- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
အစိုးမရတော့တဲ့ စစ်တွေ
“ ရခိုင်ပြည်နယ်တစ်ခုလုံးကို ပြန်လည်သုံးသပ်လို့ရှိရင်၊ လူသတ်မှုတွေဖြစ်လာတယ်၊ ဘင်္ဂါလီကိစ္စတွေ ဖြစ်လာတယ်။ စစ်တွေမြို့ပေါ်မှာ ဗုံးပေါက်ကွဲမှုအထိ ဖြစ်လာတယ်ဆိုတာ တစ်နည်းနည်းနဲ့ ရခိုင်ပြည်ကို ဆူပူအောင်လုပ်နေတယ်လို့ ကျွန်တော်တို့ သုံးသပ်တယ်။ ရခိုင်ပြည်နယ်ကို ဆူပူအောင်လုပ်နေတယ်။ ပဋိပက္ခတွေဖြစ်အောင် လုပ်နေတယ်။ အဲဒါဟာ ရည်ရွယ်ချက်ရှိရှိကြံစည်နေသလားလို့ ကျွန်တော်တို့စိတ်မှာ တွေးမိတာရှိပါတယ် ”
23 Mar 2018
စိမ်းကိုကို ရေးသားသည်။
ရခိုင်ပြည်နယ်ရဲ့ မြို့တော်ဖြစ်တဲ့ စစ်တွေဟာ လက်ရှိအချိန်မှာ တရားဥပဒေစိုးမိုးမှုရှိသလားလို့ မေးရင်၊ မရှိဘူးလို့သာ ဖြေရမှာဖြစ်တယ်။ ၂၀၁၂ ခုနှစ်နောက်ပိုင်းကနေ အစပျိုးလာတဲ့ စစ်တွေရဲ့လုံခြုံရေးဟာ အခုအချိန်မှာတော့ စိုးရိမ်စရာတွေ အများကြီးဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် ခြိမ်းခြောက်မှုတွေဟာလည်း ပိုမိုအတင့်ရဲလာတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ အများပြည်သူလုံခြုံရေးကို ထိပါးစေတဲ့ စစ်တွေမြို့ရဲ့ အခြေအနေတွေကို သုံးသပ်ကြည့်မယ်ဆိုရင် ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် ဒီဇင်ဘာ လ ၂၀ ရက်နေ့က လူငယ်စာရေးဆရာ၊ ဆောင်းပါးရှင်တစ်ဦးဖြစ်တဲ့ ကျော်လင်း(ရောင်စုံ)ကို စစ်တွေမြို့ရဲ့ အထင်ကရနေရာတစ်ခုဖြစ်တဲ့ ဝေသာလီအားကစားကွင်းအနီးမှာ နောက်ကနေ စူးနဲ့နှစ်ချက်ထိုးကာ တရားခံတွေ ထွက်ပြေးသွားခဲ့ကြပါတယ်။
၂၀၁၇ ခုနှစ် အောက်တိုဘာလ ၂၀ ရက် ည ၁၂ နာရီဝန်းကျင်ကလည်း စစ်တွေမြို့ မင်းဂံရပ်ကွက်ရှိ Royal စားသောက်ဆိုင်မှာ စကားများရန်ဖြစ်ဖြစ်ကြရာကနေ လူတစ်ဦးသေဆုံးကာ သေနတ်နဲ့ပတ်ခတ်မှုကြောင့် တစ်ဦးဒဏ်ရာရှိခဲ့တဲ့ ဖြစ်စဉ်တစ်ခုလည်း ဖြစ်ပွားခဲ့ပါတယ်။
၂၀၁၈ ခုနှစ်အစပိုင်း ဇန်နဝါရီလ ၃၀ ရက်နေ့မှာတော့ မြောက်ဦးမြို့နယ်အုပ်ချုပ်ရေးမှူးဟောင်း ဦးဘိုဘိုမင်းသိုက် လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရပါတယ်။ သူသတ်ဖြတ်ခံခဲ့ရတာဟာ ပုဏ္ဏားကျွန်းမြို့နယ်ထဲမှာ ဖြစ်ပေမယ့် ရခိုင်တစ်ပြည်နယ်လုံးကို တုန်လှုပ်စေခဲ့တဲ့ ဖြစ်စဉ်တစ်ခုလည်း ဖြစ်ပါတယ်။
