မြန်မာ့နိုင်ငံရေးပါတီများ၏ အသုံးချခံ ရခိုင်ခေါင်းဆောင်များ

            ရခိုင်ပြည်သည် ဗြိတိသျှလက်အောက်သို့ကျရောက်ခဲ့ရပြီးနောက် ရခိုင်ခေါင်းဆောင်အချို့သည် လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ရန် လျှို့ဝှက်စီစဉ်ခဲ့ကြသည်။ မင်းသားကြီးရွှေဘန်း၊ ဒေးဝန်းကြီးအောင်ကျော်ရွှီ၊ မြို့သူကြီး အောင်ကျော်ဇံ စသောခေါင်းဆောင်များ၏ လျှို့ဝှက်အကြံအစည်များအား လုပ်ဖော်ကိုင်ဖက် စံရဖွေဆိုသူက ဗြိတိသျှတို့အား လက်ထောက်ချ ဖော်ကောင် လုပ်ခဲ့သဖြင့် တော်လှန်ရေးလုပ်ငန်းစဉ်များ ပျက်ပြားခဲ့ရသည်။ခေါင်းဆောင် များသည်လည်း ဖမ်းဆီးထောင် ချခြင်း ခံခဲ့ရသည်။ ရခိုင်သမိုင်းတွင် စံရဖွေ၏အမည်သည် အမျိုးသားသစ္စာဖေါက်အဖြစ် ကဗ္ဗည်းမှတ်တမ်း တင်ခြင်း ခံခဲ့ရသည်။ စံရဖွေသည် မိမိ၏ရာထူးအာဏာအတွက် တိုင်းပြည်ကိုရောင်းစားခဲ့သူ၊ သစ္စာ ဖေါက်ခဲ့သူဖြစ်သည်။ ဗြိတိသျှနယ်ချဲ့တို့၏ အသုံးချခံလည်းဖြစ်ခဲ့သည်။

By စစ်မာန်ငြိမ်း 27 Oct 2018

                  

 စစ်မာန်ငြိမ်း

          ရခိုင်လူမျိုးအများစုမှာရိုးစင်းသောစိတ်ဓာတ်အခြေခံရှိကြသူများဖြစ်ကြသည်။စကားအပြောအဆိုကအစ အနေအထိုင်၊အပြုအမူများတွင်လည်း ပကတိရိုးသားဖြူစင်သူများ ဖြစ်ကြသည်။ ထိုကြောင့် တစ်ခါတစ်လေလူ အများနှင့်ဆက်ဆံပြောဆိုရာတွင် အဆင်မပြေမှုများရှိတတ်ကြသည်။ အကြောင်းမသိသူများက ရခိုင်များကိုရိုင်း သည်၊ ဆက်ဆံရေးခက်ခဲသည်ဟု ဆိုကြသည်။ သို့ရာတွင်ရိုးစင်းသောရခိုင်သားတို့၏စိတ်နေသဘောထားကို အသုံးချ၍နိုင်ငံရေးအမြတ်ထုတ်ခံခဲ့ကြရသည်။ ရခိုင်နိုင်ငံရေးခေါင်းဆောင်ဆိုသူများမှာမိမိတို့အသုံးချခံလိုက် ရခြင်းကိုပင် သတိပြုမိကြမည်မဟုတ်ပေ။ မိမိအလုပ်ကို မိမိလုပ်သည်ဟုပင်ထင်မှတ်ပြီး အဟုတ်ကြီးဟုတ်လှပြီဟု ထင်မှတ်ဂုဏ်ယူနေကြသည်များ ရှိနေတတ်ကြကြောင်း တွေ့မြင်ရသည်မှာ ယိုသူမရှက်၊မြင်သူရှက် ဆိုရမည် ကဲ့သို့ဖြစ် နေပေတော့သည်။ ရခိုင်သမိုင်းစဉ်တစ်လျှောက်ကိုလေ့လာလျှင် အသုံးချခံရခိုင်ခေါင်းဆောင်များအကြာင်းကို တစ်စွန်းတစ်စ တွေ့မြင်နိုင်မည်ဖြစ်သည်။ တချို့ဆိုလျှင် အမျိုးသားသစ္စာဖေါက်များအဖြစ် ရာဇဝင်တွင် စာတင်မှတ်တမ်းဝင်ခဲ့လေပြီ။

