အရပ်ဖက် စစ်ဖက် ဆက်ဆံရေး

၁၉၆၂ ခုနှစ် အာဏာသိမ်းပြီးတဲ့အချိန်ကနေ ၂၀၁၀ ခုနှစ်အထိ ကာလတွေဟာ တပ်မတော်အစိုးရ အုပ်ချုပ်ခဲ့တဲ့ ကာလတွေ ဖြစ်ပါတယ်။ အဲဒီကာလ တစ်လျှောက်လုံးကို မြန်မာပြည်သူတွေက စစ်အုပ်ချုပ်ရေးကာလလို့ပဲ သုံးနှုန်းခဲ့ကြပါတယ်။ တပ်မတော်အစိုးရ အုပ်ချုပ်မှုယန္တရား အရှိန်မြင့်လာခဲ့တာကတော့ နိုင်ငံရဲ့ အကြီးမားဆုံးအနိဌာရုံ သက္ကရာဇ်ဖြစ်တဲ့ ၁၉၈၈ ခု အာဏာသိမ်းမှု နောက်ပိုင်းမှာပါ။

By မင်းမျိုးနွယ် 27 Jun 2017

(ဓါတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ရေးသားသူ - မင်းမျိုးနွယ် 

၁၉၆၂ ခုနှစ် အာဏာသိမ်းပြီးတဲ့အချိန်ကနေ ၂၀၁၀ ခုနှစ်အထိ ကာလတွေဟာ တပ်မတော်အစိုးရ အုပ်ချုပ်ခဲ့တဲ့ ကာလတွေ ဖြစ်ပါတယ်။ အဲဒီကာလ တစ်လျှောက်လုံးကို မြန်မာပြည်သူတွေက စစ်အုပ်ချုပ်ရေးကာလလို့ပဲ သုံးနှုန်းခဲ့ကြပါတယ်။ တပ်မတော်အစိုးရ အုပ်ချုပ်မှုယန္တရား အရှိန်မြင့်လာခဲ့တာကတော့ နိုင်ငံရဲ့ အကြီးမားဆုံးအနိဌာရုံ သက္ကရာဇ်ဖြစ်တဲ့ ၁၉၈၈ ခု အာဏာသိမ်းမှု နောက်ပိုင်းမှာပါ။

၂၀၁၀ ခုနှစ်မှာတော့ တစ်နိုင်ငံလုံးဆိုင်ရာ အထွေထွေရွေးကောက်ပွဲကြီးတစ်ခု ပေါ်ပေါက်လာခဲ့ပါတယ်။ နိုင်ငံရေးပါတီ ၉၀ နီးပါးခန့်တို့က ဝင်ရောက်ယှဉ်ပြိုင် ခဲ့ကြပါတယ်။ နိုဝင်ဘာလ ၁၀ ရက်နေ့ဟာ ၄၈ နှစ်တာကာလအတွင်းမှာ အပြောင်းအလဲ တစ်ခုကို အစပြုခဲ့တယ်လို့ ဆိုရမှာပါ။

ဒါပေမယ့် တစ်နိုင်ငံလုံးမှာ ရွေးကောက်ပွဲ အနိုင်ရခဲ့တာကတော့ တပ်မတော်အစိုးရရဲ့ ကိုယ်စားပြု ပြည်ထောင်စုကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီပဲဖြစ်ပါတယ်။ ဦးသိန်းစိန်ခေါင်းဆောင်တဲ့ အစိုးရသစ်အဖွဲ့ဟာ တပ်မတော်အရာရှိကြီးတွေ အများအပြား ပါဝင်နေခဲ့ပါတယ်။ အဲဒီအစိုးရအဖွဲ့ကို တပ်မတော်ဘက်က ဒီမိုကရေစီအစိုးရလို့ သုံးနှုန်းခဲ့ပေမယ့် ပြည်သူတွေကတော့ လူဝတ်လဲအစိုးရလို့သာ ခေါ်ဝေါ်ခဲ့ကြပါတယ်။

နောက်ထပ် အပြောင်းလဲတစ်ခုကတော့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရောက်လာခဲ့တဲ့ NLD ပါတီ အနိုင်ရရှိ ခဲ့ခြင်းပါပဲ။  ဒါဟာ တပ်မတော်အစိုးရရဲ့ ပရိသတ်အမြင်မရှိတဲ့ ကျားကွက်လို့ဆိုရမှာပါ။ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲဟာ တပ်မတော်အစိုးရကို ပြောင်းလဲမှုတစ်ရပ် ဖြစ်စေခဲ့ပါတယ်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာတော့ NLD က တစ်နိုင်ငံလုံးမှာ အများဆုံး အနိုင်ရလာခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီက အစိုးရတစ်ရပ်ကို ဖွဲ့စည်းနိုင်ခဲ့ပါတယ်။ ပြည်သူတွေကတော့ ဒီမိုကရေစီအစိုးရ၊ အရပ်ဖက် အစိုးရ၊ NLD အစိုးရစသဖြင့် ခေါ်ဝေါ်ကြပါတယ်။ ဘာပဲဖြစ်ဖြစ် ပြည်သူတွေလိုချင်ကြတဲ့၊ ပြည်သူတွေအများအပြား ပါဝင်တဲ့ ပြည်သူ့အစိုးရလို့ ဆိုရမှာပါ။

