မဇ္ဈိမဒေသသို့

ယခုအခါ မဟာဗောဓိစေတီတော်သို့အဝင် ညာဘက်ခြမ်းတွင် မဟာဗောဓိစေတီတော်ပုံစံတူ စေတီငယ်တစ်ဆူရှိသည်။ ထိုစေတီတော်သည် အနိမိသသတ္တာဟစံတော်မူသောနေရာဖြစ်ကြောင်း သိရ သည်။ အသောကမင်းကြီး၏ မိဖုရားတစ်ပါးဖြစ်သူ စာရုဝါဏီက ဤစေတီတော်ငယ်ကို လှူဒါန်းခဲ့ခြင်းဖြစ်ပြီး ထိုစေတီတော်ငယ် အမြင့်ပေမှာ (၅၅) ပေခန့်ရှိကာ ပလ္လင်တော်မှ (၁ဝ၄) ပေခန့် ကွာဝေးကြောင်း မှတ်သားခဲ့ရပါ၏။

By ဦးသူရဓမ္မ 03 Oct 2018

ဦးသူရဓမ္မ

ရန်ကုန်မိုး၏အငြိုးကြီးစွာ ရွာသွန်းချနေသော မိုးဦးကာလ၌ဖြစ်သည်။ လွန်စွာမှကြံစည်တောင်းတခဲ့ရသည့် မဇ္ဈိမဒေသသို့ သွားရောက်ရန်အခွင့်ကြုံရလေပြီဖြစ်သည်။ ထိုနေ့၌ကား ရာသီဥတုကလည်း ကိုယ့်ဘက်သို့ ပါသည်။ မနက်မိုးလင်းကတည်းက မိုးနည်းနည်းသာရွာပြီး နေသာနေပါ၏။ ကိုယ့်ကိုယ်ကိုယ် အားရကျေနပ် မိသလို မိဘဆရာသမားကအစ လှူဒါန်းကြသူများအားလုံးသို့လည်း ကျေးဇူးတင်နေမိသည်။ မမြင်နိုင်တဲ့ ကုသိုလ်စွမ်းအားများက စုပုံကာ အကျိုးပေးနေပြီလားဟုပင်တွေးမိပါ၏။ ပြုခဲ့ပြီးသည့် ကုသိုလ်ပုညများကို အာရုံပြုပြီး ပြုရဦးမည့်ကုသိုလ်များအတွက် ဝမ်းမြောက်ပီတိကြိုဖြစ်နေမိတော့သည်။ ဒါပေသည့် တစ်ခါမှမသွားဖူးသည့်ခရီး မရောက်ဖူးသည့်ဒေသသို့ သွားရမှာမို့ ရင်ခုန်စိတ်လှုပ်ရှားမိတာတော့ အမှန် ပင်ဖြစ်သည်။ ထို့ကြောင့်လည်း ကြိုတင်ပြင်ဆင်စရာတွေကို ကြိုတင်ပြင်ဆင်ခဲ့ပြီးဖြစ်သည်။

          ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်သည်အထိ မိုးလေဝသကောင်းနေဆဲပင်ဖြစ်သည်။ ကံဆိုးချင်သည်ဟုဆိုရပေမည်။ မိမိတစ်ယောက်တည်း နောက်ကျနေ၍ဖြစ်၏။ အတွေ့အကြုံမရှိသော ကြောင့် လေဆိပ်ထဲ တဝဲလည်လည်ဖြစ်ခဲ့ရသည်။ မိမိရောက်ပြီးသည်နှင့် အဲယားအိန္ဒိယကောင်တာ ပိတ်တော့သည်။ “ဒီနေ့ လေယာဉ်နောက်ကျ၍သာပေါ့၊ နောက်ဆို စောစောလာခဲ့ပါ” တဲ့၊ ကောင်တာ တာဝန်ရှိသူတွေကပြောရှာပါ၏။ မဆီမဆိုင် လေယာဉ်နောက်ကျတာကို ကျေးဇူးတင်နေမိသည်။ ကိုယ်က  နောက်ကျနေ၍ လေယာဉ်ကနောက်ကျနေခြင်းပင်လားဟု တွေးမိပါသေးသည်။ ခွင့်ပြုအလေးချိန် ကီလို ၃ဝ ရသော်လည်း မိမိမှာ ကီလို ၂ဝ ကျော်သာပါရှိ၍အဆင်ပြေခဲ့ရသည်။ လေဆိပ်ထဲနားနေဆောင်နေရာ သို့ရောက်မှ စိတ်အေးရပါတော့သည်။ နားနေဆောင်ရောက်တာနှင့်မကြာလိုက်ပါလေ၊ အဲယား အိန္ဒိယလေကြောင်း အေအိုင် (၂၃၆) လေယာဉ်ကြီးဆိုက်ရောက်လာပါတော့သည်။ ဟိုဟိုဒီဒီ ဖုန်းလှမ်း ဆက်ရင်း လေယာဉ်ပေါ်သို့ ရောက်ခဲ့ရပါပြီ။ သည်တော့မှ မိုးကလည်းရွာပါတော့သည်။ လေယာဉ်ပြေး လမ်းပေါ်တွင် အရှိန်နှင့်ပြေးနေတုန်း မိုးကလည်း သဲကြီးမဲကြီးရွာပြီး အားပေးနေပါ၏။ စတင်ပျံသန်းတာက မြန်မာစံတော်ချိန် ၂ နာရီ ၃ မိနစ်ဖြစ်ကြောင်း လက်ကိုင်ဖုန်းအကူအညီနှင့် မှတ်သားလိုက်ရပါ၏။

          ဂုဏ်တော်တွေ၊ ၂၄ ပစ္စည်းပဋ္ဌာန်းတွေရွတ်ပြီးအချိန်ကုန်မိသည်။ ဒေလီသို့သွားမည့် နာမကျန်း ခရီးသည်တစ်ဦးပါလာတာကိုသတိထားမိပါ၏။ အောက်ဆီဂျင်ဘူးလေးတွေ ခဏခဏလဲပေး နေတာတွေ့ ရသည်။ ဆေးကုသရန်သွားခြင်းဖြစ်နိုင်သည်။ အားလုံးသောသူများအားမေတ္တာဘာဝနာ စီးဖြန်းပြီးနောက် ရတနာသုံးပါး၏ဂုဏ်တော်တို့ကိုအာရုံယူပြီး အရှင်မဟာကပ္ပိနမထေရ်၏ ခရီးသွားအောင်မြင်ဂါထာတို့ကို အကြိမ်ကြိမ်ရွတ်ဆိုနေမိပါတော့သည်။ မဟာကပ္ပိနမင်းကြီးသည် သာဝတ္ထိပြည်၌ဘုရားပွင့်ပေါ်နေပြီ ဖြစ်ကြောင်းကြားသိရ၍ မင်းစည်းစိမ်တို့ကိုစွန့်ကာ ပရိသတ်နှင့်တကွ သာဝတ္ထိပြည်သို့ဘုရားဖူးထွက်လေ သည်။ လမ်းခရီး၌ မြစ်သုံးသွယ်ရှိရာ ပထမမြစ်ကို (ဘဝသောတံ ဟဝေ ဗုဒ္ဓေါ၊ တိဏ္ဏော လောကန္တဂူ ဝိဒူ။ ဧတေန သစ္စဝဇ္ဇေန၊ ဂမနံ မေ သမိဇ္ဈတု = မြတ်စွာဘုရားသည် ဘဝသုံးသွယ်ရေပြင်ကျယ်ကို ကူးမြောက်ပြီး ဖြစ်၍ လောက၏အဆုံးသို့ရောက်လျက် လောကကိုသိသော လွှမ်းမိုးနိုင်သောပုဂ္ဂိုလ်ဖြစ်လေပြီ။ ဤဂါထာသစ္စာ စကားကြောင့် ငါ့အား ဤခရီးသည်အောင်မြင်ပါစေသတည်း) ဟု ဘုရားဂုဏ်အာရုံယူ သစ္စာဓိဋ္ဌာန်ပြုပြီး လှေ ဖောင်စသည်မရှိဘဲ ထိုမြစ်ကိုကူးနိုင်ခဲ့သည်။ ဒုတိယမြစ်ကို (ယဒိ သန္တိ ဂမော မဂ္ဂေါ၊ မောက္ခော စစ္စန္တိကံ သုခံ။ ဧတေန သစ္စဝဇ္ဇေန၊ ဂမနံ မေ သမိဇ္ဈတု = မဂ္ဂင်ရှစ်ပါးသည် နိဗ္ဗာန်သို့ရောက်ကြောင်းတရား ဖြစ်ပြီးနိဗ္ဗာန်သည် စင်စစ်ချမ်းသာသောတရားဖြစ်၏။ ဤဂါထာ သစ္စာစကားကြောင့် ငါ့အား ဤခရီးသည်အောင်မြင် စေသတည်း) ဟု တရားဂုဏ်အာရုံယူ သစ္စာဓိဋ္ဌာန်ပြုပြီး လှေ ဖောင်စသည်မရှိဘဲ ထိုမြစ်ကိုကူးနိုင်ခဲ့သည်။ တတိယမြစ်ကို (သံဃော စေ တိဏ္ဏ ကန္တာရော၊ ပုညခေတ္တော အနုတ္တရော။ ဧတေန သစ္စဝဇ္ဇေန၊ ဂမနံ မေ သမိဇ္ဈတု = အရိယာသံဃာတော်အပေါင်းသည် သံသရာခရီးခဲကို ကူးမြောက်ပြီးဖြစ်၍ အတု မရှိသောကောင်းမှုမျိုးစေ့ကို စိုက်ပျိုးရာလယ်ယာမြေကောင်း သဖွယ်ဖြစ်တော်မူ၏။ ဤဂါထာသစ္စာစကားကြောင့် ငါ့အား ဤခရီးသည်အောင်မြင်ပါစေသတည်း) ဟု သံဃာ့ဂုဏ်အာရုံယူ သစ္စာဓိဋ္ဌာန်ပြုပြီး ထိုမြစ်ကိုကူးနိုင်ခဲ့ သည်။ နောက်ဆုံးတွင်လိုရာခရီးအောင်မြင်ပြီး မြတ်ဘုရားထံပါး၌ ရဟန်းအဖြစ်ကိုရပြီး သံသရာ ခရီးကို အောင်မြင်စွာကူးမြောက်ကာ တရားထူးများရရှိခဲ့လေသည်။

