ရွှေမှုန်ကြဲ နိုင်ငံရေး လှည့်ကွက်များ

          ပွင့်လင်းမြင်သာမှုမရှိဘဲ တည်ဆောက်ဖို့ စီစဉ်ထားကြတဲ့ နိုင်ငံအဝှမ်းက ရေကာတာစီမံကိန်းများသည် လည်း ဒေသခံလူထု၏ ဆန္ဒသဘောထားကို အလေးထားမှု အားနည်းနေဆဲပင်ဖြစ်သည်။ သမိုင်းဟူသည်မှာ ဖျောက်ဖျက်၍မရသော မှတ်တမ်းပင်ဖြစ်သည်။ ယခင်အစိုးရဟောင်းများ၏ အမှားများကိုပဲ ထပ်တလဲလဲ ပြော ပြနေစရာ မလိုပေ။ ထိုအမှားများထဲက သင်ခန်းစာယူပြီး ပြင်သင့်သည်များကို ပြင်ရပါမည်။ ထိုသို့မဟုတ်ပါက သမိုင်းတပတ်လည်သောအခါ အစိုးသည် တရားခံဖြစ်သွားပေလိမ့်မည်။

By ရမ္မာကျော်စော 05 Sep 2018

ရမ္မာကျော်စော ရေးသားသည်

နိုင်ငံရေးကို နှလုံးသားဖြင့်မလုပ်ဘဲ ဦးနှောက်တစ်ခုတည်းနှင့် လုပ်ကြသော အရေအတွက် များလာ သောအခါ နိုင်ငံရေးသမားများအပေါ် ပြည်သူလူထု၏ ယုံကြည်မှုမှာလည်း လျော့နည်းကျဆင်းလာခဲ့တော့သည်။ ပြည်သူများကို အမှန်တကယ် ခေါင်းဆောင်မှုပေးရန်၊ ပြည်သူ့ကိုယ်စား တင်ပြဆောင်ရွက်ရန် ဆိုသည့် စိတ် ဓါတ်မျိုးကို မခံယူနိုင်ဘဲ နိုင်ငံရေးလုပ်လျှင် ထိုသူမှာ ပေါ်ပင်နိုင်ငံရေးသမား သာ ဖြစ်ပါလိမ့်မည်။ မကြာမီ အချိန် အတောအတွင်း ကျဆုံးခြင်းသို့ပင် ဦးတည်သွားပေလိမ့်မည်ဖြစ်သည်။

          မည်သည့်အလုပ်တွင်မဆို ခေါင်းဆောင်(Leader) ၏ ကျွမ်းကျင်၊ လိမ္မာ၊ ပါးနပ်မှုအပေါ်လိုက်ပြီး အောင် မြင်မှု/ ကျရှုံးမှု တို့ကို ကြုံတွေ့၊ ရင်ဆိုင်ကြရသည်။ ယနေ့အချိန်တွင် အာဏာရအစိုးရဖြစ်နေသော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီသည် တစ်ချိန်က လူထုထောက်ခံမှုကို အများဆုံးရရှိခဲ့သော ပါတီတစ်ခုပင်ဖြစ်သည်။ လူထုကလည်း ယုံယုံကြည်ကြည်နှင့်ပင် ရွေးကောက်တင်မြှောက်ပေးခဲ့ကြသည်။ သို့သော် အစိုးရသက်တမ်း တဝက်ကို ကျော်လွန်လာသော ယနေ့အချိန်တွင် မဖြေရှင်းနိုင်သော ပြဿနာပေါင်း မြောက်မြားစွာဖြင့် လုံးထွေး ရင်ဆိုင်နေ ရပေသည်။ ဖြေရှင်းပြီးသလိုလိုနှင့် မုန်လာဥလုပ်ထားသော ကိစ္စများကလည်း ရှိနေသေးသည်။ တဖန် ပြည်သူလူထုကို ပွင့်လင်းစွာချမပြဘဲ ကိုယ့်သဘောနှင့်ကိုယ် လုပ်ထားကြသော အကြောင်းအရာ တို့က လည်း ရှိနေပြန်သည်။