                                                အမျိုးသားသစ္စာဖေါက်၊ သမိုင်းတရားခံ

          ခေါင်းဆောင်ဆိုသောအချို့သူများ၏မိုက်မဲမှုကြောင့် ရခိုင်သမိုင်းတွင် ဖြေဖျောက်၍မရနိုင်သော ရခိုင်ပြည်သူတို့အတွက် တစ်သက်စာ၊ တစ်သက်တာသာမက၊ တစ်ဘဝလုံး သင်္ခန်းစာများကို ရရှိခဲ့ရသည်။ ရခိုင်မြောက်ဦးခေတ်၏ နောက်ဆုံးအချိန် ကာလများကိုကြည့်လျှင် ခေါင်းဆောင်ဆိုသူများသည် အသုံးချခံခဲ့ ရသူများဖြစ်သည်။ တစ်ခုထူးခြားသည်က ၎င်းတို့မှာကိုယ်တိုင် သွားရောက်ပြီး မိမိအားအသုံးချရန် သွားရောက် အပ်နှံခဲ့ခြင်းဖြစ်သည်။ ထိုစဉ်ကရ ခိုင်အမျိုးသားသစ္စာဖေါက်ငသံဒွေသည် မြန်မာဘုရင်ထံသွားပြီး စစ်ပန်ခဲ့သူ ဖြစ်သည်။ ရခိုင်ပြည်ကိုရောင်းစားခဲ့သူ လည်းဖြစ်သည်။ သူ့အထင်တွင် လက်ရှိရခိုင်ဘုရင်အားနန်းချပြီး မိမိအား သစ္စာခံဘုရင်အဖြစ် နန်းအပ်ခြင်းခံရမည်ဟု ထင်မှတ်ခဲ့ဟန်လည်းတူသည်။ ကိုယ့်စိတ်ကူးဖြင့်ကိုယ် စိတ်ကူး ယဉ်ကာ ရခိုင်နိုင်ငံတော်အား တိုင်းတစ်ပါးသားထံသွား ရောက်အပ်နှံခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် အထင်နှင့် အမြင် တစ်လွဲစီဖြစ်ကာ နောက်ဆုံးတွင်ရခိုင်နိုင်ငံတော် ကျဆုံးခြင်းသို့ ရောက်ခဲ့ရသည်။ ထီးသုဉ်း၊ နန်းသုဉ်း၊ မင်းဆက်သုဉ်းခဲ့ရသည်။ ငသံဒွေကားအသုံးချခံသက်သက်သာဖြစ်ခဲ့ပြီး နောက်ဆုံးတွင် အမျိုးသားသစ္စာဖေါက် အဖြစ် သမိုင်းအတင်ခံခဲ့ရသူဖြစ်သည်။ ရခိုင်အမျိုးသားသစ္စာဖေါက်များသည်ပင် ရခိုင်ဘုရင်နောက်ဆုံး ပုန်းခိုရာ နေရာအား လိုက်လံပြသခဲ့သဖြင့် ရခိုင်ဘုရင်အား ကြက်ကလေးငှက်ကလေးလို ဖမ်း ဆီးယူငင်သွားခြင်း ခံခဲ့ရသည်။ ငသံဒွေနှင့် ၎င်း၏နောက်လိုက် အမျိုးသားသစ္စာဖေါက်များ၏ လုပ်ရပ်များကား ရခိုင် သမိုင်းတွင် မေ့ပျောက်၍မရနိုင်သောဖြစ်ရပ်များလည်းဖြစ်သည်။

          ရခိုင်ပြည်သည် ဗြိတိသျှလက်အောက်သို့ကျရောက်ခဲ့ရပြီးနောက် ရခိုင်ခေါင်းဆောင်အချို့သည် လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ရန် လျှို့ဝှက်စီစဉ်ခဲ့ကြသည်။ မင်းသားကြီးရွှေဘန်း၊ဒေးဝန်းကြီးအောင်ကျော်ရွှီ၊ မြို့သူကြီး အောင်ကျော်ဇံ စသောခေါင်းဆောင်များ၏ လျှို့ဝှက်အကြံအစည်များအား လုပ်ဖော်ကိုင်ဖက် စံရဖွေဆိုသူက ဗြိတိသျှတို့အား လက်ထောက်ချ ဖော်ကောင် လုပ်ခဲ့သဖြင့် တော်လှန်ရေးလုပ်ငန်းစဉ်များ ပျက်ပြားခဲ့ရသည်။ခေါင်းဆောင် များသည်လည်း ဖမ်းဆီးထောင် ချခြင်း ခံခဲ့ရသည်။ ရခိုင်သမိုင်းတွင် စံရဖွေ၏အမည်သည် အမျိုးသားသစ္စာဖေါက်အဖြစ် ကဗ္ဗည်းမှတ်တမ်း တင်ခြင်း ခံခဲ့ရသည်။ စံရဖွေသည် မိမိ၏ရာထူးအာဏာအတွက် တိုင်းပြည်ကိုရောင်းစားခဲ့သူ၊ သစ္စာ ဖေါက်ခဲ့သူဖြစ်သည်။ ဗြိတိသျှနယ်ချဲ့တို့၏ အသုံးချခံလည်းဖြစ်ခဲ့သည်။

