အပစ်ရပ်သဘောတူညီချက်ကို AA က ချိုးဖောက်ခဲ့ဟု စစ်ခေါင်းဆောင် အပြစ်တင်

ရခိုင်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် ရခိုင်ပြည်သူများအနေဖြင့် တိုင်းချစ်၊ ပြည်ချစ်စိတ်ဖြင့် ပူးပေါင်းပါဝင်ရန်လိုအပ်သည် ဟုလည်း နိုဝင်ဘာ ၂၉ ရက်က ပြုလုပ်သည့် အစည်းအဝေးတွင် စစ်ခေါင်းဆောင်က ပြောဆိုခဲ့သည်။ 

By Admin 30 Nov 2023

ဓာတ်ပုံ - cincds
ဓာတ်ပုံ - cincds

DMG ၊ နိုဝင်ဘာ ၃၀

ရခိုင်ပြည်တွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား ယာယီပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက်ကို AA အနေဖြင့် သစ္စာမရှိဘဲ ချိုးဖောက်လိုက်ခြင်းဟု စစ်ကောင်စီက ပြောသည်။

နိုဝင်ဘာ ၂၉ ရက်ကပြုလုပ်သည့် စစ်ကောင်စီအဖွဲ့၏ ပုံမှန်အစည်းအဝေးတွင် စစ်ကောင်စီဥက္က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယင်းသို့ပြောဆိုခဲ့ခြင်းဖြစ်သည်။  

“AA အဖွဲ့အနေနဲ့ သစ္စာမရှိဘဲ ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်ပြီး MNDAA အဖွဲ့နဲ့ဖြစ်ပွားတဲ့ ဖြစ်စဉ်တွေမှာ ပါဝင်ခဲ့တယ်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

AA ပါဝင်သော ညီနောင်မဟာမိတ် (၃) ဖွဲ့က ၁၀၂၇ စစ်ဆင်ရေးကို တစ်နိုင်ငံလုံးအနှံ့ ဆင်နွှဲသွားမည်ဟု ကြေညာပြီးနောက် ရခိုင်ပြည်တွင် နိုဝင်ဘာလ ၁၃ ရက်မှစ၍ စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲစတင်ခဲ့ပြီး ယခုအချိန်ထိ တိုက်ပွဲပြင်းထန်နေသည်။

ရခိုင်က နိုင်ငံရေးသမား ဦးဖေသန်းက “စစ်ကောင်စီနဲ့ AA ကြားမှာ စာရွက်စာတန်းနဲ့ အပစ်ရပ်ထားတာ မဟုတ်ဘူး။ နှစ်ဖက်နားလည်မှုနဲ့ ရပ်ထားတာဖြစ်တယ်။ အဲနောက်ပိုင်းမှာလည်း စစ်ကောင်စီက ကတိကဝတ်တည်တာ မဟုတ်သလို ULA အုပ်ချုပ်ရေးနဲ့ တရားရေးတွေကို နှောက်ယှက်တာတွေ၊ ပြည်သူတွေကို လုံခြုံရေး တင်းကျပ်တာတွေကို လုပ်လာတယ်။ ဒါကြောင့် စည်းကမ်းချိုးဖောက်တာက စစ်ကောင်စီက စပြီးလုပ်တာဖြစ်တယ်” ဟု ပြောသည်။

ရခိုင်ဒေသတွင် ဖြစ်ပွားနေသည့်တိုက်ပွဲမှာ တစ်နိုင်ငံလုံးတွင် ဖြစ်ပွားနေသည့် ပဋိပက္ခများကို အခြေခံသလို ရခိုင်ပြည်သူများအပေါ် စစ်ကောင်စီ၏ဖိနှိပ်မှုကြောင့် တိုက်ပွဲပြန်လည်ဖြစ်ပွားလာခြင်းဟု AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ဧရာဝတီသတင်းဌာနတွင် နိုဝင်ဘာ ၂၄ ရက်က ဖြေဆိုထားသည်။

