အနောက်ဘက်ဒေသ တိုက်ပွဲများနှင့် ဝေးနေဦးမည့် ငြိမ်းချမ်းရေးချိုးကူသံ

တိုင်းရင်းသားအများစုက ဖက်ဒရယ်စနစ် မရှိ၍ ဒီမိုကရေစီ အပြည့်အ၀ မရရှိခြင်းသာဖြစ်သည်ဟု ရှုမြင်နေချိန်တွင် တပ်မတော်နှင့် အစိုးရက ဒီမိုကရေစီစနစ် မခိုင်မာသရွေ့ ဖက်ဒရယ်စနစ်ကို ဖော်ဆောင်နိုင်ရန် မလွယ်ကူဟု ရှုမြင်နေကြသည်။ ဖက်ဒရယ်ဒီမိုကရေစီနှင့် ဒီမိုကရေစီဖက်ဒရယ်ကို ညှိနှိုင်း၍ အဆင်မပြေသေးသော ကာလတွင် ကွန်ဖက်ဒရိတ်ကို ဆွေးနွေးရန်ဆိုသည်မှာလည်း အခက်အခဲတစ်ခုပင် ဖြစ်သည်။

By ရမ္မာကျော်စော 11 Feb 2019

Written by - ရမ္မာကျော်စော / DMG

၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းကပင် စတင်ပြင်းထန်လာသည့် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်(AA) တို့ကြား တိုက်ပွဲများကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ဒေသခံပြည်သူများမှာ စစ်ဘေးဒုက္ခသည်များအဖြစ်ဖြင့် နေရပ်စွန့်ခွာမှုများ ကြုံတွေ့နေရကြရသည်။ ယခင်နှစ်များက တောတောင်များထဲတွင်သာ တိုက်ပွဲများ ကြိုကြားကြိုကြား ဖြစ်ပွားခဲ့ကြသော်လည်း ယခုတစ်ကြိမ်တွင် ကျေးရွာများအနီးထိ တိုက်ပွဲများ ပြင်းထန်လာခြင်းကြောင့် နှစ်ဘက်စစ်သည်များသာမက အရပ်သားများပါ ထိခိုက်ဒဏ်ရာရမှု ရှိနေကြသည်ကိုလည်း တွေ့မြင်နေကြရသည်။

တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်(AA)တို့၏ အပြန်အလှန် စွပ်စွဲတိုက်ခိုက်မှုများအကြား ဒေသခံပြည်သူအချို့ မြေစာပင်ဘဝဖြင့် အသက်ပေးလိုက်ကြရသည်ကိုလည်း မြင်တွေ့နေရသည်။ ဇန်နဝါရီလ ၄ ရက်နေ့ (မြန်မာနိုင်ငံ လွတ်လပ်ရေးနေ့) တွင် ရက္ခိုင့်တပ်မတော်က ဘူးသီးတောင်မြို့နယ်ရှိ နယ်ခြားစောင့်ရဲကင်းစခန်း ၄ ခုကို ဝင်ရောက်တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်နောက်ပိုင်း တပ်မတော်ကလည်း အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်လာခဲ့သည်။ တိုက်ပွဲများအတွင်း နှစ်ဘက်စလုံးက ထိခိုက်ကျဆုံးမှုများလည်း ရှိကြသည်။

