- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
အသက်မပြည့်ဘဲ အိမ်ထောင်ပြုရင် ဘယ်လိုသက်ရောက်မှုရှိလာနိုင်လဲ
အနောက်နိုင်ငံတွေကို အတုယူပြီးတော့ လက်မထပ်မီ အတူတကွနေထိုင်ခြင်း (Living Together) တွေ ခေတ်စားလာတဲ့အခါကျတော့ မိဘမဲ့ကလေးတွေ များလာပြီး ကလေးဂေဟာတွေမှာ ကလေးတွေတိုးများလာတာ တွေ့ရပါတယ်။ ဒါဟာ ဘယ်ရှုထောင့်ကပဲ ကြည့်ကြည့် ကောင်းတဲ့ အလားအလာ မဟုတ်ဘူးလို့ ဒေါက်တာ ကျော့သာစိန်က ဆိုပါတယ်။
13 Feb 2019
ခင်သရဖီဦး ရေးသားသည်။
ကမ္ဘာပေါ်တွင် ၃ စက္ကန့်တိုင်းမှာ ၁၈ နှစ်အောက် မိန်းကလေးတစ်ယောက်စီဟာ အိမ်ထောင်ပြုနေကြရပါတယ်။ ဒီအခြေအနေအတိုင်း ဆက်သွားမယ်ဆိုရင် သက္ကရာဇ် ၂၀၃၀ ခုနှစ်ကို ရောက်တဲ့အခါ ကလေးအရွယ်မှာတင် အိမ်ထောင်ချပေးခံရတဲ့ မိန်းကလေးငယ် အရေအတွက်ဟာ တစ်နှစ်အတွင်း ၁၀ သန်းနီးပါး ရှိလာမှာဖြစ်တယ်လို့ Save The Children ရဲ့ မိန်းကလေးငယ်များနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ ကလေးသူငယ်များ အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်နဲ့ သက်ဆိုင်တဲ့ (ကလေးသူငယ်များ အခွင့်အရေးဆိုင်ရာ) စာချုပ်ကို ၁၉၉၁ ခုနှစ်မှာ စပြီးအတည်ပြု လက်မှတ်ရေးထိုးခဲ့ပါတယ်။ အဲဒီစာချုပ်အရ အသက် ၁၈ နှစ် မပြည့်သေးသူတွေကို ကလေးတွေလို့ သတ်မှတ်ထားပါတယ်။ ကလေးအရွယ်မှာ အိမ်ထောင်ပြုတာဟာ ပညာရေးမှာ အနှောင့်အယှက် ဖြစ်ပေါ်စေသလို အသက်မပြည့်မီ ကလေးမီးဖွားခြင်းကြောင့်လည်း သေဆုံးသည်အထိ အန္တရာယ်ရှိစေနိုင်တယ်လို့ ဆိုကြပါတယ်။
အသက် ၁၈ နှစ်အောက် မိန်းကလေးတစ်ယောက်ဟာ အိမ်ထောင်ပြုပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ ကိုယ်ဝန်ရှိလာတဲ့အခါ ပထမဆုံး ကလေးပျက်ကျနိုင်ခြေများပြီး ဝမ်းဗိုက်ထဲမှာ လွယ်ထားရတဲ့ သန္ဓေသားကို ပြုစုစောင့်ရှောက်ဖို့ကို မသိနားမလည်တဲ့အခါ ကလေးရဲ့ အဟာရပြည့်ဝရေးအတွက် ကောင်းမွန်စွာ စားသောက်မှုတွေ မရှိတာကြောင့် မိခင်သေနှုန်း၊ ကလေးသေနှုန်းတွေ မြင့်တက်လာတာဖြစ်တယ်လို့ ကျန်းမာရေးဆရာဝန်တွေက ဆိုကြပါတယ်။