          လေယာဉ်စထွက်ပြီး နာရီဝက်ခန့်အကြာမှာတော့ ထမင်းဘူးလေးတွေဝေပေးပါ၏။ ကြက်သား ဟင်းနှင့် ပဲဟင်းပါတာတွေ့ရသည်။ ထမင်းမစားချင်ရင် ကော်ဖီမှာသောက်၍လည်းရသည်။ ထမင်းစားသူ က စား ကော်ဖီသောက်သူကသောက်ကြ၏။ ဂါယာလေဆိပ်သို့ဆိုက်ရောက်ချိန်မှာတော့ ၃ နာရီ ၅၅ မိနစ်ရှိပါပြီ။ စုစုပေါင်း ပျံသန်းချိန် ၂ နာရီခန့်အကြာမှာ ဂါယာလေဆိပ်သို့ အောင်မြင်စွာဆိုက်ရောက်နိုင်ခဲ့ပြီဖြစ်သည်။ လေဆိပ်ကထွက်ပြီးနောက်မှာတော့ မိမိဖုန်း၌ အိန္ဒိယစံတော်ချိန်သို့ ပြောင်းသွားခဲ့ပါပြီ။ Automatic time zone ကို ရွေးထား၍ဖြစ်သည်။ မြန်မာစံတော်ချိန်နှင့်တိုက်ကြည့်တော့ အိန္ဒိယစံတော်ချိန်က မြန်မာစံတော်ချိန်အောက် ၁ နာရီ နောက်ကျကြောင်းတွေ့ရပါ၏။        