          ရခိုင်သမိုင်းတွင် ငသံဒွေနှင့် နောက်လိုက်များသည်လည်းကောင်း၊ စံရဖွေ၏မျိုးဆက်များသည်လည်း ကောင်း အမျိုးသားသစ္စာဖေါက်သူများအနေအထားဖြင့် သမိုင်းတရားခံများအဖြစ် မှတ်တမ်းတင်ခြင်းခံထားရ သူများဖြစ်သည်။

                                                          အသုံးချခံခဲ့ရသည်

          ထို့အတူပင် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးမီးရှူးတန်ဆောင် ဆရာတော်ဦးဥတ္တမမှာလည်းနိုင်ငံရေးသမား တို့၏ ပါးနပ်လိမ္မာစွာ အသုံးချခံခဲ့ရသော ပုဂ္ဂိုလ်ဖြစ်သည်။ ဆရာတော်၏ အစွမ်းသတ္တိ၊ မြန်မာနိုင်ငံသူနိုင်ငံသား များ၏ လေးစားကြည်ညိုမှုကို အသုံးချခေါင်းဆောင်တင်ကာ ထိုစဉ်က မြန်မာနိုင်ငံရေးသမားတို့ ဆရာတော် အား အသုံးချသွားခဲ့ကြသည်။ ဆရာတော်၏ ပကတိရိုးသားဖြူစင်ပြီး အမျိုးချစ်သောစိတ်၊ လွတ်လပ်ရေးကို ရယူလိုသသော စိတ်သဘောထားများမှာ မြန်မာနိုင်ငံရေးသမားတို့အတွက် အသုံးချရန် အကောင်းဆုံးပင်ဖြစ်ခဲ့ သည်။ ဆရာတော်ကားနိုင်ငံရေးအာဏာကိုလည်း မမက်မော၊ စည်းစိမ်ဥစ္စာကိုလည်းမမက်မော။ ဆရာတော် မက်မောလိုချင်ခဲ့သည်မှာ ကိုယ်ပိုင်လွတ်လပ်သော အုပ်ချုပ်ရေးစနစ်ဖြစ်သည်။

ထိုကြောင့်ပင် ဆရာတော်သည် လွတ်လပ်ရေးလမ်းကြောင်းမှ သွေဖည်ခြင်းမပြုပဲ တစ်စိုက်မတ်မတ် ဆောင် ရွက်ခဲ့သည်။ သို့ရာတွင် မြန်မာနိုင်ငံရေးအကွဲအပြဲ၌ ဆရာတော်၏ဘဝမှာ စုန်းစုန်းနစ်မြုပ်ခဲ့ရသည်။ ဘုရားပြီး ငြမ်းဖျက် ဆိုသကဲ့သို့ ဆရာတော်အား မလိုအပ်တော့သည့်အချိန်တွင် ပစ်ပယ်လျစ်လျူရှုခဲ့ကြသည်။ အလွန် ရင်နာစရာကောင်းလှဘိသည်။ ပကတိရိုးသားဖြူစင်သော စိတ်ရင်းအမှန်ဖြင့် အမျိုးသားနိုင်ငံ ရေးကိုသာ ဆောင်ရွက်ခဲ့သောဆရာတော်မှာ အခွင့်အရေးမျှော်နိုင်ငံရေးသမားတို့၏အသုံးချခြင်းကိုခံလိုက်ရခြင်း ဖြစ်သည်။

