ရခိုင်ပြည်အကြံပေးကော်မရှင်၏အရွေ့

စကတည်းက အတိုက်အခံ၊ အငြင်းအခုံများဖြင့် ဖွဲ့စည်းခဲ့သော ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်သည် ယခုအချိန်တွင် ၉ လာတာ ကြာမြင့်ခဲ့ပြီဖြစ်သည်။ 

ရခိုင်ပြည်နယ်သည် နိုင်ငံတော်အစိုးရအဆက်ဆက်မှ ပြေလည်အောင်မဖြေရှင်းပေးခဲ့သည့်အတွက် နာတာရှည်ရောဂါနဲ့

By ကျော်လင်း (ရောင်စုံ) 11 May 2017

(ကိုဖီအာနန်ဦးဆောင်သော ရခိုင်ပြည်နယ်အဆိုင်ရာ အကြံပေးကော်မရှင်အား ရန်ကုန်မြို့ သတင်းစာရှင်းလင်းပွဲတစ်ခု၌ တွေ့ရစဉ်။       ဓါတ်ပုံ - Min Kyaw Thu Htay)

မေလ ၁၁ ရက်၊ ၂၀၁၇ ခုနှစ်၊ ကျော်လင်း (ရောင်စုံ)/DMG ။      ။     စကတည်းက အတိုက်အခံ၊ အငြင်းအခုံများဖြင့် ဖွဲ့စည်းခဲ့သော ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်သည် ယခုအချိန်တွင် ၉ လာတာ ကြာမြင့်ခဲ့ပြီဖြစ်သည်။

ရခိုင်ပြည်နယ်သည် နိုင်ငံတော်အစိုးရအဆက်ဆက်မှ ပြေလည်အောင်မဖြေရှင်းပေးခဲ့သည့်အတွက် နာတာရှည်ရောဂါနဲ့ အလားသဏ္ဍာန်တူသည်။ ကုသသောဆေးများမှာလည်း ဆေးမြီးတိုများသာဖြစ်သည်။ ယင်းအတွက်ကြောင့် ကမ္ဘာနဲ့ဆက်စပ်လာလျှင် ကမ္ဘာ့မျက်နှာစာများဖြစ်သောသူများနဲ့သာ အဖြေရှာရမည်ဟုဆိုကာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်အား ခေါင်းဆောင်စေကာ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ပြည်တွင်း၊ ပြည်ပပညာရှင်များ (၉) ဦးပါဝင်သော အဖွဲ့ကို ဖွဲ့စည်းခဲ့သည်။

သို့ရာတွင် ရခိုင်ပြည်တွင်း အမတ် (၄၅) နေရာဖြင့် အနိုင်ရရှိထားသော ရခိုင်အမျိုးသားပါတီ (ANP) က ခေါင်းဆောင်များနှင့် လွှတ်တော်အမတ်များမှ လွှတ်တော်တွင်း၌ ဆန့်ကျင်ခဲ့ကြသည်။ ရခိုင်ပြည်သူများမှာလည်း ကန့်ကွက်ဆန္ဒပြမှုများ ရှိခဲ့သည်။ ရခိုင်အမျိုးသားပါတီ (ANP) မှ ကန့်ကွက်ရသည့် အကြောင်းအရင်းမှာ ရခိုင်ပြည်အရေးကို လုပ်ဆောင်ရာတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အနေဖြင့် ရခိုင်လူမျိုးတစ်မျိုးသားလုံးအား ကိုယ်စားပြုထားသော ရခိုင်အမျိုးသားပါတီ (ANP) အား အသိမှတ်မပြုခြင်း၊ ကြိုတင်ညှိနှိုင်းမှု မရှိခြင်းကြောင့်ဟု အကြောင်းပြသည်။ ယင်းသို့ ကန့်ကွက်ဝေဖန်နေသည့်ကြားက ဖွဲ့စည်းလာခဲ့သော ကိုဖီအာနန်ကော်မရှင်ဟု လူသိများသည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်သည် ယခုအချိန်အထိ ဘယ်လို အကျိုးသက်ရောက်မှု ရှိသွားပြီလဲဟု မေးခွန်းထုတ်စရာဖြစ်လာသည်။