အသက်အရွယ်အားဖြင့် ၁၈ နှစ် မပြည့်သေးတဲ့ မိန်းကလေးတစ်ယောက်ဟာ အိမ်ထောင်ပြုပြီး ကိုယ်ဝန်ရှိလာမယ်ဆိုရင် မိခင်အတွက် အန္တရာယ်များသလို မွေးလာမယ့် ကလေးအတွက်လည်း ဆိုးကျိုးတွေ ဖြစ်လာနိုင်တယ်လို့ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းစီမံချက်မှ ဒေါက်တာ ကျော့သာစိန်က ဆိုပါတယ်။
“မိခင်ကိုယ်တိုင်က အသက် မပြည့်သေးတဲ့အတွက် ဖွံ့ဖြိုးဆဲအရွယ်လေးမှာပဲ ကိုယ်ဝန် လွယ်ထားတဲ့အခါကျတော့ မွေးလာမယ့်ကလေးတွေ လူစဉ်မမှီမွေးတာများမယ်။ ပေါင် (အလေးချိန်) မပြည့်တဲ့ ကလေးတွေ မွေးလာမယ်။ ကျပ်(ဦးနှောက်မဖွံ့ဖြိုး)မပြည့်တဲ့ ကလေးတွေ မွေးလာမယ်။ နောက်ပြီး အာခေါင်ကွဲ၊ နှုတ်ခမ်းကွဲ၊ ကိုယ်လက်အင်္ဂါ မပြည့်စုံတဲ့ ကလေးတွေ မွေးလာမယ်” လို့ ဒေါက်တာ ကျော့သာစိန်က ပြောပါတယ်။
မိခင်တွေဆိုရင် ငယ်လွန်းတဲ့အတွက် ကိုယ်ဝန်ကြီးရင့်လာရင် ဗိုက်က တဖြည်းဖြည်း ကြီးလာမှာဖြစ်ပါတယ်။ အဲဒီအခါ သူတို့ရဲ့ သားအိမ်တို့၊ တင်ပါးဆုံအရိုးတို့၊ တင်ရိုးကွင်းတွေဟာ ပုံမှန်အတိုင်း ကြီးထွားလာတဲ့ အချိန်ကို မရောက်နိုင်သေးတဲ့အတွက် ဗိုက်ထဲမှာ ကလေးရဲ့ကြီးထွားမှုဟာ အခက်အခဲရှိတယ်။ ဒါကြောင့် ကလေးတွေ အများအားဖြင့် သေကြတယ်လို့လည်း သူမက ဆက်ပြောပါတယ်။
မိန်းကလေးတွေ အပျိုဖော်ဝင်စအချိန်ဟာ တစ်ဦးနဲ့တစ်ဦး မတူကြဘဲ အချို့က အသက် ၁၀ နှစ်၊ ၁၁ နှစ်မှာ အပျိုဖော်ဝင်တာ တွေ့ရပါတယ်။ ဒါပေမယ့် အဲဒီမိန်းကလေးဟာ အရွယ်ရောက်ပြီ၊ အိမ်ထောင်ပြုလို့ရပြီ ဆိုတဲ့ အဓိပ္ပာယ်တော့ မဟုတ်ပါဘူး။
မိန်းကလေးတွေရဲ့ ခန္ဓာကိုယ် ဖွံ့ဖြိုးလာတဲ့အချိန်ဟာ အသက် ၁၃ နှစ်၊ ၁၄ နှစ်တွေ ဖြစ်ပါတယ်။ ဒါပေမယ့် ခန္ဓာကိုယ်ဟာ တစ်ခါတည်း ကြီးထွားလာတာ မဟုတ်တဲ့အတွက် အဲဒီ မိန်းကလေးတွေကို တကယ်အရွယ်ရောက်တဲ့ သူတွေလို့ သတ်မှတ်လို့မရနိုင်ပါဘူး။ မိန်းကလေးတစ်ဦးရဲ့ ကြီးထွားနှုန်း(ဟော်မှုန်း)ဟာ တဖြည်းဖြည်း ကြီးထွားလာနေဆဲပဲဆိုတာ တွေ့ရမှာပါ။
အသက်မပြည့်ဘဲ အိမ်ထောင်ပြုခြင်း
