ပူလစ်ဇာဓာတ်ပုံ နှင့် လွှတ်တော်ကိုယ်စားလှယ်များ

     လူသားတိုင်း တန်ဖိုးတူညီသော အခွင့်အရေးများဖြင့် လွတ်လပ်စွာ မွေးဖွားကြပြီး တူညီသော အခွင့်အရေးများကို ပိုင်ဆိုင်ခွင့်ရှိသောကြောင့် အစိုးရတိုင်းမှာ နိုင်ငံသားအားလုံးတို့အား ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိ ပေသည်။ နိုင်ငံအတွင်း လွတ်လပ်စွာ သွားလာခွင့်မရှိသော ရခိုင်တိုင်းရင်းသားလူမျိုး နိုင်ငံသား စိစစ်ရေးကဒ် ပြား အမှတ် ၁၁/ -- - ကိုင်ဆောင်ထားသူကိုမှ သီးသန့်ခွဲခြားသတ်မှတ်ပြီး ခရီးသွားလာရာတွင် ကန့်သတ် ပိတ် ပင်တားမြစ်ခြင်းသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို မျက်ကွယ်ပြု နေကြခြင်းဖြစ်သည်။

By အောင်ကြည်မိုး (သင်ပုန်းတန်း) 24 Sep 2018

      

အောင်ကြည်မိုး(သင်းပုန်းတန်း)

တောင်ဆူဒန်နိုင်ငံ၏ ပြည်တွင်းစစ်ကြောင့် လူအများအငတ်ဘေးဖြစ်၍ အစာငတ်လို့ သေရတော့မည့် ကလေး ငယ် တစ်ယောက်ကို သေမည့်အချိန်စောင့်ပြီး စားမည့် လင်းတငှက်ကြီးရဲ့ ပုံကို ရိုက်ကူးခဲ့သည့် ဓာတ်ပုံ ကမ္ဘာ ကျော်သွားပြီး ဓာတ်ပုံ ရိုက်ကူးခဲ့သည့် ဓာတ်ပုံဆရာ ဓာတ်ပုံပူလစ်ဇာဆု ရသွားသည်။ နောက်ပိုင်း ဓာတ်ပုံဆရာ ကို လူတွေကဝိုင်းမေးကြသည်။ အာဟာရပြတ်လို့ သေတော့မည့် ကလေးငယ်ကို ဘာလုပ်ပေးနိုင်လဲ ကယ်နိုင် ခဲ့လားဟု မေးကြသည့်အချိန် မကယ်နိုင်ခဲ့လို့ ဓာတ်ပုံဆရာ သူ့ကိုယ်သူ သတ်သေသွားသည်။

 ပြီးခဲ့သည့် သြဂုတ် (၂၄) ရက်နေ့ ရခိုင်ပြည်နယ်ကနေ ရှမ်းပြည်နယ် အရှေ့ပိုင်းကို ခရီးသွားကြသည့် ရခိုင် တိုင်းရင်းသားလူမျိုးများကို ကွန်ဟိန်းမြို့နယ် သံလွင်မြစ်ကူး တာကော်တံတားနယ် စစ်ဆေးရေးဂိတ်က သွား ခွင့်မပြုလို့ ခြေကျင်လျှောက်ပြီး လာလမ်းအတိုင်း လှည့်ပြန်ခဲ့ကြရသည်။ နိုင်ငံသားစိစစ်ရေးကဒ် ကိုင်ဆောင် ထားသော မြန်မာနိုင်ငံသား ဖြစ်နေပေမယ့် ရခိုင်တိုင်းရင်းသားလူမျိုး၊ နိုင်ငံသားစိစစ်ရေးကဒ် ၁၁/ - - - ဖြစ်နေ လို့ ခရီးသွားလာခွင့်မရဟု ဖေ့စ်ဘုတ်ပေါ်တွင် ဖတ်လိုက်ရသည်။ မြန်မာနိုင်ငံသားအဖြစ် အသိအမှတ် ပြုထား သူဆိုပါက တရားဥပဒေနှင့် ငြိစွန်းသည့် ပစ္စည်းများမပါလျှင် မြန်မာနိုင်ငံအတွင်း မည်သည့်နေရာဒေသကိုမဆို လွတ်လပ်စွာ သွားလာခွင့်ရှိပါသည်။ သို့မဟုတ်ပါက လူ့အခွင့်အရေး ချိုးဖောက်ခံနေရ သူများသာ ဖြစ်ပါလိမ့် မည်။

