- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
ရခိုင်ရိုးရာ ရက္ကန်းလုပ်ငန်း အသက်ဆက်ဖို့ အစိုးရပံ့ပိုးမှု လိုနေပါတယ်
“နိုင်ငံတော်က ကူညီပံ့ပိုးပြီးတော့ စက်နဲ့အထည်တွေလုပ်နိုင်ရင်တော့ အန်တီက အောင်မြင်မှုရှိမယ်ဆိုတာ မုချပြောနိုင်တယ်။ ဝန်ကြီးဌာနကတွေက နိုင်ငံခြားကိုတင်ပို့နိုင်အောင် လုပ်ပေးစေချင်တာပေါ့။ ဒါပေမယ့်အန်တီတို့မှာ အဲ့လောက်အရင်းအနှီးလေ့မရှိဘူး။ ဒါကအခက်အခဲဖြစ်နေတာပေါ့။ ဝန်ကြီးဌာနတွေက ကူညီပံ့ပိုးမယ်ဆိုရင်တော့ ဖြစ်နိုင်တာပေါ့ ”
08 Aug 2018
နေဝင်းစံ ရေးသားသည်။
ကူးတို့လှေပေါ်မှ ဝါဘိုကျေးရွာဆိပ်ခံတံတားပေါ်တက်လိုက်သည်နှင့် “ခတ်..တက်…ခတ်..တက်….” ရက္ကန်းခတ်သံများကို သဲသဲကွဲကွဲကြားနေရသည်။ ရက္ကန်းစင်များပေါ်တွင် သက်ကြီးသက်ငယ် အရွယ်စုံအမျိုးသမီးတို့က နေရာယူလျက်ရှိသည်။
အိမ်ခြေ ၃၀၀၊ လူဦးရေ ၁၇၆၃ ဦးရှိသည့်ဝါဘိုကျေးရွာမှ အိမ်တိုင်းလိုလိုတွင် ရက္ကန်းစင်တစ်စင်မှ သုံးစင်အထိရှိကြပြီး အမျိုးသမီးတိုင်းက ရက္ကန်းရက်လုပ်ခြင်းအတတ်ပညာကို တတ်မြောက်ကြသည်။ ရက္ကန်းစင်များကို နေအိမ်အောက်ထပ်တွင် ဆင်မြန်းရက်လုပ်နေကြခြင်းလည်း ဖြစ်သည်။
ရခိုင်ရိုးရာရက္ကန်းလုပ်ငန်းမှာ ဝါဘိုကျေးရွာသားများ၏ ဘိုးဘွားစဉ်ဆက် လက်ဆင့်ကမ်းအမွေပေးခဲ့သည့် အသက်မွေးဝမ်းကျောင်းပညာရပ်တစ်ခုဖြစ်သလို ကျေးရွာ၏အဓိကထားလုပ်ကိုင်ကြသည့် လုပ်ငန်းလည်း ဖြစ်ပေသည်။
လက်ရှိဝါဘိုကျေးရွာတွင်လုပ်ကိုင်နေကြသည့်ရက္ကန်းများကို “ဆွဲ”ရက္ကန်းဟုခေါ်တွင်ကြပြီး လူတစ်ဦး တည်းဖြင့်လုပ်ကိုင်၍ရသလို ရက်လုပ်ရလည်းလွယ်ကူသည်ဟုသိရသည်။ လွန်ခဲ့သည့်နှစ်ပေါင်း ၄၀ ခန့်က လုပ်ကိုင်ခဲ့ကြသည့် “လက်”ရက္ကန်းတွင်မူ လူနှစ်ဦးတွဲပြီး ခက်ခဲစွာရက်လုပ်ခဲ့ကြရကြောင်း ဝါဘိုကျေးရွာမှ ရက္ကန်းရက်လုပ်သူသက်ကြီးပိုင်းများက ပြောသည်။