 

(ဓါတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

NLD ဟာ အစိုးရတစ်ရပ်ကို ဖွဲ့စည်းနိုင်ခဲ့ပေမယ့် အာဏာပိုင်ဆိုင်မှုကိုတော့ ထင်သလောက် မရရှိခဲ့ပါဘူး။ ရွေးကောက်ပွဲမှာ အာဏာခွဲဝေမှုကဏ္ဍတွေ မပါရှိသလို တပ်မတော်ဟာ မူလနေရာမှာသာရှိနေပြီး အချုပ်အခြာအာဏာကို တပ်မတော်က ပိုင်ဆိုင်နေဆဲလို့ ဆိုနိုင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီမိုကရေစီအရေးကို ဦးစားပေးသူဖြစ်တယ်။ NLD ဟာ ဒီမိုကရေစီပါတီဖြစ်တယ်။ ဒေါ်အောင် ဆန်းစုကြည်နဲ့ NLD ကို ကျောထောက် နောက်ခံပြုနေတာက ဥရောပသမဂ္ဂနဲ့ အမေရိကန်နိုင်ငံဆိုတာကို အားလုံးသိနေပြီးသားပါ။

ဒါပေမယ့် အချုပ်အခြာအာဏာ ရရှိထားတဲ့ တပ်မတော်ကို ကျောထောက်နောက်ခံ ပြုနေတာက သူတို့နဲ့ ဆန့်ကျင်ဘက် နိုင်ငံတွေလို့ ပြောရမှာပါ။ ဒီနေရာမှာ အရပ်ဖက်နဲ့ စစ်ဖက် ဆက်ဆံရေးက ပုံသဏ္ဍန်တွေ ကွဲလွဲနေတာကို တွေ့ရပါတယ်။

အရပ်ဖက်ဖြစ်တဲ့ ပြည်သူ့အစိုးရရဲ့ နိုင်ငံတကာဆက်ဆံရေးနဲ့ တပ်မတော်ဘက်က နိုင်ငံတကာဆက်ဆံရေးတို့ ကွဲပြားမှုတွေ ရှိလာခဲ့ပါတယ်။ မတူကွဲပြားတဲ့ ဆက်ဆံမှုတွေရဲ့ ရလဒ်က ဘာတွေဖြစ်လာမှာလဲ။ တပ်မတော်နဲ့ အစိုးရတို့အကြား သီးခြားရပ်တည်မှုတွေက အသက်ဝင်နိုင်ပါ့မလား။ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီအရေး၊ နိုင်ငံတည်ဆောက်ရေးတွေမှာ ဘယ်လို အကျိုးသက်ရောက် လာနိုင်သလဲ။ စဉ်းစားစရာတွေ အများကြီးပါပဲ။ လက်ရှိမှာတော့ ငြိမ်းချမ်းရေးတည်ဆောက်ရေးနဲ့ ပာတ်သက်ပြီး ဆောင်ရွက်နေတာတွေ အများအပြားရှိနေပါတယ်။ ပင်လုံ ညီလာခံကတော့ ငြိမ်းချမ်းရေးအတွက် အဓိကကျတဲ့ ကစားကွင်းလို့ဆိုရမှာပါ။ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုအတွက် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဆွေးနွေးနေကြပေမယ့် ပြည်တွင်းစစ်ကတော့ ရှိနေဆဲပါပဲ။ အခုရက်ပိုင်းအတွင်းမှာ တပ်ချုပ်ကြီးကိုယ်တိုင် ရုရှားကိုသွားတဲ့အခရီးစဉ်က စိတ်ဝင်စားစရာကောင်းတဲ့ ခရီးစဉ်တစ်ခုပါ။ ယခင်ခရီးစဉ်တွေထက် ထူးခြားမှုတွေ ရှိနေပါတယ်။ ဘာတွေထူးခြားသလဲဆိုတော့ စစ်ရေးပြင်ဆင်မှု ကိစ္စရပ်တွေပါပဲ။ ရုရှား၊ တရုတ်၊ မြောက်ကိုးရီးယားလို နိုင်ငံတွေဟာ မြန်မာတပ်မတော်ရဲ့ အထူးအရေးပါတဲ့ နိုင်ငံတွေဖြစ်ပါတယ်။ အစိုးရရဲ့ နိုင်ငံခြားဆက်ဆံရေးတွေ မြင့်တက်လာနေသလို တပ်မတော်အနေနဲ့လည်း စစ်ဘက်ဆိုင်ရာ နိုင်ငံခြားဆက်ဆံရေးတွေ မြင့်မားလာနေတာကို တွေ့ရပါတယ်။ အစိုးရနဲ့ တပ်မတော်ဟာ ပူးပေါင်းဆောင်ရွက်မှုတွေ နည်းပါးပြီးတော့ သီးခြားတည်ဆောက်မှုတွေသာ အင်အားကြီးထွားလာခဲ့ပါတယ်။