          ခရီးဆောင်အိတ်တွေကို သေချာရွေးကြပြီးနောက်အသင့်စောင့်နေကြသည့် စီနီယာနောင်တော်  တွေနှင့် ဂါယာလေဆိပ်ကို နှုတ်ဆက်ခဲ့ကြသည်။ အေအိုင် (၂၃၆) လေယာဉ်ကြီးကား အထီးကျန်စွာဖြင့် ဒေလီသို့ခရီးဆက်ရန် အားအင်ဖြည့်ကာ ခေတ္တအမောဖြေကျန်ရစ်ခဲ့လေပြီ။ (၁၅) မိနစ်ခန့့်မောင်းပြီးနောက် မဟာဗောဓိစေတီအနီး မဟာအောင်မြေရခိုင်ဘုန်းကြီးကျောင်း၌ ခဏနားကြပြီးနောက် မဟာဗောဓိ စေတီ၊ ဗောဓိညောင်ပင်တို့ကို ဖူးမြော်ကြသည်။ စေတီပရိဝုဏ်အတွင်းသို့ မည်သည့်ဖုန်း တက်ဘလတ်မှ ယူဆောင်မသွားရ၊ အတန်တန်စစ်ဆေးမှုခံယူကြရသည်။ (၂ဝ၁၃) ခုနှစ်က ဗုံးပေါက်ကွဲမှုဖြစ်စဉ်နောက်ပိုင်း ယခုလိုတင်းကျပ်လိုက်တာဖြစ်ကြောင်းသိရသည်။ စေတီတော်အတွင်း၌ ပြုံးရောင်သန်းနေသည့် မျက်နှာတော်နှင့် အလွန်ကြည်ညိုစရာကောင်းသော ဆင်းတုတော်တစ်ဆူကို ဖူးမြင်ရသည်။ ပါလခေတ်မှ လှူဒါန်းခဲ့ကြောင်းသိရပြီး ဘူမိဖဿမုဒြာပုံတော်မျိုးဖြစ်ကာ အမြင့်နှစ်မီတာကျော်ရှိသည်ဟုသိရသည်။ ပလ္လင်အောက်တွင် ဆင်နှစ်ကောင်နှင့် ခြင်္သေ့နှစ်ကောင် ခြံရံနေသည့် မြေနတ်သမီးပုံပါသည်။ ဘုရားဖူးရာသီ မဟုတ်သောကြောင့် တိုးဝှေ့ဖူးစရာမလိုဘဲ စိတ်ရှိတိုင်းဖူမြော်ကြည်ညိုနိုင်သည်ကလည်း မိမိတို့ကု သိုလ်ထူးသည်ဟု ဆိုရပေမည်။ ကျေးငှက်သာရကာတို့၏ တွန်းကျူးသံများက မိမိတို့၏ဘဝင်နှလုံးကို ရွှင်ပြုံးအေးမြစေပါ၏။ ဗုဒ္ဓါရမ္မဏပီတိတို့နှင့်အတူ မြတ်ဘုရား၏ဖြစ်တော်စဉ်တို့သည်လည်း မိမိစိတ်အ စဉ်တွင် အာရုံထင်လာရပေသည်။