နှစ်ဖက်တိုက်ပွဲများ ပြင်းထန်နေစဉ် ကာလအတွင်း၌ပင် ရက္ခိုင့်တပ်မတော်(AA) စစ်ဦးစီးချုပ်၏ Confederate တောင်းဆိုချက်ကလည်း ထွက်ပေါ်လာခဲ့သည်။ Confederation ဆိုသည်မှာ နိုင်ငံနှစ်ခုရှိ အစိုးရနှစ်ရပ်တို့သည် အဆင့်တူ၊ အာဏာတူ ထီးပြိုင်၊ နန်းပြိုင်သဘောပင်ဖြစ်သည်။ Confederation ၏ အဖွဲ့ဝင်များသည် သီးခြားလွတ်လပ်သည့် နိုင်ငံများဖြစ်ကြပြီး ၎င်းတို့၏ အကျိုးစီးပွားအတွက် ပူးပေါင်းဆောင်ရွက်ရန် ရည်ရွယ်ခြင်းပင်ဖြစ်သည်။ အထူးသဖြင့် ကာကွယ်ရေးနှင့် နိုင်ငံခြားရေးတို့တွင် ပူးပေါင်းဆောင်ရွက်လေ့ရှိပြီး တစ်နိုင်ငံ၏ ပြည်တွင်းရေးကို တခြားတစ်နိုင်ငံက ဝင်ရောက်စွက်ဖက်ခွင့် မရှိပေ။ ယခင်က ဆိုဗီယက်ယူနီယံ၊ ယူဂိုဆလပ်ပြည်ထောင်စုနှင့် စတင်တည်ထောင်ခါစ ဆွီဒင်နိုင်ငံတို့တွင် ဤစနစ်ကို ကျင့်သုံးခဲ့ကြသော်လည်း လက်ရှိတွင် ယင်းစနစ်ကို ကျင့်သုံးသည့် နိုင်ငံဟူ၍ မရှိတော့ပေ။ အနီးစပ်ဆုံး ဥပမာပေးရလျှင် ဥရောပသမဂ္ဂ (EU) ကဲ့သို့ ဓနသဟာယအဖွဲ့သာ ရှိပေသည်။

တိုင်းရင်းသားအများစုက ဖက်ဒရယ်ဒီမိုကရေစီကို တောင်းဆိုသည်ကိုပင် အစိုးရနှင့် တပ်မတော်တို့က ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုအဆင့်သာ လိုက်လျောနိုင်သည့် အခြေအနေတွင် Federal ထက် အဆင့်မြင့်သည့် Confederate အဆင့်ကို ဆွေးနွေးရန်အတွက် တပ်မတော်နှင့် အစိုးရတွင်လည်း အစီအစဉ်ရှိပုံမရပေ။ ဤသည်မှာလည်း မြောက်ပိုင်းမဟာမိတ်အဖွဲ့က ကိုင်စွဲထားသော မူတစ်ခုပေလား မေးခွန်းထုတ်စရာပင်ဖြစ်သည်။ သို့သော် ထိုအခြင်းအရာနှင့်ပတ်သက်ပြီး နောက်အဖွဲ့အစည်းများထံမှ ပြောဆိုမှုတစုံတရာ ထွက်လာသံကိုတော့ မကြားရသေးပေ။

တိုက်ပွဲနယ်မြေများတွင် ထိပ်တိုက်တွေ့ဆုံ တိုက်ခိုက်ကြသကဲ့သို့ လူမှုကွန်ယက်နှင့် မီဒီယာတို့တွင်လည်း အပြန်အလှန် ပြစ်တင်ဝေဖန်နေကြသည်ကိုလည်း တွေ့နေရပြန်သည်။  နှစ်ဖက်တပ်ဖွဲ့ဝင်များသာမက ရခိုင်-ဗမာ အသိုက်အဝန်းတွင်ပါ လူမျိုးရေးအသွင်ဆောင်သည့် မှတ်ချက်များကိုပါ လူမှုကွန်ယက်နှင့် သတင်းဌာန စာမျက်နှာများတွင် တွေ့ရှိလာရသည်။