ကော်မရှင်ထဲတွင် ရခိုင့်သမိုင်း၊ ရခိုင့်နိုင်ငံရေးနှင့်ပတ်သက်၍ ပါဝင်သင့်သူများက မပါဝင်ခြင်းဖြစ်သည်။ ရခိုင်သမိုင်းပညာရှင် တစ်ဦးဖြစ်သူ ဒေါက်တာအေးချမ်းမပါဝင်ဘဲ ရန်ကုန်မှ တစ်ချို့ကို ပါဝင်ထည့်ထားခြင်းသည် ရခိုင်အရေးကို အလေးမထားရာရောက်ပြီး NLD အစိုးရအနေဖြင့် မိမိတို့နှင့် အလွမ်းသင့်သူများကိုသာ ခေါ်ယူခြင်းဖြစ်သည်ဟု ဝေဖန်သူများလည်းရှိခဲ့သည်။ ရခိုင်အမျိုးသားပါတီမှ လွှတ်တော်ကိုယ်စားလှယ်တချို့ဆိုလျှင် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ဖွဲ့စည်းကာ ကိုဖီအာနန်ကိုခေါ်ယူခြင်းဖြင့် နိုင်ငံခြားအလှူငွေများကို မျှော်ကိုးခြင်းဖြစ်သည်ဟု သုံးသပ်မှုများလည်း ရှိသည်။ မည်သို့ပင်ဆိုစေ ကိုဖီအာနန်ကော်မရှင်သည် ဒေါ်အောင်ဆန်းစုကြည်က ကုလသမဂ္ဂမှ ကိုယ်တိုင်ဝင်ရောက်ဖြေရှင်းမည့်အရေးကို ကာကွယ်လိုက်ခြင်းဖြစ်သည်ဟု ယူဆမှုများလည်းရှိသည်။

နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ချို့ အဆိုအရ ကုလသမဂ္ဂအတွင်းရေးမှူးဟောင်း ဘန်ကီမွန်းသည် ကုလသမဂ္ဂဆိုင်ရာ မဟာမိတ်နိုင်ငံများ အစည်းအဝေးသို့ ဒေါ်အောင်ဆန်းစုကြည်အား ဖိတ်ကြားထားခဲ့သည်။ အဆိုပါ ဆွေးနွေးပွဲတွင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်လာလျှင် တောင်းဆိုမှုတစ်စုံတစ်ရာရှိပြီး ရခိုင်အရေးနှင့် ပတ်သတ်ပြီး ဖိအားပေးမှုများ ရှိလာနိုင်သည်။ ယင်းကဲ့သို့ ကုလသမဂ္ဂမှ ကြားဝင်မည့်အခြေအနေများကို ကာကွယ်လိုသည့် သဘောဖြင့် ဘန်ကီမွန်းထက် စီနီယာကျသော အတွင်းရေးမှူးဟောင်း ကိုဖီအာနန်အား အကူညီတောင်းခံ ခဲ့ခြင်းဖြစ်သည်။ ရခိုင်လွှတ်တော် ကိုယ်စားလှယ်များကို ကြိုတင်အသိပေးခဲ့လျှင် တားမြစ်သံများထွက်ပေါ်လာပြီး ကမ္ဘာကသိရှိသွားမည်ဖြစ်သည်။ ယင်းသို့သိရှိသွားလျှင် သူစီမံထားသည့်အတိုင်း လုပ်ဆောင်ရန်မလွယ်ကူသောကြောင့် ဒေါ်အောင်ဆန်းစုကြည် သဘောပေါက်ထားသည်။ တကယ်တမ်းတွင်လည်း ကိုဖီအာနန်ကော်မရှင်ကို ဖွဲ့စည်းပြီးသည့်အခါ ကုလသမဂ္ဂမိတ်ဖက်နိုင်ငံနှင့် အစည်းအဝေးကို တက်ရောက်မည့်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်ကို ကျန်းမာရေးအရ ဆရာဝန်မှ နားခိုင်းထားသည်ဟုဆိုကာ တက်ရောက်ခြင်းမရှိပေ။

