ရခိုင်တိုက်ပွဲ (၁၀) ရက်အတွင်း စစ်ကောင်စီတပ်စခန်း ၄၀ ကျော် AA သိမ်းပိုက်ထားပြီ

တကျော့ပြန်ရခိုင်တိုက်ပွဲတွင် ရက္ခိုင့်တပ်တော်(AA)က စခန်းသိမ်းတိုက်ပွဲများ ဆင်နွှဲနေပြီး စစ်ကောင်စီလက်အောက်ခံ ရဲစခန်းများမှာ လက်နက်ချအညံ့ခံမှုနှင့် စခန်းစွန့်ခွာပြီး နီးစပ်ရာစစ်ကောင်စီတပ်များသို့ သွားရောက်ပူးပေါင်းမှုများ ရှိနေသည်။ 

By Admin 22 Nov 2023

နိုဝင်ဘာလ ၂၁ ရက်တွင် သိမ်းပိုက်ရရှိထားသော ဘူးသီးတောင်အခြေစိုက် ကထီးလှတပ်စခန်းတွင် တွေ့ရသော AA တပ်ဖွဲ့ဝင်များ။  (ဓာတ်ပုံ - AA Info Desk)
နိုဝင်ဘာလ ၂၁ ရက်တွင် သိမ်းပိုက်ရရှိထားသော ဘူးသီးတောင်အခြေစိုက် ကထီးလှတပ်စခန်းတွင် တွေ့ရသော AA တပ်ဖွဲ့ဝင်များ။  (ဓာတ်ပုံ - AA Info Desk)

DMG ၊ နိုဝင်ဘာ ၂၂ 

ရက္ခိုင့်တပ်တော်(AA)ပါဝင်သော ညီနောင်မဟာမိတ်(၃)ဖွဲ့က ၁၀၂၇ စစ်ဆင်ရေးကို တစ်နိုင်ငံလုံးအနှံ့ ဆင်နွှဲသွားမည်ဟု ကြေညာပြီးနောက် ရခိုင်တွင် နိုဝင်ဘာလ ၁၃ ရက်မှစ၍ တိုက်ပွဲစတင်ခဲ့သည်မှာ ၁၀ ရက်မြောက်နေ့သို့ ရောက်လာခဲ့ပြီဖြစ်သည်။ 

တိုက်ပွဲ ၁၀ ရက်တာအတွင်း AA က နယ်ခြားစောင့်ရဲကင်းစခန်း (၄) ခုကို ထိုးစစ်ဆင်သိမ်းပိုက်နိုင်ခဲ့ပြီး၊ နယ်ခြားစောင့်ကင်းစခန်းနှင့် ရဲစခန်းများရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ စွန့်လွှတ်ထားခဲ့သည့် စခန်းပေါင်း ၄၀ ကျော်ကိုလည်း သိမ်းပိုက်ထားပြီဖြစ်ကြောင်း ယနေ့ ထုတ်ပြန်ထားသည်။ 

ရသေ့တောင်မြို့နယ်ရှိ ဒုံးပိုက်နယ်ခြားစောင့် ရဲကင်းစခန်း၊ ချိန်ခါလိန်ရဲကင်းစခန်း၊ မောင်တောအခြေစိုက် ဒုံးညိုနယ်ခြားစောင့်ရဲကင်းစခန်းနှင့် ဘူးသီးတောင်အခြေစိုက် ခထီးလှစခန်းတို့ကို AA က ထိုးစစ်ဆင် တိုက်ခိုက်ပြီး သိမ်းပိုက်ထားခြင်း ဖြစ်သည်။ 

တကျော့ပြန်ရခိုင်တိုက်ပွဲတွင် ရက္ခိုင့်တပ်တော်(AA)က စခန်းသိမ်းတိုက်ပွဲများ ဆင်နွှဲနေပြီး စစ်ကောင်စီလက်အောက်ခံ ရဲစခန်းများမှာ လက်နက်ချအညံ့ခံမှုနှင့် စခန်းစွန့်ခွာပြီး နီးစပ်ရာစစ်ကောင်စီတပ်များသို့ သွားရောက်ပူးပေါင်းမှုများ ရှိနေသည်။ 

ဓာတ်ပုံ - AA Info Desk

ရခိုင်ဒေသအတွင်းရှိ စစ်ကောင်စီ၏ စစ်ဘက်၊ ရဲဘက် တပ်ဖွဲ့ဝင်များအနေဖြင့် အသက်မသေဘဲ မိသားစု၊ ဆွေမျိုး၊ မောင်နှမများနှင့် ကောင်းမွန်စွာ တွေ့ခွင့်ရလိုပါက နီးစပ်ရာ AA စခန်းများသို့ အမြန်ဆုံးဆက်သွယ်ပြီး လက်နက်ချအညံ့ခံကြရန် အသိပေးထားပြီး လက်နက်မချသူများအား ဆက်လက်တိုက်ခိုက်သွားမည်ဟု AA က သတိပေးထားသည်။

လက်ရှိတွင် ပလက်ဝမြို့နယ်နှင့် ပေါက်တောမြို့တို့တွင် စစ်ကောင်စီတပ်နှင့် AA တို့ တိုက်ပွဲပြင်းထန်နေသည်။ 

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ရှိ “တရွန်အိုင်ဗျူဟာ” နှင့် “နှုးဘူးဗျူဟာ” ကို ရက္ခိုင့်တပ်တော်(AA)က နိုဝင်ဘာလ ၁၄ ရက်မှစ၍ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး လက်ရှိအချိန်ထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်သည်။ 

ပလက်ဝတိုက်ပွဲတွင် စစ်ကောင်စီဘက်က လက်နက်ခဲယမ်းရိက္ခာများကို လေကြောင်းဖြင့်ပို့ဆောင်ပေးနေပြီး နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ထောက်ပို့ပစ္စည်းတချို့ကို သိမ်းဆည်းရမိခဲ့ကြောင်း AA ထုတ်ပြန်ချက်တွင် ဖော်ပြသည်။  

ရခိုင်ပြည်၊ ပေါက်တောမြို့တွင်လည်း နှစ်ဖက်တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်မှ ဂျက်တိုက်လေယာဉ် များဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း AA က ထုတ်ပြန်သည်။  

ရခိုင်တွင် စစ်ကောင်စီတပ်နှင့် AA တို့ နှစ်ဖက်တိုက်ပွဲပြင်းထန်နေပြီး တိုက်ပွဲနယ်မြေလည်း တဖြည်းဖြည်း ကျယ်ပြန့်လာနေသည်။ တိုက်ပွဲစတင်ခဲ့သည့် နိုဝင်ဘာလ ၁၃ ရက်နေ့မှ ၂၂ ရက်နေ့အထိ စစ်ကောင်စီက လက်နက်ကြီး/ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သားသေဆုံး၊ ဒဏ်ရာရရှိသူ ၈၀ ဦးခန့်ထိ ရှိသည်။ 

ယင်းအပြင် စစ်ကောင်စီ၏ လက်နက်ကြီးအန္တရာယ်ကို စိုးရိမ်ကြောက်လန့်၍ ပေါက်တော၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ပုဏ္ဏားကျွန်း၊ မင်းပြားမြို့နယ်မှ နေရပ်စွန့်ခွာ ထွက်ပြေးသူဦးရေမှာလည်း ၆ သောင်းနီးပါးထိ ရှိလာနေပြီဖြစ်သည်။

ဗီဒီယိုများ