အထူးသဖြင့် ရန်ကုန်အခြေစိုက် သူရိယနေဝန်းဂျာနယ်ပါ အကြောင်းအရာတချို့သည် ပဋိပက္ခကို ဆွပေးရာ ရောက်နေပေသည်။ တိုင်းရင်းသား ရင်ကြားစေ့ရေးသို့ ဦးတည်သွားနေသည့် ကာလတွင် သူရိယနေဝန်းဂျာနယ်ပါ ရေးသားချက်များက စည်းလုံးညီညွတ်မှုကို ထိခိုက်စေနိုင်ပါသည်။ TNLA အကြောင်းကို ရေးသားသည့်အခါ ကလောင်ရှင်၏နေရာတွင် ပလောင်နာမည်များကိုသုံးပြီး AA အကြောင်းကို ရေးသားသည့်အခါ ရခိုင်နာမည်များကို အသုံးပြု၍ရေးသားချက်မျိုးကို တွေ့နေရသည်။ ကြားခံမီဒီယာ တစ်ခုအနေဖြင့် ဘက်လိုက်မှုကို လွန်ကဲစွာ အသုံးပြုပုံများကြောင့် အမုန်းမီးပွားကို ကြီးထွားအောင် ဖန်တီးရာလည်း ရောက်ပေသည်။ ၂၀၁၈ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့ထုတ် သူရိယနေဝန်းဂျာနယ် Vol-1, No-184  ပါ မိုးဟိန်း (သူရိယနေဝန်း) ရေးသားသည့် “မြောက်ဦးလေမုန်တိုင်းနှင့် ရခိုင်ပြည်ဘယ်လဲ” ဆောင်းပါးမှာကတည်းက ဆောင်းပါးရှင် မိုးဟိန်းက ဒေါက်တာအေးမောင်နှင့် အေအေလက်နက်ကိုင် အဖွဲ့တို့ကို “ဘိုးတော်ဘုရားခေတ် ၁၇၈၄ (၁၈ရာစု)ထဲမှာ အိမ်မက်မက်နေတုန်းပဲ” ဟု ရေးသားခဲ့ဖူးသည်။ မြောက်ဦးပဋိပက္ခဖြစ်စဉ်ကြောင့် လူငယ်ခုနှစ်ဦး သေဆုံးပြီး ၁၂ ဦး ဒါဏ်ရာရသည့် ဖြစ်စဉ်ဖြစ်ပွားပြီး တစ်ပတ်အကြာ၌ ရေးသားခဲ့ခြင်းဖြစ်သည်။ သေဆုံးဒဏ်ရာရသူများအတွက် ဝမ်းနည်းခြင်းကို မဖော်ပြဘဲ လိုရာတွေး ရေးသားခဲ့ခြင်းမျိုးဖြစ်သည်။

ယင်းနောက်တွင်လည်း တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်များကို နှစ်ပြားမတန် မှိုချိုးမျှစ်ချိုး ရေးသားမှုမျိုးကို တွေ့နေရသည်။ မီဒီယာလွတ်လပ်ခွင့်သည်လည်း ကွက်ကြားမိုးကဲ့သို့ပင် အခွင့်အရေးပိုရသည့် မီဒီယာအချို့ ရရှိနေကြသည်။

တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်တို့ တိုက်ပွဲကြားတွင် နောက်ထပ်ပါဝင်လာသူ တစ်ဦးကတော့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်လည်းဖြစ်၊ ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်လည်းဖြစ်သူ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် ပင်ဖြစ်သည်။

၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့ တပ်မတော်စစ်သမိုင်းပြတိုက်၌ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က  ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ရက္ခိုင့်တပ်မတော်ကို အမြစ်ပြတ်ချေမှုန်းရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ညွှန်ကြားချက်ပေးခဲ့သည်ဆိုပြီး တပ်မတော်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ထွန်းထွန်းညီက ပြောဆိုသွားသည်ကို တွေ့လိုက်ရသည်။ ထိုသတင်းကို ကြားလိုက်ရကတည်းက တိုင်းရင်းသားခေါင်းဆောင် အချို့သာမက ပြည်မမှာရှိတဲ့ နိုင်ငံရေးအသိုက်အဝန်းတွင်လည်း သို့လောသို့လော တွေးတောစရာ၊ ဝေဖန်စရာများ ဖြစ်ပေါ်ခဲ့ကြသည်။

ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် တစ်ဦးက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတစ်ခုအပေါ် စစ်ရေးဖြင့် ပြတ်ပြတ်သားသား အရေးယူခိုင်းသည်၊ အမြစ်ပြတ် ချေမှုန်းခိုင်းသည် ဆိုသည့်စကားမှာ ဖြစ်နိုင်ခြေ ရှိနိုင်ပါ၏လော။ ပြောကြားခဲ့သည်ဆိုစေဦးတော့ ဤကိစ္စသည် လူသိရှင်ကြား ပြောကြားသင့်သည့် စကားလည်း မဟုတ်ပေ။ သို့သော် တစ်ဖက်တွင်လည်း ဤစကားကို ပြောကြားသူမှာ တပ်မတော်၏ အဆင့်မြင့်အရာရှိကြီး တစ်ဦးလည်း ဖြစ်နေပြန်သည်။ သူလည်း သူ့သိက္ခာကျဆင်းမည့် လိမ်ညာမှုမျိုးကို လုပ်မည်မထင်ဟု ယုံကြည်ရပေတော့မည်။

ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သည်ဆိုသော စကားနှင့်ပတ်သက်၍ ရက္ခိုင့်တပ်မတော်၏ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက နိုင်ငံခြားသတင်းဌာနတစ်ခုနှင့် အမေးအဖြေပြုလုပ်ရာတွင် တပ်မတော်သည် ဒေါ်အောင်ဆန်းစုကြည်အပေါ် နိုင်ငံရေးအရ အမြတ်ထုတ်သည်၊ တိုင်းရင်းသားများနှင့် ဒေါ်အောင်ဆန်းစုကြည်ကို ရန်တိုက်ပေးခြင်းသာဖြစ်သည်ဟု မှတ်ချက်ပေးသွားသည်ကိုလည်း တွေ့လိုက်ရသည်။

ဆက်ပြီး နားထောင်နေရင်းကပင် AA ကို မချေမှုန်းနိုင်ပါက ARSA ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ခြင်းသည် ဘာသာခြားဖြစ်၍ တိုက်ခိုက်ချေမှုန်းခဲ့ခြင်းလော၊ AA ကိုမူ တိုင်းရင်းသားဖြစ်၍ မချေမှုန်းကြဟု နိုင်ငံတကာက မေးခွန်းထုတ် လက်ညှိုးထိုးလာနိုင်သောကြောင့် ပြတ်ပြတ်သားသား ချေမှုန်းရန် လိုအပ်၍ မှာကြားခြင်းဖြစ်ကြောင်း ပြောကြားသွားသည်ကိုလည်း တွေ့ရသည်။

ယင်းအကြောင်းရာကိုပင် “ ဒါက Privileged information ဖြစ်ပါတယ်။ အခြားထင်မြင်ချက် မပေးလိုပါဘူး” ဆိုပြီး နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြန်ရှင်းသွားသည်ကိုလည်း သတင်းဌာနများတွင် ဖတ်လိုက်ရသည်။ သို့သော် အထက်ကစကားကို ဒေါ်အောင်ဆန်းစုကြည် မပြောခဲ့ပါဟူသည့် ငြင်းချက်မျိုးကိုတော့ ပြောဆိုသွားခြင်း မတွေ့ရပေ။ သို့ဆိုလျှင် ထိုစကားတို့ကို ဒေါ်အောင်ဆန်းစုကြည် အမှန်တကယ် ပြောခဲ့လေသလား။ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး ငြင်းချက်မထုတ်သည်ကို ကြည့်ခြင်းအားဖြင့် ပြောခဲ့သည်ဟုသာ ကောက်ချက်ချရပေတော့မည်။

ဤနေရာမှာ ပြောစရာရှိလာသည်က ရက္ခိုင့်တပ်မတော်(AA) ကို တိုင်းရင်းသားမဟုတ်သည့် ဘင်္ဂါလီအကြမ်းဖက်အုပ်စု ARSA နှင့် တစ်တန်းတည်းထားပြီး ရှုမြင်ခြင်းပင် ဖြစ်သည်။ မည်သို့ပင်ဆိုစေ အစိုးရက အကြမ်းဖက်သောင်းကျန်းသူဟု ဆိုစေဦးတော့ အေအေသည် ရခိုင်တိုင်းရင်းသားများဖြင့် ထူထောင်ထားသော လက်နက်ကိုင်တပ်ဖွဲ့ပင်ဖြစ်သည်။ တိုင်းရင်းသားအခွင့်အရေး၊ နိုင်ငံသားအခွင့်အရေး အပြည့်အ၀ မရရှိသောကြောင့် ပေါ်ပေါက်လာသော တပ်ဖွဲ့တစ်ခုသာဖြစ်သည်။ ARSA သည် တစ်ဖက်နိုင်ငံမှ ခိုးဝင်လာသူများ၏ နိုင်ငံသားအခွင့်အရေးကို တောင်းဆိုခြင်းနှင့် နယ်မြေလုအကြမ်းဖက်သည့် ပြည်ပစွက်ဖက်မှုကြောင့် ပေါ်ပေါက်လာသည့် အဖွဲ့အစည်းတစ်ခုသာဖြစ်သည်။