ပြည်နယ်အဆင့် အုပ်ချုပ်ရေးဌာနတစ်ခုဖြစ်တဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ လက်ထောက်ညွှန် ကြားရေးမှူးတစ်ဦးဖြစ်တဲ့ ဦးဘိုဘိုမင်းသိုက်လို လူတစ်ယောက်ကိုတောင် သတ်ဖြတ်တယ်ဆိုရင် သာမန်ပြည်သူတွေရဲ့လုံခြုံရေးကို ဘယ်လောက်ထိ ခြိမ်းခြောက်နေပြီလဲဆိုတာကိုလည်း စဉ်း စားစရာဖြစ်လာပါတယ်။ တစ်ခါ ဝေဖန်ရေးစာတွေရေးတဲ့ ကျော်လင်း (ရောင်စုံ)လို လူတစ်ယောက်ကို နေ့ခင်းကြောင်တောင်မှာတောင် လုပ်ကြံတာတွေကိုကြည့်ရင် စစ်တွေမြို့ရဲ့ တရားဥပဒေစိုးမိုးမှုဟာ လုံးလုံးကြီး ခြိမ်းခြောက်ခံနေရပြီလားဆိုတာကို သုံးသပ်ရမှာပါ။
ဖေဖော်ဝါရီလ ၂၄ ရက်နေ့ နံနက်ပိုင်းကလည်း စစ်တွေမှာ မိုင်းသုံးလုံး ပေါက်ကွဲခဲ့ပါသေးတယ်။ အဲဒီပေါက်ကွဲမှုဖြစ်စဉ်ကြောင့် မြို့နေလူထုဟာ စိုးရိမ်စိတ်တွေ မြင့်တက်လာပြီး စစ်တွေမြို့ရဲ့ တရားဥပဒေစိုးမိုးမှုဆိုတာကိုလည်း မေးခွန်းထုတ်လာကြပါ တယ်။
“ စာရေးဆရာ ကိုကျော်လင်းကို လုပ်ကြံတဲ့ကိစ္စရယ်၊ အခုလို စစ်တွေမှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်တယ်ဆိုတာဟာ တရားဥပဒေစိုးမိုးမှု စစ်တွေမှာ လုံလုံခြုံခြုံရှိရဲ့လားဆိုတာကို မေးခွန်းထုတ်စရာဖြစ်လာတယ်။ ပြည်သူ လူထုကိုလည်း အထိတ်တလန့်ဖြစ်စေတယ် ” လို့ စစ်တွေမြို့နယ် လူမှုအဖွဲ့ အစည်များ ကိုယ်စားပြုကော်မတီရဲ့ နာယကဖြစ်သူ ဦးသန်းထွန်းက စစ်တွေမြို့လုံခြုံရေး အခြေအနေနဲ့ ပတ်သက်ပြီး ပြောပါတယ်။
မကြာသေးခင်က သတင်းတွေအရ စစ်တွေမြို့ရဲ့ အဓိကနေရာ ၁၀ ခုမှာ ဖောက်ခွဲမှုတွေ ပြုလုပ်သွားမယ်ဆိုပြီးတော့ သတင်းတွေထွက်နေတဲ့အတွက် စစ်တွေမြို့ပေါ်မှာ လှည့်ကင်းတွေ၊ စောင့်ကင်းတွေအပါအဝင် တခြားမြို့အဝင်၊ အထွက်တွေမှာ လုံခြုံရေးတွေ တိုးမြှင့်ချထားတယ်လို့ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူး၊ ရဲမှူးကြီးအောင်မြတ်မိုးက မီဒီယာတွေကို ပြောဆိုထားတာတွေလည်း ရှိပါတယ်။
