- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
အင်းဒင်မှာ ကြွေသည့် အသဲ
အင်းဒင်ကိစ္စမှာ တပ်မတော်ဖက်က အရာရှိ ၄ ဦးနဲ့ တစ်ခြားအဆင့် ၃ ဦးတို့ကို ထောင်ဒဏ်များချမှတ်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များနှင့် အရပ်သားများကိုလည်း အရေးယူခဲ့သည်။ ယနေ့ထိတိုင်အောင်လည်း အင်းဒင်ကျေးရွာကို သတင်းမီဒီယာများ လာရောက်နေဆဲဖြစ်သည်။ သို့သော် တချို့သတင်းဌာနများမှာ ဒေါ်ယိုင်နုဖြူတို့လို အနာပေါ်ဆူးကျနေသည့် ဒုက္ခကို သိလိုခြင်းမရှိကြဘဲ၊ သင်္ချိုင်းသို့ သွားရန်သာ ပြောဆိုကြသည်ဟု ဒေသခံများက ပြောကြသည်။
06 Nov 2018
ဆောင်းပါးရှင် - စိမ်းကိုကို / DMG
မနက်ခင်း၏အလင်းရောင်မှာ မြူငွေ့အနည်းငယ်ပါနေသည့်အတွက် အချမ်းဝင်စပြုလာပြီဖြစ်သည်။ စစ်တွေ ရေချမ်းပြင်ဆိပ်မှ ဇက်ဖြင့်ကူးလျှင် အငူမော်ဆိပ်ကိုရောက်သည်။ အငူမော်ဆိပ်ကမ်းမှ ကားဖြင့် ၁ နာရီးပါးသွားလျှင် အင်းဒင်ကျးရွာကို ရောက်သည်။
အင်းဒင်ဟုဆိုလိုက်လျှင် ဘင်္ဂါလီ ၁၀ ဦးသတ်ဖြတ်ခံရမှု၊ ရိုက်တာသတင်းများဖြစ်သော ကိုဝလုံးနှင့် ကိုကျော်စိုးဦး၊ ဒုရဲမှူးကြီး မိုးရန်နိုင် စသည့်ပုဂ္ဂိုလ်တွေကို ပြေးမြင်မိကြမည်ဖြစ်သည်။ သို့သော် အမေ့လျော့ခံ အထီးကျန်အမျိုးသမီးတစ်ဦး၏ အကြောင်းကိုကား လူသိနည်းလှသည်။ သူသည် အင်ဒင်းဇာတ်လမ်းမှ အဓိကဇာတ်ဆောင်တစ်ဦးပင် ဖြစ်သည်။
ထိုအမျိုးသမီး၏အမည်မှာ ဒေါ်ယိုင်နုဖြူဖြစ်သည်။ အသက်အားဖြင့် ၆၃ နှစ်ရှိပြီ ဖြစ်သည်။ တစ်ခေါင်းလုံးနီးပါး ဖြူစပြုလာပြီဖြစ်သော သူ၏ခေါင်းပေါ်မှ ဆံပင်များမှာ ဖရိုဖရဲရှိလှသည်။ ဆန်မှုန့်ရောင် ခတ်နွမ်းနွမ်း ရှေ့ခွဲအင်္ကျီတစ်ထည်ကို သူဝတ်ဆင်ထားပြီး တစ်ဆတ်ဆတ်တုန်ယင်နေသည့် လက်ကို ကျစ်လျစ်စွာ ဆုပ်ထားလိုက်ကာ သူ၏မျက်ဝန်းမှ မျက်ရည်များမကျအောင် မနည်းထိန်းထားပုံရသည်။ သူဘာကြောင့် ယခုလို ခံစားနေရသည် ဆိုသည့်အကြောင်းကို ယခုလိုဖွင့်ချလေသည်။
“အဝိုင်းခံကတော့ ဒီသားပါ၊ အမေပါ အားလုံးလေးငါးယောက်လုံးကို ဘင်္ဂါလီတွေဝိုင်းတားတယ်။ အဲဒီမှာ သားက ဖုန်းဆက်တယ် မေမေပြန်သွားတော့။ သားတွေနဲ့ အတူသေတော့မယ်လို့ ပြောတယ်။ ဒါမေမယ့် အမေက လိုက်သွားတယ်။ အဲဒီအချိန်မှာ တပ်ကနှစ်ယောက်ကူလို့ အခုလိုလွတ်လာတာ။ သံသရာမှာ ဘယ်လိုပါသလဲ မသိတော့ဘူး ” ဟု ပြောသည်။