လက်ရှိ ရခိုင်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် ရခိုင်ပြည်သူများအနေဖြင့် တိုင်းချစ်၊ ပြည်ချစ်စိတ်ဖြင့် ပူးပေါင်းပါဝင်ရန် လိုအပ်သည်ဟုလည်း နိုဝင်ဘာ ၂၉ ရက်က ပြုလုပ်သည့် အစည်းအဝေးတွင် စစ်ခေါင်းဆောင်က ပြောဆိုခဲ့သည်။ 

“ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးအတွက် ရခိုင်ဒေသက ရခိုင်ပြည်သူတွေအနေနဲ့ တိုင်းချစ်၊ ပြည်ချစ်စိတ်၊ ပြည်နယ်တိုးတက်စေလိုတဲ့ စိတ်တွေနဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်ဖို့လိုတယ်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

ရခိုင်ဒေသအပါအဝင် မြန်မာနိုင်ငံအနှံ့တွင် စစ်ရေးပဋိပက္ခများ ဖြစ်ပွားနေခြင်းမှာ အာဏာသိမ်း စစ်ကောင်စီကြောင့်ဟု ရခိုင်က ဒေသခံတစ်ဦးကပြောသည်။

“စစ်ကောင်စီက မြေပြင်မှာ ပြည်သူလူထုရဲ့ အသက်နဲ့ အိုးအိမ်တွေကို ဖျက်စီးနေတယ်။ စစ်ကောင်စီက ပြည်သူလူထုကို သူတို့နဲ့ ပူးပေါင်းဖို့ခိုင်းတာက ဘယ်လိုမှ လက်ခံနိုင်စရာ မရှိဘူး။ ပြည်သူလူထုကို ညှင်းပန်းနှိပ်စက် ဖျက်ဆီးနေတဲ့သူနဲ့ ပြည်သူတွေကလည်း လက်တွဲကြမှာ မဟုတ်ဘူး” ဟု ရခိုင်ပြည်၊ ပေါက်တောမြို့မှ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိရခိုင်ဒေသတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများတွင် AA က ရဲစခန်းအချို့ကို သာလွန်အင်အားများဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ ပလက်ဝမြို့နယ်ရှိ လုံခြုံရေးစခန်းငယ် နှစ်ခုနှင့် ပေါက်တောမြို့ကို ဝင်ရောက် တိုက်ခိုက်ခဲ့သည်ဟုလည်း စစ်ခေါင်းဆောင်က ဆိုထားသည်။

ရက္ခိုင့်တပ်တော် (AA)၏ ထုတ်ပြန်ချက်အရ ရခိုင်တွင် နိုဝင်ဘာလ ၁၃ ရက်မှ နိုဝင်ဘာလ ၂၂ ရက်နေ့အတွင်း ရသေ့တောင်၊ မောင်တော၊ ဘူးသီးတောင်မြို့နယ်တို့မှ စစ်ကောင်စီ၏ နယ်ခြားစောင့်ရဲကင်းစခန်း (၄)ခုကို ထိုးစစ်ဆင် သိမ်းပိုက်ခဲ့ကြောင်း ဆိုသည်။ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်ကင်းစခန်းနှင့် ရဲစခန်းများမှ တပ်ဖွဲ့ဝင်များ စွန့်လွှတ်ထားခဲ့သည့် စခန်းပေါင်း ၄၀ ကျော်ကိုလည်း သိမ်းပိုက်ထားကြောင်း AA က ထုတ်ပြန်ထားသည်။

လက်ရှိဖြစ်ပွားနေသည့် စစ်ကောင်စီနှင့် AA တို့ တကျော့ပြန်တိုက်ပွဲအတွင်း စစ်ကောင်စီက ကြည်း၊ ရေ၊ လေ အသုံးပြုကာ AA ကို တိုက်ခိုက်လျက်ရှိနေပြီး အရပ်သား ထိခိုက်သေဆုံးမှုမှာလည်း တဖြည်းဖြည်းမြင့်တက်လာနေသည်။

#D007 #DMG

ဗီဒီယိုများ