စစ်တွေမြို့ပေါ်မှာ ပေါက်ကွဲခဲ့တဲ့သုံးနေရာကိုကြည့်ရင် ပြည်နယ်ရဲ့ အဓိကနေရာတွေဖြစ်တဲ့ တရားလွှတ် တော်ရုံးရှေ့၊ ပြည်နယ်အုပ်ချုပ်ရေးမှူး နေအိမ်အနီးတွေမှာ ပေါက်ကွဲခဲ့တာ ဖြစ်တဲ့အတွက် အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးအပိုင်းတွေကို ခြိမ်းခြောက်လိုက်တာလည်း ဖြစ်ပါတယ်။
ဇန်နဝါရီလ ၁၆ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ မြောက်ဦးဖြစ်စဉ်အပြီးမှာ ရခိုင်ပြည်နယ်အတွင်းက သက်ဆိုင်ရာ အုပ်ချုပ်ရေးတာဝန်ရှိသူတွေဖြစ်တဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူးနဲ့ ပြည်နယ်ရဲ မှူးကြီးတို့ရဲ့ ပြောစကားတွေပါတဲ့ သတင်းတွေအောက်မှာဆိုရင် သူတို့ကို ဆဲဆိုတာတွေ၊ ခြိမ်းခြောက်တာတွေကို တွေ့လာခဲ့ရပါတယ်။ ဒါ့ကြောင့်လည်း ရခိုင်ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးတင်မောင်ဆွေဟာ မီဒီယာတွေရဲ့ မေးမြန်းမှုကို ယခင်ကလို မဖြေလိုတော့ကြောင်း သူနဲ့နီးစပ်သူတွေဆီကနေ သိရပါတယ်။
ရခိုင်ပြည်နယ်အစိုးရရဲ့ သတင်းထုတ်ပြန်ရေးအပိုင်းတွေမှာ အားနည်းချက်တွေရှိတာကြောင့် သတင်းမီဒီယာတော်တော်များများဟာ ဦးတင်မောင်ဆွေနဲ့ ရဲမှူးကြီးအောင်မြတ်မိုးတို့ကို မေးမြန်းပြီး သတင်းထုတ်လုပ်ခဲ့ကြရပါတယ်။ အစိုးရအဖွဲ့ရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့ ဥက္ကဋ္ဌဖြစ်သူ ဦးမင်းအောင် တာဝန်ကနေ ရပ်စဲခံရပြီး နောက်ပိုင်းမှာ လက်ရှိဖြစ်စဉ်တွေကို ဖြေကြားပေးဖို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှာ သီးသန့်သတ်မှတ်ထားတဲ့ပုဂ္ဂိုလ်လည်း မရှိသေးပါဘူး။
ဒါ့အပြင် မြောက်ဦးဖြစ်စဉ် နောက်ပိုင်းမှာ ရခိုင်ပြည်နယ်အတွင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဝန်ထမ်းတွေဟာ ယူနီဖောင်းဝတ်ဆင်ပြီး ရုံးတက်ရုံးဆင်းတောင် မပြုလုပ်ကြတော့တာကိုလည်း တွေ့နေရပါတယ်။ အထူးသဖြင့် ပြည်နယ်ရုံးစိုက်တဲ့ စစ်တွေမြို့ပေါ်က ဝန်ထမ်းတွေတောင် ယူနီဖောင်းကို မဝတ်ဆင်ကြတော့တဲ့ အခြေအနေပါ။