ဝါဘိုကျေးရွာမှ ရက္ကန်းလုပ်ငန်းဖြင့်အသက်မွေးဝမ်းကျောင်းပြုနေသူ အသက် ၅၈ နှစ်အရွယ် ဒေါ်လှဝင်းက ယခင်ကရက်လုပ်ခဲ့ကြသည့် “လက်”ရက္ကန်းကိုမြင်လိုပါက စစ်တွေမြို့ပေါ်ရှိ ယဉ်ကျေးမှု ပြတိုက်တွင်သာ ရှိတော့ကြောင်း “လက်” ရက္ကန်းရှားပါးလာပုံကို ရှင်းပြသည်။
“အခုရက်နေတဲ့ဆွဲရက္ကန်းက ပစ္စည်းပိုထည့်ရတယ်၊ တန်ဖိုးကြီးတယ်၊ လုပ်လို့မြန်တယ်။ ဟိုတုန်းက လက်ရက္ကန်းတွေကကျတော့ အခုခေတ်ကလေးတွေ မလုပ်ချင်ကြတော့ဘူး။ ပင်ပန်းတယ်၊ အားစိုက်ရတယ်။ အချိန်ကြာတယ်။ နှစ်ယောက်ရက်ရတယ်ဆိုတော့ အခုခေတ် စားစရိတ်နဲ့မကိုက်ဘူး ” ဟု လက်ရက္ကန်းနှင့် ဆွဲရက္ကန်းခြားနားချက်များကို ဒေါ်လှဝင်းကပြောပြသည်။
ရခိုင်ရိုးရာရက္ကန်းစင်တစ်စင်တွင် ရဟတ်၊ ရွှန်းသီး၊ ရွှန်း၊ ရှား၊ ယာဉ်သွား၊ နှပ်ချည်၊ ကျော့ဝါးလုံး၊ နှပ်သီးတန်၊ ခြေနင်း၊ ယာဉ်ကြိုး စသည်တို့ပါဝင်သည်။
အရင်းအနှီးစိန်ခေါ်မှု
လက်ရှိရက္ကန်းစင်တစ်စင် အသစ်တပ်ဆင်မည်ဆိုပါက ကုန်ကျငွေကျပ် ၂ သိန်းအထိရှိသည့်အတွက် ကျေးရွာသူများမှာမတတ်နိုင်ကြဘဲ ယခင်လုပ်ခဲ့ကြသည့် အဟောင်းများဖြင့်သာ လုပ်ကိုင်နေကြရကြောင်း ရက္ကန်းရက်လုပ်နေသူများက ပြောသည်။
ဝါဘိုကျေးရွာသားတို့မှာ လက်ရှိကာလအထိ ရက္ကန်းလုပ်ငန်းကိုတစ်စိုက်မတ်မတ် လုပ်ကိုင်လာခဲ့ကြသည် ဆိုသော်ငြားလည်း အခက်အခဲ၊ စိန်ခေါ်မှုများကြားမှာ လုပ်ကိုင်လာကြခြင်းဖြစ်ပေသည်။
ခေတ်ရေစီးကြောင်းအရ ဝတ်စားဆင်ယင်မှုများကြားတွင် ရက္ကန်းထည်များကမှေးမှိန်ခဲ့ရသည့်အတွက် ရက္ကန်းထည်ဈေးကွက်မှာ ပျောက်ကွယ်လုနီးဖြစ်ခဲ့ရပြီး ရက္ကန်းလုပ်ငန်းမှာလည်း ရပ်တန့်သွားရမည့် အခြေအနေကို ဝါဘိုကျေးရွာမှ ရက္ကန်းရက်လုပ်သူတို့ လူးလိမ့်စွာခံခဲ့ကြရသည်။
တစ်ဖန်ပြန်လည်ဦးမောလာသည့် ရခိုင်ရိုးရာရက္ကန်းထည်များသည် ဒီဇိုင်းဆန်းများဖြင့် ထုတ်လုပ်လာမှုကြောင့် ဈေးကွက်တွင် အနည်းငယ်ဝင်ဆံ့လာနေပြီဟုဆိုရပေမည်။ သို့သော်လည်း လုံးဝ အဆင်ပြေလာခြင်းမဟုတ်ဘဲ အခက်အခဲအချို့ကြားက ရက္ကန်းရက်လုပ်သူတို့အတွက် တစ်ဝမ်းတခါးစာရရှိကြရုံမျှသာ ရှိသေးသည်။
