- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
ရခိုင်ပြည်ကို ပြန်ချင်ကြသည့် ကမန်များ
“ ကမန်တွေကို တခြားတိုင်းရင်းသားတွေ အထင်အမြင်လွဲတာ မခံချင်ဘူး။ သူက အထင်အမြင် လွဲသွားအောင် လုပ်လိုက်တာ။ တခြားဘင်္ဂါလီတွေနဲ့ ရောနှောပြီးလာမှာလား၊ ဘာလားဆိုပြီး ပြောလိုက်တဲ့အပေါ်မှာတော့ ကန့်ကွက်ပါတယ် ” ဟု ဦးထွန်းငွေက ပြောသည်။
20 Feb 2019
Written by >ဖဒူ ထွန်းအောင်
ဘောလုံးကွင်း တစ်ကွင်းစာခန့်ရှိသည့် မြေနေရာတွင် ဓနိရွက်မိုး၊ ဝါးထရံကာ၊ ဝါးလုံးများကို ခင်းထားသည့် နေအိမ်များ ဆောက်လုပ်ထားသည်။ တချို့အိမ်များကို ရေဆိုးမြောင်းထဲတွင် ဝါးတိုင်များ စိုက်ထူပြီး ဆောက်လုပ်ထား ခြင်းဖြစ်သည်။
ယင်းအိမ်စုလေးသည် ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ ဘွက်ကြီးကျေးရွာ မြောက်ပိုင်းတွင် တည်ရှိပြီး ကမန် လူမျိုးများ၏ နေအိမ်များ ဖြစ်ကြသည်။
ပြောင်းရွှေ့လာကြသူများအထဲတွင် အသားညိုညို၊ ဆံပင်လည်အထိရှည်ပြီး ခန္ဓာကိုယ်ခပ်ပြည့်ပြည့်နှင့် မယဉ်မင်းထွန်းလည်း ပါဝင်သည်။ သူသည် အသက် ၁၆ နှစ်အရွယ်တွင် တက္ကသိုလ်ဝင်တန်းကို ဆုံးခန်းတိုင်အောင် မသင်ခဲ့ရဘဲ ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်သည်။
ပဋိပက္ခကြားထဲတွင် ပိတ်မိခြင်း
မယဉ်မင်းထွန်းအပါအဝင် ကမန်လူမျိုးများသည် အစ္စလာမ်ဘာသာကို ကိုးကွယ်ကြသည်။ ၂၀၁၂ ခုနှစ်တွင် ရခိုင်ပြည်နယ်အတွင်း ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခက လူနည်းစု ကမန်လူမျိုးများအပေါ် ရိုက်ခတ်မှုကြီးမားခဲ့သည်။
ယင်းပဋိပက္ခအတွင်း မယဉ်မင်းထွန်းတို့အိမ်လည်း မီးရှို့ဖျက်ဆီးခြင်း ခံလိုက်ရသည်။ ထို့နောက် ကမန်လူမျိုးအများအပြားမှာ အစိုးရဖွင့်လှစ်ထားသည့် ဒုက္ခသည် စခန်းများတွင် ခိုလှုံခဲ့ကြရသည်။ ယင်းဒုက္ခသည်စခန်းတွင် ပညာရေး၊ စားဝတ်နေရေး အခက်အခဲတို့ကို ရင်ဆိုင်ခဲ့ကြရသည်။
ဒုက္ခသည်စခန်းများပိတ်သိမ်းမှုနှင့် ကမန်များ၏ပြောင်းရွှေ့မှု
၂၀၁၈ ခုနှစ်အတွင်း တွင် ကိုဖီအာနန်ဦးဆောင်သော ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်က ဒုက္ခသည်စခန်း (၃) ခုကို ပိတ်သိမ်းရန် ကော်မရှင်၏ ကြားဖြတ်အစီရင်ခံစာတွင် အကြံပြုတိုက်တွန်းခဲ့သည်။ ယင်းစခန်း (၃) ခု အနက် ကမန် ဒုက္ခသည်စခန်းလည်း ပါသည်။