ဘန်ကီမွန်းအနေဖြင့်လည်း ၎င်းထက် စီနီယာဖြစ်သော ကိုဖီအာနန်ဝင်ပါနေသည့်အတွက်ကြောင့် စုံစမ်းရာတွန်းအားပေးရန် မတတ်နိုင်တော့ပေ။ ယင်းအခြေအနေများအား သေချာလေ့လာမှူ မရှိသောအခါ ဒေါ်အောင်ဆန်းစုကြည်မှ ကြိုတင်တိုင်ပင်မှူမရှိသည့်အတွက်ဟုဆိုကာ ရခိုင်အမျိုးသားပါတီ (ANP) ကော်မရှင်အား ကန့်ကွက်သော Statement အားထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်ဟု သုံးသပ်ကြသည်။

တစ်ဖက်တွင်လည်း ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီသည် လူ့အခွင့်အရေးကို ရှေ့တန်းတင်ကာ ရခိုင်ပြည်မြောက်ပိုင်းပြဿနာကို ခြေခြေမြစ်မြစ်မသိသဖြင့် သေချာသော စီမံကိန်းများ ချမှတ်ဆောင်ရွက်နိုင်စွမ်းမရှိဟု ကော်မရှင်အား မလိုလားသူတို့က ဝေဖန်ကြသည်။ ၎င်းတို့၏ အစိုးရလက်ထက်မှာပင် အကြမ်းဖက်မှုများ ထပ်မံဖြစ်ပွားခဲ့သည်။ ၂၀၁၆ အောက်တိုဘာ (၉) တွင် မောင်တောမြို့နယ် ကျီးကန်းပြင်ကျေးရွာရှိ အမှတ် (၁) နယ်ခြားစောင့် ရဲကွပ်ကဲမှူးအဖွဲ့ရုံး (ဌာနချုပ်) အပါအဝင် ငါးခူရနယ်ခြားစောင့်ရဲစခန်း၊ ကိုးတန်ကောက်ရဲစခန်းတို့သည် တစ်နေ့တည်းတွင် အကာလ်မူလ် မူဂျာဟီဒင်န် အကြမ်းဖက်အဖွဲ့က စီးနင်းတိုက်ခိုက်ခဲ့သည်။ ယင်းဖြစ်စဉ်တွင် ရဲတပ်ဖွဲ့ (၉)ဦးကျဆုံးကာ လေးဦးဒဏ်ရာရရှိခဲ့သည်။ အောက်တိုဘာ (၁၅) ရက်အထိ မြန်မာ့တပ်မတော်မှ (၁၅) ဦးကျဆုံးခဲ့သည်။ အစိုးရဖက်မှ လက်နက်မျိုးစုံ (၅၁) မျိုးနှင့် ကျည်ဆန် (၁၀,၁၄၀) ဆုံးရံှူးခဲ့သည်။ အကာလ်မူလ် မူဂျာဟီဒင်န် အကြမ်းဖက်အဖွဲ့မှ ၁၂ ဦးကို အသေဖမ်းဆီးရမိကာ (၈) ဦးကို အရှင်ဖမ်းဆီးရမိခဲ့သည်။ ယင်းမှစ၍ ယနေ့အချိန်အထိ နေ့စဉ်ရက်ဆက် အကြမ်းဖက်မှုများ၊ ရဲစခန်းများကို လာရောက်ပစ်ခတ်မှုများရှိခဲ့ပြီး အကြမ်းဖက်သူများဘက်မှလည်း Online ပေါ်တွင် ဗွီဒီယိုဖိုင်များတင်ကာ စိန်ခေါ်မှုများရှိလာသည်။ မွတ်ဆလင်ထဲမှ အစိုးရသတင်းပေးဟု ယူဆခံရသူများမှာလည်း သတ်ဖြတ်ခံနေရသည်။ ယင်းအခြေအနေများသည် NLD အစိုးရဖြေရှင်းရမည့် ပြဿနာဖြစ်လာပြီး ကိုဖီအာနန်ကော်မရှင် ဘာလုပ်နေသလဲဟူသော မေးခွန်းများကိုဖြစ်ပေါ်စေသည်။ တချို့ကလည်း ဒေါ်အောင်ဆန်းစုကြည်သည် ကမ္ဘာ့နိုင်ငံများ၏လေးစားမှူကို ခံယူထားရသောအခါ ရခိုင်အရေးကို ပြတ်ပြတ်သားသား ကိုင်တွယ်ဖြေရှင်းရန် တွန့်ဆုတ်နေသည်ဟု ဆိုကြသည်။ ယင်းအခြေအနေများအရ ကိုဖီအာနန်ကော်မရှင် အရွေ့ကို စိတ်ဝင်စားလာကြသည်။