၂၀၀၈ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၈) နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန် များ ပုဒ်မ(၃၄၇) အရ  မည်သူ့ကိုမဆို  တန်းတူညီမျှ အခွင့်အရေး ရရှိစေရမည်။ ထို့ပြင် ဥပဒေ၏ အကာအ ကွယ်ကိုလည်း တန်းတူညီမျှစွာ ရယူပိုင်ခွင့်ပေးရမည်။ ပုဒ်မ(၃၄၈) တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော်၏ မည်သည့်နိုင်ငံသားကိုမျှ လူမျိုး/ဇာတိ/ကိုးကွယ်ရာ ဘာသာ/ရာထူးဌာနန္တရ/ အဆင့်အတန်း/ ယဉ် ကျေးမှု/ အမျိုးသား/အမျိုးသမီး/ဆင်းရဲချမ်းသာတို့ကို အကြောင်းပြု၍ ခွဲခြားမှု မရှိရဆိုပြီး  ပြဌာန်းပေးထား ပါသည်။ ပုဒ်မ (၅၃၁) တွင်လည်း မည်သူ့ကိုမျှ တည်ဆဲဥပဒေနှင့်အညီမှတစ်ပါး အသက်ကိုဖြစ်စေ၊ ပုဂ္ဂိုလ် ဆိုင်ရာ လွပ်လပ်မှုကိုဖြစ်စေ နစ်နာဆုံးရှုံးမှှု မရှိစေရဟု ပါရှိသည်။ ရခိုင်တိုင်းရင်းသားလူမျိုး ဖြစ်နေခြင်းကြောင့် ဒေသအာဏာပိုင်အဖွဲ့အစည်းက အကြောင်းပြချက် တစ်စုံတရာမရှိဘဲ လွတ်လပ်စွာ ခရီးသွားလာခွင့်ကို ပိတ်ပင်ခြင်းသည် လုံး၀ မဖြစ်သင့်သော ကိစ္စပါ။

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း  အပိုဒ်(၁) တွင် လူတိုင်း မွေးဖွားကတည်းက တူညီ သော လူ့ဂုဏ်သိက္ခာနှင့် အခွင့်အရေးရှိသည်။ နောက်ပြီး အပိုဒ်(၁၃) တွင် မိမိတိုင်းပြည်အတွင်း လွတ်လပ်စွာ သွား လာခွင့်ရှိရမည်ဟု ပါရှိထားသည်။

 စာရေးသူတို့ ရခိုင်ပြည်နယ်သည် ယခုအချိန်အထိ ပြည်တွင်းစစ်ဘေးဒဏ်ကို ခံနေရခြင်း၊ သာဘာ၀ ဘေး အန္တရာယ် အများဆုံးကျရောက်နေခြင်းကြောင့်  အလုပ်အကိုင်ရှားပါးမှု အများဆုံး ပြည်နယ်တစ်ခု ဖြစ်နေသည်။ နောက်တစ်ခုက ပြည်နယ်အတွင်း စက်ရုံ၊အလုပ်ရုံများမရှိ၍ ဖားကန့်ဒေသ၊ထိုင်း၊မလေးရှားနိုင်ငံနှင့် တရုတ် နယ်စပ်သို့ သွားပြီး ရွှေ့ပြောင်းအလုပ်သမားများအဖြစ်  အလုပ်လုပ်ကိုင်နေကြရသည်။ မြန်မာနိုင်ငံတွင် အဆင်းရဲဆုံး ပြည်နယ်တစ်ခုဖြစ်နေ၍ ရွေ့ပြောင်းအလုပ်သမား အများဆုံးထွက်ရှိနေသော နေရာဒေသ တခုဆိုလျှင်လည်း မမှားပေ။