          ဤမြေမဟီတွင် မြတ်ဘုရားသည် မာန်ငါးပါးကိုအောင်မြင်တော်မူခဲ့သည်။ သစ္စာဉေယျမှန်သမျှကို တစမကျန် သဗ္ဗဉ်ဉာဏ်ဖြင့်သိမြင်တော်မူပြီး သဗ္ဗညုတဉာဏ်တော်ရှင် ဘုရားအဖြစ်သို့ ဤမြေမဟာ၌ပင် ဆိုက်ရောက်တော်မူခဲ့သည်။ မြေမြတ်မဟာ ဤနေရာကားကမ္ဘာကြီးစတင်ပေါ်ပေါက်စဉ်က အရင်ဦးဆုံး   ဖြစ်ပေါ်လာခဲ့ပြီး ကမ္ဘာကြီးပျက်စီးသည့်အခါ၌ နောက်ဆုံးတွင်ပျက်စီးမည့်နေရာထူးဖြစ်ကြောင်း၊ ထို့ပြင် သာသနာကွယ်ပျောက်မည့်နောက်ဆုံးအချိန်တွင် မြတ်ဘုရား၏သရီရဓာတ်တော်များ ဤနေရာသို့ စုရုံးရောက်ရှိလာပြီး နိမ္မိတရုပ်ပွားတော်အဖြစ် နောက်ဆုံးတရားဟောပြီး ဤနေရာ၌ပင် ဓာတုပရိနိဗ္ဗာန်စံ ဝင်မည့်အကြောင်း ကျန်းဂန်များ၌ပြဆိုထားကြောင်းမှတ်သားရသည်။  ဘုရားရှင်တိုင်းဤမြေမဟာ၌ပင် ပွင့်တော်မူ၍ ဤနေရာသည် ဘုရားရှင်တိုင်းမစွန့်ကောင်းသော အဝိဇဟိတဌာနဖြစ်သည်။ ထို့ပြင် ဤနေရာ ဤဌာနသည် သဒ္ဓါတရားကောင်းသူတို့ အမြဲမပြတ်ဖူးမြော်ထိုက်သော သံဝေဂတို့ကိုဖြစ်ပွားစေတတ်သော သံဝေဇနိယ လေးဌာနတွင် တစ်ခုအပါအဝင်ဖြစ်သည်။ မြေမြတ်မဟာ ဤနေရာ၌ ကကုသဏ်၊ ကောဏာဂုံ၊ ကဿပ၊ ဂေါတမဟူသော ဘုရားလေးဆူပွင့်တော်မူလေပြီ၊ ပွင့်လတ္တံ့သော အရိမေတ္တေယျမြတ်ဘုရား သည်လည်း ဤနေရာဤဌာန၌ပင် ပွင့်တော်မူမည်ဖြစ်သည်။ ဤမြေမဟီ၌ ဘုရားအဖြစ်သို့ရောက်ပြီး ဥဒါန်းကျူးနိုင်ခဲ့သည်။ သဗ္ဗညုဉာဏ် ရင့်သန်ကြည်ရာ ဌာနအောင်ခန်း ပလ္လင်နန်းရှိရာအရပ် ဖြစ်သော ကြောင့် ဗောဓိမဏ္ဍိုင်ဟုခေါ်ဆိုရာဌာနလည်းဖြစ်သည်။ မာန်နတ်မင်းအား မြတ်ဘုရား အောင်မြင်တော်မူ ပြီးနောက် နှစ်သက်ရွှင်လန်းဝမ်းမြောက်ကြကုန်သော နဂါးအပေါင်း ဂဠုန်အပေါင်း နတ်ဗြဟ္မာ အပေါင်းတို့ကလည်း မြတ်ဘုရား၏  အောင်ပွဲတော်ခံယူခြင်းကို ကြွေးကြော်ခဲ့ကြသည့် ဤနေရာ ဤဌာနသည် ဤကမ္ဘာမြေတစ်ခုလုံး၏ အောင်မြေအစစ် ဧကန်ပင်ဖြစ်သည်။ မိမိသည်လည်း ဤအောင် မြေသို့ ရှေးဦးစွာလာရောက်ရခြင်းမှာ အောင်မြေနင်းသည့်သဘောပင်ဖြစ်သည်။ မြတ်ဘုရား၏ အောင်မြင်မှု အထူးကဲ့သို့ ငါ့အားလည်း အောင်မြင်မှုများ ကူးစက်နိုင်ပါစေဟု သစ္စာဓိဋ္ဌာန်ပြုရင်း အတိတ်ကအရိပ်နှင့် ပစ္စုပ္ပန်ဖြစ်ရပ်တို့သည် တစ်လှည့်စီ တစ်လှည့်စီဖြင့် မိမိစိတ်အစဉ်ဝယ် နေရာယူခဲ့ကြသည်။