          ပထမဆုံး ပြောလိုသည်မှာ မြစ်ဆုံကိစ္စဖြစ်သည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်ကိုယ်တိုင် မြစ်ဆုံအရေးကို ပြည်သူထံချပြပေးမည်ဟု ပြောကြားထားဖူးသည်။ သို့သော် ယနေ့အချိန်ထိ တရုတ်နှင့် ချုပ်ဆိုထားသော မြစ်ဆုံရေကာတာ စာချုပ်ပါ အကြောင်းရာများကို ပြည်သူ(Public) ထံ တရားဝင် ချပြခြင်းမျိုး မတွေ့ရသေးပေ။ နိုင်ငံရေးတွင် ကတိစကားသည် အလွန်အရေးကြီးလှသည်။ ပေးထားသော ကတိ ကိုလည်း တည်အောင်ကြိုးစားကြရသည်။ ယခု အခြေအနေမှာ မြစ်ဆုံစီမံကိန်းသည် မည်သို့သော ပုံစံမျိုး ဆက်ဖြစ်လာမည်လဲ၊ ရှေ့ဆက်လုပ်ဆောင်ဖို့ အမှန်တကယ်လိုအပ်သလား၊ သို့တည်းမဟုတ် ပြည်သူ့ဆန္ဒကို အလေးထားပြီး ဒေသခံလူထု၏ သဘောထားအတိုင်း လုပ်ဆောင်မည်လား ဆိုသည်ကို တပ်အပ်သေချာ ပြောဖို့သင့်ပြီဟု ထင်ပါသည်။

          နောက်တစ်ခုက လက်ပံတောင်းတောင် စီမံကိန်းဖြစ်သည်။ စီမံကိန်း လုပ်ဆောင်နေကြသော ကုမ္မဏီ များသည် စာချုပ်ပါ စည်းကမ်းချက်များအတိုင်း အပြည့်အဝ လိုက်နာဆောင်ရွက်မှုမရှိဟု ထိုစဉ်က ဒေါ်အောင် ဆန်းစုကြည် ဦးဆောင်သော စုံစမ်းရေးကော်မရှင်က ဦးသိန်းစိန်အစိုးရထံ အစီရင်ခံဖူးသည်။ သို့သော် ယခုထိ တိုင် ထိုဒေသ၌ ပြဿနာရှိနေဆဲ၊ ဖြစ်ပွားနေဆဲပင်ဖြစ်သည်။ ထိုစဉ်ကအကြံပြုခဲ့သည့် အချက်များကို ယခုအခါ ထိုကုမ္မဏီများက လိုက်နာဆောင်ရွက်နေကြပြီလား သို့မဟုတ် ယခင်အတိုင်းပင်ဆက်၍ လုပ်ဆောင်နေသလား ဆိုသည်ကိုလည်း မည်သူတဦး တယောက်ကမျှ တာဝန်ယူဖြေရှင်းပေးခြင်းလည်း မတွေ့ရတော့ပေ။ အတိတ်မေ့ သလို ရွှေပျောက်သလိုနှင့် ချောင်ထိုးထားလိုက်ကြပေသည်။ ဒေသခံများမှာ ထိုစီမံကိန်းများထံမှ အကျိုးအမြတ် တစုံတရာ မရရှိရုံသာမက စီမံကိန်းများ၏ စွန့်ပစ်ပစ္စည်းများကြောင့် ကျန်းမာရေးဘက်တွင်ပါ စိုးရိမ်စရာများ ဖြစ်နေကြရသည်။

          ထားဝယ် ရေနက်ဆိပ်ကမ်းသည်လည်း ထိုနည်း၎င်းပင် ဖြစ်သည်။ ဂျပန်က ရင်းနှီးမြှုပ်နှံမှု ထည့်ဝင် တော့မလို ၊ အီတာလျှံ- ထိုင်းကမ္မဏီကပဲ တာဝန်ယူ တည်ဆောက်နေသလိုလိုနှင့် ရှေ့သို့လည်းမရောက် ၊ အသိမ်းခံထားရသည့် လယ်သမားများကလည်း ဖြေရှင်းချက်တောင်းနေကြပေပြီ။ ပြောင်းလဲနေပြီဟု ကြွေး ကြော်ပြီး ရန်ကုန်၊ မန္တလေး၊ နေပြည်တော် တဝိုက်ေလောက်ကိုသာ ညွန်ပြနေကြသော အခြေအနေများကို မြင်နေရသည်မှာ စိတ်မချမ်းမြေ့ဖွယ်ပင်ဖြစ်သည်။ တိုင်းရင်းသားဒေသများ၌ အကောင်အထည်ဖော် တည် ဆောက်မည်ဆိုသော စက်မှုဇုန်စီမံကိန်းများသည်လည်း စက္ကူဖြူစီမံကိန်းများအဖြစ်ဖြင့် ကြက်ပျောက်၊ ငှက် ပျောက် ပျောက်ကုန်ကြလေပြီ။ တိုင်းရင်းသား ပြည်နယ်များတွင် အကောင်အထည်ဖော်မှု အားနည်းသော စက်မှုဇုန် စီမံကိန်းများသည် ရန်ကုန်မြို့ကဲ့သို့ တိုင်းဒေသကြီးများ၏ မြို့တော်များတွင်သာ အစားထိုး နေရာယူ သွားကြကာ ခေတ်အဆက်ဆက် အစိုးရများ၏လမ်းစဉ်မှ သွေဖည်သွားခြင်းမရှိသည်မှာလည်း ထူးဆန်းအံ့သြ ဖွယ်ပင်ဖြစ်သည်။