ကိုဖီအာနန်ကော်မရှင်သည် ၂၀၁၆ ခုနှစ် စက်တင်ဘာလ (၅)ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး အကြံပေးကော်မရှင်၏ ရည်ရွယ်ချက်မှာ အကြမ်းဖက်မှုများကို ဆန်းစစ်လေ့လာခြင်း၊ အိုးမဲ့အိမ်မဲ့ဖြစ်ကာ နေရပ်စွန့်ခွာရမှုများနှင့် ဖွံ့ဖြိုးနိမ့်ကျမှု၏ အရင်းအမြစ်ကို ရှာဖွေတင်ပြရန်ဖြစ်သည်။ ယင်းသို့ ရှာဖွေဖော်ထုတ်ရာတွင် နိုင်ငံတကာတွင် ကျင့်သုံးနေသော စံနှုန်းသတ်မှတ်ချက်များနှင့်အညီ ကော်မရှင်မှ ပဋိပက္ခဖြစ်စဉ်များကို ကာကွယ်တားဆီးခြင်း၊ လူသားချင်းစာနာ ထောက်ထားမှုများဆိုင်ရာ အကူအညီများပေးအပ်ခြင်း၊ လူ့အဖွဲ့အစည်းများအား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းများကို ဆောင်ရွက်ခြင်း၊ အဖွဲ့အစည်းများ ဖွဲ့စည်းတည်ထောင်ခြင်းနှင့် ဖွံ့ဖြိုးမှုစသည့် နယ်ပယ် (၅) နှင့် သက်ဆိုင်သည့် ကိစ္စရပ်များကို အကြံပြုချက်များပြုလုပ်သွားမည်ဟု အကြံပေးကော်မရှင်၏ လုပ်ပိုင်ခွင့်တွင် ဖော်ပြထားသည်။