စစ်တွေမြို့ပေါ်မှာ လုံခြုံရေးအခြေအနေတွေ တိုးမြှင့်ချထားပေမယ့် မြို့ရဲ့တစ်ချို့နေရာတွေမှာ ညညဆိုရင် ဗြောက်အိုးဖောက်သံတွေကိုလည်း ကြားနေကြတယ်လို့ မြို့ခံတွေက ဆိုပါတယ်။ အခုလို စစ်တွေမြို့ပေါ်က နေရာသုံးနေရာမှာ အချိန်မိနစ်ပိုင်းသာခြားပြီး ပေါက်ကွဲမှုဖြစ်ပွားတာဟာ လက်ရှိစစ်တွေလူထုရဲ့ စိုးရိမ်မှုတွေကိုလည်း ပိုမိုမြင့်တက်လာစေပြီးတော့ စစ်တွေမြို့ပေါ်မှာ အုပ်ချုပ်သူတွေတောင်မရှိတော့ ဘူးလားဆိုပြီးတော့လည်း ဥပဒေရေးရာ ကျွမ်းကျင်သူတစ်ဦးဖြစ်တဲ့ ဦးသာပွင့်က မေးခွန်းထုတ်လိုက်ပါတယ်။
“ ရှင်းရှင်းပြောရရင်တော့ စစ်တွေမြို့ရဲ့ လုံခြုံရေးအခြေအနေဟာ မြို့တော်နဲ့ မတူအောင်ကို ဆုတ်ယုတ်နေ တယ်။ ဗုံးပေါက်ကွဲတယ်ဆိုတာက အခုမှပါ၊ အရင်ကမြို့ပေါ်မှာ ညဖက်တစ်နာရီနှစ်နာရီမှာ ဗြောက်အိုးတွေ ဖောက်ချင်သလို ဖောက်နေတယ်။ ကျွန်တော်တို့က တစ်ခါတလေကျရင် စစ်တွေမြို့ မှာ အုပ်ချုပ်တဲ့လူတွေတောင် မရှိတော့ဘူးလားဆိုတဲ့သဘောမျိုး သက်ရောက်နေတယ်။ ဘာမှအရေးယူတာ မရှိဘူး။ ဒါကြောင့် လုံခြုံရေးဟာ တော်တော်လျော့ပါးနေတယ်လို့ ပြောရမှာပါ ”
ရခိုင်ပြည်နယ်အတွင်း ပေါက်ကွဲမှုတွေဟာ စစ်တွေတစ်ခုတည်းလားဆိုတော့ မဟုတ်ပါဘူး။ ၂၀၁၇ ခုနှစ် အတွင်းကလည်း အကြမ်းဖက်ခံဒေသမဟုတ်တဲ့ မြို့နယ်တွေဖြစ်တဲ့ မင်းပြား၊ ယိုးတရုတ်အပါအဝင် နေရာတော် တော်များများမှာ ဖြစ်ပွားခဲ့ပါတယ်။ အဲဒီထဲက တစ်ချို့ပေါက်ကွဲမှုဖြစ်စဉ်တွေကိုတော့ ရခိုင့်တပ်မတော် AA က လုပ်တယ်ဆိုပြီး အစိုးရဖက်က ထုတ်ပြန်တာတွေရှိခဲ့သလို၊ ဦးဘိုဘိုမင်းသိုက် သေဆုံးမှုကိုလည်း AA က လုပ်ကြံတာဖြစ်တယ်လို့ အစိုးရဖက်က ထုတ်ပြန်ထားပေမယ့် AA ဖက်ကတော့ ဒါတွေအားလုံးကို ငြင်းဆန်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်အတွင်း ရန်ကုန်-စစ်တွေ ကားလမ်းမတစ်လျှောက်မှာ ပေါက်ကွဲမှုအနည်းဆုံး ၁၀ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီးတော့ မပေါက်ကွဲသေးတဲ့ လက်လုပ်မိုင်းတွေကိုလည်း တွေ့ရှိခဲ့ပါ တယ်။
စစ်တွေပေါက်ကွဲမှုကြောင့် သံသယနဲ့ ဖမ်းဆီးခေါ်ဆောင်ခံရသူတွေဟာ မတ်လ ၃ ရက်နေ့အထိ လူ ၉ ဦးရှိပြီးတော့ ၎င်းတို့ကို ချုပ်ရမန်ယူပြီး စစ်ဆေးနေပါတယ်။ အဲဒီဖမ်းဆီးခံရသူ ၉ ဦးထဲမှာ ရခိုင်ပြည်အမျိုးသားကောင်စီ ANC ရဲ့ ဗဟိုကော်မတီဝင်တစ်ဦး ဖြစ်တဲ့ ကိုနိုင်စိုးလည်း ပါဝင်ပါတယ်။ ကိုနိုင်စိုးဟာ အရင်က ပေါက်ကွဲစေတတ်သောပစ္စည်းတွေ့ရှိမှုနဲ့ ပတ်သက်ပြီး ထောင်ဒဏ်ကျခဲ့ဖူးသူ ဖြစ်ပြီးတော့ အခုအချိန်မှာ ငြိမ်ချမ်းရေးလုပ်ငန်း စဉ်တွေမှာ ပါဝင်ဆောင်ရွက်နေသူ တစ်ဦးဖြစ်သလို ရခိုင်ပြည်အမျိုးသားကောင်စီအနေနဲ့ ပေါက်ကွဲမှုဖြစ်စဉ် မှာ ပါဝင်ခြင်းမရှိကြောင်း၊ ကိုနိုင်စိုးကို ဖမ်းဆီးစစ်ဆေးနေတာဟာလည်း မတရားဖမ်းဆီးတာပဲဖြစ်တယ်လို့ ANC က ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားနေတဲ့ ဘင်္ဂါလီကိစ္စတွေ၊ လူသတ်မှုတွေနဲ့ ပေါက်ကွဲမှုတွေကိုကြည့် ရင် လက်ရှိရခိုင်ပြည်နယ်ရဲ့ အခြေအနေကို တမင်ဆူပူအောင် လုပ်နေသလို၊ တစ်စုံတစ်ခုကြံစည်ဖို့ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေကြသလားဆိုတာကို စဉ်စားတွေးခေါ်စရာ ဖြစ်လာတယ်လို့လည်း သုံးသပ်ပြောဆိုတာတွေ ရှိနေသလို လက်ရှိဖမ်းဆီးခံထားရသူတွေကိုလည်း အယောင်ပြသဘောမျိုး ဖမ်းဆီး အရေးယူမယ်ဆိုရင် မဖြစ်နိုင်သလို၊ တကယ့် လက်သည်တရားခံတွေကို ဖမ်းဆီးအရေးယူဖို့ဆိုတာဟာ အစိုးရရဲ့တာဝန်ဖြစ်ပြီး မဆိုင်တဲ့လူတွေကို ဖမ်းဆီးတာမဖြစ်စေချင်ဘူးလို့ မြေပုံမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စား လှယ် ဦးအောင်ဝင်းက ပြောပါတယ်။
“ ရခိုင်ပြည်နယ်တစ်ခုလုံးကို ပြန်လည်သုံးသပ်လို့ရှိရင်၊ လူသတ်မှုတွေဖြစ်လာတယ်၊ ဘင်္ဂါလီကိစ္စတွေ ဖြစ်လာတယ်။ စစ်တွေမြို့ပေါ်မှာ ဗုံးပေါက်ကွဲမှုအထိ ဖြစ်လာတယ်ဆိုတာ တစ်နည်းနည်းနဲ့ ရခိုင်ပြည်ကို ဆူပူအောင်လုပ်နေတယ်လို့ ကျွန်တော်တို့ သုံးသပ်တယ်။ ရခိုင်ပြည်နယ်ကို ဆူပူအောင်လုပ်နေတယ်။ ပဋိပက္ခတွေဖြစ်အောင် လုပ်နေတယ်။ အဲဒါဟာ ရည်ရွယ်ချက်ရှိရှိကြံစည်နေသလားလို့ ကျွန်တော်တို့စိတ်မှာ တွေးမိတာရှိပါတယ် ” လို့ ဦးအောင်ဝင်းက ပြောပါတယ်။
ပေါက်ကွဲမှုဖြစ်စဉ်တွေနဲ့ပတ် သက်ပြီးတော့လည်း လက်ရှိအချိန်ထိ တကယ့်လက်သည်တရားခံတွေကို ဖမ်းဆီးနိုင်မှုဟာလည်း မရှိသလောက်လို့ ဆိုနိုင်ပါတယ်။ ရခိုင်ပြည်နယ်အတွင်း တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်ဖွဲ့ဝင် အင်အားဟာလည်း ပြည်သူအရေအတွက်နဲ့ အဆမတန် ကွာခြားတာတွေရှိနေပြီးတော့ ရဲတပ်ဖွဲ့ဝင်တစ်ဦးဟာ ပျမ်းမျှပြည်သူ ၁၀၈၃ ဦးတို့ရဲ့ လုံခြုံရေးကို တာဝန်ယူနေရတယ်လို့လည်း သိရပါတယ်။