ဖွဲ့စည်းပုံ၊ ဆင်းသက်လာပုံချင်းလည်း မတူညီ၊ သမိုင်ကြောင်းနောက်ခံလည်း မတူညီသည့် အဖွဲ့နှစ်ခုကို ထပ်တူပြု သုံးသပ်ခြင်းသည် လွှဲမှားနေသည်ဟု ဆိုရပေမည်။ ဤနေရာတွင် AA ကို တိုက်ခိုက်ချေမှုန်းခြင်းကြောင့် ပြောလိုရင်းမဟုတ်ပေ။ ကျန်မည်သည့်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းကိုမျှ နိုင်ငံမဲ့(Stateless) အကြမ်းဖက်သမားများနှင့် တစ်တန်းတည်း မမြင်စေလို၍ဖြစ်သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် စစ်အာဏာရှင်တစ်ခေတ်လုံး ဒီမိုကရေစီနှင့် လူ့အခွင့်ရေးအတွက် စစ်အစိုးရကို အကြမ်းမဖက်သည့် နည်းလမ်းဖြင့် တိုက်ပွဲဝင်ခဲ့သူဖြစ်သည်။ ထို့ကြောင့်ပင် လျှင် ၁၉၉၁ ခုနှစ်၊ နေအိမ်အကျယ်ချုပ် ကျခံရနေစဉ်အတွင်း ငြိမ်းချမ်းရေးနိုဗယ်ဆုကို ချီးမြှင့်ခံခဲ့ရခြင်းဖြစ်သည်။ ဘဝတစ်လျှောက်လုံး အကြမ်းမဖက်သည့် လမ်းစဉ်ကို ကိုင်စွဲလာသူ တစ်ယောက်က တိုက်ပွဲများဖြင့် ပြတ်ပြတ်သားသား ချေမှုန်းခိုင်းသည် ဆိုသည့်အချက်မှာလည်း လူထုကို ယုံမှားသံသယ ဖြစ်စေသည်။ ၂၀၁၆ခုနှစ်၊ ၂၀၁၇ ခုနှစ်က ARSA အကြမ်းဖက်သမားများ ဝင်ရောက်တိုက်ခိုက်ခဲ့၍ တိုင်းရင်းသားပြည်သူများ သေကြေပျက်စီးကြရခြင်း၊ ရဲကင်းစခန်းအများအပြား တိုက်ခိုက်ခံရသော ဖြစ်စဉ်များတွင်ပင် ပြင်းပြင်းထန်ထန် တုန့်ပြန်ရန် တိုက်တွန်းမှု မရှိခဲ့ပါဘဲ တိုင်းရင်းသားအချင်းချင်းဖြစ်သည့် ပဋိပက္ခတွင်မှ ပြတ်ပြတ်သားသားချေမှုန်းရန် ပြောဆိုခဲ့သည်သာ အမှန်ဆိုလျှင် ဒေါ်အောင်ဆန်းစုကြည်အပေါ် ကျန်တိုင်းရင်းသားများ၏ အမြင်မှာလည်း ပြောင်းလဲသွားနိုင်ပေသည်။