 ရှမ်းပြည်နယ်က သံလွင်မြစ်ကူးတံတားကို ဖြတ်သန်းခွင့် ပိတ်ပင်ခံရသူ ရခိုင်တိုင်းရင်းသားလူမျိုး အမျိုးသား၊ အမျိုးသမီး (၅၁) ယောက်သည် ရခိုင်ပြည်နယ်တွင် အလုပ်အကိုင်ရှားပါး၍ ဝမ်းရေးအတွက် ရခိုင်ပြည်နယ်က နေ ထွက်ခွာပြီး ရွှေ့ပြောင်းအလုပ်သမားအဖြစ် ရှမ်းပြည်နယ် ကွန်ဟိန်းမြို့ကို ရောက်ရှိ သွားကြခြင်းဖြစ်သည်။ နိုင်ငံသားတစ်ယောက်အနေနှင့် မိမိတိုင်းပြည်အတွင်း လွပ်လပ်စွာ သွားလာခွင့် မရရှိခြင်းသည် တိုင်းရင်းသား အခွင့်အရေးတန်းတူမရရှိဘဲ ခွဲခြားဆက်ဆံခြင်း ခံနေရပြီး လူ့အခွင့်အရေး ချိုးဖောက် ခံနေကြရသူများလည်း ဖြစ်သည်။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် ပြဌာန်းထားသည့်အတိုင်း အတတ်ပညာနှင့် အသက်မွေး ဝမ်းကျောင်းမှု လုပ်ကိုင်ဆောင်ရွက်ရာတွင် တူညီသော အခွင့်အလမ်း ရရှိစေရမည် ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဒေါ်လာဈေး မြှင့်တက်လာမှုကြောင့် ဆောက်လုပ်ရေးပစ္စည်းများ အဆမတန် ဈေးကြီးမားလာ၍ ရခိုင်ပြည်နယ်ရှိ ဆောက်လုပ် ရေးကုမ္ပဏီများ ရပ်နားနေကြရချိန် ရခိုင်လူမျိုး ပန်းရံအလုပ်သမားများ ရေကြည်ရာ၊ မြက်နုရာကို ရှာပြီး အလုပ်လုပ်ဖို့ သွားနေကြခြင်း ဖြစ်သည်။

 အယင်ခေတ်ကာလ စစ်အစိုးရလက်ထက်တွင်လည်း နိုင်ငံသားစိစစ်ရေးကဒ်၁၁/---ကိုင်ဆောင်ထားသော ရခိုင်လူမျိုးနှင့် ရခိုင်မျိုးနွယ်စုဝင် တိုင်းရင်းသားများသည် ရွှေ့ပြောင်းအလုပ်သမားများအဖြစ့် တနသာၤရီတိုင်း ဒေသရှိ စီးပွားရေး ကောင်းမွန်သော မြိတ်၊ကော့သောင်း မြို့များသို့ သွားရောက်လုပ်ကိုင်ခွင့် မရရှိခဲ့ကြပါ။ ရန်ကုန်မြို့မှ စထွက်ချိန်တွင် တားမြစ်ခြင်းများ ခံခဲ့ရသည်။ ပြည်နယ်များနှင့် ပြည်မများအကြား ဖွံ့ဖြိုးတိုးတက် မှုမညီခြင်း၊ ဗဟိုချုပ်ကိုင်မှု တင်းကျပ်ခဲ့ခြင်းနှင့် အုပ်ချုပ်ခဲ့သော အစိုးရများ စီမံခန့်ခွံမှု ညံဖျင်းခဲ့ခြင်းကြောင့် လည်း ဗမာလူမျိုးနှင့် အခြားတိုင်းရင်းသားလူမျိုးများအကြား ယုံကြည်မှုများ အားနည်း ခဲ့ရသည်။

 မြန်မာနိုင်ငံသည် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၃ နိုင်ငံများထဲတွင် တစ်ခု အပါအဝင် ဖြစ်သည်။ ၁၉၄၈ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ အထွေထွေညီလာခံကြီးက လူ့အခွင့်အရေး ကြေညာစာတမ်းကို တစ်ခဲနက် ထောက်ခံအတည်ပြု လက်မှတ်ရေးထိုးခဲ့သည့် နိုင်ငံများထဲတွင်လည်း မြန်မာ နိုင်ငံ ပါဝင်နေပေသည်။ အပိုဒ်၁၃(၁)အရ “လူတိုင်းတွင် မိမိ၏နိုင်ငံ၊ နယ်နမိတ်အတွင်း၌ လွတ်လပ်စွာ ရွေ့ ပြောင်းနိုင်ခွင့်၊ နေထိုင်ခွင့်ရှိသည်’’ဟု  ဖော်ပြထား၍ ပြည်သူလူထုအား ကိုယ်စားပြုသည့် အုပ်ချုပ်ရေး အာဏာပိုင်အဖွဲ့များသည် အထူးလေးစား လိုက်နာကျင့်သုံးရမည်ဖြစ်သည်။ သို့သော် ရှမ်းပြည်နယ် နယ်နမိတ် အတွင်းမှာ ရခိုင်တိုင်းရင်းသားလူမျိုးများ လွတ်လပ်စွာ ရွေ့ပြောင်းနေထိုင်ခွင့် မရသည်ကို စာရေးသူ တုန်လှုပ် ချောက်ခြားခဲ့ရပြီး လူ့အခွင့်အရေးချိုးဖောက်ခံရသော ဖြစ်ရပ်တစ်ခုဟု ရှုမြင်မိပါသည်။