          ဘုရားရှင်ကိုယ်တော်မြတ် သမ္မာသမ္ဗုဒ္ဓဘုရားဖြစ်ပြီးနောက် တစ်ဌာနတွင် (၇) ရက်စီဖြင့် (၇) ဌာန သီတင်းသုံးခဲ့လေသည်။ ယင်းကို သတ္တဌာနစံတော်မူသည်ဟုပြောကြခြင်းဖြစ်သည်။ သတ္တသတ္တာဟ ဟု လည်း ခေါ်ကြသည်။ ပလ္လင်္ကသတ္တာဟ ဟုခေါ်ဆိုသော ဘုရားဖြစ်ရာ အပရာဇိတပလ္လင်၌ ခုနစ်ရက်တိုင်တိုင် ဖလသမာပတ်ဝင်စားကာ ထိုင်နေတော်မူ၏။ ယခုအခါ မဟာဗောဓိပင်၏ခြေရင်း၌ မဟာဗောဓိစေတီနှင့် မဟာဗောဓိပင်၏အကြားတွင် အနုပညာလက်ရာမြောက်မြားစွာ ထွင်းထုထားသောကျောက်သား ပလ္လင်တစ် ခုရှိသည်။ ယင်းကျောက်သားပလ္လင်နေရာသည် အပရာဇိတပလ္လင်၏နေရာဟုဆိုကြသည်။ ပလ္လင်္ကသတ္တာဟ တွင် မဟာဗောဓိစေတီနှင့် မဟာဗောဓိပင်တို့တည်ရှိသည်။ ဤမဟာဗောဓိစေတီတော်၏ မူလဒါယကာမှာ အသောကမင်းကြီးဖြစ်သည်။ ယခုလက်ရှိ စေတီတော်မှာ အသောကမင်းကြီးတည်ထားသောစေတီ မဟုတ်ဟုဆိုသော်လည်း ထိုမင်းတည်ထားသောစေတီကို ပြုပြင်၍ ထပ်မံတည်ထားခြင်းဖြစ်ရကား မူလဘူ တဒါယကာမှာ ဘုရင်အသောကပင်ဖြစ်သည်။ ခေတ်အဆက်ဆက် ဘာသာခြားတို့၏ အမျိုးမျိုးနှိပ်စက် ခြင်းကို ခံရကာ ချုံနွယ်ပိတ်ပေါင်းကြားထဲတွင်လည်း အလွန်ကြာမြင့်စွာ ရှိနေခဲ့ရသည်။ အင်္ဂလိပ်တို့ အုပ်ချုပ်သောခေတ်သို့ရောက်မှ သမိုင်းပညာရှင်များ ပြန်လည်ပြုပြင်ခဲ့ကြကြောင်းမှတ်သားရသည်။ စေတီတော်မှာ အမြင့်ပေ (၁၇၅) ပေခန့်ရှိသည်။ သီရိလင်္ကာနိုင်ငံသား အနာဂါရိက ဓမ္မပါလသည် မဟာဗောဓိမြေမြတ်မဟာအား ဗုဒ္ဓဘာသာလက်ထဲသို့ရောက်အောင် (၁၈၉၁) ခုနှစ်တွင် မဟာဗောဓိ အသင်းကို တည်ထောင်ကာ စတင်လှုပ်ရှားခဲ့ကြောင်းသိရသည်။ ရခိုင်ဆရာတော် အရှင်စန္ဒြမုနိ အစရှိသူ တို့၏ ကြိုးပမ်းမှုဖြင့် ယခုအခါ အိန္ဒိယအစိုးရက ဗုဒ္ဓဂါယာကို (၁၉၄၉) ခုနှစ် ဘုရားကျောင်းကန် အက်ဥပဒေအရ (၁၉၅၃) ခုနှစ်၊ မေလ(၂၈) ရက်နေ့မှစ၍ အုပ်ချုပ်ရေးအဖွဲ့ဖြင့်အုပ်ချုပ်လျှက်ရှိသည်။ ထိုအဖွဲ့တွင် ဗုဒ္ဓဘာသာလေးယောက် ဟိန္ဒူဘာသာလေးယောက်နှင့် အုပ်ချုပ်သူအစိုးရတစ်ယောက် ပါဝင်ကြောင်းသိရသည်။  

         