နိုင်ငံတကာက လက်ညိုးထိုး မေးခွန်းထုတ်လာနိုင်သောကြောင့် ပြတ်ပြတ်သားသား ချေမှုန်းရန် ညွှန်ကြားသည် ဆိုခြင်းမှာလည်း လက်တွေ့မဆန်သော အကြောင်းပြချက်သာဖြစ်သည်။ မိမိတို့၏ ပြည်တွင်းရေးကို မိမိတို့ဘာသာ ဖြေရှင်းကြရခြင်းဖြစ်သည်။ အမှန်တကယ် နိုင်ငံတကာ၏ ဖိအားပေး ထောက်ပြမှုမျိုးကိုသာ အလေးထားလိုက်နာခဲ့ပါက လွတ်လပ်ရေးနှင့်အတူ မွေးဖွားလာသော ပြည်တွင်းစစ်မီး ချုပ်ငြိမ်းသည်မှာ နှစ်ကာလ အတန်ကြာကတည်းကပင် ဖြစ်လိမ့်မည်။

တိုက်ပွဲများ မပြင်းထန်လာမီကလည်း  မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ ဖြစ်သည့်  TNLA ၊ MNDAA ၊ AA တို့ကို အစိုးရ၏ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့က သွားရောက်တွေ့ဆုံခဲ့သည်ကိုလည်း ကြားလိုက်ရသည်။ သို့သော်လည်း ဆွေးနွေးပွဲရလဒ် တိုးတက်လာပုံတော့ မရခဲ့ပေ။

မြန်မာနိုင်ငံ၏ အနောက်ဘက်ဒေသဖြစ်သည့် ရခိုင်ပြည်နယ်တွင် စစ်ပွဲများ မရှိတော့သည်မှာ ကာလအတန် ကြာကတည်းကပင် ဖြစ်သည်။ မြန်မာနိုင်ငံ၏ နယ်စပ်ဒေသ နေရာစုံနီးပါး၌ တိုက်ပွဲများ ဖြစ်ပွားနေသည့်အချိန်တွင် ရခိုင်ဒေသသည် အေးချမ်းတည်ငြိမ်နေခဲ့သည်မှာ ဆယ်စုနှစ်သုံးခုခန့် ရှိခဲ့သည်။ မကြာခင် အချိန်အတွင်းက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြည်တွင်းစစ်မီးများ ငြိမ်းပါက ၁ နှစ်အတွင်း သိသာစွာပြောင်းလဲနိုင်သည်ဟု ပြောကြားသည်ဆိုပြီး သတင်းစာများတွင် ဖတ်လိုက်ရသည်။ ရခိုင်ပြည်နယ်သည် ၂၀၁၅ မတိုင်မီအထိ တိုက်ပွဲများမရှိသော ဒေသဖြစ်သည်။ သို့သော် ရခိုင်ပြည်နယ်၏ စီးပွားရေးအခြေအနေသည် ပိုပြီး ထူးခြားမလာခဲ့သည်မှာ ယခင်ခေါင်းဆောင်များနှင့်သာ သက်ဆိုင်လေမည်လား မပြောတတ်တော့ပေ။

တိုင်းရင်းသားအများစုက ဖက်ဒရယ်စနစ် မရှိ၍ ဒီမိုကရေစီ အပြည့်အ၀ မရရှိခြင်းသာဖြစ်သည်ဟု ရှုမြင်နေချိန်တွင် တပ်မတော်နှင့် အစိုးရက ဒီမိုကရေစီစနစ် မခိုင်မာသရွေ့ ဖက်ဒရယ်စနစ်ကို ဖော်ဆောင်နိုင်ရန် မလွယ်ကူဟု ရှုမြင်နေကြသည်။ ဖက်ဒရယ်ဒီမိုကရေစီနှင့် ဒီမိုကရေစီဖက်ဒရယ်ကို ညှိနှိုင်း၍ အဆင်မပြေသေးသော ကာလတွင် ကွန်ဖက်ဒရိတ်ကို ဆွေးနွေးရန်ဆိုသည်မှာလည်း အခက်အခဲတစ်ခုပင် ဖြစ်သည်။ NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသည် ဖက်ဒရယ်စနစ်ကို အကောင်အထည်ဖော်နိုင်ရန် ပူးပေါင်းပါဝင်ခဲ့ကြခြင်း ဖြစ်သည်။