ယခုအကြောင်းအရာသည် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်နေ့ကဖြစ်သည်။ ဒေါ်ယိုင်နုဖြူ၏ ခင်ပွန်းဖြစ်သော ဦးအနီမောင်မှာ ကျွဲများကိုလွှတ်ရန် အင်းဒင်းကျေးရွာမှ ကျွဲချည်ထားသော တဲသို့သွားခဲ့သည်။ သို့သာ် ဦးအနီမောင်မှာ အိမ်ကိုပြန်မရောက်လာသဖြင့် သားလေးယောက်နှင့် ကျေးရွာမှတာဝန်ရှိများက လိုက်လံရှာဖွေကြစဉ် ဘင်္ဂါလီများ ဝိုင်းထားခဲ့သည့်အကြောင်း ပြောဆိုခြင်းပင်ဖြစ်သည်။
အင်ဒင်းရခိုင်ကျေးရွာနှင့် အင်းဒင်ဘင်္ဂါလီကျေးရွာမှာ လမ်းကလေးတစ်ခုသာခြားပြီး တည်ရှိသည့်အတွက် ရခိုင်နှင့်ဘင်္ဂါလီတို့ အမြဲတမ်း ကူးလူးဆက်ဆံမှုရှိသည်။ ဒေါ်ယိုင်နုဖြူတို့ဇနီးမောင်နှံမှာ ဟင်းသီးဟင်းရွက်များ စိုက်ပျိုးခြင်း၊ လယ်များထွန်ယက်ခြင်း၊ ကျွဲများကို ထိန်းသိမ်းခြင်းစသည့် လုပ်ငန်းများဖြင့် လယ်တဲထဲ၌သာ အများဆုံးနေလေ့ရှိသည်။ ယာတွင်ရှိသော ပဲနဲ္နသီး၊ သရက်သီးနှင့် ဟင်းသီးဟင်းရွက်များကို ဘင်္ဂါလီများကို ပေးကမ်းစားလေ့ရှိသလို အချင်းချင်းလည်း ယုံကြည်စွာပင်ရှိခဲ့သည်။ သို့သော် အကြမ်းဖက်မှုများနောက်ပိုင်း ကျွဲများကို ရက်စက်စွာသတ်ဖြတ်၊ စားသောက် ဖျက်ဆီးခဲ့ကြသည်ဟု ဆိုသည်။
“တဲထိုးလို့နေတယ်။ ကွဲျတွေရှိတဲ့အတွက် သူတို့ဟာ ငါတို့ဆီမှာ ကျွဲတွေလည်းချည်တယ်။ သူတို့နဲ့အဆက်အသွယ်လုပ်လို့ တစ်ခုခုလဲမပြော။ ဆိုတော့ အရီးတို့လည်း ယုံတယ်။ အသီးကလေးတစ်လုံး ကြွေရင်တောင်၊ သရက်၊ ပိန္နဲ အသီးတွေမှဲ့လာပြီဆိုရင် သားတွေကလည်း မလာတော့ဘူးဆိုတော့ သူတို့ကိုပဲပေးတယ်။ ထမင်းမစားရဆိုရင် ချက်လို့ကျွေးတယ်။ အခုလို သတ်ပစ်တယ်ဆိုတာကိုတော့ လုံးဝမွန်းကျပ်သွားတယ်။ စကားပြောမရခဲ့ဘူး။ အခုမှ အရီစကားပြောနိုင်တာ။ ငယ်ငယ်ကတည်းကသူတို့နဲ့ ဆက်စပ်ပြီး တစ်ယောက်မှာမရှိရင် တစ်ယောက်က ကူညီပြီး ညီအစ်မအရင်းလို၊ ဘင်္ဂါလီဆိုရင်လည်း ဘင်္ဂါလီလို့ မမှတ်ပဲ အဲဒီလို လုပ်စားလာတာ”ဟု ပြောသည်။
ဒေါ်ယိုင်နုဖြူတို့လုပ်ကိုင်စားသောက်နေတဲ့ ကျွဲ ၁၃ ကောင်တို့ကိုလည်း အကြမ်းဖက်သမားများက ခြေ၊လက်များကို ပိုင်းဖြတ်ကာဖျက်ဆီးကြောင်းလည်း ပြောသည်။
