ဘရာဇီးနှင့် မက္ကစီကိုနိုင်ငံများတွင် ကိုရိုနာကြောင့်သေဆုံးသူအရေအတွက် စံချိန်တင်မြင့်တက်

ဘရာဇီးနိုင်ငံတွင် ပြီးခဲ့သော ၂၄ နာရီအတွင်း သေဆုံးသူ ၁၃၄၉ ဦးအထိရှိခဲ့ကြောင်း ဘရာဇီးကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်သည်။

By Foreign Desk 04 Jun 2020

Photo - AP


ဘရာဇီးနိုင်ငံတွင် ပြီးခဲ့သော ၂၄ နာရီအတွင်း သေဆုံးသူ ၁၃၄၉ ဦးအထိရှိခဲ့ကြောင်း ဘရာဇီးကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်သည်။

ဘရာဇီးနိုင်ငံတစ်ဝန်း သုံးလကျော်ကာလအတွင်း သေဆုံးသူ ၃ သောင်းကျော်ရှိနေပြီဖြစ်သည်။ သေဆုံးသူဦးရေသည် ပြီးခဲ့သည့် ၁၇ ရက်အတွင်း နှစ်ဆမြင့်တက်ခဲ့ပြီး အမေရိကန်၊ ဗြိတိန်နှင့် အီတလီပြီးလျှင် စတုတ္ထမြောက် သေဆုံးသူအများဆုံးဖြစ်လာခဲ့သည်။

ဘရာဇီးသည် လက်တင်အမေရိကတွင် ဗိုင်းရပ်စ်အဓိကပြန့်ပွားရာ ဗဟိုချက်မဖြစ်နေပြီး အမေရိကန်နိုင်ငံပြီးလျှင် ဗိုင်းရပ်စ်ကူးစက်မှု အမြင့်ဆုံးနိုင်ငံဖြစ်သည်။ ဘရာဇီးတွင် ကူးစက်မှု ၅ သိန်းခွဲခန့် ရှိသွားပြီဖြစ်ကြောင်း WHO မှထုတ်ပြန်သော အချက်အလက်များအရ သိရသည်။

မက္ကစီကိုတွင်လည်း ပြီးခဲ့သော ၂၄ နာရီအတွင်း လူ ၁၀၉၂ ဦး သေဆုံးခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။ ရှေ့တစ်ရက်က သေဆုံးသူ ၄၇၀ ဦးရှိခဲ့သဖြင့် နှစ်ဆတိုးသွားခြင်းဖြစ်ကြောင်း အေအက်ဖ်ပီသတင်းတွင် ရေးသားထားသည်။

မက္ကစီကိုတွင် သေဆုံးသူ ၁ သောင်းကျော်၊ ကူးစက်မှုစုစုပေါင်း ၁ သိန်းကျော်ရှိကြောင်း အစိုးရက သတင်းထုတ်ပြန်ထားသည်။ ကူးစက်မှုများ မြင့်တက်နေသော်လည်း အစိုးရသည် ယခုသီတင်းပတ်အတွင်း စီးပွားရေးလုပ်ငန်းများအား ပြန်လည် စတင်ခွင့်ပြုပေးနေပြီ ဖြစ်သလို သွားလာခွင့်ကန့်သတ်ချက်များ ကိုလည်း ဖြေလျှော့ပေးနေပြီဖြစ်သည်။

ကမ္ဘာတစ်ဝန်းတွင် ဇွန်လ ၃ ရက်နေ့အထိ ဗိုင်းရပ်စ်ကြောင့်သေဆုံးသူ ၃၉၀၀၀၀ နီးပါး၊ ကူးစက်မှုစုစုပေါင်း ၆ သန်းခွဲခန့် ရှိနေပြီဖြစ်ကြောင်း Worldometer ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
လူတိုင်းစေ့ စစ်ဆေးနိုင်မှုမရှိခြင်း၊ ကူးစက်နေသော်လည်း လက္ခဏာမပြမှုများရှိနေခြင်း၊ အတည်မပြုနိုင်ဘဲ သေဆုံးမှုများ ရှိနေခြင်းကြောင့် အမှန်တကယ်ကူးစက်မှုနှင့် သေဆုံးမှုအရေအတွက်သည် ထုတ်ပြန်ထားသောအချက်အလက်များထက် ပိုများနိုင်ကြောင်းလည်း ကျန်းမာရေးအဖွဲ့အစည်းများက သတိပေးထားသည်။

ကိုရိုနာကပ်ဘေးကြောင့် ယခုနှစ်တွင် ကမ္ဘာတစ်ဝန်း အငတ်ဘေးခံစားရသူ နှစ်ဆတိုးလာနိုင်ကြောင့် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့က သတိပေးထားသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ကလည်း ဆေးဝါးနှင့် အခြားလိုအပ်ချက်များ ပြတ်လပ်မှုကြောင့် ယခုနှစ်တွင် ငှက်ဖျားရောဂါကြောင့် သေဆုံးသူနှစ်ဆတိုးပြီး စုစုပေါင်း ၇၇၀,၀၀၀ အထိရှိလာနိုင်ကြောင်း သတိပေးထားသည်။

ဗီဒီယိုများ