မဟာဗောဓိပင်သည် မြတ်စွာဘုရား၏ဖွားဘက်တော်တစ်ပါးဖြစ်သည်။  မဟာဗောဓိစေတီ၏ အနောက်ဘက်တွင်ရှိသည်။ ယခုလက်ရှိဗောဓိပင်သည် ရှင်တော်ဗုဒ္ဓ ဘုရားဖြစ်ခဲ့သည့်ဗောဓိပင် မဟုတ်စေကာမူ သက်တမ်းအားဖြင့် နှစ်ပေါင်းရာကျော်ရှိလေပြီဖြစ်သည်။ အမြင့်ပေတစ်ရာခန့်ရှိပြီး ဘုရားဖူးရောက်လာသူအပေါင်းအား အေးမြသောအရိပ်ဆာယာကိုပေးစွမ်းလျှက်ရှိသည်။ မူလဗောဓိပင်မှာ ရာသီဥတုဒဏ် ဘာသာခြားတို့၏ ဖျက်ဆီးမှုဒဏ်တို့ကို အကြိမ်ကြိမ်ခံခဲ့ရသည်။ အသောကမင်းကြီးပင် ဗုဒ္ဓဘာသာမဖြစ်မီက တစ်ကြိမ်ဖျက်ဆီးခဲ့ဖူးကြောင်းသိရသည်။ ယခုလက်ရှိဗောဓိပင်မှာ မူလဗောဓိပင်၏ စတုတ္ထမျိုးဆက်ဖြစ်ပြီး အင်္ဂလိပ်ကျောက်စာဝန် ဆာအယ်လက်ဇန္ဒား ကန္နင်ဂမ်က (၁၉၇၅) ခုနှစ်က စိုက်ပျိုးခဲ့ ကြောင်း မှတ်သားရသည်။ တစ်ချို့က စိုက်ပျိုးသူကိုကား အတိအကျမသိရဟုလည်း ဆိုကြပါသေး၏။

          မြတ်စွာဘုရားသည် အပရာဇိတပလ္လင်၌ ခုနစ်ရက်စံတော်မူနေစဉ် အချို့သော နတ်ဗြဟ္မာတို့ မြတ်စွာဘုရားအပေါ်၌ ယုံမှားသံသယဝင်ခဲ့ကြသည်။ “မြတ်စွာဘုရားသည် ယခုတိုင်ပလ္လင်မှထတော် မမူသေး၊ ယခုရရှိပြီးသော ဂုဏ်တော်မှတပါး ဘုရားဖြစ်အောင်ပြုနိုင်သည့် တခြားဂုဏ်ကျေးဇူးရှိသူများ ရှိလေသေးသလား” ဟု ဘုရားဖြစ်ခြင်း၌ ယုံမှားသံသယဖြစ်ကြ၏။ မြတ်စွာဘုရားသည် သမာပတ်မှထတော် မူပြီး နတ်ဗြဟ္မာတို့၏ သံသယကိုပယ်ရှားရန် ကောင်းကင်သို့ပျံတက်၍ ရေမီးအစုံစုံတန်ခိုးပြာဋိဟာပြ  တော်မူခဲ့သည်။ ထို့နောက်ပလ္လင်တော်၏ အရှေ့မြောက်ထောင့်အရပ်၌ ရပ်၍ ဗောဓိပင်နှင့်ပလ္လင်တော်ကို မမှိတ်သောမျက်လုံးဖြင့် ခုနစ်ရက်ပတ်လုံး ကြည့်ရှု့တော်မူခဲ့သည်။ ယင်းကို အနိမိသသတ္တာဟစံတော် မူသည် ဟု ခေါ်ဆိုကြခြင်းဖြစ်သည်။ (နိမိသ = မျက်လုံးမှိတ်ခြင်း၊ အ = မဟုတ်)

          ယခုအခါ မဟာဗောဓိစေတီတော်သို့အဝင် ညာဘက်ခြမ်းတွင် မဟာဗောဓိစေတီတော်ပုံစံတူ စေတီငယ်တစ်ဆူရှိသည်။ ထိုစေတီတော်သည် အနိမိသသတ္တာဟစံတော်မူသောနေရာဖြစ်ကြောင်း သိရ သည်။ အသောကမင်းကြီး၏ မိဖုရားတစ်ပါးဖြစ်သူ စာရုဝါဏီက ဤစေတီတော်ငယ်ကို လှူဒါန်းခဲ့ခြင်းဖြစ်ပြီး ထိုစေတီတော်ငယ် အမြင့်ပေမှာ (၅၅) ပေခန့်ရှိကာ ပလ္လင်တော်မှ (၁ဝ၄) ပေခန့် ကွာဝေးကြောင်း မှတ်သားခဲ့ရပါ၏။