အကြံပေးကော်မရှင်တွင် ပါဝင်သော ပြည်တွင်း၊ ပြည်ပ ပညာရှင်များမှာ ဦးဝင်းမြ၊ ဦးအေးလွင်၊ ဒေါက်တာ သာလှရွှေဒေါက်တာမြသီတာ၊ ဒေါ်စောခင်တင့်နှင့် ဦးခင်မောင်လေးတို့ ပါဝင်သော မြန်မာနိုင်ငံသား (၆)ဦးနှင့် မစ္စတာဂါဆန်ဆလမီ (Mr-Ghassom Salame)၊ မစ္စလတေးရှ ဘန်ဒန်အဆမ် (Ms- Laetitia van den Assum) နှင့် ကိုဖီအာနန် (Mr Kofi Annan) တို့ပါဝင်သော နိုင်ငံတကာအဖွဲ့ဝင်(၃) ဦး၊ စုစုပေါင်း (၉) ဦးဖြင့် ဖွဲ့စည်းထားခဲ့သည်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်မှ ရခိုင်ပြည်တွင်းမှ အစ္စလာမ်ဘာသာဝင်များကို ဒေသအခေါ် ဘင်္ဂလီဆိုသောစကားနှင့် တချို့ရည်ရွယ်ချက်ရှိရှိဖြင့် ခေါ်ဝေါ်ကြသော ရိုဟင်ဂျာဆိုသော စကားလုံး (၂) ရပ်လုံးအား သုံးစွဲခွင့်မပြုဘဲ မွတ်ဆလင် (သို့မဟုတ်) ရခိုင်ပြည်နယ် အတွင်းရှိ မွတ်ဆလင်လူ့အဖွဲ့အစည်းဟုသာ ရည်ညွှန်းသုံးစွဲမည်ဟု ဖော်ပြထားသည်။ ယင်းနှင့်ပတ်သက်ပြီး နိုင်ငံတော် အတိုင်ပင်ခံရုံးမှလည်း ဘင်္ဂလီဟု မသုံးစွဲဘဲ မွတ်ဆလင်ဟုသာ သုံးစွဲခေါ်ဝေါ်ရန် ထုတ်ပြန်ချက်အပေါ် ရခိုင်အမျိုးသားပါတီက ဦးဆောင်ကာ ကန့်ကွက်မှုများပြုလုပ်ခဲ့သည်။ ရခိုင်ပြည်သူအများစုမှ နေအိမ်များရှေ့တွင် ဘင်္ဂလီဟုသာ သုံးစွဲခေါ်ဝေါ်မည်ဟုဆိုသော စာတမ်းများအား ချိတ်ဆွဲထားခဲ့ကြသည်။ ၂၀၁၆ စက်တင်ဘာလ ပထမပတ်တွင် ကော်မရှင်အား ဖျက်သိမ်းမည့်အဆိုအား ပြည်ထောင်စုအဆင့် လွှတ်တော်တွင် တင်သွင်းခဲ့မှုသည် အောင်မြင်မှုမရရှိခဲ့ပေ။ ဆက်လက်၍ ယင်းကော်မရှင် ကန့်ကွက်အဆိုအား ပြည်နယ်လွှတ်တော်တွင် တင်သွင်းခဲ့ရာ အောင်မြင်မှုရရှိခဲ့သည်။ ရခိုင်အမျိုးသားပါတီအပါအဝင် ကော်မရှင်အား အသိအမှတ်ပြုရန် ငြင်းဆန်သပိတ်မှောက်သော အဖွဲ့အစည်များ၊ လူပုဂ္ဂိုလ်များအား ကော်မရှင်မှ တွေ့ဆုံရန် စီစဉ်ခဲ့သည်။ သို့သော်လည်း ယခုအချိန်ထိ ကော်မရှင်မှာ ထောက်ခံမှုမရရှိဘဲ သပိတ်မှောက်မှုများနှင့် အတားအဆီးများကို ကြုံနေရသည်။ စစ်တွေမြို့တွင် ကော်မရှင် ရုံးခွဲဖွင့်လှစ်ရန် စီမံထားမှုသည်လည်း ဖွင့်လှစ်နိုင်ခြင်းမရှိခဲ့ချေ။

