ပေါက်တောမြို့ခံများကို AA က နှင်ထုတ်ခဲ့ကြောင်း စစ်ကောင်စီ အပြစ်တင်

ပေါက်တောမြို့တွင် ဓားစာခံအဖြစ်ဖမ်းဆီးထားသော ဒေသခံ ၁၀၀ ကျော်ကို ယမန်နေ့ နိုဝင်ဘာလ ၂၁ ရက်နေ့က ကယ်ထုတ်ခဲ့ပြီး ကျန်ရှိနေသူများ လွတ်မြောက်ရေးအတွက် ကြိုးပမ်းနေကြောင်း AA ယနေ့ ထုတ်ပြန်ထားသည်။

By Admin 22 Nov 2023

စစ်ကောင်စီဖမ်းထားသည့် ဓားစာခံများအား AA ကယ်ထုတ်လာစဉ်။
စစ်ကောင်စီဖမ်းထားသည့် ဓားစာခံများအား AA ကယ်ထုတ်လာစဉ်။

DMG ၊ နိုဝင်ဘာ ၂၂

ရခိုင်ပြည်၊ ပေါက်တောမြို့တွင် ပိတ်မိနေသူများကို ရက္ခိုင့်တပ်တော်(AA)က ကယ်ထုတ်ခဲ့ခြင်းအပေါ် စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက "AA ကမြို့ခံများအား နှင်ထုတ်သည်"ဟု အပြစ်တင် စွပ်စွဲလိုက်သည်။

ပေါက်တော တိုက်ပွဲကိစ္စနှင့်ပတ်သက်၍ ယနေ့ နိုဝင်ဘာ ၂၂ ရက်နေ့ ညနေ ၈ နာရီအချိန် MRTV ရုပ်သံမှ တစ်ဆင့် ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောဆိုလိုက်ခြင်းဖြစ်သည်။

“ပေါက်တောမှာ ယခင်ကတည်းကလည်း ဒေသခံတွေဟာ သူ့အိမ်နဲ့သူနေထိုင်ကြတာဖြစ်ပါတယ်။ ဒါတွေကို အေအေအနေနဲ့ ဒီနေရာတွေကို ဝင်ရောက်ထိုင်ဖို့အတွက် ဒေသခံတွေကို နှင်ထုတ်ခဲ့ တာ ဖြစ်ပါတယ်။ ဒီနှင်ထုတ်ခဲ့တာကိုပဲ ပြောင်းပြန် လှန်ပြီး ဓားစာခံအနေနဲ့ ပုန်းနေတဲ့သူတွေကို ကယ် ထုတ်ဆိုပြီးတော့ လုပ်ကြံသတင်းဝါဒဖြန့်ခဲ့တာတွေ ရှိပါတယ် ” ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောဆိုထားသည်။

ပေါက်တောမြို့တွင် ဓားစာခံအဖြစ်ဖမ်းဆီးထားသော ဒေသခံ ၁၀၀ ကျော်ကို ယမန်နေ့ နိုဝင်ဘာလ ၂၁ ရက်နေ့က ကယ်ထုတ်ခဲ့ပြီး ကျန်ရှိနေသူများ လွတ်မြောက်ရေးအတွက် ကြိုးပမ်းနေကြောင်း AA ယနေ့ ထုတ်ပြန်ထားသည်။

စစ်ကောင်စီဖမ်းထားသည့် ဓားစာခံများအား AA ကယ်ထုတ်လာသည့် ရုပ်သံဖိုင် 

ယနေ့တွင် ပေါက်တောမြို့ကို စစ်ကောင်စီက ကြည်း၊ လေ၊ ရေ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး တစ်နေ့လုံး တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သည်။

အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီ ဖမ်းဆီးထားသည့် မြို့ခံများကို AA ကယ်ထုတ်ရန် ကြိုးစားခဲ့ ရာတွင် စစ်ကောင်စီဘက်က လေကြောင်း၊ ရေကြောင်း၊ နက်လက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းဟု မြို့ခံများက DMG ကိုပြောသည်။

သို့သော်လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက “AA အနေနဲ့ ပေါက်တောမြို့ကိုဝင်ရောက်တိုက်ခိုက်ကာ ထိန်းသိမ်းထားပြီဆိုပြီးတော့ ကြေညာခဲ့တယ်။ တပ်မတော်နဲ့ မြန်မာနိုင်ငံရဲ တပ်ဖွဲ့အနေနဲ့ ဝင်ရောက်တဲ့ အခါမှာ AA ထွက်ပြေးသွားတယ်။ ပေါက်တောမှာ မနေ့က လုံခြုံရေးတပ်ဖွဲ့ ဝင်တွေကို ပစ်ခတ် တိုက်ခိုက် တာရှိခဲ့တယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ နေတဲ့နေရာဟာ လူနေရပ်ကွက် နေရာနဲ့ ဘာမှမဆိုင်ဘူး။ လုံခြုံရေးနေရာတွေမှာပဲ နေထိုင်တာပါ” ဟု ပြောသည်။

ပေါက်တောမြို့မရဲစခန်းကို နိုဝင်ဘာလ ၁၆ ရက်နေ့တွင် AA က သိမ်းပိုက်ပြီးနောက် နှစ်ဘက်တို က်ပွဲများ ဖြစ်ပွားခဲ့ပြီး ဒေသခံရာနှင့်ချီ ပိတ်မိနေခြင်းဖြစ်သည်။ အဆိုပါ ဒေသခံများကို ကယ်ထုတ်နိုင်ရေး AA က ထိုးစစ်ဆင်ပြီး အပြင်းအထန်တိုက်ခိုက်နေသည်။

စစ်ကောင်စီပြောဆိုချက်နှင့် ပတ်သက်ပြီး ရက္ခိုင်တပ်တော် AA ပြောခွင်ရသူ ဦးခိုင်သုခကို DMG က ဆက်သွယ်နေဆဲဖြစ်သည်။

ရခိုင်နှင့် ပလက်ဝဒေသတွင် စစ်ကောင်စီနှင့် AA တို့ကြား တိုက်ပွဲဖြစ်ပွားနေသည်မှာ ၁၀ ရက်တာကြာလာပြီဖြစ်သည်။

တိုက်ပွဲကာလအတွင်း AA က စစ်ကောင်စီနယ်ခြားစောင့်ရဲစခန်း ၄ ခုကို သိမ်းပိုက်ထားပြီး အခြား နယ်ခြားစောင့်ရဲစခန်း ၄၀ ကျော်ကိုလည်း သိမ်းပိုက်ထားနိုင်ပြီဖြစ်ကြောင်း AA က ယနေ့တွင် ထုတ်ပြန်ထားသည်။

ဗီဒီယိုများ