                                                ကိုယ်ပိုင်ဆုံးဖြတ်ချက်ပျောက်ဆုံး

          ၁၉၂၀ ပြည့်လွန်နောက်ပိုင်း ၁၉၄၈ ခုနှစ်ကာလအထိ မြန်မာနိုင်ငံ လွတ်လပ်ရေးလှုပ်ရှားမှုကာလတွင် လည်း ရခိုင်နိုင်ငံရေးခေါင်းဆောင်များသည် ရိုးမအရှေ့မှ နိုင်ငံရေးခေါင်းဆောင်များ၏ နောက်လိုက်အဖြစ် လှုပ်ရှားခဲ့ကြ သည်။ သိသာထင်ရှားသည်မှာ မိမိတို့၏လှုပ်ရှားဆောင်ရွက်မှုဟူသမျှ၌ ရခိုင်ပြည်နှင့် ရခိုင်ပြည်  သူတို့၏အရေးထက် အခြားတိုင်းရင်းသားပြည်သူများ အရေးအခင်းအတွက်သာ ပါဝင်လှုပ်ရှားခဲ့ကြသည်များကို တွေ့ရသည်။ အထူးသဖြင့် ဖဆပလ၊ကွန်မြူနစ် အကွဲအပြဲတွင် ပိုမိုသိသာထင်ရှားခဲ့သည်။ ဗဟို၏ချုပ်ကိုင်မှု အောက်တွင် ရခိုင်နိုင်ငံရေးသမားများ လှုပ်ရှားကပြခဲ့ကြရသည်။ ရခိုင်ပြည်နယ် အကျိုးစီးပွားအား ဖော်ဆောင် နိုင်ခြင်းမရှိခဲ့။ ရခိုင်လူငယ်များသည် ရခိုင်ပြည် အကျိုးစီးပွားထက်၊ နိုင်ငံရေးပါတီများ၏ ကစားကွက်တွင်သာ ပါဝင်ခဲ့ကြရခြင်းဖြစ်သည်။ သို့ရာတွင် ထိုစဉ်ကခေါင်းဆောင်များကတော့ ရခိုင်ပြည်နှင့် ရခိုင်လူမျိုးတို့ အကျိုး စီးပွားအား ဆောင်ရွက်ခဲ့သယောင် မှတ်ထင်နေခဲ့ကြသည်။ ရခိုင်လူငယ်တို့၏ အသက်၊ သွေးချွေးများ၊ ရခိုင်ပြည်နယ်မှ စုဆောင်းရရှိသောဘဏ္ဍာငွေကြေးများသည် ရခိုင်ပြည်သူ တို့အတွက်မဟုတ်ဘဲ ၎င်းတို့အား ချုပ်ကိုင်ထားရာ ဗဟိုအဖွဲ့အတွက်သာ ဖြစ်ခဲ့ကြောင်း ရင့်နင့်ဖွယ်ရာ တွေ့မြင်ခဲ့ရသည်။ ဖဆပလနှင့် ကွန်မြူနစ် ပါတီများတွင် ပါဝင်ခဲ့သော ရခိုင်ခေါင်းဆောင်ဆိုသူများသည် ရခိုင်အမျိုးသားရေး အသိ အမြင်များမရှိကြ။ အမျိုးသားရေးစိတ်ဓာတ်များ ပျောက်ကွယ်နေခဲ့ကြပြီး၊၎င်းတို့ပါဝင်ခဲ့သော ဗဟိုအဖွဲ့အစည်းများ၏ ညွှန်ကြားရာ အတိုင်း လိုက်နာဆောင်ရွက်နေခဲ့ကြရှာသည်။ ကိုယ်ပိုင် ဆုံးဖြတ်ချက်များ ချမှတ် ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ကြ။ ရိုးမအရှေ့မှ နိုင်ငံရေးပါတီကြီးများ၏ အသုံးချခြင်းကို အသုံးချခံရမှန်းမသိဘဲ ကျေကျေနပ်နပ်ပင် လိုက်နာ ဆောင်ရွက် ခဲ့ကြခြင်းလည်းဖြစ်သည်။

