ပေါက်တောတိုက်ပွဲပြင်းထန်နေ၊ စစ်ကောင်စီက ကြေးရေလေပူးပေါင်းတိုက်ခိုက်

စစ်ကောင်စီတပ်က ဖမ်းဆီးထိန်းသိမ်းထားသည့် မြို့ခံများကို AA က ကယ်ထုတ်ရန်ကြိုးပမ်းရာမှ နှစ်ဘက်တိုက်ပွဲပြင်းထန်နေခြင်းဟု ဒေသခံများက ပြောသည်။

By Admin 22 Nov 2023

နိုဝင်ဘာလ ၂၁ ရက်နေ့က ပေါက်တောတိုက်ပွဲသို့ လာရောက်ပစ်ခတ်ခဲ့သည့် စစ်ကောင်စီရဟတ်ယာဉ်။ (ဓာတ်ပုံ - AA Info Desk)
နိုဝင်ဘာလ ၂၁ ရက်နေ့က ပေါက်တောတိုက်ပွဲသို့ လာရောက်ပစ်ခတ်ခဲ့သည့် စစ်ကောင်စီရဟတ်ယာဉ်။ (ဓာတ်ပုံ - AA Info Desk)

DMG ၊ နိုဝင်ဘာ ၂၂

ရခိုင်ပြည်၊ ပေါက်တောမြို့တွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်(AA) တို့ ယနေ့ (နိုဝင်ဘာ ၂၂ ရက်) နံနက် ၆ နာရီခန့်ကစပြီး တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်က ဖမ်းဆီးထိန်းသိမ်းထားသည့် မြို့ခံများကို AA က ကယ်ထုတ်ရန်ကြိုးပမ်းရာမှ နှစ်ဘက်တိုက်ပွဲပြင်းထန်နေခြင်းဟု ဒေသခံများက ပြောသည်။

“ဒီနေ့နံနက်ပိုင်းကတည်းက တိုက်ပွဲဖြစ်နေတာ။ အခုအချိန်ထိလည်း ဖြစ်နေသေးတယ်။ တိုက်ပွဲကတော့ လောကထိပ်ပန်ဘုရားအနီးမှာ ဖြစ်နေတာ” ဟု ပေါက်တောမြို့ခံတစ်ဦးက မွန်းလွဲ ၂ နာရီအချိန်တွင် ပြောသည်။

ပေါက်တောမြို့တွင် စစ်ကောင်စီက ဓားစာခံအဖြစ်ဖမ်းဆီးထားသော ရဟန်းသံဃာ၊ သက်ကြီးရွယ်အို၊ ကလေးသူငယ်၊ ကိုယ်ဝန်ဆောင်အမျိုးသမီး အပါအဝင် ၁၀၀ ကျော်ကို နိုဝင်ဘာလ ၂၁ ရက်နေ့တွင် AA က ကယ်ထုတ်နိုင်ခဲ့ပြီး ကျန်ရှိနေသူများ လွတ်မြောက်ရေးအတွက် ဆက်လက်ကြိုးပမ်းနေကြောင်း AA က ယနေ့ ထုတ်ပြန်သည်။

တိုက်ပွဲဖြစ်ပွားရာနေရာများသို ယနေ့ နံနက် (၁၀) နာရီကျော်တွင် စစ်ကောင်စီက ရဟတ်ယာဉ် MiG 35 နှင့် ဂျက်တိုက်လေယာဉ် တို့ဖြင့် သုံးကြိမ်တိုင်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး မွန်းတည့် ၁၂ နာရီတွင်လည်း လောကထိပ်ပန်ဘုရားကုန်းကို ဂျက်တိုက်လေယာဉ်ဖြင့် လာရောက်ပစ်ခတ်ခဲ့ကြောင်း AA က ထုတ်ပြန်သည်။

တိုက်ပွဲဖြစ်ပွားရာများသို့ စစ်တွေမြို့ရှိ အမှတ် (၁၂) ရဲတပ်ရင်းမှလည်း လက်နက်ကြီးများဖြင့် ပစ်ကူပေးနေကြောင်း ပေါက်တောမြို့ခံများက ဆိုသည်။

ပေါက်တောမြို့နယ်မှ မျက်မြင်ဒေသခံတစ်ဦးက “လောကထိပ်ပန်ဘုရားအနီးကို လေယာဉ်လာပစ်တာရှိတယ်။ နောက်ပြီးတော့ နေဗီကလက်နက်ကြီးတွေလည်း အဆက်မပြတ်ပစ်နေတယ်။ စစ်တွေဘက်ကလည်း ပစ်နေတုန်းပါ။ ဒေသခံတွေက စိုးရိမ်နေကြတာပေါ့။ ဒီနေ့တစ်ရက်လုံးဆိုသလို ပစ်နေတာ” ဟု ဆိုသည်။

ပေါက်တောမြို့တွင် နိုဝင်ဘာလ ၁၆ ရက်က မြို့မရဲစခန်းကို AA က သိမ်းပိုက်ပြီးနောက် နှစ်ဖက်တိုက်ပွဲများ ပြင်း ထန်ခဲ့သည်။ ယင်းနောက် စစ်ကောင်စီက ပေါက်တောမြို့ကို ထိန်းချုပ်ထားလိုက်သည်။ လက်ရှိတွင် စစ်ကောင်စီ နှင့်  AA သည် ပေါက်တောမြို့ထိန်းချုပ်ရန် အပြိုင်အဆိုင် ကြိုးစားနေကြသည်။

#D002 #DMG

ဗီဒီယိုများ