ဒီအခြေအနေတွေက NLD အစိုးရရဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ (၂၁ ရာစုပင်လုံ) နဲ့ ဘယ်လိုမှ သဟဇာတ မကျနိုင်ပါဘူး။ တပ်ချုပ်ကြီးရဲ့ နောက်ဆုံးအကြိမ် ရုရှားခရီးစဉ်က သိသာထင်ရှားလှပါတယ်။

 

(ဓါတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

အရင်အစိုးရတွေလက်ထက်မှာ တပ်မတော်ဘက်က ပြည်ပခရီးစဉ်တွေကို လျှို့ဝှက်စွာနဲ့ပဲ သွားခဲ့ကြပါတယ်။ ဘယ်နိုင်ငံမှာ ဘာတွေဆွေးနွေးခဲ့သလဲ ဆိုတာကိုတော့ မသိရှိခဲ့ရပါဘူး။ ပွင့်လင်းစပြုလာခဲ့တဲ့ ၂၀၁၀ ခုနှစ် အစိုးရလက်ထက်မှာတော့ လုပ်ငန်းဆိုင်ရာ ကိစ္စရပ်တွေကို လျှို့ဝှက်ထားခဲ့ပေမယ့် ခရီးစဉ်ကိုတော့ သိခွင့်ရခဲ့ပါတယ်။ အခုခရီးစဉ်မှာတော့ လက်နက် ဝယ်ယူရေးနဲ့ စစ်ဖက်ဆိုင်ရာ အင်အားဖြည့်တင်းမှု၊ အချုပ်အခြာအာဏာအတွက် မဟာ ဗျုဟာချမှတ်ပြီး ဆောင်ရွက်တာတွေကို သိခွင့်ရလာခဲ့တာဟာ စဉ်းစားစရာတစ်ခု ဖြစ်နေပါတယ်။

မြန်မာနဲ့ ရုရှားတိုအကြားမှာ စစ်ဖက်ဆိုင်ရာ ဆက်ဆံရေးသာရှိပြီး စီးပွားရေးဆက်ဆံမှုတွေက မရှိသလောက်လို့ ဆိုနိုင်ပါတယ်။ ရုရှားနိုင်ငံမှာ စစ်ပညာသင်ကြားခွင့် ရရှိထားတဲ့ တပ်မတော်အရာရှိပေါင်း ၆၀၀၀ ကျော်ရှိပြီးတော့ မြန်မာက စစ်လက်နက်ဝယ်ယူမှုဟာ အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ ဒုတိယဖြစ်ပါတယ်။ ဘီလီယံပေါင်း ၁၀၀၀ ကျော်ဖိုးလောက် ဝယ်ယူထားပြီးဖြစ်တယ်လို့ ဧရာဝတီရဲ့သုံးသပ်ချက်တွေအရ သိရပါတယ်။ ပြည်တွင်းရေးကို လုပ်ဆောင်နေကြတဲ့ လက်ရှိအစိုးရနဲ့ တပ်မတော်တို့အကြားမှာ ကွဲလွဲမှုတွေ ရှိနေပြီးတော့ နိုင်ငံခြားဆက် ဆံရေးအပိုင်းမှာလည်းပဲ အရပ်ဖက်နဲ့ စစ်ဖက်ဆက်ဆံရေးတွေက ကွဲပြားမှုတွေကို မြင်တွေ့နေရပါတယ်။ ဒါတွေနဲ့ ပါတ်သက်ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေးဖြစ်စဉ်ကို ပြန်ကြည့်မယ်ဆိုရင် တပ်မတော်နဲ့ အစိုးရအကြား အပြန်အလှန်အာဏာ သက်ရောက်မှု နည်းပါးတာကြောင့် ဖြစ်ပါတယ်။

ပင်လုံညီလာခံရဲ့ ပြည်တွင်းငြိမ်းချမ်းရေး ဖြစ်စဉ်တွေအတွက် ဦးထိပေါက်တဲ့ အဖြေတွေ ထွက်လာနိုင်ဖို့ ခက်ခဲမှာဖြစ်သလို လက်ရှိအစိုးရအနေနဲ့လည်း ပြည်တွင်းစစ်တွေကို ရပ်တန့်ဖို့ဆိုတာ အပြောသာဖြစ်ပြီး ငြိမ်းချမ်းရေးဖော်ဆောင်မှု ရည်ရွယ်ချက်တွေဟာလည်း အချည်းအနှီးသာ ဖြစ်နေဦးမှာပါ။    

 

မင်းမျိုးနွယ် (ဤဆောင်းပါးသည် စာရေးသူ၏ အာဘော်သာဖြစ်သည်။)