ဝါဘိုကျေးရွာနေ ဒေါ်မတင်သိန်းက “အခုလက်ရှိ ရက္ကန်းလုပ်ငန်းကအဆင်ပြေလာတာပေါ့၊ အရင်ကဆိုရင် ရခိုင်လုံချည်တွေက ရောင်းအားမရှိဘူးလေ။ အခုကဈေးကွက်လည်းရှိလာတယ်။ ကျွန်မတို့ လိုချင်တာကတော့ လမ်းပန်းဆက်သွယ်ရေး အခက်အခဲဖြစ်နေတယ်။ လမ်းပန်းဆက်သွယ်ရေးတို့၊ မီးတို့ရှိလာရင် ဒီထက်ပိုပြီး တိုးတက်လာမယ်။ နောက်ပြီး အရင်းအနှီးထုတ်ပေးမယ့်သူတွေရှိရင် ဒီထက်တိုးတက်လာမယ် ” ဟု ပြောသည်။
ဝါဘိုကျေးရွာကိုသွားရောက်မည်ဆိုပါက စစ်တွေမြို့နယ်အတွင်း ရန်ကုန်-စစ်တွေကားလမ်းမှတစ်ဆင့် တောကန်ကျေးရွာကိုသွားရောက်ကြရပြီး ထိုကျေးရွာမှတဆင့် ကူးတို့လှေဖြင့်ကူးကာ ဝါဘိုကျေးရွာကို သွားရသည့်အတွက် လမ်းပန်းဆက်သွယ်ရေးသည်လည်း ဝါဘိုကျေးရွာအဖို့ခက်ခဲနေသေးသည်။
ဝါဘိုကျေးရွာမှထွက်ရှိသည့် ရက္ကန်းထည်များမှာ ကွန်ပျူတာပိုးချည်ထည်၊ ရိုးတောင်အောက်က လက်ခတ်သံ၊ ဇိန်စိတ်ကေ၊ ဆီးမီးခွက်၊ ငှက်ကြီးချိတ်၊ မင်းကတော် စသည့်အမည်များဖြင့် ရိုးရာအထည်များဖြစ်သည်။
ရက္ကန်းစင်တစ်စင်ကို အစအဆုံးရက်လုပ်ပြီးစီးရန်အတွက်ဆိုပါက ပျမ်းမျှအားဖြင့် ၈ ရက်မျှအချိန်ယူ ရက်လုပ် ကြရပြီး ဒီဇိုင်းဆန်းသည့်အထည်များကိုမူ ရက်ပေါင်း၂၀ ကျော်အထိကြာမြင့်စွာ ရက်လုပ်ရကြောင်း သိရသည်။
ရက်ကန်းစင်တစ်စင်မှ အထည်ထွက်ရှိမှုမှာ အမျိုးသားဝတ်ပုဆိုး ၂၂ ထည်၊ အမျိုးသမီးဝတ်လုံချည် ၂၆ ထည်အထိ ထွက်ရှိကြောင်းသိရသည်။
ရခိုင်ရိုးရာရက္ကန်းလုပ်ကိုင်သူတို့မှာ လုပ်ငန်းအတွက်လိုအပ်သည့်ချည်လုံးများကို လွယ်လင့်တကူ ဝယ်ယူမရ ရှိခြင်းသည်လည်း ရက္ကန်းရက်လုပ်သူတို့အဖို့ လတ်တလောမှာအခက်အခဲတစ်ခုအဖြစ် ရင်ဆိုင်နေကြရသည်။