ရခိုင်ပြည်ရဲ့ လုံခြုံရေးနဲ့တရား ဥပဒေစိုးမိုးရေးအပိုင်းကို တာဝန်ယူနေရတဲ့ ပြည်နယ်အစိုးရဟာလည်း ဒီကိစ္စ တွေအပေါ် နှုတ်ပိတ်နေတာပါ။ အဲဒီလို လုံခြုံရေးအကြောင်းပြချက်တွေကြောင့်လည်း စစ်တွေမြို့ပေါ်မှာ အ စည်းကားဆုံးပွဲတော်တစ်ခုဖြစ်တဲ့ ရိုးရာရထားဆွဲပွဲကို ဒီနှစ်ကျင်းပမှာကို နောက်ဆုတ်လိုက်ရပါ တယ်။ ဒါတွေကို ကြည့်ခြင်းအားဖြင့်လည်း စစ်တွေမြို့ပေါ်မှာ လုံခြုံရေး အခြေအနေဟာ ဘယ်လောက်ထိ ဆိုးရွားနေပြီလည်းဆိုတာကို မေးခွန်းထုတ်စရာ ဖြစ်လာနေပါတယ်။
အခုလက်ရှိပေါက်ကွဲမှုဖြစ်စဉ်တွေ နောက်ပိုင်းမှာတော့ မြို့ခံတွေဟာ အရင်ကလို လွတ်လပ်စွာ သွားလာလှုပ် ရှားမှုတွေ မရှိကြတော့ဘဲ၊ စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။ ဒါတွေကို ဖြေရှင်းနိုင်ဖို့အတွက်ကိုတော့ အားလုံးသတိဝိရိယနဲ့ စောင့်ကြည့်ဖို့လိုအပ်ပြီး ပူးပေါင်းဆောင်ရွက်ဖို့လည်း လိုအပ်တယ်လို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က ဖေဖော်ဝါရီလ ၃ ရက်နေ့မှာ မီဒီယာတွေကို ဖြေဆိုခဲ့ပါတယ်။
ဘင်္ဂါလီကိစ္စတွေ၊ လက်နက်ကိုင်ကိစ္စတွေနဲ့ နပန်းလုံးနေရတဲ့ ရခိုင်ပြည်နယ်ဟာ အခုဆိုရင် အုပ်ချုပ်ရေး မြို့တော်ဖြစ်တဲ့ စစ်တွေမြို့ပေါ်မှာတောင် လုံခြုံရေးအခြေအနေဟာ တစ်နေ့တစ်ခြား ဆိုးရွာလာနေတယ်လို့ ဆိုနိုင်သလို ပြည်သူတွေမှာလည်း စိုးရိမ်မှုတွေအပြည့်နဲ့ သွားသတိ၊ လာသတိအမြဲထားပြီး နေနေရတဲ့ အခြေအနေဟာ ဘယ်သူတွေမှာ တာဝန်ရှိသလဲဆိုတဲ့ မေးခွန်းရဲ့နောက်မှာတော့ စစ်တွေဟာ အစိုးမရတဲ့ အခြေအနေပါ။ စစ်တွေလို အုပ်ချုပ်ရေးမြို့တော်တစ်ခုတောင် လုံခြုံမှုမရှိတော့တဲ့ အခြေအနေဆိုလို့ရှိရင် တစ်ခြားမြို့နယ်တွေရဲ့ အခြေအနေဟာလည်း လုံခြုံရေးနဲ့တရားဥပဒေ စိုးမိုးမှုအပိုင်းတွေမှာ မတွေးရဲစရာလို့သာ ဆိုချင်ပါတော့တယ်။
(၂၀၁၈ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့တွင်ထွက်ရှိသော Development News Journal ၏ အမှတ် (၈၃) တွင် ဖော်ပြခဲ့သည့် ဆောင်းပါးဖြစ်သည်။)