မိန်းကလေးတွေမှာ အသက် ၁၈ နှစ် မပြည့်ခင်အချိန်ဟာ အကုန်လုံး ဖွံ့ဖြိုးနေဆဲအချိန် ဖြစ်တဲ့အတွက် အဲဒီအချိန်မှာ ယောကျ်ားယူပြီး ကိုယ်ဝန်ဆောင်လိုက်လို့ရှိရင် ကျန်းမာရေးထိခိုက်နိုင်တာ တွေ့ရပါတယ်။ အသက် ၁၈ နှစ်မပြည့်သေးတဲ့ ကိုယ်ဝန်သည်တွေကို ပြင်ပမှာ မွေးဖွားခွင့်မပေးဘဲ ဆေးရုံမှာပဲ မွေးခွင့်ပေးတာ၊ ခွဲပြီးမွေးပေးတာတွေ ရှိပါတယ်။
အခုလိုမျိုး အသက်ငယ်လွန်းရင် မိန်းကလေးရဲ့ခန္ဓာကိုယ်ဟာ အရွယ်အမြန် ကျဆင်းလာတာတွေ ဖြစ်တတ်တယ်လို့ ပေါက်တောမြို့နယ်က သားဖွားဆရာမ ဒေါ်ခင်ချိုဝင်းက ပြောပါတယ်။
“အချိန်မတိုင်မီ ကိုယ်ဝန်ဆောင်တဲ့အခါမှာ ကျန်းမာရေးအတွက် အများကြီး အန္တရာယ်ရှိတယ်။ အရင်ကထက် ပိုပြီး ပိန်လာတာတို့၊ အသက်အရွယ်အားဖြင့် ငယ်သေးတဲ့အတွက် အရွယ်မတိုင်ဘဲ ရုပ်ရင့်တာတို့ဖြစ်တာပေါ့။ မိန်းကလေးတစ်ယောက်က ပုံမှန်အားဖြင့်ဆိုလို့ရှိရင် ၂၂ နှစ်၊ ၂၃ နှစ် လောက်မှ ကလေးမွေးသင့်တယ်” လို့ သူမက ဆိုပါတယ်။
နောက်ဆက်တွဲပြဿနာ
ကိုယ်ဝန်ဆောင် မိခင်တစ်ယောက်မှာ အန္တရာယ်ရှိတဲ့ ကိုယ်ဝန်ဆောင်ခြင်း ဆိုတာတွေ ရှိပါတယ်။ ကိုယ်ဝန်ဆောင်မိခင်က အသက်ငယ်လွန်းတာ၊ အသက်ကြီးလွန်းတာ၊ အမြွာပူး ကလေးမွေးဖွားတာ၊ ငါးဦးထက်ပိုပြီး မွေးဖွားတာ၊ အရပ်ပုတဲ့ မိန်းကလေးတွေ ကိုယ်ဝန်ဆောင်တာ၊ အနေအထား မမှန်တာတွေဟာ အန္တရာယ်ရှိတဲ့ ကိုယ်ဝန်ဆောင်ခြင်းတွေ ဖြစ်တယ်လို့ ကျန်းမာရေးပညာရှင်တွေက ဆိုကြပါတယ်။
“အခုခေတ်မှာ လူငယ်တွေက စောဒကတက်ပြီး ၁၈ နှစ်မပြည့်ဘဲ အိမ်ထောင်ပြုမယ်၊ ပြီးတော့ သန္ဓေတားဆေးထိုးမယ်ပေါ့။ ဒါက အခုအရွယ်မှာ ဘာမှမဖြစ်ပေမဲ့ အသက်ကြီးလာလို့ရှိရင် နောက်ဆက်တွဲ ပြဿနာတွေ အများကြီး ရှိလာနိုင်ပါတယ်” လို့ ဒေါက်တာ ကျော့သာစိန်က ပြောပါတယ်။
အချို့သော မိန်းကလေးတွေဟာ အိမ်ထောင်ပြုပြီး ကလေး မလိုချင်ကြတဲ့အတွက် ကိုယ်ဝန်ရလာခဲ့ရင်လည်း အဲဒီကိုယ်ဝန်ကို ဖျက်ချမယ်ဆိုတာတွေ ရှိလာပါတယ်။ ဒါတွေဟာ အသက်အရွယ် ငယ်လွန်းတဲ့အတွက် နောက်ဆက်တွဲ ပြဿနာတွေကို စဉ်းစားဆင်ခြင်နိုင်မှု မရှိသေးတာတွေကြောင့်လို့ သူမက ထောက်ပြပါတယ်။