ယခုအချိန်တွင် ကော်မရှင်မှ ကြားဖြတ်အကြုံပြုချက် (၁၂) ချက်ကို ထုတ်ပြန်ထားသည်။ ယင်းအကြံပြုချက် (၁၂) ချက်ထဲမှ တချို့အချက်အလက်များမှာလည်း ထောက်ပြစရာဖြစ်လာပြီး ရခိုင်လူမှုဘဝနှင့် ထပ်တူကျခြင်းမရှိဟု ရခိုင်ပြည်သူအများစုမှ ပြောဆိုကြသည်။ ကော်မရှင်မှ အစီရင်ခံစာ ထွက်လာကတည်းက လူမှုကွန်ရက်များတွင် တစ်ဖက်လူ့အဖွဲ့အစည်များအား ဘက်လိုက်မှုရှိထားသည်ဟု ဝေဖန်ကြသည်။ ဥပမာအားဖြင့် ကော်မရှင်အကြံပြုချက် နံပါတ် ၃ တွင် တရားမျှတမှုနှင့် တရားဥပဒေစိုးမိုးရေးကဏ္ဍတို့တွင် အောက်တိုဘာ ၉ ရက် ဖြစ်စဉ်နောက်ပိုင်း မြန်မာ့တပ်မတော်မှ နယ်မြေရှင်းလင်းမှုများပြုလုပ်ရာတွင် လူ့အခွင့်အရေးဆိုင်ရာဥပဒေကို ဆိုးဆိုးရွားရွား ချိုးဖောက်ခဲ့ကြောင်း စွပ်စွဲချက်များ ပေါ်ထွက်ခဲ့သည်။ ယင်းအခြေအနေများကို အစိုးရအနေဖြင့် လွပ်လပ်၍ တရားမျှတသော စုံစမ်းစစ်ဆေးမှုများပြုလုပ်ကာ တွေ့ရှိချက်များကို အခြေခံ၍ လူ့အခွင့်အရေး ချိုးဖောက်မှုသူများအား ပြစ်မှုအတွက် တာဝန်ယူစေပြီး ပြစ်ဒဏ်များကို ပေးသင့်ကြောင်း အကြံပြုထားသည်။ ယင်းအခြေအနေများ ဖြစ်ပေါ်စဉ်ကာလက တပ်မတော်မှ စနစ်တကျ နယ်မြေရှင်းလင်းရေး လုပ်နေသည်ဟု ထုတ်ပြန်ခဲ့သည်။ သို့သော်လည်း နယ်မြေရှင်းလင်း စဉ်ကာလက တပ်မတော်ဘက်မှ အကြမ်းဖက်သမားကိုသာ နှိမ်နှင်းမှူများပြုခဲ့ပြီး လူ့အခွင့်အရေးချိုးဖောက်မှုများ မရှိခဲ့ကြောင်း၊ တကယ်လို့ ရှိပါက သက်သေအထောက်များနှင့်တကွ တင်ပြနိုင်ကြောင်း၊ ထို့သို့တင်ပြလာပါက ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဟု မြန်မာ့တပ်တော်မှ ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

တချိန်တည်းမှာပင် ကမ္ဘာ့မီဒီယာတချို့နှင့် အင်တာနက်စာမျက်နှာများပေါ်တွင်လည်း ရိုဟင်ဂျာအမည်ခံ သတင်းတုများမှ အစိုးရမှ ဒေသခံမွတ်ဆလင်များအပေါ် အကြမ်းဖက်မှုများ ရှိနေသည်ဟုဆိုကာ သတင်းများ၊ ဓာတ်ပုံများ လွှင့်တင်ခဲ့ကြသည်။ ဒေါ်အောင်ဆန်းစုကြည်မှလည်း နိုင်ငံသူနိုင်ငံသားများ၏ လုံခြုံရေး၊ နိုင်ငံတော်တည်တံ့ခိုင်မြဲရေးတို့အတွက် လုပ်သင့်လုပ်ထိုက်သည့် ကိစ္စရပ်များကို တရားဥပဒေ ဘောင်တွင်းမှ မှန်မှန်ကန်ကန် သတိရှိရှိ လုပ်ဆောင်သွားမည်ဟု မီဒီယာများတွင် ဖြေကြားခဲ့သည်။

တပ်မတော် ခေါင်းဆောင်များမှ နယ်မြေရှင်းလင်းရေးလုပ်ငန်းစဉ်များကို ၂၀၁၇ ခုနှစ် ဖေဖော် ဝါရီ ၁ ရက်နေ့တွင် ရပ်ဆိုင်းခဲ့ပြီဖြစ်ကြောင်း ကော်မရှင်အား အသိပေးထားပြီးဖြစ်သည်။

