မောင်တော ကိုင်းကြီးရဲကင်းစခန်းကို AA ထိုးစစ်ဆင်နေ

ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ ကိုင်းကြီး(ရခိုင်)ကျေးရွာအနီးရှိ စစ်ကောင်စီ၏ နယ်ခြားစောင့်ရဲကင်းစခန်းကို ရက္ခိုင့်တပ်တော်(AA)က ထိုးစစ်ဆင်တိုက်ပြီးနောက် နှစ်ဖက်တိုက်ပွဲပြင်းထန်နေသည်။ 

By Admin 25 Nov 2023

နိုဝင်ဘာလ ၂၁ ရက်တွင် သိမ်းပိုက်ရရှိထားသော ဘူးသီးတောင်အခြေစိုက် ကထီးလှတပ်စခန်းတွင် တွေ့ရသော AA တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ - AA Info Desk)
နိုဝင်ဘာလ ၂၁ ရက်တွင် သိမ်းပိုက်ရရှိထားသော ဘူးသီးတောင်အခြေစိုက် ကထီးလှတပ်စခန်းတွင် တွေ့ရသော AA တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ - AA Info Desk)

DMG ၊ နိုဝင်ဘာ ၂၅ 

ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ ကိုင်းကြီး(ရခိုင်)ကျေးရွာအနီးရှိ စစ်ကောင်စီ၏ နယ်ခြားစောင့်ရဲကင်းစခန်းကို ရက္ခိုင့်တပ်တော်(AA)က ထိုးစစ်ဆင်တိုက်ပြီးနောက် နှစ်ဖက်တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။ 

အဆိုပါ ရဲကင်းစခန်းကို AA က နိုဝင်ဘာ ၂၄ ရက်၊ ညနေ ၅ နာရီခန့်မှစကာ ထိုးစစ်ဆင်နေခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ လက်နက်ကြီး/ငယ်တို့ဖြင့် ခုခံတိုက်ခိုက်ကာ တိုက်ပွဲပြင်းထန်နေသည်။ 

“အခုထိ ပစ်ခတ်သံတွေ ကြားရနေတယ်။ မရပ်ကြသေးဘူး။ လက်နက်ကြီး၊ လက်နက်ငယ်သံတွေပါ ကြားရတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ 

လူဦးရေ ၃၀၀ ကျော်ရှိသည့် ကိုင်းကြီး(ရခိုင်)ကျေးရွာမှ ဒေသခံများမှာ AA က ရဲကင်းစခန်းကို မတိုက်ခိုက်မီ တစ်ရက်အလိုကပင် လုံခြုံမည့်နေရာသို့ ထွက်ပြေးတိမ်းရှောင်နေကြသည်။ 

“တခြားနေရာကို ထွက်ပြေးတာဆိုတော့ အစစအရာရာ အခက်အခဲရှိတယ်။ ဒီမှာ နောက်ထပ်ဘယ်နှစ်ရက်လောက် နေရမလဲ မသိဘူး” ဟု တိမ်းရှောင်နေသူ အမျိုးသမီးတစ်ဦးက ပြောသည်။ 
လက်ရှိအချိန်ထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်၍ အနီးအနားရှိဒေသခံများမှာ လက်နက်ကြီးအန္တရာယ်ကို စိုးရိမ်နေကြသည်။ 

ကိုင်းကြီး(ရခိုင်)ရွာနှင့် (xxx)မိုင်ကျော်ကွာဝေးသည့် (xxx)ကျေးရွာမှ လူဦးရေ ၆၀၀ ကျော်မှာ ထွက်ပြေးတိမ်းရှောင်ချိန် မရလိုက်သဖြင့် ကျေးရွာအတွင်းရှိ လုံခြုံမည့်နေရာများတွင် ပုန်းခိုနေရကြောင်း ဒေသခံများက ပြောသည်။ (အယ်ဒီတာမှတ်ချက် - ဒေသခံများလုံခြုံရေးအတွက် ရွာအမည်ကို ချန်လှပ်ထားသည်) 

“ကျနော်တို့က တိုက်ပွဲဖြစ်မယ်ဆိုတာ မသိလိုက်ရလို့ တိမ်းရှောင်ဖို့အချိန်လည်း မရလိုက်ဘူး။ အခုက ထွက်ပြေးလို့လည်း မရတော့ဘူး။ လက်နက်ကြီးက နေရာတိုင်းမှာ ကျနေတာ” ဟု အဆိုပါရွာမှ အမျိုးသားတစ်ဦးက ပြောသည်။

မောင်တောမြို့နယ်တွင် နိုဝင်ဘာလ ၁၆ ရက်ကလည်း ဒုံးညိုနယ်ခြားစောင့် ရဲကင်းစခန်းကို AA က  ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် နိုဝင်ဘာလ ၁၇ ရက်တွင် သိမ်းပိုက်နိုင်ခဲ့သည်။ 

ရခိုင်ပြည်တွင် တကျော့ပြန်တိုက်ပွဲစတင်သည့် နိုဝင်ဘာလ ၁၃ ရက်မှ နိုဝင်ဘာလ ၂၂ ရက်နေ့ထိ ၁၀ ရက်အတွင်း နယ်ခြားစောင့်ရဲကင်းစခန်း (၄) ခုကို AA က ထိုးစစ်ဆင်သိမ်းပိုက်ထားသည်။ ရသေ့တောင်မြို့နယ်ရှိ ဒုံးပိုက်နယ်ခြားစောင့် ရဲကင်းစခန်း၊ ချိန်ခါလိန်ရဲကင်းစခန်း၊ မောင်တောအခြေစိုက် ဒုံးညိုနယ်ခြားစောင့် ရဲကင်းစခန်းနှင့် ဘူးသီးတောင်အခြေစိုက် ခထီးလှစခန်းတို့ကို သိမ်းပိုက်ထားခြင်း ဖြစ်သည်။

ယင်းအပြင် စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်ကင်းစခန်းနှင့် ရဲစခန်းများရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ စွန့်လွှတ်ထားခဲ့သည့် စခန်းပေါင်း ၄၀ ကျော်ကိုလည်း သိမ်းပိုက်ထားပြီဖြစ်ကြောင်း AA က ထုတ်ပြန်ထားသည်။

#D009 #DMG 

ဗီဒီယိုများ