ဝါဘိုကျေးရွာမှရက္ကန်းရက်လုပ်သူတို့မှာ မိမိတို့ထံမှငွေကြေးစိုက်ထုတ်လုပ်ကိုင်သူ မရှိသလောက်ရှားပြီး လုပ်ငန်းအတွက်လိုအပ်သည့်ချည်လုံးများကို ရိုးရာအထည်ဆိုင်များမှရယူကြရကာ ရက်လုပ်ပြီးအထည်များကို ဆိုင်တွင်သွင်းပြီးမှ လုပ်အားအခကြေးငွေကို ယူကြသည်။ ထိုသို့ လုပ်ကိုင်ကြသည့်အတွက် ရိုးရာအထည်ဆိုင် တို့၏အမြတ်ထုတ်မှုကို ရက္ကန်းရက်လုပ်သူတွေ ခံနေကြရကြောင်း ဝါဘိုကျေးရွာမှ ရက္ကန်းရက်လုပ်နေသူ ဒေါ်လှဝင်းကပြောသည်။
“ရခိုင်လုံချည်ဆိုင်တွေက ချည်ကလည်း အမြတ်စားသွားတယ်၊ အထည်ကလည်း အမြတ်စားသွားတယ်။ ဆိုတော့ လုပ်လို့တော့ရကြတယ်၊ လူတွေဆီမှာလည်း အဖြတ်စားခံကြရတယ်။ သက်ဆိုင်ရာ အစိုးရတွေ ကသာ ကူညီပေးမယ်ဆိုရင် ချည်တွေကိုလည်းပေး၊ သူတို့ဆီမှာလည်း အထည်တွေကို ပြန်ပြီးရောင်းရရင် တိုးတက်လာမယ်လို့မျှော်လင့်တယ် ” ဟု ဒေါ်လှဝင်းက လက်ရှိရက္ကန်းရက်လုပ်နေမှု အခြေအနေကို ပြောပြသည်။
ရက္ကန်းရက်လုပ်ပုံအဆင့်ဆင့်မှာ ချည်ထိုးခြင်း၊ ချည်ကောက်ခြင်း၊ စင်တင်ခြင်းနှင့် နောက်ဆုံးအလုပ် နှင့်အခက် ခဲဆုံးအလုပ်မှာ ပန်းဆွဲဒီဇိုင်းဖော်ရခြင်းများဖြစ်သည်။
ဈေးကြီးတဲ့ အထည်ပဲ ပိုရက်ချင်ပါတယ်
ရက္ကန်းရက်လုပ်သူတို့၏ဝင်ငွေရရှိမှုမှာ ကျွမ်းကျင်မှုနဲ့လုပ်နိုင်စွမ်းအပေါ်မူတည်ပြီး ကွာခြားမှုရှိကာ ပျဉ်းမျှအားဖြင့် ရက္ကန်းရက်လုပ်သူတစ်ဦးမှာ တစ်နေ့ကို ၆၀၀၀ ကျပ်မှ ၁၀၀၀၀ အထိရရှိကြကြောင်း သိရသည်။
ရက္ကန်းထည်များရက်လုပ်ရာတွင် ဈေးကောင်းရသည့်အထည်များကိုရက်လုပ်ပါက လုပ်အားခများများ ရရှိကြသည့်အတွက် ရက္ကန်းရက်လုပ်သူများမှာ ဈေးကြီးသည့်အထည်များကိုသာ ရွေးချယ်ရက်လုပ် လျက်ရှိကြသည်။ သို့အတွက် ဈေးအသင့်အတင့်နှင့်ဝတ်ဆင်ရမည့် ရက္ကန်းထည်ထုတ်လုပ်မှုက အားနည်းလျက်ရှိသည်။
ရခိုင်ရိုးရာရက္ကန်းထည်များမှာ ဈေးကွက်တွင်အနည်းဆုံးဈေးနှုန်း ရှစ်ထောင်ကျပ်တန်မှ အများဆုံး တစ်သိန်းကျော်တန် တန်းဖိုးကြီးမားလှသည့် အထည်များလည်းရှိသည်။ တန်ဖိုးကြီးမားသည့် အထည်များကို ရက်လုပ်ရာတွင် အချိန်ပိုမိုကြာမြင့်ပြီး ပန်းချီဒီဇိုင်းကိုလည်း ခက်ခဲစွာရက်လုပ်ရကြောင်း သိရသည်။