ထို့ကြောင့် ကမန်ဒုက္ခသည်စခန်းကို အစိုးရက ပိတ်သိမ်း လိုက်သည်။ ကမန်ဒုက္ခသည်များက သူတို့ မူလ နေထိုင်ခဲ့သည့် နေရာတွင် နေရာချထားပေးလိမ့်မည်ဟု မျှော်လင့် ခဲ့ကြသည်။သို့သော် မျှော်လင့်ချက် အတိုင်း ဖြစ်မလာပေ။
အစိုးရက ရန်ကုန်သို့ ပြောင်းရွှေ့ နေရာချထားမှုကို ဆောင်ရွက်ပေးခဲ့သည်။ လူဦးရေ ၂၀၀ ကျော်ပါဝင်သည့် အိမ်ထောင်စု ၅၅ စုသည် ၂၀၁၈ ခုနှစ်တွင် အစိုးရအစီအစဉ်ဖြင့် ဘွက်ကြီးကျေးရွာသို့ ရောက်ရှိလာသည်။
မိသားစု တစ်စုလျှင် ကျပ် ၅၀၀,၀၀၀ နှင့် မိသားစုထဲမှ လူတစ်ဦးချင်းစီအား ကျပ် ၁၀၀,၀၀၀ အစိုးရက ပေးခဲ့သည်။ သူတို့ ရန်ကုန်သို့ ပြောင်းရွှေ့ရန်အတွက်လည်း လေယာဉ်လက်မှတ် အခမဲ့ စီစဉ်ပေးခဲ့သည်။
မယဉ်မင်းထွန်းက “ရန်ကုန်ကို မလာချင်ဘူးပေါ့။ ဒီမှာ(ရန်ကုန်မှာ) အသိ(မိတ်ဆွေ)လည်း မရှိဘူး။ ကိုယ်က ဟိုမှာကျတော့ ကျောင်း တက်နေတာလေ။ ဒီကိုရောက်တော့ ကျောင်းလည်း မတက်ရတော့ဘူးဆိုပြီး ဝမ်းနည်းတယ်ပေါ့။ ဒါပေမယ့် ဒုက္ခရောက်တော့ လာရတယ်လေ”ဟု ပြောသည်။
ကမန်ဆိုသည်မှာ
ကမန်တို့သည် ရခိုင်ဘုရင့်ခေတ် ဘုရင့်တပ်တွင် သူရဲကောင်း လေးသည်တော်တပ်ဖွဲ့တွင် မင်းမှုထမ်းခဲ့ကြသည်။ ကမန်မျိုးနွယ်စုများမှာ ရခိုင်များနှင့် ရိုးရာယဉ်ကျေးမှု၊ ဝတ်စားဆင်ယင်ထုံးဖွဲ့ပုံ၊ ဘာသာစကား အပြောအဆိုများ တူညီကြသည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကမန်လူဦးရေ ငါးသောင်းခန့်ရှိသည်ဟု ကမန်တိုင်းရင်းသား ခေါင်းဆောင်များက ဆိုကြသည်။
သို့သော်လည်း အစိုးရကမူ ကမန်လူမျိုးဦးရေကို တရားဝင် စာရင်းအတိအကျဖြင့် ကောက်ခံ ထုတ်ပြန်ထားခြင်းမရှိသေးပေ။
ကမန်များ စတင်ရွှေ့ပြောင်းရောက်လာကာစက ဘွက်ကြီးကျေးရွာတွင် မူလနေထိုင်နေကြသည့် ဗုဒ္ဓဘာသာဝင် ဗမာလူမျိုးများက သူတို့အပေါ် အထင်မှား သံသယဖြင့် ကြည့်ရှုကြသည် ။ တစ်ဖက်မှာလည်း ကမန်လူမျိုးများမှာ ရခိုင်မျိုးနွယ်စုဝင်ဖြစ်သောကြောင့် မွတ်ဆလင်အသိုင်းအဝိုင်းများကလည်း သူတို့ကို အထင်လွဲမှုများ ရှိပြန်သည်။
“နောက်တော့ တဖြည်းဖြည်းတော့ ဒီလူတွေက ကမန်လူမျိုးတွေပဲလို့ သတင်းတွေ၊မီဒီယာတွေမှာပါလာတော့ ဖြေလျှော့သွားတာရှိတယ်” ဟု ကမန်တိုင်းရင်းသားလူမှုကွန်ရက် ဥက္ကဋ္ဌ ဦးထွန်းငွေက ပြောသည်။