တစ်ခါ မြန်မာနိုင်ငံ၏ အဓိကပြဿနာများထဲမှ ကျူးကျော်ပြဿနာများကို ဖြေရှင်းပုံဖြစ်သည်။ ရန်ကုန် တိုင်းတွင် ကျူးကျော်များကို မကြာခဏ ရှင်းလင်းနေသည်ကိုလည်း တွေ့မြင်နေရသည်။ အကြောင်းပြချက်က စက်မှုဇုန်များ ထူထောင်ရန်ဟူ၏။ ကောင်းလေစွ။ သို့သော် သတင်းများအရ  သိရသလောက်ဆိုလျှင် ထို တည် ဆောက်မည့် စက်မှုဇုန်များသည် ( ဆယ်ခုကျော်ခန့်) တရုတ်နိုင်ငံ၏ချေးငွေဖြင့် တည်ဆောက်မည်ဟု နားလည် ထားသည်။ စက်မှုဇုန်တစ်ခုကို အမေရိကန်ဒေါ်လာ သန်းသုံးရာခန့် အနည်းဆုံးကုန်ကျမည်ဖြစ်ပေရာ၊ ရန်ကုန် တိုင်း တစ်ခုတည်းတွင်ပင်လျှင် ဒေါ်လာသန်းသုံးထောင် (၃ ဘီလျံ) ကျော်ခန့် အကုန်ကျခံ တည်ဆောက်မည် ဆိုသော သဘောပင် ဖြစ်သည်။ တရုတ်က ပိုက်ဆံထုတ်ချေးမည်။ ကျွမ်းကျင်လုပ်သားများ ခေါ်လာမည်။ တဖန် ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းအချို့ကို တရုတ်နိုင်ငံမှ တင်သွင်းမည်။ ထိုသို့ဆိုပါက မြန်မာနိုင်ငံ သားများလည်း အလုပ်အကိုင်များ ရရှိလာမည်ဟု ထင်မြင်ကြပေလိမ့်မည်။ မှန်ပါသည်။ သို့သော် ရွှေမြန်မာတို့ ရရှိမည့် အလုပ်များမှာ အုတ်သယ်၊ ခဲထု၊ ပန်းရံ၊ သံချည်၊ သံကွေး အဆင့်သာ ဖြစ်ပေလိမ့်မည်။ ထို့အပြင် ယင်း ချေးငွေများသည် မုန့်ဖိုးသဘောပေးမည့် ဘောက်ဆူးများ မဟုတ်ကြပေ။ ချေးငွေဆိုကတည်းက ပြန်ဆပ်ရမည်။ ပြန်ဆပ်လျှင် အတိုးနှုန်းပါလာမည်။ အကြွေးမဆပ်နိုင်လျှင် တဖြည်းဖြည်းနှင့် ထိုစက်မှုဇုန်များသည် တရုတ်တို့ လက်တွင်းသို့ပင် ပြန်ရောက်သွားပေလိမ့်မည်။