 

လူသားတိုင်း တန်ဖိုးတူညီသော အခွင့်အရေးများဖြင့် လွတ်လပ်စွာ မွေးဖွားကြပြီး တူညီသော အခွင့်အရေးများကို ပိုင်ဆိုင်ခွင့်ရှိသောကြောင့် အစိုးရတိုင်းမှာ နိုင်ငံသားအားလုံးတို့အား ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိ ပေသည်။ နိုင်ငံအတွင်း လွတ်လပ်စွာ သွားလာခွင့်မရှိသော ရခိုင်တိုင်းရင်းသားလူမျိုး နိုင်ငံသား စိစစ်ရေးကဒ် ပြား အမှတ် ၁၁/ -- - ကိုင်ဆောင်ထားသူကိုမှ သီးသန့်ခွဲခြားသတ်မှတ်ပြီး ခရီးသွားလာရာတွင် ကန့်သတ် ပိတ် ပင်တားမြစ်ခြင်းသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို မျက်ကွယ်ပြု နေကြခြင်းဖြစ်သည်။

 မြန်မာနိုင်ငံ၏ ထွန်းတောက်စ ဒီမိုကရေစီကာလတွင် ရခိုင်အရေးဟု လူသိများသည့် ဘင်္ဂလီမူဆလင် ပြဿ နာသည် အကြီးမားဆုံး စိန်ခေါ်မှုတစ်ရပ်အဖြစ် ရှိနေပါသည်။ ဘင်္ဂလီများသည် အစပိုင်းတွင် လူ့အ ခွင့်အရေး အရေခြုံ တိုင်းရင်းသားနာမည်သစ်တစ်ခု ပေါ်ထွန်းရေးကို ကြွေးကြော်၍ ဦးတည် လှုပ်ရှားခဲ့ကြပေမဲ့ နောက်ပိုင်း နယ်မြေလုစစ်ပွဲ အကြမ်းဖက်ဝါဒ လမ်းစဉ်တစ်ရပ်ကို ဆင်နွဲခဲ့ကြပြီး ပြည်တွင်းအရေးကို နိုင်ငံတကာအရေးဖြစ် အောင် ပုံဖော်ခဲ့ကြသည်။ တရားမဝင် ဝင်ရောက်လာခဲ့ကြသော ဘင်္ဂလီအရေး ပြဿနာသည် ဗြိတိသျှကိုလိုနီ တို့၏ ဆိုးမွေတစ်ခုဖြစ်သည်။။ သို့ဖြစ်၍ ရခိုင်ပြည်နယ်က ဌာနေ တိုင်းရင်းသား မဟုတ်သူများကို ၁၉၈၂-ခုနှစ် မြန်မာနိုင်ငံသားဥပဒေ နှင့်အညီ စိစစ်ပြီး နိုင်ငံသား ဖြစ်ထိုက်သူများကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံ သားအဖြစ် တန်းတူအခွင့်အရေးပေးပြီး အသိအမှတ် ပြုပေးရမည်ဖြစ်သည်။ နောက်တစ်ခုက နိုင်ငံသားဖြစ်ပြီး သူများကို လွတ်လပ်စွာ သွားလာခွင့်ပေးဖို့ လိုအပ်ပြီး ရခိုင်ပြည်နယ်တစ်ခုတည်းတွင် ပိတ်လှောင်မထားသင့်ဘဲ မြန်မာနိုင်ငံတဝန်း လွတ်လပ်စွာ အခြေချ နေထိုင်ခွင့် ပေးရပါမည်။ နိုင်ငံသားဖြစ်ခွင့်မရှိသူများကိုလည်း တည် ဆဲ ဥပဒေနှင့်အညီ ထိထိရောက်ရောက် ဆောင်ရွက်ရမည်ဖြစ်ပြီး ရခိုင်လူမျိုးနှင့် ရခိုင်မျိုးနွယ်စုဝင် တိုင်းရင်း သားတို့၏ မူလအခွင့်အရေး မဆုံးရှုံးစေဖို့ ရခိုင်တိုင်းရင်းသား လူမျိုးများ၏ အသံကိုလည်း နားထောင် ကြရ မည်ဖြစ်သည်။