အင်းဒင်ကျေးရွာအနီးတွင် ပဲရုံအမည်ရှိ တိုင်းရင်းသားကျေးရွာတစ်ခုလည်းရှိပြီး စုစုပေါင်း အိမ်ခြေ ၂၀၀ နီးပါးရှိကာ အင်းဒင်းဘင်္ဂါလီကျေးရွာမှာ အိမ်ထောင်စု ၉၀၀ နီးပါးရှိသည်။ ဒေါ်ယိုင်နုဖြူသည် အင်းဒင်ကျေးရွာသို့ အသက် ၇ နှစ်အရွယ်မှ ပြောင်းရွေ့နေထိုင်လာခြင်းဖြစ်ပြီး ဦးအနီမောင်နှင့် အိမ်ထောင်ကျကာ သား ၄ ဦး ထွန်းကားခဲ့သည်အထိ ဘင်္ဂါလီများနှင့် ပြဿာနာမဖြစ်ခဲ့ဟု ဆိုသည်။ ယင်းအပြင် အင်းဒင်ကျေးရွာသားများသည်ပင်လျှင် အောက်တိုဘာ ၂၅ ရက်နေ့အထိ နေမြဲတိုင်းနေ နေကြဆဲဖြစ်ကာ ဦးအနီမောင်ကို ဘင်္ဂါလီများဖမ်းဆီးသွားသည့် သတင်းရမှာသာ ဘုန်းကြီးကျောင်းသို့ ပြေးခဲ့ကြသည်ဟု ဆိုသည်။
“ကိုယ်တို့အချင်းချင်း ဒီလိုလုပ်မယ်လို့က မထင်။ အချင်းချင်းလုပ်စားနေကြတာ။ ၇ နှစ်သမီးကနေ ဒီနေရာမှာ လုပ်စားလာတာ။ သူတို့သတ်ပစ်ရင်လည်း သေရဲတယ် အဲဒီလိုသဘောကို ရောက်သွားကြတာကို။ အဲဒီလို သဘောရောက်သွားကြတာကို သူတို့သတ်မယ်ဆိုတာကို သိမှ မသိတာကိုး ” ဟု ပြောသည်။
ဦးအနီမောင်မှာ ၂၅ ရက်နေ့မှ ပျောက်ဆုံးသွားခဲ့ပြီး သူ၏ရုပ်အလောင်းကို စက်တင်ဘာလ ၁၇ ရက်နေ့မှ ရှာဖွေတွေ့ရှိခဲ့သော်လည်း ဒေါ်ယိုင်နုဖြူခမျာ သူ၏ချစ်လှစွာသော ခင်ပွန်းကို နောက်ဆုံးအကြိမ်အဖြစ် တွေ့ခွင့်တာင်မကြုံခဲ့ပေ။ ဒေါ်ယိုင်နုဖြူ၏သားများက မိခင်ဖြစ်သူ၏ဝေဒနာ ပိုမိုဆိုးရွားမည်စိုးသဖြင့် မပြသခဲ့ဟုလည်း သိရသည်။
ဒေါ်ယိုင်နုဖြူအဖို့ လင်သေ၊ စီးပွားပျက်ဘဝနဲ့ ဝေဒနာများကို လူးလိမ့်ခံစားနေရသည့်အချိန်တွင် နောက်ထပ် ကြံမ္မာဆိုးတစ်ခုက သူ့ဘဝထဲသို့ ထပ်ဝင်လာလေသည်။ ဘင်္ဂါလီ ၁၀ ဦးသတ်ဖြတ်မှုနှင့်ပတ်သက်ပြီး ရိုက်တာသတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ အစီရင်ခံစာကိစ္စဟာ ဟိုးလေးတကျော် ဖြစ်လာခဲ့သည်။
ယင်းအစီရင်ခံစာ ထွက်မလာမီအချိန်က နိုင်ငံတော်နှင့် တပ်မတော်ဖက်မှလည်း အင်းဒင်လူသတ်မှုကိစ္စ သတင်းထုတ်ခဲ့သည်။ သူသတ်မှုတွင်ပါဝင်သည်ဟု စွတ်စွဲခံရသူ နှစ်ဦးထဲတွင် ဒေါ်ယိုင်နုဖြူ၏သား နှစ်ဦးပါဝင်သည်။ အပူပေါ် အပူဆင့်ခဲ့ရသော ဒေါ်ယိုင်နုဖြူမှာ သောကကို ရင်ဝယ်ပိုက်ပြီး ခေတ်သစ်မဋာအဖြစ်သို့ ရောက်ရှိခဲ့ရသည်။ သူ၏သားတစ်ဦးမှာ ဘူးသီးတောင်အကျဉ်ထောင်တွင် ရှိနေပြီး နောက်တစ်ဦးမှာ တိမ်းရှောင်နေရသည်ဟု ဆိုသည်။
“အရီးခံစားရသလို ရပ်သူ၊ ရွာသားတွေ ဒီဘဝမျိုးကို မခံစားရပါစေနဲ့ လို့ဆုတောင်းတယ်” ဟု ဒေါ်ယိုင်နုဖြူ ပြောသည်။