ယင်းသို့ ပန်းဆွဲဒီဇိုင်းဖော်မှုကို ဝါဘိုကျေးရွာတွင်တတ်မြောက်ကျွမ်းကျင် အသက် ၆၀ ကျော်အရွယ် ရှိသူအချို့သာရှိပြီး လက်ဆင့်ကမ်းအမွေဆက်ခံမယ့်သူမရှိပါက နောင်တွင်ရက္ကန်းလုပ်ငန်းအတွက် ရင်လေးဖွယ်ကောင်းလှသည်ဟု ဝါဘိုကျေးရွာမှ အသက် ၇၀ အရွယ် ဒေါ်အေးသောင်းကပြောသည်။
ဝါဘိုကျေးရွာတွင် ရက္ကန်းရက်လုပ်သူများပြားသည်ဆိုသော်လည်း လူ့စွမ်းအားများဖြင့် တစ်ပိုင်တစ်နိုင် လုပ်ကိုင်နေကြခြင်းသာဖြစ်ပြီး ရက္ကန်းထည်များကို စီးပွားဖြစ်ထုတ်လုပ်မည်ဆိုပါက နည်းပညာများ၊ အရင်းအနှီးများကူညီပံ့ပိုးပေးရန် လိုအပ်နေပေမည်။
ထိုသို့ လူ့စွမ်းအားဖြင့်ထုတ်လုပ်နေမှုကြောင့် ရခိုင်ပြည်နယ်အတွင်းမှ မြို့နယ်များနှင့် မြန်မာနိုင်ငံအတွင်းမှ အချို့သောမြို့ကြီးများမှမှာယူကြသည့် ရက္ကန်းထည်များကိုပင် ပြီးပြည့်စုံအောင် ထုတ်လုပ်နိုင်မှုမရှိသေး ကြောင်းသိရသည်။ လက်ရှိရက္ကန်းဈေးကွက်မှာလည်း ပြည်တွင်း၌သာရှိသေးပြီး ပြည်ပသို့တင်ပို့နိုင်မှုက မရှိသေးပေ။
ကရင်ရက္ကန်းလုပ်ငန်းလည်း အသက်ငွေ့ငွေ့ပဲရှိပါတယ်
ရခိုင်နည်းတူပင် ကရင်ရိုးရာရက္ကန်းလုပ်ငန်းများသည်လည်း ဆက်လက်ရပ်တည်ရန်အတွက် ခက်ခဲနေသည်ကို ကရင်ပြည်နယ်မှ ရက္ကန်းရွာဖြစ်သည့် အိန္ဒြုရွာက သက်သေဖြစ်ပေသည်။
ကရင်ရက္ကန်းလုပ်ငန်း၏ ထူးခြားချက်များမှာ အသက် ၁၆ နှစ်အထက်ရှိသည့် ယောကျ်ားများသည်ပင်လျင် ရက္ကန်းလုပ်ငန်းကို ပိုင်နိုင်ကျွမ်းကျင်စွာလုပ်ကိုင်နေကြခြင်းဖြစ်သည်။ ထိုကဲ့သို့ ယောကျ်ားသားများ ရက်လုပ် ငန်းခြင်းကြောင့်ပင် ရက္ကန်းလုပ်ငန်းခွင်တွင် မိန်းမများရက်လုပ်ငန်းခြင်းထက် အလုပ်ကိုပိုမိုတွင်ကျယ်စေသည်။