          ၁၉၅၀ ပြည့်လွန်နှစ်များတွင် ရခိုင်အမျိုးသားရေးစိတ်ဓာတ်များနိုးကြားလာခဲ့သည်။ ရိုးမရှေ့မှနိုင်ငံရေးပါ တီကြီးများ၏ နောက်လိုက်မဟုတ်ဘဲ သီးခြား ရခိုင်အမျိုးသားရေး လှုပ်ရှားမှုများ အသွင်ဖြင့် လှုပ်ရှားလာခဲ့ကြ သည်။ ရခိုင်ပြည်နယ် ရရှိရေးအပါအဝင် ရခိုင်ပြည်သူတို့၏ အကျိုးစီးပွားကို ရှေးရှုဆောင်ရွက်ခဲ့ကြသည်။ သို့ရာ တွင် ရိုးမအရှေ့ နိုင်ငံရေးပါတီကြီးများ၏ နိုင်ငံရေးပရိယာယ်အတွင်း မသိမသာ ကျရောက်ခဲ့ကြရသည်။ ၁၉၆၂  ခုနှစ်ရွေးကောက်ပွဲ တွင်ပြည်ထောင်စုပါတီ (ဦးနု၏သန့်ရှင်းဖဆပလ)နှင့် တည်မြဲဖဆပလတို့အကြား အားပြိုင်မှု၌ ရခိုင်တိုင်းရင်းသား ညီညွတ်ရေးပါတီသည် ဦးနု၏ ပါတီအာဏာရရှိရေးအတွက် ထောက်ခံခဲ့သည်။ ယင်းအတွက်ဆုလာဘ်အဖြစ် ရခိုင်တိုင်းရင်းသားဝန်ကြီးတစ်နေရာ တည်ထွင်ပေးခဲ့ရာ၊ပါတီတွင်းဝန်ကြီးနေရာ ရယူရေးအတွက်စိတ်ဝမ်းကွဲပြားမှုများ ဖြစ်ခဲ့ရသည်။ ပါတီတွင်းညီညွတ်ရေး ပြိုကွဲပျက်စီးခဲ့ရသည်။ ထိုစဉ် ရခိုင်အမျိုးသားညီညွတ်ရေးပါတီ၏ ရည်မှန်းချက်ပန်းတိုင်မှာ ဝန်ကြီးနေရာ ရယူရေးမဟုတ်။ ရခိုင်ပြည်နယ် ရရှိရေး ပန်းတိုင်ဖြစ်သည်။ သို့သော်ဝန်ကြီးနေရာကြောင့် စိတ်ဝမ်း ကွဲပြားမှုများ ဖြစ်ခဲ့ရသည်။ တော်သေးသည် ဟု ဆိုရမည်။ ၁၉၆၂ ခုနှစ်မတ်လတွင် တပ်မတော်မှ နိုင်ငံတော်အာဏာ ရယူခဲ့သဖြင့် နိုင်ငံရေးပါတီများ၏ အခန်းကဏ္ဍ နိဋ္ဌိတံဖြစ်ခဲ့ရသည်။ ထိုသို့မဟုတ်ဆိုပါက ရခိုင်တိုင်းရင်းသားစည်းလုံးညီညွတ် ရေးပါတီ (ရတည)၏ အခန်းကဏ္ဍမှာ မည်သို့ဖြစ်သွားမည်ကို မှန်းဆမရနိုင်ပေ။

                                                အမှားကြီးမှားခဲ့လေသလား

          ၁၉၉၀ ပြည့်လွန်နှစ်များက ရခိုင်နိုင်ငံရေးပါတီများ အလျှိုအလျှို ပေါ်ပေါက်ခဲ့သည်။ တစ်ခုတည်းသော ရည်မှန်းချက်ချင်းတူပါလျက် မတူကွဲပြားခဲ့ကြသည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံရေးပါတီများ ဖွဲ့စည်းခွင့် ရရှိလာသည့်အခါ ရခိုင်အမျိုးသားပါတီကြီးတစ်ခုဖြစ်သော ရခိုင်အမျိုးသားတိုးတက်ရေးပါတီ (RNDP)သည် အားကောင်းမောင်းသန်ဖြင့် ပေါ်ထွက်လာခဲ့သည်။ ရခိုင်ပြည်သူများကလည်း တစ်ခဲနက် အားပေးခဲ့သည်။ ထိုကြောင့် ၂၀၁၀ ခုရွေးကောက်ပွဲတွင် (RNDP)ပါတီသည် ရခိုင်ပြည်နယ်တွင် အမတ်နေရာ အများစုဖြင့် အနိုင်ရခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(ALD)ပါတီအား ပြန်လည်ဖွဲ့စည်း မှတ်ပုံတင်ခဲ့သဖြင့် အင်အားကောင်းသော ရခိုင်အမျိုးသားရေးပါတီ နှစ်ပါတီ ပေါ်ထွန်းလာခဲ့သည်။ ရခိုင်ပြည် သူများအနေဖြင့် ရခိုင်ပါတီနှစ်ခု ရှိနေသည်ကို မလိုလားခဲ့ကြ။ တပေါင်းတစည်းတည်း ဖြစ်စေရန် ရဟန်းရှင် လူ ပြည်သူများက တောင်းဆိုခဲ့ကြသည်။ ပြည်သူများ၏ တောင်းဆိုချက်အရ ပါတီကြီးနှစ်ပါတီတို့ ပေါင်းစည်းခဲ့ သော်လည်း စလယ်ဝင် ဖင်မမဲခင်ကပင် အက်ကြောင်းထင်လာခဲ့ပြီး၊ ၂၀၁၇ ခုနှစ်တွင် ပြန်လည်ကွဲထွက် သွားခဲ့သည်။