ယခုလောလောလတ်လတ် ကော်မရှင်ဖြေရှင်းနေရသောကိစ္စမှာ မွတ်ဆလင်များနေထိုင်သော ကျေးရွာများမှ အုပ်ချုပ်ရေးမှူးကိစ္စရပ်များဖြစ်သည်။ ဒေသခံများအနေဖြင့် လက်တွေ့သိနေကြသော အရာမှာ မွတ်ဆလင် ကျေးရွာများတွင် မွတ်ဆလင်အုပ်ချုပ်ရေးမှူးများဖြင့်သာ အုပ်ချုပ်နေကြခြင်း ဖြစ်သည်။ ဘူးသီးတောင်-မောင်တောတွင်ရှိသော ကျေးရွာအများစုမှာ မွတ်ဆလင်သီးသန့် ကျေးရွာများသာများပြီး ယင်းကျေးရွာများတွင် မည်သည့် ရခိုင်တိုင်းရင်းသားတစ်ဦးမှ သွားရောက်နေထိုင် အုပ်ချုပ်ခြင်းမရှိသည်ကို ဒေသခံများသိနေကြသော်လည်း ကော်မရှင်မှ လွဲမှားစွာ သုံးသပ်ထားမှုရှိသည်ဟု ဘူးသီးတောင် မောင်တောဒေသခံများမှ ဝေဖန်ကြသည်။ မွတ်ဆလင်များဘက်မှလည်း အစိုးရမှ လုံခြုံမှူမပေးနိုင်သည့်အတွက် ကျေးရွာအုပ်ချုပ်ရေး ရာထူးများကို လက်မခံနိုင်သည့် မွတ်ဆလင်တချို့လည်း ရှိနေသည်။

ကော်မရှင်မှ အကြံပေးထားသည့် အချက် ၅ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးတွင် ပညာရေး၊ ကျန်းမာရေးအား ရေရှည်ရင်းနှီးမြုပ်နှံမှုများ ပြုလုပ်ရန် တိုက်တွန်းထားသည်။ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကြည့်မည်ဆိုပါက ပြည်နယ်အတွင်းတွင် စာမတတ်သူရာခိုင်နှုန်းမှာ အလွန်မြင့်မားလျှက်ရှိပြီး မူလတန်းအဆင့်ပြီးသည်အထိ စာသင်ကြားနိုင်သည့် ကျောင်းသားရာခိုင်နှုန်းမှာ အလွန်နိမ့်ကျနေသည်။ အထူးစိုးရိမ်စရာကောင်းသည့် ကိစ္စမှာ မွတ်ဆလင်ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ခွဲခြားဆက်ဆံခံရသည့် မူဝါဒများရှိနေပြီး ခရီးသွားလာခွင့် ကန့်သတ်ချက်များကြောင့် တက္ကသိုလ်ပညာရေးကို ဆက်လက်သင်ကြားနိုင်ခွင့်မရှိဟု ဆိုထားသည်။

သို့ရာတွင် ဘူးသီးတောင်၊ မောင်တောမှ ပညာရေးဝန်ထမ်းများထောက်ပြကြသည်မှာ ဘူးသီးတောင် မောင်တောင်တွင် မွတ်ဆလင်ကျောင်းသားများ၏ အောင်ချက်ရာခိုင်နှုန်းမှာ မြင့်မားသည့် အဆင့်မှာရှိနေပြီး ဂုဏ်ထူးများဖြင့် အောင်မြင်သူများလည်းရှိကြောင်း၊ သို့ရာတွင် တချို့မွတ်ဆလင် ကျေးရွာများတွင် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့များကဲ့သို့သော နိုင်ငံတကာကူညီရေးအဖွဲ့များမှ ကျောင်းသားများအား ကူညီမည့်နေ့များတွင်သာ ကျောင်းကိုရောက်ရှိပြီး ကျန်သောနေ့ရက်များတွင် သူတို့၏ ကျမ်းစာသင်ကျောင်းတွင်သာ သင်ကြားကြသည်ဟုဆိုသည်။