          တစ်နိုင်ငံလုံးတွင် စာသင်ကျောင်းများဆောက်လုပ်ရန်အတွက် ရံပုံငွေမလုံလောက်သဖြင့်ဟုဆိုကာ စာသင်ကျောင်းများ ဆောက်လုပ်ရန်လျာထားသည့် ဘတ်ဂျက်များကို ပြန်ပြီးရုတ်သိမ်းလိုက်ကြသည်။ တချိန် တည်းမှာပင် ရန်ကုန်မြို့တွင်း ဘတ်စ်ကားမှတ်တိုင်များ အဆင့်မြှင့်ရန်အတွက် အမေရိကန်ဒေါ်လာ (၂၃) သန်း ကို ချပေးလိုက်ကြသည်။ မည်သို့ နားလည်ရမည်လဲ မသိကြတော့ပေ။ အစိုးရ၏ လုပ်ကွက်များသည် တစ်ခါ တစ်ခါတွင် မျက်စိလည်သွားပေသည်။ သို့သော် ဝေဖန်ထောက်ပြရုံမှအပ မည်သို့မျှမတတ်နိုင်။ အဓိက လိုအပ် ချက်ကို ဦးစားပေးသည်ဟု သဘောပေါက်ရန်မှာလည်း အကြောင်းပြချက်က မလုံလောက်ဟု ဆိုရပေမည်။

          ရခိုင်ဘက်သို့ လှည့်ပါမည်။ ပြဿနာတို့၏ ဆုံရပ်က ထိုမှာပင်ဖြစ်သည်။ ထို့အတွက်ကြောင့်လည်း ရန် ကုန်တိုင်းဝန်ကြီးချုုပ်က တိုင်းပြည်၏ စီးပွားရေးဖွံ့ဖြိုးမှု နှေးကွေးရခြင်းမှာ ရခိုင်ပြည်နယ် အကျပ်အတည်းများ ကြောင့်ဟု ဆင်ခြေပေးခြင်းဖြစ်ပေလိမ့်မည်။ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တတိယမဲအများဆုံး အနိုင်ရရှိထား သောပါတီ၏ ခေါင်းဆောင်မှာ နိုင်ငံတော်ပုန်ကန်မှုဖြင့် အကျဉ်းထောင်အတွင်းမှ တရားရင်ဆိုင်နေရသည်။ ၆လ ကျော် ကြာလာသည်အထိ မြောက်ဦးပဋိပက္ခက အဖြေရှာမရသေးပေ။ တဖန် ထွက်ပြေးဘင်္ဂါလီများ ပြန်လည် လက်ခံရေးကိုလည်း လုပ်ပြနေရပြန်သည်။သင်္ဘောကွေ့ကျေးရွာ တည်ထောင်သူ ရခိုင်တိုင်းရင်းသားတစ်ချို့ ဖမ်းဆီးခံရကာ နိုင်ငံတော် အကြည်ညိုပျက်စေမှု ၅၀၅(ခ) ဖြင့် တရားရင်ဆိုင်နေကြရသည်။ ဖျက်ဆီးခံ ရွာသား များမှာ နေစရာမရှိ၍ မိုးရေများထဲတွင် ဖြစ်သလို နေထိုင်နေကြရသည်။ ကျောက်ဖြူမြို့နယ်အတွင်းက သံဇစ် မြစ်ရေတွင် ရေနံချေးကဲ့သို့ အနည်များပါသည့် ကိစ္စသည်လည်း ယခုတိုင် အဖြေမထုတ်နိုင်သေးပေ။ အစိုးရ၏ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ထုတ်ပြန်ချက်မှာ ALARM Myanmar- စိမ်းလန်းအမိမြေ ဖွံ့ဖြိုးတိုးတက်ရေး အသင်းက ရေနမူနာစစ်ဆေးမှုရလဒ် ထုတ်ပြန်ချက်နှင့် ကွဲလွဲနေပေသည်။

          လွန်ခဲ့သည့် တစ်လခန့်ကလည်း စစ်တွေလေယာဉ်ကွင်းအနီးရှိ အစိုးရပိုင် မြေနေရာတွင် နှစ်ရှည် ငှား ရမ်း လုပ်ကိုင်စားသောက်နေကြသော အိမ်ထောင်စုများကို မိုးရေစက်လက်ဖြင့် နှင်ထုတ်လိုက်ကြပြန်သည်။ အကြောင်းပြချက်မှာ လေယာဉ်ကွင်းလုံခြုံရေး ဟူ၏။ သို့သော် လေယာဉ်ကို လေးခွဖြင့်ပစ်ခတ်ဖူးသော ဘုမေ ဘင်္ဂါလီကျေးရွာမှာ လေယာဉ်ကွင်းနှင့် ပို၍နီးကပ်သော အနေအထားဖြစ်သည်။ အတည်ပြုချက် မရသေးသော် လည်း လုံခြုံရေးအကြောင်းပြချက်ဖြင့် နှင်ထုတ်ခံရသူများ မူလနေထိုင်ခဲ့ရာ မြေနေရာအား ဝန်ထမ်းအိမ်ယာ ကဲ့သို့ အဆောက်အဦးများ ဆောက်လုပ်ရန်အတွက် ကုမ္မဏီတစ်ခုသို့ လုပ်ကိုင်ခွင့် ချပေးထားပြီးဖြစ်သည် ဟု လည်း သတင်းများထွက်နေပြန်သည်။ ဟုတ်၊ မဟုတ်ဆိုသည်ကို အချိန်အနည်းငယ် စောင့်ကြည့်ရပေမည်။

