့သော ကျောင်းသားများမှာ အသက် ၆၀ နီးပါးခန့်ရှိကြပြီဖြစ်သည်။ ဆရာတော်သည် ကျောင်းသားများ၏စားဝတ်နေရေးအတွက် အထက်ပါ အကြောင်းအရာများအပြင် သီးနှံပင် များစိုက်ပျိုးခြင်း၊ စက်လှေ ၂ စင်းဖြင့် လိုင်းပြေးဆွဲခြင်း၊ လယ်ယာများလုပ်ကိုင်ခြင်း၊ အုန်းဆံကြိုးကျစ်ခြင်း၊ မော်ရာလုပ်ငန်းများလုပ်ကိုင်ခြင်း၊ အသံချဲ့စက်ငှားရမ်းခြင်း၊ ဓာတ်ပုံရိုက်ကူးခြင်းများကိုပါ ကလေးငယ်များကို သင်တင့်သလို သင်ကြားလုပ်ကိုင်စေပြီး ရန်ပုံငွေရှာဖွေခဲ့သည်ဟု ကျောင်းသားဟောင်းများက ပြောသည်။

၁၉၇၂ ခုနှစ်တွင် ကျောင်းသားဦးရေ ၆၀ ကို လက်ခံကာ ပညာသင်ကြားပေးနိုင်ခဲ့ပြီး လူမှုဝန်ထမ်းမှ အသိမှတ်ပြု လာသဖြင့် ၁၉၇၆-၇၇ ခုနှစ်တွင် ဆန်ထောက်ပံ့မှုကို ရရှိလာခဲ့ပြီး ကျောင်းသား ၇၀ ခန့်ကိုလက်ခံထားနိုင်ခဲ့ သည်။ ယင်းအပြင် ဆရာတော်သည် ကလေးငယ်များ၏ စားဝတ်နေရေးအတွက် လယ်မြေ ဧက ၈ ဧကနှင့် နွား ၇ ကောင်ကို ခြိုးခြံစွာဝယ်ယူခဲ့သည်။

သို့သော် ဤသို့ ပရဟိတစိတ်ဓါတ်ပြင်းထန်သော၊ အမြင်အမြော်ရှိသော ဆရာတော်မှာ ၁၉၉၀ ခုနှစ်  သက် တော် ၅၂ နှစ်၊ ဝါတော် ၃၂ ဝါအရောက်တွင် ပျံလွန်တော်မူခဲ့သည်။ ဆရာတော် ပျံလွန်တော်မူခဲ့သော်လည်း လူငယ်များ၏အနာဂတ်၊ ပရဟိတရေရှည်တည်တံ့ရေးအတွက် ကျန်ရှိသော တပည့်၊တကာအဆက်ဆက် ထိမ်းသိမ်းလာခဲ့ပြီး ယနေ့အထိ ခမ်းနားစွာ တည်တံ့နေဆဲဖြစ်သည်။

ပြောင်းလဲလာသော ပညာရေးစနစ်နှင့််အညီ မိဘများကလည်း မိမိတို့၏သားသမီးများကို မြို့၊ရွာများသို့ ပို့ဆောင်ကာ ပညာသင်ပေးလျှက်ရှိသည်။ တစ်ချို့မိဘများမှာ သားသမီးများကို ပညာသင်ကြားပေးလိုသော် လည်း ဆင်းရဲနွမ်းပါးမှုကြောင့် အပေါက်ဝပရဟိတ ဂေဟာသို့ လာရောက်အပ်နှံခဲ့ကြသည်။ ယခုအချိန်တွင် ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၁၂၀ ခန့်ရှိသည်။

ပရဟိတဂေဟာမှ ပညာသင်ကြားပြီး ဌာနဆိုင်ရာများတွင် အရာရှိ၊အရာခံများဖြစ်လျှက်ရှိသော ကျောင်းသား ဟောင်းကြီးများစွာလည်း ရှိသည်။ ကျောင်းသားများကို ဆရာတော်ကြီးရှိစဉ်က အပေါက်ဝ ချောင်းဝဘုန်း တော်ကြီးကျောင်းတွင် ကျပ်တည်းစွာ စီမံအုပ်ချုပ်ခဲ့ရသဖြင့် ဆရာတော်ဝယ်ယူထားသော မြေကွက်တွင် အဆောက်ဦး ဆောက်လုပ်ပြီး ၁၉၉၈ ခုနှစ်တွင်ပြောင်းရွေ့ခဲ့သည်။ယခုအချိန်တွင် အပေါက်ဝရွာရှိ လူငယ်ဖွံ့ဖြိုး ရေး ပရဟိတဂေဟာမှာ နှစ်ပေါင်း ၅၀ ပြည့်တော့မည်ဖြစ်သည်။ မူလရှိခဲ့သော ကျောင်းသားများ နေထိုင်သည့် အဆောက်ဦးအပြင် ယခုတစ်ဖန် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန(နတလ) မှ ဆောက်လုပ်ပေးသော အဆောက်ဦးတစ်ခုကိုလည်း ဆောက်လုပ်ထားပြီးဖြစ်သည်။

မူလတန်းကနေ တက္ကသိုလ်ဝင်တန်းအထိ ကလေးငယ်များ ပညာရေးအတွက် နိုင်ငံတော်မှ အထောက်ပံ့များ အပြင် ကြီးကြပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ရှင်သန်လည်ပတ်နေသော်လည်း ကလေးငယ်များအတွက် စားသောက်ရေးအပိုင်း၊ အဝတ်အထည်၊ စောင်၊ ခြင်ထောင် စသည့်ပစ္စည်းများ၊ စာရေးကိရိယာများနှင့် သင်ထောက်ကူပစ္စည်းများကို လိုအပ်နေဆဲဖြစ်သည်။

စေတနာရှင်တစ်ချို့ကလည်း မကြာခဏဆိုလို ကလေးများအတွက် ထမင်းကျွေးခြင်း၊ မုန့်သရေစာကျွေးမွေးလှူ ဒါန်းခြင်းများလည်းရှိသည်။ အခက်အခဲရှိသော ဘဝမှ ပညာတတ်များဖြစ်စေရန် ခဏတာခိုနားပြီး ပညာသင်ယူ နေကြသော ကလေးငယ်များ၏ဘဝကို ကိုယ်ချင်းစာနာစိတ်နာမိသလို၊ တစ်ဖက်တွင်လည်း ပရဟိတကို ထူထောင်ခဲ့သော ဆရာတော်ဦးခန္တီကို အထူးပင် ကျေးဇူးတင် ဂုဏ်ယူမိပါတော့သည်။

                                                                                                ဂစ္ဆပနှင်းဆီ