နောက်ပြီး အနောက်နိုင်ငံတွေကို အတုယူပြီးတော့ လက်မထပ်မီ အတူတကွနေထိုင်ခြင်း (Living Together) တွေ ခေတ်စားလာတဲ့အခါကျတော့ မိဘမဲ့ကလေးတွေ များလာပြီး ကလေးဂေဟာတွေမှာ ကလေးတွေတိုးများလာတာ တွေ့ရပါတယ်။ ဒါဟာ ဘယ်ရှုထောင့်ကပဲ ကြည့်ကြည့် ကောင်းတဲ့ အလားအလာ မဟုတ်ဘူးလို့ ဒေါက်တာ ကျော့သာစိန်က ဆိုပါတယ်။
အသက် ၁၈ နှစ်နဲ့ ဥပဒေ
၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်မှာ ပြည်သူ့လွှတ်တော်က ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကာကွယ်ရေးဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းမှာ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ အသက်အရွယ်ကို ၁၈ နှစ် မပြည့်ရင်လည်း ခွင့်ပြုသင့်ကြောင်းနဲ့ ဓလေ့ထုံးစံအတိုင်း လက်ထပ်နိုင်တယ်လို့ အတည်ပြုလိုက်ပါတယ်။
အဲဒီလို ခွင့်ပြုတာနဲ့ပတ်သက်ပြီး ပြည်သူတွေကြား ဝေဖန်မှုတွေ၊ စိုးရိမ်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ပြည်သူတွေရဲ့ အဓိကစိုးရိမ်မှုကတော့ အသက်မပြည့်ဘဲ အိမ်ထောင်ပြုရင် ကျန်းမာရေး၊ ပညာရေး ထိခိုက်မယ်ဆိုတဲ့ အကြောင်းပြချက်တွေပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သက်ဆိုင်ရာ ဓလေ့ထုံးတမ်းတွေကိုလည်း ထည့်သွင်းစဉ်းစားဖို့ လိုအပ်တယ်လို့ ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။
အသက် (၁၈) မပြည့်ဘဲ အိမ်ထောင်ပြုတာဟာ ကျန်းမာရေးတစ်ခုတည်း ထိခိုက်နစ်နာတာမဟုတ်ဘဲ ပညာရေး၊ လူမှုရေးဘက်မှာလည်း ထိခိုက်နစ်နာမှုတွေ ရှိနေတယ်ဆိုပြီး ဝေဖန် ထောက်ပြမှုတွေ ရှိနေတာကြောင့် အဲဒီ ဥပဒေကို ပြန်စဉ်းစားဖို့လိုတယ်လို့ ထောက်ပြမှုတွေလည်း ရှိနေပါတယ်။
“အသက် ၁၈ နှစ်အောက် ဆိုတာ ကလေးသာသာပဲ ရှိသေးတယ်” ဟု ဒေါက်တာ ကျော့သာစိန်က ပြောဆိုလိုက်ပါသေးတယ်။
(ယခုဆောင်းပါးကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ထုတ် Development News Journal အမှတ်(၁၀၂) တွင်လည်း ဖတ်ရှုနိုင်သည်။)