          မြတ်ဘုရား၏ ပလ္လင်တော်ကို မမှိတ်သောမျက်လုံးဖြင့် စူးစိုက်ကြည့်နေခြင်းအား နတ်တို့က သိဒ္ဓတ္ထ ဘုရားလောင်း ရွှေပလ္လင်တော်ကို ခင်မင်တောင့်တမှုမပြတ်ကင်းသေး ထပ်၍ပြုအပ်သော မဂ်ကိစ္စရှိသေး၏ဟု စိတ်အကြံဖြစ်ကြ၏။ ထိုသို့အကြံဖြစ်သည်ကို မြတ်ဘုရားသိတော်မူ၍ ထိုနတ်တို့၏သံသယကို ပယ်ဖျောက် ခြင်းငှာ ကောင်းကင်သို့ပျံတက်တန်ခိုးပြပြီး ရတနာစင်္ကြံတော်ကိုဖန်ဆင်းကာခုနစ်ရက်ပတ်လုံး စင်္ကြံလျှောက်လျက် စင်္ကမသတ္တာဟစံတော်မူူခဲ့လေသည်။ စင်္ကမသတ္တာဟအမှတ်အသားအဖြစ်ထားခဲ့သော အသောကမင်းကြီး၏ ကျောက်သားကြာပွင့််များကို စေတီတော်နှင့်ကပ်လျှက်စေတီတော် ၏ မြောက်ဘက်တွင်တွေ့ရသည်။ ယခင်က ကြာပွင့် (၁၉) ပွင့်ရှိခဲ့ကြောင်းသိရသော်လည်း အကျိုးအပဲ့များ အဖြစ် (၁၁) ပွင့် သာကျန်ရှိတော့သည်။ ယခုအခါ အုတ်ခုံအမြင့်ဖြင့် ကြာပွင့်သဏ္ဌာန် (၁၉) ပွင့်ကို အသောကမင်းကြီး၏ ကြာပွင့်ငယ်များနှင့်ယှဉ်လျှက် ထုလုပ်ထားသည်ကိုတွေ့မြင်ခဲ့ရသည်။   

          ခုနစ်ရက်ပတ်လုံးစင်္ကြံလျှောက်တော်မူပြီးနောက် မြတ်ဘုရားသည် ဗောဓိပင်၏ အနောက်မြောက် ဘက် အရပ်တွင် နတ်တို့ဖန်ဆင်းအပ်သော ရတနာဃရရွှေအိမ်၌ ခုနစ်ရက်ပတ်လုံး စံတော်မူကာ အဘိဓမ္မာ တရားများကို သုံးသပ်ဆင်ခြင်တော်မူခဲ့သည်။ ဤသို့ခုနစ်ရက်ပတ်လုံး အဘိဓမ္မာတရားတော်မြတ်ကို သုံးသပ်၍စံနေတော်မူခြင်းကို ရတနာဃရသတ္တာဟ ဟုခေါ်သည်။ အဘိဓမ္မာ ရှေ့(၆) ကျမ်းကို ဆင်ခြင်တော် မူစဉ် ရောင်ခြည်တော်တို့မကွန့်မြူးသေးဘဲ ပဋ္ဌာန်းကျမ်းမြတ်ကိုဆင်ခြင်တော် မူပြီးသောနောက်  တွင် ရောင်ခြည်တော်ခြောက်သွယ်တို့ စကြာဝဠာအဆုံးထိ ကွန့်မြူးတော်မူခဲ့သည်။ ယခုအခါ ရတနာဃရ သတ္တာဟ အထိမ်းအမှတ်အဖြစ် ဗောဓိပင်မှအနောက်မြောက်ဘက်တွင် ကျောင်းတော်ငယ်တစ်ခုရှိသည်။ ထိုကျောင်းတော်ငယ်၌ ယခင်ကအမိုးများရှိသော်လည်း (၂ဝ၁၃) ခုနှစ် ဗုံးပေါက်ကွဲ မှုကြောင့် အမိုးများ ပျက်စီးခဲ့ရကြောင်း ဝမ်းနည်းဖွယ်ရာတွေ့မြင်ကြားသိခဲ့ရပေသည်။

(ဆက်ရန်ရှိသေးသည်)