        ၂၀၁၅ ခုနှစ်တွင် နှစ်ပါတီပေါင်းစည်းထားသော ရခိုင်အမျိုးသားပါတီသည် ရခိုင်ပြည်နယ်လွှတ်တော် အပါအဝင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်များတွင် အများစုအနိုင်ရခဲ့သည်။ ရခိုင်အမျိုးသားပါတီ သည် ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေအားမျက်ကွယ်ပြုကာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် နေရာရရှိရေး တောင်း ဆိုခဲ့သည်။ ဝန်ကြီးချုပ်နေရာမပေးပါက ပြည်နယ်အစိုးရအဖွဲ့တွင် ပါဝင်မည်မဟုတ်ကြောင်း ထုတ်ပြန်ကြေညာ ခဲ့သည်။ ရခိုင်အမျိုးသားပါတီ၏ အဆိုပါတောင်းဆိုခဲ့မှု၊ ဆုံးဖြတ်ခဲ့မှုမှာ မည်ရွေ့မည်မျှ မှန်သည်၊မှားသည် ဆိုခြင်းကို လေ့လာသုံးသပ်သင့်ပြီလည်းဖြစ်သည်။ တစ်ခါတစ်လေ ခေါင်းဆောင်ဆိုသူများ၏ အမျက်စောင်းမာန် ကြီးမှု၊ မာန်မာနကြီးမှုများသည် အကောင်းထက် အဆိုးဖက်သို့ ရောက်သွားတတ်ကြောင်း လေ့လာတွေ့ရှိရမည် ဖြစ်သည်။ ရခိုင်အမျိုးသားပါတီ၏ အစိုးရနှင့်မပူးပေါင်းရေး ဆုံးဖြတ်ချက်ကြောင့် ဖြစ်ပေါ်ခဲ့သည့် အကျိုးသက် ရောက်မှုများကို လေ့လာသုံးသပ်ဆင်ခြင်ရန်လိုအပ်သည်။