NCA ထိုးထားသော အဖွဲ့များကို ဖက်ဒရယ်ကိစ္စဆွေးနွေးပြီး မြောက်ပိုင်းမဟာမိတ် ၇ ဖွဲ့က ဖွဲ့စည်းထားသည့် FPNCC ကို ကွန်ဖက်ဒရိတ်ကိစ္စ ဆွေးနွေးမည်ဆိုပါကလည်း အစိုးရတစ်ရပ်တွင် မူဝါဒနှစ်ရပ်အသွင် ဖြစ်သွားပေလိမ့်မည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အားလုံးအတူတကွ ပါဝင်နိုင်ရန်ဆိုလျှင် ချမှတ်ထားသည့် မူဝါဒအချို့ကိုပါ ပြန်လည်သုံးသပ် ညှိနှိုင်းစရာများ ပေါ်ထွက်လာပေတော့မည်။ ဤသို့ဆိုလျှင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည် ရှေ့ဆက်တိုးရန် အချိန်ကြန့်ကြာမည့် သဘောပင်ဖြစ်သည်။

တစ်ဖက်တွင်လည်း မိမိတို့လိုချင်သည့် အဆင့်ကို မရမချင်း တိုက်ပွဲဝင်နေမည်ဆိုပါက ငြိမ်းချမ်းရေးဆိုသည့် အရသာ ပျောက်ရှနေဦးမည်သာ ဖြစ်သည်။ ပြည်တွင်းရေး မငြိမ်မသက်ဖြင့် စစ်ပွဲများဖြစ်နေသော နိုင်ငံများသည် သြဇာအာဏာကြီးမားသည့် နိုင်ငံများ၏ နိုင်ငံရေးကစားကွက်ထဲတွင် အကစားခံနေကြရသည်။ ကမ္ဘာတစ်ဝှမ်း ဖြစ်ပွားခဲ့သည့် စစ်ပွဲများတွင် ယနေ့ ကုလသမဂ္ဂ၌ ဗီတိုအာဏာပိုင်ဆိုင်ထားသည့် တရုတ်၊ ရုရှား၊ အမေရိကန်၊ ဗြိတိန်နှင့် ပြင်သစ်နိုင်ငံတို့ မပါဝင် မပတ်သက်ခဲ့ဖူးသော စစ်ပွဲဟူ၍ မရှိသလောက်ပင်ဖြစ်သည်။

ယင်းအထဲတွင်မှ တရုတ်နှင့် အမေရိကန်တို့သည် ၎င်းတို့၏ အမျိုးသားအကျိုးစီးပွားအတွက် ပွတ်တိုက်မှုများ ရှိနေကြသည်။ ပြည်တွင်းရေး မတည်ငြိမ်သည့် နိုင်ငံများသည် ၎င်းတို့၏ ကစားစရာ နယ်ပယ်များပင်ဖြစ်သည်။ ဤသည်ကိုလည်း အမြဲ သတိပြုရပေမည်။ ထို့အတူ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အဆင်ပြေချောမွေ့စေရန် ယင်းနိုင်ငံများ၏ ကူညီပံ့ပိုးမှုကလည်း အလွန်ပင် အရေးပါလှပေသည်။

မည်သို့ပင်ဆိုစေ တိုင်းရင်သား ညီနောင်အချင်းချင်း ချစ်ကြည်ရင်နှီးစွာ ပေါင်းသင်းပြီး အတူတကွ နေထိုင်ကြမည်ဆိုပါက အဘက်ဘက်က နိမ့်ကျနေသည့် တိုင်းပြည်၏ အခြေအနေများမှာ နှစ်အနည်းငယ်အတွင်း တိုးတက်ပြောင်းလဲလာနိုင်သည်။ သို့သော် လက်ရှိဖြစ်ပွားနေသော စစ်ပွဲများကို ရပ်တန့်နိုင်ရန် အလွန်ပင် အရေးကြီးသည်။ ရပ်တန့်နိုင်ရန် နည်းလမ်းကောင်းများကိုလည်း ရှာဖွေကြရပေလိမ့်မည်။ တပ်မတော်က အသေဆုပ်ကိုင်ထားသည့် မူခြောက်ချက်ဖြင့် ငြိမ်းချမ်းရေး ကမ်းလှမ်းနေရုံမျှနှင့် အမှန်တကယ် ငြိမ်းချမ်းလာမည်မဟုတ်ပေ။