လွှတ်တော်ထဲက ကန့်ကွက်သံ
ဘွက်ကြီးရွာသို့ ရောက်ပြီး အနီးအနားရှိ လူများနှင့် သဟာဇာတဖြစ်အောင် နေထိုင်နေချိန် ၂၀၁၈ ခုနှစ်၊ မတ်လ ၅ ရက်နေ့ တွင် ကမန်လူမျိုးများအတွက် ခါးသီးစရာနေ့ရက်ဆိုးတစ်ခုကို ကြုံတွေ့လာရသည်။
ယင်းနေ့တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အမတ် ဦးမောင်မြင့်က ကမန်လူမျိုးများကို ရန်ကုန်မှာ ပြောင်းရွှေ့ နေထိုင်ခွင့်ပြုထားခြင်းနှင့်ပတ်သက်ပြီး ပြန်လည်သုံးသပ်ပေးရန် ပြည်သူ့လွှတ်တော်တွင် အဆိုတစ်ခု တင်သွင်း လိုက်သည်။
ကိုဖီအာနန်ကော်မရှင်၏ အကြံပြုချက်မှာ ဒုက္ခသည်စခန်းရှိ နေထိုင်သူများကို မိမိတို့၏ မူလဒေသများကို ပြန်ပို့ရမည်ဟု ရှင်းလင်းစွာပါရှိသော်လည်း ရန်ကုန်သို့ ပို့ရမည်ဟု မပါကြောင်း ပြောသည်။ ယင်းအပြင် ယခုကဲ့သို့ မူလနေရာကို ပြန်ပို့မည့် အစား ရန်ကုန်သို့ ပို့လိုက်ခြင်းမှာ ရည်ရွယ်ချက်ရှိရှိ လွဲမှားဆောင်ရွက်နေခြင်းမှာ ထင်ရှားသည်ဟု ဦးမောင်မြင့်က လွှတ်တော်တွင် ပြောကြားခဲ့သည်။
“ ဒီဖြစ်စဉ်ကိုသာ ကျွန်တော် တို့က ငြိမ်ခံနေမယ်ဆိုရင် ဒါက Precedent (နမူနာ ပုံစံ)ဖြစ်သွားပြီး နောက်ထပ် ပြောင်း ရွှေ့ဖို့အတွက် IDP စခန်းတွေမှာ ဘင်္ဂါလီ ၁၂၀,၀၀၀ ဟာ တန်းစီအသင့်စောင့်ဆိုင်းနေပါတယ်။ အစိုးရစီစဉ်ပေးတဲ့ ဘင်္ဂါလီကလည်းဝင်၊ တရားမဝင် ခိုးဝင် တဲ့ ဘင်္ဂါလီကလည်း ဝင်နေတာကို လက်ပိုက်ကြည့်နေမယ်ဆိုရင်တော့ ရန် ကုန်တစ်မြို့လုံး မကြာခင်မှာ ဘင်္ဂါလီ တွေချည်း ဖြစ်မှာမလွဲပါပဲခင်ဗျား ” လို့ ၎င်းက ပြောကြားခဲ့သည်။
ကမန်များ၏တုံ့ပြန်သံ
ယင်းသို့ပြောကြားချက်ကို ကမန်လူမျိုးများက လက်မခံကြပေ။ ကမန်လူမျိုးများမှာ တိုင်းရင်းသား ၁၃၅ မျိုးထဲမှာပါဝင်သည့် တိုင်းရင်းသားလူမျိုးတစ်ခုသာဖြစ်သည်ဟု တုန့်ပြန်ကြသည်။
“ ကမန်တွေကို တခြားတိုင်းရင်းသားတွေ အထင်အမြင်လွဲတာ မခံချင်ဘူး။ သူက အထင်အမြင် လွဲသွားအောင် လုပ်လိုက်တာ။ တခြားဘင်္ဂါလီတွေနဲ့ ရောနှောပြီးလာမှာလား၊ ဘာလားဆိုပြီး ပြောလိုက်တဲ့အပေါ်မှာတော့ ကန့်ကွက်ပါတယ် ” ဟု ဦးထွန်းငွေက ပြောသည်။
၂၀၀၈ ဖွဲ့စည်းပုံအရ နိုင်ငံသားတိုင်းသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော်အတွင်း မည်သည့်အရပ်ဒေသမှာမဆို ဥပဒေနှင့် အညီ အခြေစိုက်နေထိုင်ခွင့်ရှိသည်ဟု ပြဌာန်းထား သည်။ ယင်းအချက်ကို ကမန်လူမျိုးများက လက်ခံထားကြသည်။
