ကျောက်ဖြူဒေသခံ ၈ ဦးကို စစ်ကောင်စီက ထောင်ဒဏ် ၃ နှစ်စီ အမိန့်ချ

၎င်းတို့ ၈ ဦးကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဩဂုတ်လတွင် စစ်ကောင်စီက ဖမ်းဆီးတရားစွဲဆိုခဲ့ပြီး တစ်နှစ်ကျော်ကြာ အမှုရင်ဆိုင်ပြီးနောက် အမိန့်ချမှတ်လိုက်ခြင်း ဖြစ်သည်။

By Admin 24 Nov 2023

၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁ ရက်တွင် မြင်တွေ့ရသော ကျောက်ဖြူအကျဉ်းထောင်ရှေ့မြင်ကွင်း။ 
၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁ ရက်တွင် မြင်တွေ့ရသော ကျောက်ဖြူအကျဉ်းထောင်ရှေ့မြင်ကွင်း။ 

DMG ၊ နိုဝင်ဘာ ၂၄ 

ရက္ခိုင့်တပ်တော်(ULA/AA)နှင့် ပတ်သက်ဆက်နွယ်သည်ဟုဆိုကာ ၂၀၂၂ စစ်ပွဲကာလတွင် တရားစွဲခံထားရသည့် ကျောက်ဖြူဒေသခံ ၈ ဦးကို နိုဝင်ဘာ ၂၃ ရက်တွင် ထောင်ဒဏ် ၃ နှစ်စီ အမိန့်ချမှတ်ခဲ့ကြောင်း မိသားစုဝင်နှင့် ရှေ့နေများထံမှ သိရသည်။

ကျောက်ဖြူမြို့ပေါ် ရပ်ကွက်များမှ ဦးဝင်းနိုင်၊ ဦးတင်ညွှန့်၊ ဦးစိုးဝင်းနိုင်၊ ဦးဘသန်း၊ ဦးဝင်းအောင်၊ ဇင်ချောင်း တိုက်နယ် မူရွင်းကျေးရွာမှ ဦးစောဝဏ္ဍကျော်၊ ဦးထွန်းထွန်းထွန်းကျော်နှင့် စနဲမြို့မှ ဦးတင်မျိုးထွန်း တို့ကို နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ - ၅၀၅(က) ဖြင့် ကျောက်ဖြူမြို့နယ်တရားရုံးက အမိန့်ချလိုက်ခြင်းဖြစ်သည်။

ဦးစိုးဝင်းနိုင်ဇနီး ဒေါ်နီလာစိုးက “ရုံးချိန်းရှိတယ်ဆိုတာကို မိသားစုဝင်တွေကိုတောင် အသိပေးတာမရှိဘူး။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ စုံစမ်းပြီးမှပဲ သိရတယ်။ သိလို့လိုက်သွားတဲ့အချိန်မှာ အမိန့်ချပြီးတော့ ချက်ချင်းပဲ ထောင်ကိုပို့ဖို့ လုပ်နေကြပြီ” ဟု ပြောသည်။

၎င်းတို့ ၈ ဦးကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဩဂုတ်လတွင် စစ်ကောင်စီက ဖမ်းဆီးတရားစွဲဆိုခဲ့ပြီး တစ်နှစ်ကျော်ကြာ အမှုရင်ဆိုင်ပြီးနောက် အမိန့်ချမှတ်လိုက်ခြင်း ဖြစ်သည်။

“အခုလို တိုက်ပွဲဖြစ်နေတဲ့ အခြေအနေမျိုးမှာမှ အမိန့်ချမှတ်လိုက်တာ။ ပြီးတော့ အမိန့်ချမယ့်နေ့ကိုလည်း မိသားစုဝင်တွေကို အကြောင်းမကြားခဲ့တော့ မပြောကောင်းမဆိုကောင်း ထောင်ထဲမှာများ တစ်ခုခုလုပ်ခံရမှာလား ဆိုပြီး သံသယဝင်မိတယ်” ဟု ဦးဝင်းနိုင်ဇနီး မမိုးမိုးဆန်းက ပြောသည်။ 

ရခိုင်တွင် ပြီးခဲ့သည့် တိုက်ပွဲကာလအတွင်း ကျောက်ဖြူမြို့နယ်မှ ဒေသခံ ၄၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသူတချို့ ရှိသည်။ ဖမ်းဆီးခံထားရသူများထဲတွင် ပုဒ်မ - ၅၀၅ (က)၊ ၁၇ (၁)၊ ၁၇ (၂) တို့ဖြင့် အမိန့်ချမှတ်ရန် စောင့်ဆိုင်းသူ ၁၅ ဦးအထိ ကျန်ရှိနေသေးသည်။

#D005 #DMG

ဗီဒီယိုများ