လက်ရှိတွင် မြန်မာနိုင်ငံ၏ အနောက်ဘက်ဒေသဖြစ်သည့် ရခိုင်ပြည်နယ်မြောက်ပိုင်း စစ်ပွဲများကြောင့် စစ်ဘေးရှောင်ဦးရေမှာ ၆၀၀၀ ကျော် ရှိလာပြီဖြစ်သည်။ စစ်ဘေးဒုက္ခသည်များမှာ မလုံလောက်သည့် စားနပ်ရိက္ခာ၊ စောင်နှင့် အဝတ်အစားလိုအပ်ချက်များ ရှိနေဆဲဖြစ်သည်။ သက်ကြီးရွယ်အိုနှင့် ကလေးငယ်များမှာ ချမ်းအေးလှသည့် ရာသီဥတုဒဏ်ကို ပို၍ ခံစားနေကြရသည်။

မျက်မှောက်ခေတ် စစ်ပွဲများသည် ဝါဒရေးရာ ယှဉ်ပြိုင်တိုက်ခိုက်ကြသည့်စစ်ပွဲများ မဟုတ်ကြတော့ပေ။ ထို့ကြောင့်ပင် ၎င်းတို့၏ နောက်ကွယ်မှ ပါဝင်ပတ်သက်နေကြသော နိုင်ငံကြီးများသည်လည်း ဝါဒရေးရာတိုက်ပွဲများအတွက် အထောက်အပံ့ မပေးကြတော့သည်ကို ဗမာပြည်ကွန်မြူနစ်ပါတီ ကျဆုံးသွားခြင်းကို ကြည့်ခြင်းအားဖြင့် သိနိုင်ပေသည်။ အမျိုးသားရေးစိတ်ဓာတ်ကို အခြေခံပြီး အမျိုးသားတန်းတူရေး (သို့မဟုတ်) အမျိုးသားလွတ်မြောက်ရေးဆိုသည့် ရှုထောင့်က တိုက်ခိုက်နေကြခြင်းဖြစ်သည်။ တန်ခိုးသြဇာကြီးမားသော နိုင်ငံကြီးမားသည် နိုင်ငံကြီးများကလည်း မိမိတို့၏ အကျိုးစီးပွားအတွက်ဆိုလျှင် မည်သည့်အဖွဲ့နှင့်ဖြစ်စေ လက်တွဲဆောင်ရွက်ကြမည့် အခြေအနေမျိုးကို မြင်တွေ့နေရသည်။

ဤကဲ့သို့ အခက်အခဲများကြားတွင် ငြိမ်းချမ်းရေးတည်ဆောက်ရန် ဆိုသည်မှာ ကြီးမားသည့် စိန်ခေါ်မှုပင်ဖြစ်သည်။ အတူတကွ ဆွေးနွေးညှိနှိုင်းပြီး အဖြေရှာရမည့်အချိန်တွင် တစ်ဖက်နှင့် တစ်ဖက် အပြန်အလှန်စွပ်စွဲမှုများဖြင့်သာ တိုက်ခိုက်နေကြလျှင် တည်ငြိမ်သော အနာဂတ်ဆိုသည်မှာလည်း ပျောက်ဆုံးနေဦးမည်သာဖြစ်သည်။ အမုန်းစကားပွားများစေသည့် မီဒီယာများကို မထိန်းချုပ်သရွေ့၊ နှစ်ဖက်တာဝန်ရှိသူများက စည်းလွတ်ဝါးလွတ် ပြောနေကြသရွေ့ ပြည်သူများ မျှော်လင့်နေကြသော ငြိမ်းချမ်းရေးချိုးကူသံမှာလည်း ဆက်ပြီး ဝေးနေဦးမည်ပင်ဖြစ်သည်။

ရမ္မာကျော်စော

ဇန်နဝါရီလ ၂၇ ရက်၊ ၂၀၁၉ ခုနှစ်။

ယခုဆောင်းပါးကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ထုတ် Development News Journal အမှတ်(၁၀၂) တွင်လည်း ဖတ်ရှုနိုင်သည်။