 မြန်မာနိုင်ငံသည် ဒီမိုကရေစီပြည့်ဝသော ဖက်ဒရယ်ပြည်ထောင်စုဆီသို့ ဦးတည်လျှောက်လှမ်းနေသည် ဆို သော်လည်း တိုင်းရင်းသားတို့၏ ရပိုင်ခွင့်နှင့် အမျိုးသားတန်းတူအခွင့်အရေး အပြည့်အ၀ မပါသော ဒီမိုကရေ စီစနစ်က ပေးနိုင်စွမ်း၊ အာမခံနိုင်စွမ်း ရှိနိုင်မည်မဟုတ်ပါ။ တိုင်းရင်းသားတို့ဘက်က အမျိုးသားရေးကို အဓိပ္ပာယ် ဖွင့်ဆိုချက်မှာ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ဖြစ်သည်။ ဤသည်မှာငြိမ်းချမ်းရေးကို အဟန့်အ တားဖြစ်နေသော လူမျိုးကြီးဝါဒ ကျင့်သုံးနေသည့် ဗမာလူမျိုးနှင့် တိုင်းရင်းသားတို့၏ အမျိုးသားရေးအမြင် မတူညီသည့် ပွတ်တိုက်မှုပင်ဖြစ်သည်။

 မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော ပြည်တွင်းစစ်သည် ကမ္ဘာပေါ်တွင် အရှည်ကြာဆုံး ဖြစ်နေရခြင်းသည် ဒီမိုကရေစီပျက်သုဉ်းမှု၊ လူ့အခွင့်အရေးဆုံးရှုံးမှု၊ တိုင်းရင်းသားများ၏ ရပိုင်ခွင့်များ ဆုံးရှုံးခဲ့ရမှုများ အပေါ် အခြေခံသည်။ ငြိမ်းချမ်းရေးရရှိဖို့အတွက် ပြည်တွင်းစစ်ရပ်စဲရေးနိုင်ဖို့ တိုင်းရင်းသားအချင်းချင်း ချစ်ကြည် ညီညွတ် သဟဇာတ ကျရေးအပေါ်မူတည်နေသလို ဒီမိုကရေစီစနစ်ရှင်သန်မှု၊လူ့အခွင့်အရေး ပြည့်ဝမှုနှင့် တိုင်းရင်းသား တို့၏ ရပိုင်ခွင့်များအပြည့်အ၀ ရရှိရေး အပေါ်တွင်လည်း မူတည်နေသည်။ ဒီမိုကရေစီကျင့်စဉ်အရ အစိုးရတစ်ရပ်သည် ပွင့်လင်းမြင်သာမှုရှိရန် အရေးကြီးသလို ပြည်သူတို့၏ သဘော ထားဆန္ဒများကို ဖော်ပြနိုင်သည့် လွတ်လပ်စွာရေးသားခွင့်၊ပြောဆိုခွင့်နှင့် နိုင်ငံသားတစ်ယောက်၏ လွတ်လပ် စွာ သွားလာ နေထိုင်ခွင့်၊ အခြေချနေထိုင်ခွင့်တို့ကို အပြည့်အ၀ ခွင့်ပြုပေးရန်လိုအပ်ပါသည်။ တိုင်းရင်းသားများ ကို  ခွဲခြားဆက်ဆံပြီး အုပ်ချုပ်မှုယန္တရား ပျက်ပြားနေလျှင် ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဝေးသည်ထက် ဝေးလာနိုင်ပြီး တိုင်းပြည်သည် တိုးတက်မလာသည့်အပြင်  ပြည်သူများ ဆင်းရဲတွင်းက ရုန်းထွက် လာနိုင်မည် မဟုတ်ပါ။

 မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားအခွင့်အရေး အငြင်းပွားမှုဖြစ်လာလျှင် တိုင်းရင်းသားနှင့် လူမျိုးများရေးရာ ဝန်ကြီးဌာနက ဝင်ဖြေရှင်းပေးဖို့ နည်းဥပဒေ ရေးဆွဲထားပါသော်လည်း ရှမ်းပြည်နယ် ကွန်ဟိန်း မြို့နယ် သံလွင် မြစ်ကူး တာကော်တံတားနယ် စစ်ဆေးရေးဂိတ်တွင် ရခိုင်တိုင်းရင်းသားများကို  ဖြတ်သန်းသွားလားခွင့် မပြုခဲ့ သည့်ကိစ္စတွင် တိုင်းရင်းသားလူမျိုးနှင့် လူမျိုးရေးရာဝန်ကြီးဌာနက ရခိုင်တိုင်းရင်းသားလူမျိုး၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ပေးသည့် တစ်စုံတရာ ဖြေရှင်းပေးခဲ့ခြင်း မရှိခဲ့သလို ရခိုင်ပြည်သူ လူထု၏  အသဲထဲက မဲတစ်ပြားဖြင့် သက်ဆိုင်ရာ လွှတ်တော်အသီးသီးကို ရောက်ရှိသွားကြသော ရခိုင်ပြည်နယ်မှ လွတ်တော်ကိုယ် စားလှယ်များကလည်း ပြည်ထောင်စုအစိုးရအဖွဲ့ သက်ဆိုင်ရာဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် တင်ပြဆွေး နွေးပြီး နည်းမှန်လမ်းမှန် အဖြေရှာသည့် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးတစ်ယောက်မှ လုပ်ဆောင်ပေးခဲ့ခြင်း မတွေ့ရပါ။ သတင်းမီဒီယာများနှင့် လူမှုကွန်ရက်များမှာသာ ကုန်းအော်ပေးခဲ့ကြသည်။

 အချုပ်အားဖြင့် ဖက်ဒရယ်ဒီမိုကရေစီစနစ်ကိုအခြေခံဖြစ်သည့် ငြိမ်းချမ်းသာယာသော ပြည်ထောင်စုကို တည် ဆောက်နိုင်ဖို့အတွက် သမိုင်းသစ်တစ်ခုကို ရေးထိုးနေကြသည့် အစိုးရ၊ လွှတ်တော်နှင့် တပ်မတော်တို့သည် တသားတည်းရှိနေဖို့လိုအပ်ပါသည်။ အခြားသော အာရှနိုင်ငံများတွင် နည်းပညာဖွံဖြိုးမှု၊ အတွေးအမြင် ရှင်သန် မှုနှင့် စီးပွားဖွံဖြိုးတိုးတက်မှုများအတွက် အဘက်ဘက်က ဝိုင်းဝန်းပုံဖော်နေကြချိန် မြန်မာနိုင်ငံတွင် ယခုချိန်ထိ တိုင်းရင်းသားညီနောင်အချင်းချင်း ယုံကြည်မှုကို မတည်ဆောက်နိုင်သည်မှာ ဝမ်းနည်းစရာ ကောင်းနေပါသည်။ တောင်ဆူဒန်နိုင်ငံတွင် အာဟာရပြတ်နေသော ကလေးငယ်ကို မကယ်နိုင်ခဲ့သည့် ပူလစ်ဇာဓာတ်ပုံဆုရှင် ရှက်ပြီး သေသွားခဲ့သလို ရခိုင်လူမျိုးနှင့် ရခိုင်နွယ်ဖွားတိုင်းရင်းသားများ၏ အကျိုးစီးပွားဖွံဖြိုးတိုးတက်ရန်နှင့် အဆိုပါအကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်ပေးကြမည့် ရခိုင်ပြည်သူ ကိုယ်စားပြုအဖြစ် လွှတ်တော် အသီးသီးတွင် တက်ရောက်နေကြသော လွှတ်တော်ကိုယ်စားလှယ်ကြီးများ ဘာလုပ်ကြပါမည်နည်း။

                                                                                                                                                                                                      အောင်ကြည်မိုး(သင်းပုန်းတန်း)