ကရင်ရိုးရာရက္ကန်းလုပ်ငန်းတွင် အဓိကစိန်ခေါ်မှုမှာ လုပ်သားရှားပါးမှုပင်ဖြစ်သည်။ ထိုင်းနိုင်ငံနှင့် နီးကပ်စွာတည်ရှိနေခြင်းကြောင့်ပင် ကရင်ပြည်နယ်မှဒေသခံတို့သည် နယ်စပ်ဖြတ်ကျော်ပြီး ဝင်ငွေ ပိုရတဲ့အလုပ်အကိုင်များကို သွားရောက်လုပ်ကိုင်လျက်ရှိနေကြသည်။
ယင်းကြောင့်ပင် ကရင်ရိုးရာရက္ကန်းလုပ်ငန်းခွင်တွင် ဒေသခံလုပ်သားများမရှိသလောက်ရှားပါးပြီး ဧရာဝတီတိုင်းမှ လုပ်သားများကိုခေါ်ယူကာ ကရင်ရိုးရာရက္ကန်းထည်များကို ရက်လုပ်နေကြရသည်။
ကရင်ပြည်နယ်၌လုပ်သားရှားပါးမှုသည် ရက္ကန်းလုပ်ငန်းခွင်တစ်ခုတည်းမဟုတ်ဘဲ စက်ရုံအလုပ်ရုံများ တည်ရှိသည့် ဘားအံစက်မှုဇုန်တွင်ပင်လျှင် လုပ်သားရှားပါးမှုအခက်အခဲကို ကြုံတွေ့လျက်ရှိသည်။
ထိုသို့သော လုပ်သားရှားပါးမှုမှာ ကရင်ပြည်နယ်၏စက်ရုံ၊ အလုပ်ရုံများ ရေရှည်တွင်စိန်ခေါ်မှုကြီးတစ်ခု ဖြစ်လာနိုင်သလို ကျန်တစ်ဖက်တွင်လည်း နယ်စပ်ဖြတ်ကျော်လုပ်ကိုင်သူတို့မှာ တစ်ချို့တစ်လေမျှသာ အလုပ်အကိုင်များအဆင်ပြေချော့မွေ့ကြပြီး တစ်ဖက်နယ်စပ်တွင် အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံ ရမှုများ၊ ဖိနှိပ်ချုပ်ချယ်ခံရမှုများ၊ လိမ်လည်ခံရမှုများနှင့် အသက်အန္တရာယ်ကိုပါ တွေ့ကြုံခဲ့ရသည့် အလုပ်သမားများလည်းရှိပေသည်။
အစိုးရပံ့ပိုးပေးစေချင်တယ်
ဝါဘိုကျေးရွာတွင် ရက္ကန်းစင် ၁၀ စင်ပါဝင်သည့် ရက္ကန်းရုံတစ်ရုံကို ကိုယ်ထူကိုယ်ထ တည်ထောင်ထားသည့် ဒေါ်မတင်သိန်းက ရက္ကန်းလုပ်ငန်းကို အစိုးရအကြီးအကဲများမှ နောက်ကတွန်းအားပေးပြီးပံ့ပိုးမည်ဆိုပါက ယခုထက်ပိုမိုအောင်မြင်နိုင်မည်ဟု ယုံကြည်ကြောင်းပြောသည်။
“နိုင်ငံတော်က ကူညီပံ့ပိုးပြီးတော့ စက်နဲ့အထည်တွေလုပ်နိုင်ရင်တော့ အန်တီက အောင်မြင်မှုရှိမယ်ဆိုတာ မုချပြောနိုင်တယ်။ ဝန်ကြီးဌာနကတွေက နိုင်ငံခြားကိုတင်ပို့နိုင်အောင် လုပ်ပေးစေချင်တာပေါ့။ ဒါပေမယ့်အန်တီတို့မှာ အဲ့လောက်အရင်းအနှီးလေ့မရှိဘူး။ ဒါကအခက်အခဲဖြစ်နေတာပေါ့။ ဝန်ကြီးဌာနတွေက ကူညီပံ့ပိုးမယ်ဆိုရင်တော့ ဖြစ်နိုင်တာပေါ့ ” ဟု ဒေါ်မတင်သိန်းက ရက္ကန်းလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရန် အရင်းအနှီ းလိုအပ်နေကြောင်းပြောသည်။