          အကြီးမားဆုံး ဖြေရှင်းရမည့်အရာက ကျောက်ဖြူရေနက်ဆိပ်ကမ်း ဆောက်လုပ်မှုတွင် ရင်းနှီးမြှုပ်နှံခြင်း ဖြစ်သည်။ ကျောက်ဖြူရေနက်ဆိပ်ကမ်းသည် တဖြေးဖြေးနှင့် သီရိလင်္ကာတွင် ပြုလုပ်ခဲ့ဖူးသော တရုတ်တို့၏ စီ မံကိန်းနှင့် တူလာနေသည်။ လက်ရှိတွင် ကျောက်ဖြူရေနက်ဆိပ်ကမ်း တည်ဆောက်မှုအတွက် အမေရိကန်ဒေါ် လာ ၇.၅ ဘီလျံ (သန်းပေါင်း ၇၀၀၀ ဒေါ်လာ) ရင်းနှီးမြှုပ်နှံမည်ဟု ကနဦး ကြားသိရခဲ့သည်။နှစ် ၅၀ စာ ငှားရမ်း ဖို့လည်း သဘောတူပြီးဖြစ်သည် ဆိုသည်ကိုလည်း ကြားသိရပြန်သည်။ ထိုသို့ဆိုပါက ရခိုင်ကမ်းရိုးတန်း၏ အ သက်ဝိဉာဉ်ကို တရုတ်တို့ နှစ်ပေါင်း ၅၀ မျှ စိတ်ကြိုက်ချယ်လှယ်ပိုင်ခွင့် ရရှိသွားကြပေမည်။ နောက်ဆုံးတွင် ၁.၃ ဘီလျံသာ ရင်းနှီးမြှုပ်နှံတော့မည်ဟု ပြောကြားလာပြန်သည်။ မည်သည့်အရာက အတည်မှန်းမသိ၊ လူထု ကို လှည့်စားနေသည်နှင့် တူနေပေသည်။ မသိနားမလည်သော ဒေသခံလူထုကို နားလှည့်ပါးရိုက် လုပ်သကဲ့သို့ ဖြစ်နေသည်ကိုလည်း မြင်နေရပြန်သည်။

          ပွင့်လင်းမြင်သာမှုမရှိဘဲ တည်ဆောက်ဖို့ စီစဉ်ထားကြတဲ့ နိုင်ငံအဝှမ်းက ရေကာတာစီမံကိန်းများသည် လည်း ဒေသခံလူထု၏ ဆန္ဒသဘောထားကို အလေးထားမှု အားနည်းနေဆဲပင်ဖြစ်သည်။ သမိုင်းဟူသည်မှာ ဖျောက်ဖျက်၍မရသော မှတ်တမ်းပင်ဖြစ်သည်။ ယခင်အစိုးရဟောင်းများ၏ အမှားများကိုပဲ ထပ်တလဲလဲ ပြော ပြနေစရာ မလိုပေ။ ထိုအမှားများထဲက သင်ခန်းစာယူပြီး ပြင်သင့်သည်များကို ပြင်ရပါမည်။ ထိုသို့မဟုတ်ပါက သမိုင်းတပတ်လည်သောအခါ အစိုးသည် တရားခံဖြစ်သွားပေလိမ့်မည်။

          ယခင် စစ်အစိုးရအဆက်ဆက်နှင့် စစ်တပိုင်းအစိုးရတို့၏ လုပ်ရပ်များကို သဘောမတွေ့၍ လူထုက ပယ်ထုတ်လိုက်ကြပြီးဖြစ်သည်။ ခေတ်အဆက်ဆက် ပြည်ပနိုင်ငံများမှတဆင့် အော်ခဲ့၊ လှော်ခဲ့ကြသူတို့မှာ လည်း ပျောက်ချက်သားကောင်းကာ တိတ်ဆိတ်သွားကြလေသည်။         သူတို့ထဲက တော်တော်များများသည် လက်ရှိအစိုးရ လုပ်ဆောင်နေသော စီမံကိန်းများတွင် ပါဝင်လုပ်ကိုင်နေကြပြီဖြစ်သည်။ ပြည်ပတွင် ကျန်ရှိနေခဲ့ သော ခင်ဥမ္မာတို့လို တစ်ယောက်၊ နှစ်ယောက်ကလည်း ငွေကြေးနောက်လိုက်ပြီး ဘင်္ဂါလီတို့ကို အဖေခေါ်နေ ကြပေပြီဖြစ်သည်။