                                                          သိပိုင်ခွင့်ဆုံးရှုံး

          ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို မဏ္ဍိုင်သုံးရပ်ဖြင့် ထိန်းကျောင်းသည်ဟု ဆိုသည်။ ထိုမဏ္ဍိုင်သုံးရပ်မှာ ဥပဒေပြုရေးအာဏာ၊ စီမံခန့်ခွဲရေးအာဏာနှင့် တရားစီ ရင်ရေးအာဏာများဖြစ်ကြသည်။ ရခိုင်အမျိုးသားပါတီမှ လွှတ်တော်ကိုယ်စားလှယ် အများစုပါဝင်သော ရခိုင်ပြည်နယ်လွှတ်တော်၏ အဓိကတာဝန်မှာ ဥပဒေပြုရေးဖြစ်သည်။ အခြားတစ်ဖက်တွင်လည်း အုပ်ချုပ်ရေး အာဏာနှင့် တရားစီရင်ရေးအာဏာကို ထိန်းကျောင်းရန် တာဝန်လည်းရှိသည်။ သို့ရာတွင် စီမံခန့်ခွဲရေး အာဏာကို အဓိက တာဝန်ယူဆောင်ရွက်နေသည်မှာ အစိုး ရအဖွဲ့ဖြစ်သည်။ ရခိုင်ပြည်နယ်အစိုးရအဖွဲ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ပြည်နယ်ဝန်ကြီးချုပ်အပါအဝင် ဝန်ကြီးသုံးဦး၊ ရခိုင်အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှတစ်ဦး၊တပ်မတော်သားကိုယ်စားလှယ်တစ်ဦးနှင့် ပြင်ပ တတ်သိပညာရှင် သုံးဦးပါဝင်လျက်ရှိသည်။ သို့ရာတွင် ရခိုင်အမျိုးသားပါတီမှ ပါတီဝင်များမှာ ပြည်နယ်အစိုးရအဖွဲ့တွင် တစ်ဦးမျှ ပါဝင်ခြင်းမရှိခဲ့ပေ။ ထိုသို့ မရှိခဲ့ခြင်းကြောင့် အစိုးရအဖွဲ့၏ ငွေကြေးဆိုင်ရာသုံးစွဲမှုများ၊လုံခြုံရေးဆိုင်ရာဆောင်ရွက်မှုများ ဆောင်ရွက်ချက် များတွင် ရခိုင်အမျိုးသားပါတီအနေဖြင့် ပါဝင်ဆွေးနွေးခွင့်မရသည် သာမက၊လုပ်ဆောင်ချက်များကိုလည်း သိပိုင်ခွင့်မရှိ ဖြစ်ခဲ့ရသည်။ အစိုးရအဖွဲ့မှ လွှတ်တော်သို့ တင်ပြလာမှသာ (နောက်ကျပြီးမှသာ) သိခွင့်ရတော့ သည်။ အထူးသဖြင့် ၂၀၁၆ခုနှစ်နှင့်၂၀၁၇ ခုနှစ်များတွင်ပေါ် ပေါက်ခဲ့သည့် မောင်တောဒေသ အကြမ်းဖက်မှုများ နောက်ပိုင်း ပြည်ထောင်စုအစိုးရမှ ဆောင်ရွက်ချက်များ၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ဆောင်ရွက်ချက်များကို ရခိုင်အမျိုးသားပါတီအနေဖြင့် သိနိုင်ခွင့်များ ဆုံးရှုံးခဲ့ရသည်။ အစိုးရအဖွဲ့နှင့် ဆက်သွယ်လုပ်ကိုင်ဆောင်ရွက်နေ သည့် NGO အဖွဲ့များ၊ ကုလသမဂ္ဂဆိုင်ရာUNHCR,UNDP,WFPအဖွဲ့များ၏ သွားလာလုပ်ကိုင် ဆောင်ရွက်ခြင်း များကိုလည်း သိရှိနိုင်ခြင်း မရှိတော့သဖြင့် မျက်စိကန်း၊ နားပင်းသလိုမျိုးဖြစ်နေရသည်။

                                                      စည်းလုံးညီညွတ်မှုပျက်ပြား

အထူးသဖြင့် ရခိုင်အမျိုးသားပါတီမှ ဦးအေးသာအောင် (ယခင်ALD) အမျိုးသားလွှတ်တော် ဒုတိယ ဥက္ကဋ္ဌနေရာတွင် လက်ခံဆောင်ရွက်ခဲ့မှု၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့တွင် ရခိုင်အမျိုးသားပါတီမှ ဦးကျော်လွင် တာဝန်ယူလက်ခံခဲ့မှုများကြောင့် ရခိုင်နှစ်ပါတီပေါင်းစည်းဖြစ်ပေါ်ခဲ့သည့် တစ်ခုတည်းသော ရခိုင်အမျိုးသား အင်အားစုပါတီဖြစ်သည့် ရခိုင်အမျိုးသားပါတီမှာ ပြန်လည်အက်ကြောင်းထင်လာခဲ့သည်။ ထိုနှစ်ပါတီသည် ၂၀၁၇  ခုနှစ်တွင် အတိအလင်း ခွဲထွက်မှုများ ဖြစ်လာခဲ့သည်။ ပါတီကွဲခြင်းမှာ ပြည်သူများအတွင်း ကွဲခြင်း လည်းဖြစ်သည်။ ထိုမျှသာမက ရခိုင်အမျိုးသားပါတီ၏ ဥက္ကဋ္ဌဖြစ်သော ဒေါက်တာအေးမောင်မှာ ပါတီမှ နှုတ်ထွက်ပြီး ပါတီသစ်ထူထောင်ရန် ကြိုးပမ်းဆောင်ရွက်လာခဲ့သည်။ ဒေါက်တာအေးမောင်မှာ (RNDP)(ALD) ပါတီများ ပေါင်းစည်းရေးဆောင်ရွက်စဉ်က၊ နှစ်ပါတီပေါင်းစည်းရေးကို အလေးအနက်ထားခဲ့သူဖြစ်ပြီး၊ အကယ်၍ နှစ်ပါတီပေါင်းစည်းခြင်းမပြုနိုင်လျှင် ပါတီမှ နှုတ်ထွက်မည်ဟုအတိအလင်း ပြောကြားခဲ့သူ ဖြစ်သည်။ နိုင်ငံရေးပါတီများ ပေါင်းစည်းရေးကို လိုလိုလားလားရှိခဲ့၊ တက်တက်ကြွကြွ ဦးစီးဆောင်ရွက်ခဲ့သူ နိုင်ငံရေးပါတီ ခေါင်းဆောင်က တတိယပါတီတစ်ခုအဖြစ် ထူထောင်ရန်ကြိုးပမ်းလာခဲ့ခြင်းမှာ မယုံကြည်နိုင်စရာ ဖြစ်သည်။ ဤဆောင်ရွက်ချက်များက ရခိုင်နိုင်ငံရေးပါတီများ၏ အကွဲအပြဲကို ပိုမိုနက်ရှိုင်းသော သက်ရောက်မှုများ ဖြစ်ပေါ် စေခဲ့သည်။