ဝါဘိုကျေးရွာသည် စစ်တွေမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ မြစိမ်းရောင် ကျေးရွာတစ်ရွာဖြစ်သည့်အတွက် မြစိမ်းရောင်ချေးငွေ သိန်း ၃၀၀ ကို ကျေးရွာမှချေးယူပြီး ရက္ကန်းလုပ်ငန်းတွင် ရင်းနှီးနေကြသူများလည်းရှိသည်။
စစ်တွေမြို့နယ်အတွင်းတွင် ရက္ကန်းရက်လုပ်သည့်ကျေးရွာ ၆ ရွာမျှရှိပြီး အများဆုံးရက်လုပ်သည်မှာ ဝါဘိုကျေးရွာတွင်ဖြစ်ကာ အခြားကျေးရွာများဖြစ်သော သိန်းတန်၊ တောကန်၊ ဂန့်ဂေါ်ကျွန်း၊ ကျောက်တန်းချေ၊ ကျားမသောက် စသည့်ကျေးရွာတို့တွင် ရက္ကန်းကိုတချို့တစ်ဝက်မျှ ရက်လုပ်ကြသည်။
စစ်တွေမြို့နယ် ကျားမသောက်ကျေးရွာတွင် ရွှေကျားရက္ကန်းလုပ်ငန်းအမည်ရှိသည့် ရက္ကန်းစက်ရုံ တစ်ခုကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ငွေကြေးကူညီပံ့ပိုးပေးမှုဖြင့် ထူထောင်လည်ပတ်လျက်ရှိရာ လက်ရှိတွင်လည်း နည်းပညာ၊ ကုန်ကြမ်းပစ္စည်းများကြောင့် အခက်ကြုံနေရပေသည်။
ရွှေကျားရက္ကန်းလုပ်ငန်းပိုင်ရှင် ဒေါ်မအေးက “ဒီရက္ကန်းကို မိရိုးဖလာအိမ်အောက်မှာပဲ ကိုယ့်စင်လေးတွေနဲ့ တပိုင်တနိုင်လုပ်လာရာကနေ ဈေးကွက်ပေါက်အောင်လုပ်တဲ့အခါကျတော့ တတ်တဲ့ဆရာတွေကို ခေါ်သင်ရပါတယ်။ နောက်ဆုံးလိုအပ်တဲ့ ပစ္စည်းမှန်သမျှကို အထက်ဗမာပြည် ရွှေဘို၊ ဆိပ်ခွန်ကမှာယူ သုံးစွဲရတုန်းပါ။ ကျွန်မတို့ဘာလိုအပ်လည်းဆိုတော့ ချည်ကိုကိုယ်တိုင်ဆေးဆိုးတတ်ဖို့လိုအပ်ပါတယ်။ ကျွန်မတို့ဆီမှာ ချည်ကိုဆေးဆိုးတဲ့နည်းပညာကို သင်ယူရပါအုံးမယ်။ ဒီလိုသင်ရင်လည်း ကိုယ်ပိုင် ဆေးဆိုးဖို ထောင်နိုင်ဖို့ လိုအပ်ပါသေးတယ် ” ဟု ရက္ကန်းလုပ်ငန်း၏အခက်အခဲများကိုရှင်းပြသည်။