အချက် ၇ ဖြစ်သော နိုင်ငံသားဖြစ်မှုနှင့် လွပ်လပ်စွာသွားလာခွင့်တွင်လည်း ကော်မရှင်မှ ယခုလို အကြုံပြုထားသည်ကို တွေ့ရသည်။ " ရခိုင်ပြည်တွင်းမှာရှိသော မွတ်ဆလင်များသည် မည်သည့် နိုင်ငံသားအဖြစ်မှ ရပ်တည်နိုင်မှုမရှိသည်မှာ ကြာပြီဖြစ်ကြောင်း၊ ခွဲခြားဆက်ဆံခံရမှုများနှင့် အနိုင်ကျင့်ခံရမှုများကို ကြုံတွေ့နေရပြီး ယခုအချိန်အထိ လူဦးရေ (၂၀၀၀၀) ကိုသာ နိုင်ငံသားဖြစ်စေ နိုင်သည့်အတွက် ယခင်အစိုးရနှင့် လက်ရှိအစိုးရတို့၏ အကောင်အထည်ဖော်ဆောင်ရွက်မှုမှာ အောင်မြင်မှုမရှိ " ဟု သုံးသပ်ထားသည်။

အဆိုပါကိစ္စရပ်များအား လေ့လာမေးမြန်းသည့်အခါ နိုင်ငံရေးလေ့လာသုံးသပ်သူများက ယခင် ခေတ်အဆက်ဆက်အစိုးရမှ ရခိုင်ပြဿနာအား နိုင်ငံရေးအမြတ်ထုတ်စရာ နေရာတစ်ခုအဖြစ် သတ်မှတ်ထားခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးဌာနအား ဗဟိုချုပ်ကိုင်မှုစနစ်ဖြင့်သာ ထိန်းချုပ်ခဲ့ခြင်း ဖြစ်သည်။ တချို့ မွတ်ဆလင်လုပ်ငန်းရှင်များသည် ဖခင်ဖြစ်သူက နိုင်ငံသားကဒ်မရရှိသေးဘဲ လုပ်ငန်းသဘောအရ ခရီးသွားလိုသည့်အခါ စစ်တပ်မှ အရာရှိကြီးများ၏ အကူအညီဖြင့် နိုင်ငံသားကဒ်များရရှိခဲ့ကြကြောင်း ထောက်ပြကြသည်။ နိုင်ငံရေးအမျိုးသားရေး လှုပ်ရှားသူများ ကလည်း ၁၉၈၂ ဥပဒေနှင့် တစ်လင်တစ်မယားစနစ်ဖြင့်သာ ကြပ်မတ်ဆောင်ရွက်လျှင် နိုင်ငံသားနှင့် နိုင်ငံသားမဟုတ်သူတို့ကို ခွဲခြားလာနိုင်မည်ဟုဆိုသည်။

မည်သို့ပင်ဆိုစေ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်သည် ရခိုင်ပြည်သူတို့ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ဗဟိုအစိုးရ၏ ခွင့်ပြုချက်အပေါ်တွင် လှုပ်ရှားဆောင်ရွက်နေသော အဖွဲ့အစည်းတစ်ခုဖြစ်နေသည်။ ကော်မရှင်၏ လုပ်ငန်းစဉ်အရွေ့သည်လည်း ကျေနပ်မှု ရှိသူများက တစ်ဖက်၊ ကျေနပ်မှု မရှိသူများက တစ်ဖက်ဖြင့် ဝေဖန်ခံနေရဆဲဖြစ်သည်။

 

ရေးသားသူ - ကျော်လင်း (ရောင်စုံ) - ၁၁၊ ၅၊ ၂၀၁၇ ခုနှစ်