   ဦးအေးသာအောင် အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌနေရာလက်ခံခဲ့မှု၊ဦးကျော်လွင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးနေရာလက်ခံဆောင်ရွက်ခဲ့မှု တို့ကြောင့် ရခိုင်အမျိုးသားပါတီတွင်း သဘောထားကွဲလွဲမှုများ ဖြစ်ပေါ် လာခဲ့ရပြီး ရခိုင်ပြည်သူတို့အတွင်း စည်းလုံးညီညွတ်မှု ပျက်ပြားခဲ့ရသည်။ ထို့အပြင် ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင် ပါတီမှ နှုတ်ထွက်စာတင်ပြီး ပါတီသစ်ထူထောင်ရန် ကြိုးပမ်းခြင်းမှာလည်း ရခိုင်ပြည်သူတို့ အကြား စည်းလုံးညီညွတ်မှုကို ထိခိုက်စေသည်သာမက ဝါးအစည်းပြေသကဲ့သို့ပင် ရခိုင်ပြည်သူတစ်ရပ်လုံး၏ စည်းလုံးမှုကို ပျက်ပြားစေခဲ့ ရပြီးဖြစ်သည်။ စည်းလုံးညီညွတ်သောရခိုင်ပြည်သူတို့အကြားသပ်လျှိုသွေးခွဲရန် အကြံအစည်များ ရှိကောင်းရှိနေမည်ဖြစ်ရာ ယင်းအကြံအစည် အောင်မြင်ရေးအတွက် ရခိုင်နိုင်ငံရေးပါတီ ခေါင်းဆောင်များ အသုံးချခံလိုက်ရခြင်းပင် ဖြစ်ကြောင်း မှန်းဆသုံးသပ်နိုင်ပေသည်။

          ရခိုင်ပြည်သူများ၏ ရိုးဖြောင့်မှု၊ မဟုတ်မခံစိတ်ရှိမှု၊ ဒေါသအမျက်ကြီးမားမှု၊ မာန်ထန်မှုများ စသည့် ရခိုင်ခေါင်းဆောင်များ၏ ပျော့ကွက်ဟာကွက်များကို အသုံးချကာ ရခိုင်ပြည်နှင့် ရခိုင်ပြည်သူတို့အား သွေးကွဲစေ ခဲ့သည်မှာ ရှေးယခင်ကာလများကပင်ဖြစ်သည်။ ယနေ့ကာလတွင်လည်း ရခိုင်ပြည်သူများနှင့် ရခိုင်နိုင်ငံရေး ခေါင်းဆောင်များ  အသုံးချခံ မဖြစ်ရေးမှာ ခေါင်းဆောင်များ၏ စဉ်းစားချင့်ချိန်ဉာဏ်နှင့် သုံးသပ်လုပ်ကိုင် ဆောင်ရွက်ရေးအပေါ်တွင် မူတည်နေပေသည်။ သတိမမူပါက သာမန် အသုံးချခံသက်သက်သာ မဟုတ်ဘဲ အမျိုးသားသစ္စာဖေါက်များ အဖြစ်လည်းကောင်း၊ သမိုင်းတရားခံများအဖြစ်လည်းကောင်း ရခိုင်သမိုင်းတွင် ထင်ကျန်ရစ်ခဲ့မည်မှာ မလွဲမသွေပင်ဖြစ်သည်။

                                                                                                စစ်မာန်ငြိမ်း