ရွှေကျားရက္ကန်းလုပ်ငန်းတွင် ရခိုင်ပြည်နယ်အတွင်းမှ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ ရသေ့တောင်၊ မြောက်ဦး၊ မင်းပြား စသည့်မြို့နယ်များမှ ရက္ကန်းရက်လုပ်မည့်သူများကိုခေါ်ယူသင်ကြားပေးကာ လုပ်ကိုင် နေခြင်းဖြစ်ကြောင်း သိရသည်။
ရွှေကျားရက္ကန်းအလုပ်ရုံတွင် စက်ရက္ကန်းနှင့် လက်ရက္ကန်းစုစုပေါင်း ရက္ကန်းစင် ၁၀၀ ကျော်ရှိရာ ရက္ကန်း ရက်လုပ်မည့်သူမှာ ၈၅ ဦးသာ ရှိသေးသည့်အတွက် ကျန်ရက္ကန်းစင်များမှာ လုပ်သားမရှိသေးသည့်အတွက် ရပ်တန့်ထားရသည်ဟု သိရပေသည်။
လက်ရှိ ရက္ကန်းရက်လုပ်သူများမှာ ရက္ကန်းအထည်ပြီးစီးမှုအပေါ်မူတည်ပြီး လုပ်အားခရရှိကြရာ ပျဉ်းမျှ အားဖြင့် တစ်လကိုတစ်သိန်းကျော်ဝင်ငွေရရှိကြကြောင်း သိရသည်။
ရွှေကျားရက္ကန်းလုပ်ငန်းမှ လုပ်သက် ၂ နှစ်ရှိသူ မခိုင်ယမုံစိုးက “ရခိုင်ပြည်နယ်မှာ ဒီလိုရက္ကန်းရုံတွေ ရှိတဲ့အတွက် ကိုယ်တွေလည်းသူများနိုင်ငံမှာ သွားလုပ်စရာမလိုတော့ဘူးပေါ့၊ ရန်ကုန်ဆိုလည်း သွားစရာမလိုဘူး။ ကိုယ့်ပြည်မှာ ဒီလိုရက္ကန်းတွေရှိတဲ့အတွက် မိန်းကလေးတွေအတွက် ဒီအလုပ်က အဆင်ပြေဆုံးပါ ” ဟု ပြောသည်။
ရက္ကန်းလုပ်ငန်းသည် တိုင်းတပါးသို့သွားရောက် အလုပ်လုပ်ကိုင်မှုကို အနည်းအကျဉ်းမျှလျော့ချထားနိုင်ပြီး နောက်ဆက်တွဲဖြစ်ပေါ်လာမည့် လူကုန်ကူးမှုပြဿနာကိုလည်း လျော့ချရာရောက်ပေသည်။ ရခိုင်ပြည်နယ်မှ ရက္ကန်းလုပ်ငန်းများ ယခုထက်ပိုမိုအောင်မြင်လာရန်အတွက် အဓိကလိုအပ်မည့် ကုန်ကြမ်းချည်များ၊ နည်းပညာများနှင့် ကောင်းမွန်သည့်ဈေးကွက်များ လိုအပ်နေသည်။
ဝါဘိုကျေးရွာမှ ရက္ကန်းရက်လုပ်ပြီး အသက်မွေးဝမ်းကျောင်းပြုနေသူတို့မှာ ဝေလီဝေလင်းအချိန်ကစပြီး နေညိုညိုအလင်းရောင်ပျောက်ဆုံးသည်အထိ ရက္ကန်းစင်ပေါ်ထိုင်ကာ လက်လှုပ်လိုက်၊ ခြေလှုပ်လိုက်နှင့် နှစ်ပေါင်းကြာရှည် အချိန်ကုန်လာခဲ့ကြသော်လည်း ရက္ကန်းလုပ်ငန်းကတော့ အားစိုက်ထားသလောက် ပြောင်းလဲမသွားပေ။