ဦးမောင်မြင့်တင်သွင်းခဲ့သည့်အဆိုသည် ပြည်သူ့လွှတ်တော်တွင် ရှုံးနိမ့်ခဲ့သည်။
ရခိုင်ကိုပဲပြန်ချင်တယ်
ကမန်အများစုကမူ ရမ်းဗြဲမြို့နယ်က သူတို့နေရပ်တွင် ပြန်လည် နေထိုင်ရမည့် အခွင့်အရေး နည်းပါးနေသော်လည်း နေရပ်ပြန်နိုင်ရေးအတွက် ဇွဲမလျှော့ဘဲ ဆက်လက်မျှော်လင့်နေဆဲဖြစ်သည်။
တစ်ချို့ကမန်များကမူ ရခိုင်ကို မပြန်ချင်ကြတော့ဘဲ ရန်ကုန်တွင်သာ လုပ်ကိုင်စားသောက်ချင်ကြသည် ကိုတွေ့ခဲ့ရသည်။
ရန်ကုန်တိုင်းအစိုးရအဖွဲ့၊ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က ယခု ကမန်များနေထိုင်သည့်ဘွက်ကြီးကျေးရွာတွင် မီးလင်းရေး၊ ကမန်များအတွက် လိုအပ်သည့်အိမ်ယာများဆောက်လုပ်ပေးရေးနှင့် ဘာသာရေးကိုးကွယ်မှုများအတွက် အနီးအနားရှိ ဗလီများနှင့် ချိတ်ဆက်ပေးမှုများ ပြုလုပ်ပေးပြီးကူညီဆောင်ရွက် နေသည်ဟုဆိုသည်။
ကမန်များ ရမ်းဗြဲမြို့နယ်တွင် နေထိုင်ခဲ့သည့် နေရာသည် ပင်လယ်ကမ်းစပ်အနီးတွင်ဖြစ်ပြီး ယင်းနေရာတွင် နေထိုင်ခွင့်ပြန်ပေးရန် မဖြစ်နိုင်ကြောင်းပြောသည်။
“ဥပဒေအရ ပင်လယ်၊မြစ်ချောင်းရဲ့ ကိုက် ၁၅၀ သည် ဘယ်ရပ်ကွက်မှ ချပေးလို့မရဘူး ” ဟု ဦးဇော်အေးမောင် ကဆိုသည်။ အစိုးရချပေးမည့် နေရာတွင် နေထိုင်ရန်လက်ခံမည်ဆိုပါက ချက်ချင်းချပေးမည်ဟု၎င်းက ဆက်လက်ပြောသည်။
ပင်လယ်ကမ်းစပ်အနီးတွင် နေထိုင်ခဲ့သည်ဟု ဦးဇော်အေးမောင်၏ ပြောဆိုချက်ကို အချက်အလက် လွဲမှားနေကြောင်း ကမန်များက တုန့်ပြန်ကြသည်။ သူတို့သည် ရခိုင်ပြည်နယ် ရမ်းဗြဲမြို့ တန့်ရွာ အမှတ် (၆) ရပ်ကွက်တွင်သာ နေထိုင်ခဲ့ခြင်းဟု ကမန်အမျိုးသားတိုးတက်ရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးတင်လှိုင်ဝင်းက ပြောသည်။
“တန့်ရွာ(အမှတ် ၆ )ရပ်ကွက်ဆိုတာ တောင်ပတ်လည် ဝိုင်းထားတာ ”ဟု ၎င်းက ဆက် လက်ဆိုသည်။
ကမန်တိုင်းရင်းသူ မယဉ်မင်းထွန်းကလည်း လက်ရှိအချိန်တွက် ရန်ကုန်ဖွား ကမန်အမျိုးသား တစ်ယောက်နှင့် အိမ်ထောင်ပြုထားပြီး ကလေးတစ်ယောက်မွေးဖွားထားပြီဖြစ်သည်။ သို့သော်လည်း ရန်ကုန် တွင် အခြေချရန် စိတ်ကူးမရှိသေးပေ။
“ကိုယ့်ဇာတိမြေဆိုတော့ ပြန်ချင်တာပေါ့ ” လို့ မယဉ်မင်းထွန်းက ကလေးမျက်နှာကို ကြည့်လျက်ပြောသည်။
ဖဒူ ထွန်းအောင်