ယခုအချိန်မှာတော့ ဒေါ်ယိုင်နုဖြူမှာ အားကိုးရာခင်ပွန်းမရှိတော့သလို၊ ကျွဲနွားတွေမှာလည်း မရှိတော့သဖြင့် ကြုံရာအလုပ်ကို၊ လုပ်ကိုင်စားသောက်ပြီး ဘဝကိုဖြတ်သန်းနေသည်။ သူ၏သား အငယ်ဆုံးရသည့်လစာအပေါ် အခြေခံပြီး ဘဝကို ရုန်းကန်လှုှပ်ရှားနေရသော်လည်း ဒေါ်ယိုင်နုဖြူအတွက် အကူအညီများ လိုအပ်နေဆဲဖြစ်သည်။ ယင်းအပြင် ဒေါ်ယိုင်နုဖြူ အဖြစ်ချင်ဆုံးဆန္ဒမှာလည်း သူ့သားများနှင့်အတူူ လုပ်ကိုင်စားသောာက်ပြီး ကျန်ရှိနေသည့် အချိန်များကို ဖြတ်သန်းလိုသည်။
“ဒီသားတွေနဲ့ ဘယ်လိုပဲ လုပ်စားရ စားရ။ သားတွေနဲ့အတူတူ၊ ဘယ်နှစ်ရက်လဲနေရတော့မှာ မဟုတ်ဘူး။ အတူတူနေရရင် တော်ပြီ။ အရီးက အဲဒါကိုပဲ တောင်းဆိုချင်တယ်” ဟု လည်း ပြောလိုက်သေးသည်။
အင်းဒင်ကိစ္စမှာ တပ်မတော်ဖက်က အရာရှိ ၄ ဦးနဲ့ တစ်ခြားအဆင့် ၃ ဦးတို့ကို ထောင်ဒဏ်များချမှတ်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များနှင့် အရပ်သားများကိုလည်း အရေးယူခဲ့သည်။ ယနေ့ထိတိုင်အောင်လည်း အင်းဒင်ကျေးရွာကို သတင်းမီဒီယာများ လာရောက်နေဆဲဖြစ်သည်။ သို့သော် တချို့သတင်းဌာနများမှာ ဒေါ်ယိုင်နုဖြူတို့လို အနာပေါ် ဆူးကျနေသည့် ဒုက္ခကို သိလိုခြင်းမရှိကြဘဲ၊ သင်္ချိုင်းသို့ သွားရန်သာ ပြောဆိုကြသည်ဟု ဒေသခံများက ပြောကြသည်။
၂၀၁၇ ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့ စတင်ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုဖြစ်စဉ်မှာ ဒေါ်ယိုင်နုဖြူအတွက် ခင်ပွန်းဆုံးရှုံးလိုက်ရသလို သားနှစ်ဦးမှာ တစ်ဦးကဖမ်းဆီးခံ၊ ကျန်တစ်ဦးရှောင်ပြေးခဲ့ရပြီး ဘဝတစ်ခုလုံး ကုန်းကောက်စရာမရှိအောင် ပျက်စီးသွားခဲ့သော်လည်း လူနာချင်းစာနာမှု အထောက်အပံ့အနည်းငယ်မျှ ရခဲ့သည်မရှိသလို သူ၏ခံစားချက်များကိုလည်း မျက်ကွယ်ပြုခဲ့ကြသည်။
မည်သို့ပင်ဆိုသော်လည်း အင်းဒင်ကျေးရွာက အကြမ်းဖက်မှုတွင် ပါဝင်သည့် ဘင်္ဂါလီ ၁၀ ဦး၏ ဇာတ်လမ်းသည် ကမ္ဘာကျော်ဇာတ်လမ်းတစ်ခု ဖြစ်ခဲ့သည့်တော့ အမှန်ပင်။ ထိုကိစ္စသည် ယနေ့၊ ယခုပြီးဆုံးခဲ့ပြီဖြစ်သော်လည်း ရိုက်တာသတင်းထောက်နှစ်ဦး၏ မိသားစုဝင်များ၊ ဒုရဲမှူးကြီးမိုးရန်နိုင်၏ မိသားစုဝင်များ၊ ထောင်ဒဏ်ချမှတ်ခံရသော တပ်မတော်သားများ၏ မိသားစုဝင်များ၏ အသည်းနှလုံးတို့သည်ကား ဒေါ်ယိုင်နုဖြူ ကဲ့သို့ပင် အင်းဒင်းကျေးရွာမှာ ကြွေကျခဲ့ကြပြီဖြစ်သည်။