          ကျွန်တော်တို့ မြန်မာပြည်လူ့အဖွဲ့အစည်းတွင် အခွင့်အရေးရယူရေး ဝါဒသည် ဆက်လက်ရှင်သန် နေဆဲပင် ဖြစ်သည်။ စစ်အာဏာရှင်ခေတ်က အခွင့်ထူးခံလူတန်းစားသည် ခေတ်ပြောင်း ဒီမိုကရေစီခေတ်ဦး တွင်လည်း ယခင်ကအတိုင်းပင် လုပ်ဆောင်ခဲ့ကြသည်။ ယခင် အတိုက်အခံဘဝက ယခုအာဏာရလာသော အစိုးရ လက်ထက ်တွင်လည်း ထိုသူများမှာ ကောင်းစားနေဆဲပင်ဖြစ်သည်။ ယခင်အတိုင်း အပြုံးမပျက် နေနိူင် ကြပေသည်။     

          တစ်ချို့စီမံကိန်းများသည် ပွင့်လင်းမြင်သာမှု ရှိရန်လိုအပ်ပေသည်။ အတွင်းကျကျလည်း ပြည်သူကို ချပြရန်လည်း လိုအပ်ပေသည်။ အစိုးရဟူသည် ထာဝရတည်မြဲသောအရာ မဟုတ်ပေ။ ပြည်သူသည်သာ ထာဝရ တည်မြဲနေလိမ့်မည်။ အပေါ်ယံ ရွှေမှုန်ကြဲထားသော အပိုင်းလောက်ကိုသာ လူထုကိုချပြပြီး အတွင်းမှာ လှိုက်စားနေခြင်းကို ဖုံးဖုံးဖိဖိလုပ်ဆောင်နေကြလျှင် နိုင်ငံရေးရိုးသားမှုကို ခုတုံးလုပ်ရာလည်း ရောက်ပေလိမ့် မည်။ ထို့ကြောင့် ယခုလက်ရှိအစိုးရသည် ယခင်အစိုးရများလုပ်စားသွားကြသော စီမံကိန်းများကိုလည်း ပြန် လည်စီစစ်၍ အာဏာကို သုံးသင့်ကသုံးပြီး ပြင်ဆင်ဖြည့်စွက် ညှိနှိုင်းမှုတို့ကို လုပ်ဆောင်ရန် လိုအပ်ပေလိမ့် မည်။ အရေး ကိစ္စတစ်ခုပေါ်တိုင်း စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ပြီး ဖြေရှင်းရုံနှင့် ပြေလည်သွားမည်မဟုတ်ပေ။ စီမံကိန်းများကြောင့် မြန်မာနိုင်ငံတဝှမ်း ကြုံတွေ့နေရသော လယ်သိမ်း၊ ယာသိမ်း၊ ဖယ်ရှားပြောင်းရွှေ့ ကိစ္စများ ကိုလည်း ပျော့ပျောင်းညင်သာစွာ ကိုင်တွယ်ဖြေရှင်းရပေလိမ့်မည်။ ထိုသို့မဟုတ်ဘဲ အသိပညာ နည်းပါးကြ သော လူထုအား စီမံကိန်း၏ဆိုးကျိုးများကို ရိုးသားပွင်းလင်းစွာ ချမပြဘဲ ထိန်ချန်ဖုံးကွယ်ထားလျှက် ရရှိနိုင်မည့် အကျိုးအမြတ် တစ်ခုတည်းကိုသာ ပုံကြီးချဲ့အမွှန်းတင်ပြီး ချပြနေပါက ထိုသို့ လုပ်ဆောင်ချက်များကို ရွှေမှုန်ကြဲ ထားသော နိုင်ငံရေးလှည့်ကွက်များ ဟုသာ သုံးသပ်ရပေလိမ့်မည် ဖြစ်ပေသည်။။